07/02/2026
ရွေ့လျား ခေါင်မိုးကလေးများ
~~~~~~~~~~~~~~~~~~~~~~~ရသဝတ္ထုတို
ဟစ်ကြွေးငိုယိုနေသည့် မိန်းကလေးတစ်ယောက်၏အသံက ၀ရုန်းသုံးကားဖြစ်နေသည့် သည်လမ်းမထဲမှာ ဆူးရှကျယ်လောင်နေသည်။ နွေရာသီကုန်လုလုအချိန်ဆိုတော့ မိန်းမငယ်တန်မဲ့ ထမင်းဆာနေသည့် ကလေးငယ်တစ်ယောက်လို ငိုကြွေးနေသည်ကို ရေရေရာရာမသိကြပေမဲ့ သူမရှေ့က အုတ်ခဲအပြိုပျက်များကြားထဲကို ဒရောသောပါးစီးဆင်းသွားသော မျက်ရည်များက ရာမညမိုးရေမိုးပေါက်များထက် ပိုလို့နေသည်။
“ ကယ်ပေးကြပါ။ ကျွန်မအမေနဲ့ သမီးလေးကို ။ ကူညီကြပါရှင် ”
“ တိုက်တွေက ထပ်ပြိုဦးမယ်ထင်တယ်ညီမရယ်။လာပါ မြေပြင်မှာ ခဏ၀ပ်နေ။ ခဏနေရင်ကယ်ဆယ်ရေးတွေလာမှာပါ။”
လမ်းမဘေးဝဲယာမှာ အမြန်ဆင်းပြေးလာကြသည့် လူတိုင်း၏ရင်ထဲမှာလည်း ကြောက်လန့်ခြင်း၊မူဝေခြင်း၊သောကအပူပင်များကိုယ်စီ ထမ်းရွက်ထားကြလေသည်။ ဒါပေသိ တဆာဆာဟစ်ကြွေးနေသည့် သူမကိုတော့ နှစ်သိမ့်ရုံကလွဲပြီး ဘာမှမစွမ်းနိုင်။ သူမကတော့ အုတ်ကျိုးအုတ်ပဲများကို ယက်ထုတ်၊သယ်ထုတ်နေသည်ကို ကြည့်ခြင်းအားဖြင့် ရင်ထဲက အပူမီးများ မန္တလေးနေပူရှိန်ထက်ပြင်းထန်လှ၏။
၂၈ရက်၃လပိုင်း၂၀၂၅နှစ်မှာ ၇.၇ ပြင်းအားရှိ ငလျင်က ကမ္ဘာပျက်နေသကဲ့သို့ မြန်မာပြည်တစ်ပြည်လုံးလှုပ်ခတ်သွားခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့ကြောတည်ရှိရာ စစ်ကိုင်းနှင့်မန္တလေးမြို့ကတော့ ပိုလို့အပျက်အစီးများ၏။
“ကျွန်မရဲ့ချွေးနည်းစာလေးတွေကုန်ပါပြီ။ ဒီအိမ်လေးတစ်လုံးပိုင်ဆိုင်ရဖို့ ဘ၀နဲ့ရင်းထားရတာပါ။ မြေစောင့်နတ်မင်းရယ် တစ်ဦးတည်းရှိတဲ့အမေရယ်၊သမီးလေးရယ်၊ဒီအိမ်ရယ်ကို ဘာလို့ရက်ရက်စက်စက်ဖျက်စီးရတာလဲ”
ထိုအမျိုးသမီး၏ ငိုကြွေးသံက ခုထိမဆဲ။ ကျွန်တော်လည်း ဆရာ(ဆရာဘုန်း)နှင့် စာပေကိစ္စအ၀၀ကို တိုင်ပင်ရင်း ငလျင်လှုပ်ခတ်သွားလို့ ဖုန်းခဏချလိုက်ရသည်။ ဖုန်းထပ်ဆက်ပေမဲ့ ဆက်မရတော့ပေ။ အလုပ်ထဲမှာလည်း ပစ္စည်းပစ္စများက အကုန်နီးပါးပြုတ်ကျကြသည်။ အလုပ်သမတချို့က ငိုယိုကြသည်။ တဝုန်းဝုန်း တအုန်းအုန်း ပြိုလဲသံများက တော်လဲသံများဖြင့် ရောယှက်ကာကြားနေရသည်။ သွားကြလေပြီ။ ဘ၀နှင့်ရင်းပြီး တည်ဆောက်ထားရသည့် အသိုက်အမြုံကလေးများ ပျက်စီးခဲ့ရသည်ကိုကြည့်ပြီး ကလေးဘ၀ ရွာမှာမြင်တွေ့ခဲ့ရသည့် အဖြစ်ကိုတောင်သတိရမိသွား၏။
ထိုနေ့မနက်က ထနှောင်းပင်ပေါ် တွဲလောင်းချိတ်ဆွဲနေသော စာဘူးတောင်းငှက်ကလေးကိုကြည့်ပြီး “သူဘယ်လိုများ လုပ်တတ်ပါလိမ့်။တော်လိုက်တာ။ငါလည်းသူ့လို ကိုယ့်အိမ်ကိုယ့်ခြံကို တည်ဆောက်နိုင်ရင်သိပ်ကောင်းမှာပဲ”ဟုတွေးနေမိသည်။ ညနေမိုးမချုပ်ခင် မိုးသက်လေပြင်းက မထင်မှတ်ထားဘဲ ၀င်ရောက်လာသည်။
လေပြင်းတစ်ချက်ကြောင့် ထနှောင်းပင်ယံအဖြားမှ အသိုက်ကလေးက တစစီပျက်စီးသွားရှာလေပြီ။ စာဘူးတောင်းငှက်မောင်နှံကတော့ အသံတဆာဆာဖြင့် “ငါတို့အသိုက်ကလေးတော့သွားပါပြီ”ဟု ပြောကာရင်ကွဲပတ်လက်ဖြစ်နေရရှာသည်။ အခုလည်း အသက်အိုးအိမ်းစည်းစိမ်များပျက်စီးဆုံးရှုံးသွားကြလေပြီ။
နှမြောလိုက်လေခြင်း။ ကျွန်တော်ကိုယ်တိုင်လည်း မန္တလေးမှာ အိမ်လေးတစ်လုံး၊ခြံလေးတစ်ခြံကို အိပ်မက်မက်ဖူးခဲ့သည်။ ဆရာဖြစ်သူနှင့်အတူ စာပေကိစ္စများလုပ်ဖို့ရာအတွက် မန္တလေးမှာ အိမ်ငှားဘ၀ဖြင့် သုံးနှစ်တာနေခဲ့ဖူးသည်။ လခစားပုဂ္ဂလိက၀န်ထမ်းဘ၀ဖြင့် အိမ်ငှားခ၊ စားစရိတ်၊ လူမှုရေးများက လုံးလည်ချာလည်လိုက်နေသည်။ ရွာမှာတော့ အိမ်ပိုင်ခြံပိုင်ကလေးများရှိကြသည်။
စာရေးဆရာ ဆရာတပည့်နှစ်ယောက်စလုံး စာရေးခြင်းဖြင့် ရပ်တည်ဖို့ကလည်းမရ။ တစ်ဖက်တစ်လမ်းကနေလည်း ၀င်ငွေကလေးများဖန်တီးရ၏။
“တပည့်ရာ ဆရာတို့စာရေးဆရာတွေ အိမ်ပိုင်ခြံပိုင်ကလေးတွေ ဟိုးအရင်ကလို ပေးရင်သိပ်ကောင်းမှာပဲ ”
“ အရင်ကပေးဖူးလားဆရာ ”
“ ပေးဖူးတာပေါ့။ ရန်ကုန် မြို့သစ်တည်စက စာရေးဆရာတွေကို ခြံတစ်ကွက်စီ အကွက်ရိုက်ပေးဖူးတယ်။ လွင်တီးခေါင်ပြင်ဆိုတော့လည်း ရရာဈေးနဲ့ရောင်းချပြီး အိမ်ငှားဘ၀နဲ့ ရေကြတဲ့စာရေးဆရာတွေက များတယ်။ တချို့ တက်ကျမ်းရေးကြတယ်။ စာရေးဆရာနယ်ပယ်မှာ အောင်မြင်ကြတယ်။ ဒါပေသိ ဖင်လှည့်သာရုံ အိမ်ငှားနဲ့ပဲ ဘ၀အဆုံးသတ်သွားကြတာများတယ်။ မြတ်နိုးလို့ ၊ တန်ဖိုးထားလို့၊ ဝါသနာပါလို့သာ စာရေးဆရာလုပ်နေကြတာပါ။ ဘ၀တွေက ကျောပူပြီး၀မ်းမအေးရတဲ့ဘ၀ပါ။”
“ရင်လေးစရာပါပဲဆရာရယ်။ အခုလိုရန်ကုန်၊မန္တလေးရဖို့မမျှော်လင့်ပါဘူး။ပြင်ဦးလွင်တို့၊လားရှိုး၊တောင်ကြီးတို့လို တောင်တန်းဒေသ ရွာဆန်ဆန် ခြံတွေမှာ အေးအေးဆေးဆေးနဲ့ စာရေးဘ၀ရဲ့ နိဗ္ဗာန်ကိုခံစားချင်ပါတယ်ဆရာ ”
ထိုသို့ စကားအချီအချပြောရင်း အိမ်မဲ့ခြံမဲ့ဘ၀၏ ခံစားချက်ကို ဆရာတပည့်နှစ်ယောက် လကုန်ရက်များမှာ မကြာမကြာပြောဖြစ်ကြသည်။ စာမူခကလေးရသည့်နေ့မျိုးဆိုရင် သူ့မိဘ၊ကိုယ့်မိဘဖို့ ဂါရ၀ပစ္စည်းလေးတွေကို ဦးဦးဖျားဖျား၀ယ်ဖြစ်ကြ၏။ ယောက်ျားသားနှစ်ယောက်မို့အစားအသောက်ကတော့ဖြစ်သလိုစားဖြစ်ကြသည်။ ဈေးလည်းနီးလို့ မနက်ခင်းဆရာတပည့်အတူ ဈေး၀ယ်ဖြစ်ကြသည်။
“ကြက်သားအစိတ်သားထည့်ပါအစ်မကြီး ”
“ အစိတ်သား ခြောက်ထောင်ဖြစ်သွားပြီနော် မောင်လေး ”
“ ဟုတ်လားဗျ။ဈေးကလည်း တက်လိုက်တာဗျာ ။ လည်ချောင်းရိုးလေးအစစ်ထည့်ပေးပါဦး ”
“မရဘူးမောင်လေး။ အရင်လိုဆိုပေးပါတယ်။ အစ်မတို့လည်း မကိုက်ဘူးဖြစ်နေတယ်။ ”
ကုန်ဈေးနှုန်းကလည်း အတက်ပဲရှိပြီးအကျကမရှိ။ အိမ်ငှားခတွေ ဈေးတက်မယ်လို့လဲ အိမ်ရှင်ဆီကနေ ကြားထားတာရှိသေးသည်။
“ဒီလိုကုန်ဈေးနှုန်းနဲ့သာဆိုရင် မန္တလေးမှာ အိမ်ငှားနေဖို့က အဆင်ပြေနိုင်ပါ့မလားဆရာ”
“အေးတပည့်ရေ ။ ရေရှည်ကြ မလွယ်ဘူးကွ။ဒါပေသိ အတက်နိုင်ဆုံးကျားကန်ထားရမှာပဲ ”
မကြာပါဘူး အိမ်ပြောင်ရပြန်သည်။ အိမ်တစ်အိမ်ပြောင်းရသည့် စရိတ်စခကလည်း လေးငါးသောင်းရှိသည်။ ပတ်ဝန်းကျင်ကောင်း၊အိမ်နီးချင်းကောင်းကလည်း အထူးလိုအပ်သည်မဟုတ်ပါလား။ ပြီးခဲ့သည့်အိမ်ကို စပြောင်းလာစဉ်က ရပ်ကွက်ကို အထင်သေးမိသည်။ ကျူးဆန်သည်။ စကား အပြောအဆိုကြမ်းသည်။ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တတ်သည်။ ဒါပေသိ ပွင့်လင်းရိုးသားသည်။ တစ်ခုခု အရေးအကြောင်းကြုံလျှင် ကျေးရွာလို စည်းစည်းလုံးလုံး လုပ်ဆောင်ကြသည်က ချစ်စရာပင်ကောင်းလှသည်။
ခေါင်မိုးများတစ်ခုပြီးတစ်ခု ပြောင်းခဲ့ရသည့်စာရေးဆရာဘ၀သည်ကား မလွယ်ကူလှပေ။ သည်တစ်ခါနေရသည့်အိမ်က လေးထပ်တိုက်မြင့်ဖြစ်သည်။ အပေါ်ဆုံးအထပ်မှာက အကျယ်ကြီး။ ရေစင်ကလွဲပြီးဘာမှမရှိ။ ညဘက်တိုင် ထမင်းစားသောက်ပြီးလျှင် ဆရာတပည့်နှစ်ယောက်လုံး တက်ပြီး စကားစမြည်ပြောဖြစ်ကြသည်။ အာကာသဓာတ်၏ အေးမြမှုက တစ်နေ့တာဘ၀အမောများကို ပြေစေသည်။
“ဆရာရယ် ကောင်းကင်ကြီးကလဲအေးမြလိုက်တာနော်။ ကျောနှစ်ခင်စာ၊၀မ်းနှစ်လုံးစာအတွက်ကလည်း ရှာဖွေရတာပင်ပန်းလိုက်တာ။ ခေါင်မိုးတွေလည်း အကြိမ်ကြိမ်ပြောင်းလဲခဲ့ရပြီးပြီ။ ဘယ်တော့မှ ခြံပိုင်အိမ်ပိုင်နေရမလဲမသိဘူးဆရာ။”
“တစ်နေ့တော့ဖြစ်လာမှာပေါ့တပည့်ရ။တို့လည်းကြိုးစားနေတာပဲ အဆင်မပြေလည်းခဏပေါ့။ တို့ အားကုန်တင်းခံရမယ် ”
ခုထိ နားထဲကမထွက်။ အခြေနေအရ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရပေသိ ဆရာပြောသောတစ်နေ့ကို ရောက်လာမယ်လို့ ယုံကြည်စိတ်ဖြင့် မျှော်လင့်ရင်း ......
စိုင်းမြတ်သူ-ရွှေဘို(စာပေစေတမန်)
#ခေတ်ပုံရိပ်ဂျာနယ်၊ဇန်နဝါရီလထုတ်၊၂၀၂၆။