
21/07/2025
မတ္တရာနှင့် ပုသိမ်ကြီးမြို့နယ်ထဲက စက စခန်းအားလုံးကို MDY-PDF သိမ်းပိုက်၊ ဗိုလ်ကြီး ၁ ဦးအပါ ၁၆ ဦးအရှင်မိပြီး လက်နက်ခဲယမ်းအများအပြားနှင့် စစ်သားအလောင်း ၁၅ လောင်း သိမ်းဆည်းရမိ
ဇူလိုင် ၂၁
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ဇူလိုင်လ (၂၀)ရက် မနေ့က မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုသည်။
အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ထံက ဒရုန်းဂျမ်ဘာ ကားတစ်စီး၊ ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေ အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရသည်။
ဒါ့အပြင် ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁) ယောက် အပါအဝင် စစ်သုံ့ပန်း (၁၆) ယောက် ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ် အလောင်း (၁၅) လောင်း တွေ့ရှိခဲ့သလို စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရရှိသူ အများအပြားလည်း ရှိခဲ့တယ်လို့ MDY-PDF က ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပကဖ နဲ့ SSTF တပ်ဖွဲ့တို့ ပူးတွဲဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရသည်။