24/10/2024
မကြာသေးခင်ကထွက်ရှိထားတဲ့ Xiaomi 14T စီးရီးဖုန်းတွေက စွမ်းဆောင်ရည်အရရော ကင်မရာပိုင်းအရရော ကောင်းတဲ့ဖုန်းတွေပါ။ ဒါပေမယ့် Xiaomi 14T နဲ့ 14T Pro ကြား ဘာကွာလဲဆိုတာ ခွဲဖို့ခက်တော့ ဘယ်ဟာဝယ်ရမလဲဆိုတာ ဆုံးဖြတ်ရခက်နိုင်တယ်။
14T Pro က 14T ထက် စျေးပိုကြီးတယ်။ အခုအချိန်မှာဆို ၁၀ သိန်း လောက်ကွာတယ်။ နည်းနည်းလေးတော့ မဟုတ်ဘူးနော်။ လက်ရှိ ဈေးနှုန်းအနေနဲ့ကတော့ 14T Pro က သိန်း ၃၀ ဝန်းကျင် ၊ 14T က သိန်း ၂၀ ဝန်းကျင်ပါ။ ဒါဆို 14T Pro က ဘာတွေပိုပေးနိုင်လဲဆိုတာ ကြည့်ကြရအောင်။
အရွယ်အစားတွေကရော ဘယ်လိုကွာလဲ?
အရွယ်အစားကတော့ 14T နဲ့ 14T Pro က အတူတူပါပဲ။ မျက်နှာပြင်အရွယ်၊ အမြင့်နဲ့ အကျယ်တွေ အတူတူပဲ။ သာမန် 14T က နည်းနည်းပါးပါး ပိုပါးပြီး ပိုပေါ့ပါတယ်။ ကြိုးမဲ့အားသွင်းစနစ်မပါတာကြောင့်လည်း အနည်းငယ် ပိုပေါ့တာဖြစ်ပါလိမ့်မယ်။ နောက်ပြီး အလေးချိန်ကွာတာက 14T Pro မှာ အလူမီနီယံ frame သုံးထားပြီး 14T မှာတော့ ပလတ်စတစ် frame သုံးထားလို့ပါ။ ဒါပေမယ့် 14T က အရည်အသွေးညံ့တယ်လို့ မဆိုလိုဘူးနော်။ ဖုန်းမော်ဒယ်နှစ်ခုလုံးက Build quality အရည်အသွေးကောင်းကောင်းတည်ဆောက်ထားတာပဲ။ ဖုန်းမော်ဒယ် ၂ ခုလုံးရဲ့ဘေး frame တွေက လေးထောင့်ဘောင်ဒီဇိုင်း (bozy frame) နဲ့ဆိုတော့ hand feeling အရလည်း ကိုင်ရတာလည်း ပိုကောင်းပြီး လက်ထဲမှာ ကိုင်ရတာလည်းပိုမြဲပါတယ်။
ရှေ့မျက်နှာပြင် Display တွေကရော ဘယ်လိုကွာလဲ?
ရှေ့မျက်နှာပြင် Display တွေကတော့ ဖုန်း ၂ မျိုးလုံးအတူတူပဲ။ နှစ်ခုလုံးက ၆.၆၇ လက်မရှိပြီး HDR10+ support, 16-bit color depth၊ 144Hz refresh rate စတဲ့ အဆင့်မြင့်လုပ်ဆောင်ချက်တွေပါတယ်။ စမ်းသပ်ချက်တွေအရ နှစ်ခုလုံးက maximum brightness အနေနဲ့ ၁,၂၀၀-၁,၃၀၀ nits အထိ Brightness ထုတ်ပေးနိုင်တယ်။
ဘက်ထရီသက်တမ်းကရော ဘယ်လိုကွာလဲ?
ဖုန်း ၂ လုံးစလုံးက ဘက်ထရီပမာဏတူသုံးထားပေမယ့် ဘက်ထရီအားပိုခံတာမှာတော့ 14T Pro က နည်းနည်းပိုသာတယ်။ 14T Pro မှာသုံးထားတဲ့ SoC ဖြစ်တဲ့ Dimensity 9300+ ချစ်ပ်ကြောင့်ဘက်ထရီပိုခံတာ ဖြစ်နိုင်တယ် ဒါကြောင့် 14T Pro ဝယ်ရင် ဖြစ်ဖြစ်၊ ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊ ဗီဒီယိုကြည့်တာပဲဖြစ်ဖြစ် 14T ထက် ဘက်ထရီနည်းနည်းပိုခံမယ်။
အားသွင်းတာမှာရော ဘယ်လိုကွာလဲ?
အားသွင်းတာမှာတော့ 14T Pro ကအားဝင်ပိုမြန်ပါတယ် ။ 14T Pro က Xiaomi ရဲ့ 120W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးပြီး 14T ကတော့ 67W ထိပဲရတယ်။ နောက်ပြီး ဖုန်းမော်ဒယ် ၂ ခုလုံးရဲ့ ဖုန်းဂျပ်ဘူးထဲမှာ အားသွင်း Charger ခေါင်းမပါတဲ့အတွက် သီးခြားထပ်ဝယ်ဖို့တော့ လိုပါလိမ့်မယ်။
14T Pro ကို 120W အမြန်အားသွင်းစနစ်နဲ့ဆို အားဘယ်လောက်မြန်မြန်ပြည့်လဲ?
14T Pro ကို 120W အားသွင်းခေါင်းနဲ့သွင်းမယ်ဆို ၂၃ မိနစ်နဲ့ အားပြည့်ပါမယ်။ တော်တော်လေး မြန်တာပေါ့။ ၆၇ ဝပ်နဲ့ အားသွင်းတဲ့ 14T ထက် သိသိသာသာ ပိုမြန်တယ်။ ဒါ့အပြင် 14T Pro က 50W ကြိုးမဲ့အားသွင်းစနစ်နဲ့လည်း အားသွင်းလို့ရပါမယ် ။ ဒါကလည်း 14T Pro ကို ဝယ်သင့်တဲ့ အကြောင်းရင်းတစ်ခုပါပဲ။
စပီကာပိုင်းကရော ဘယ်လိုကွာလဲ?"
စပီကာ အသံပိုင်းစမ်းကြည့်ဖြစ်သလောက် 14T ကတော့ စပီကာ အသံနည်းနည်းပိုကျယ်တယ်။ ဒါပေမယ့် တချို့ကတော့ 14T Pro ရဲ့ စပီကာကို ပိုကြိုက်နိုင်တယ်။ အသံထွက်လည်း ကောင်းသလို Bass အသံလည်း ပိုပေါ်လွင်တယ်။
စွမ်းဆောင်ရည်ကရော ဘယ်လိုကွာလဲ?
CPU စွမ်းဆောင်ရည်အရကတော့ 14T Pro ကပိုကောင်းတယ်။ သူ့မှာ SoC အနေနဲ့ MediaTek Dimensity 9300+ Chip သုံးထားပြီး 14T ကတော့ Dimensity 8300 Ultra သုံးထားတယ်။ 14T Pro က 14T ထက် multi-threaded CPU tasks တွေမှာ ၇၇% အထိ ပိုမြန်တယ်။ CPU၊ GPU၊ မန်မိုရီနဲ့ Storage ပိုင်း အားလုံးခြုံပြောရရင် 14T Pro ဟာ 14T ထက် ၆၀% လောက်ပိုကောင်းတယ်။ ဂရပ်ဖစ်အများကြီးလိုတဲ့ 3DMark Wild Life benchmark စမ်းသပ်ချက်မှာဆိုရင် 14T Pro ရဲ့ GPU က ၃၃% လောက်ပိုမြန်တာတွေ့ရတယ် ။
RAM, Storage ကရော ?
RAM နဲ့ Storage ပိုင်းမှာတော့ ဖုန်းမော်ဒယ် ၂ မျိုးလုံးအတူတူပါပဲ ။ နှစ်ခုလုံးမှာ RAM 12GB , Storage 256G , 512GB တွေနဲ့ ရွေးချယ်ဝယ်ယူနိုင်သလို UFS 4.0 Storage တွေသုံးပေးထားတယ်။ တစ်ခုပဲကွာတာက Pro မော်ဒယ်မှာ 1TB Storage နဲ့ RAM 12GB ပါတဲ့ မော်ဒယ်တစ်ခု ထပ်ရွေးလို့ရမယ်။
ဒီဖုန်းနှစ်လုံးရဲ့ ကင်မရာတွေက ဘယ်လိုကွာခြားလဲ?
Xiaomi 14T နဲ့ 14T Pro က ကင်မရာ hardware ပိုင်းအရတော့ တော်တော်များများ တူပေမယ့် ကွာခြားချက်အနည်းငယ်တော့ ရှိတယ်။ ဥပမာ 14T မှာ 50MP f/1.7 ကင်မရာက 1/1.56" ဆင်ဆာသုံးထားပြီး Pro မှာတော့ 50MP 1/1.31" ဆင်ဆာနဲ့ f/1.6 aperture သုံးထားတယ်။ သီအိုရီအရပြောရင်တော့ 14T Pro က ကင်မရာပိုင်းပိုကောင်းတယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းမှာတော့ သိပ်မကွာလှပါဘူး။
Zoom ပိုင်းမှာတော့ နည်းနည်းကွာတယ်။ 14T မှာ 50MP ကင်မရာနဲ့ 2x Optical Zoom ဆွဲလို့ရပြီး 14T Pro မှာတော့ 2.6x အထိ Zoom ဆွဲလို့ရတယ်။ ဒါပေမယ့် ultrawide နဲ့ Selfie Camera တွေကတော့ အတူတူပဲ - 12MP f/2.2 ultrawide နဲ့ 32MP f/2.0 Selfie Camera တွေ သုံးထားတယ်။
ဓာတ်ပုံအရည်အသွေးကရော ဘယ်လိုကွာလဲ?
ဓာတ်ပုံအရည်အသွေးအရ ကွာခြားချက်တွေက ပိုပြီးသေးငယ်ပါတယ်။ ultrawide ကင်မရာတွေက နေ့ခင်းနဲ့ ညဘက်မှာ တူညီတဲ့ရလဒ်တွေ ရရှိပြီး အဓိကကင်မရာအတွက်လည်း အတူတူပဲလို့ ပြောနိုင်ပါတယ်။
14T Pro က နေ့ခင်းဘက်မှာ အနည်းငယ်သာလွန်မှုရှိပြီး ပုံတွေက နည်းနည်းပိုကြည်လင်ပါတယ်။ ညဘက်/Low-light ရိုက်တာမှာတော့ ရလဒ်က အတူတူလောက်ပါပဲ။
14T ရဲ့ 2x zoom ကင်မရာက 14T Pro ရဲ့ 2x zoom crop ထက် အနည်းငယ်သာလွန်မှုရှိပါတယ်။
ဒါပေမယ့် 14T Pro ရဲ့ 2.6x zoom ကင်မရာက တကယ်ကို ကြည်လင်ပြီး နေ့အချိန်မှာ ပိုကောင်းတဲ့ပုံအရည်အသွေးကို ပေးနိုင်ပါတယ်။ Low-light ရိုက်ကူးမှုမှာတော့ result ကအတူတူလောက်ပါပဲ။
ဖုန်းနှစ်လုံးစလုံးက သူတို့ရဲ့ 4x နဲ့ 5x zoom mode တွေမှာလည်း တူညီတဲ့စွမ်းဆောင်ရည်ကို ပြသပါတယ်။ ဒီ zoom တွေက ဒစ်ဂျစ်တယ် zoom တွေဖြစ်နေပေမယ့်လည်း ရိုက်ကြည့်တဲ့ result တွေအရတော့မဆိုးဘူးပြောရမှာပါ။
ဗီဒီယိုအရည်အသွေးကရော ဘယ်လိုကွာလဲ?
ဗီဒီယိုပိုင်းမှာတော့ ဖုန်းမော်ဒယ်နှစ်ခုလုံး ကောင်းကြတယ်။ 14T နဲ့ 14T Pro ရဲ့ ultrawide နဲ့ မိန်းကင်မရာတွေက ရလဒ်ဆင်တူတဲ့ဗီဒီယို quality တွေ ထုတ်ပေးနိုင်ပေမယ့် ညဘက်မှာတော့ 14T Pro ရဲ့ စွမ်းဆောင်ရည်က သိသာထင်ရှားစွာ ပိုကောင်းတယ်။ ပိုကြည်တယ်၊ noise ထတာနည်းတယ်၊ Contract ကောင်းပြီး အရောင်တွေ ပိုတိကျတယ်။
နိဂုံးချုပ်
ပုံမှန်သုံး/နေ့စဉ်သုံးအနေနဲ့ပြောရရင် Xiaomi 14T ဆိုရင်ကိုလုံလောက်ပြီး အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ နှစ်ခုက မြန်မာငွေ ၁၀ သိန်း လောက် စျေးကွာတယ်လေ။
တခြားတစ်ဖက်မှာတော့ စွမ်းဆောင်ရည်ပိုကောင်းပြီး အားသွင်းပိုမြန်တဲ့ ဖုန်းလိုချင်တာဆိုရင်တော့ 14T Pro ကိုဝယ်သင့်ပါတယ်။ ဒီနေရာမှာ 14T Pro က 14T ထက် သာလွန်ပြီး ဘက်ထရီခံချိန်စမ်းသပ်မှုနဲ့ ကင်မရာနှိုင်းယှဉ်မှုတွေမှာ အသာစီးရတယ်။
ဒီတော့ ကိုယ့်ရဲ့နေ့စဉ်အသုံး/လိုအပ်ချက်တွေကို ချိန်ဆပြီး ဈေးနည်းနည်းပိုသက်သာတဲ့ 14T ကိုပဲရွေးမလား ၊ 14T Pro က ပေးနိုင်တဲ့ အပိုဆောင်းအင်္ဂါရပ်တွေကို လိုအပ်သလား၊ ဒီအတွက် စျေးပိုပေးသင့်သလားဆိုတာ တော့ ကိုယ်တိုင်ပဲဆုံးဖြတ်ကြည့်ရမှာပါ။