06/08/2026
လယ်ယာမြေများကို ကွက်စိတ်ရိုက်ရောင်းချနေသည့်ကိစ္စများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်း မေးမြန်း
သြဂုတ်(၆)၊၂၀၂၆
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိ ယပုံမှန်အစည်းအဝေး (တတိယနေ့) အခမ်းအနားကို သြဂုတ်လ(၆)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ပုသိမ်ကြီးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၂)၊ တိုင်းဒေသကြီးလွှတ် တော် ကိုယ်စားလှယ် ဦးပိုအေးမှ “မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေများကို ပုံစံ (၇) ထုတ်ပေးရာတွင် ပုံစံ (၇) ရရှိသည့် မြေရှင်များက အကွက်စိတ်ရိုက်၍ စီးပွားဖြစ်ရောင်းချနေသည့် ကိစ္စကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မည်သို့အရေးယူ ဆောင်ရွက်ပေးမည်”ဆိုသည်။ မေးခွန်းကို
လွှတ်တော် မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအ စိုးရအဖွဲ့ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး မှ "မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးထားတဲ့ တောင် သူပေါင်း ၁၀,၈၃,၅၇၃ဦး၊ ဦးပိုင်ပေါင်း ၁၉,၁၀,၃၄၈ ဦး ၊ ဧရိယာပေါင်း ၃၃,၅၈,၇၀၉.၁၆ ဧက ရှိပါတယ်။
တည်ဆဲ လယ်ယာမြေ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေအနေနဲ့ ပုဒ်မ ၉(က) သတ်မှတ်စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မရှိသ၍ လယ်ယာမြေ လုပ်ပိုင်ခွင့်၊ ပုဒ်မ ၁၂ (စ) လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်း သုံးစွဲခြင်း မပြုရ၊ ပုဒ်မ ၁၃ – လယ်ယာမြေနှင့် စပ်လျဉ်း၍ သက်
ဆိုင်သူများအကြား သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်က ဥပဒေနှင့်အညီ ချမှတ်ထားသော အမိန့်ကို လိုက်နာရမည်။ ပုဒ်မ ၁၉ – ဒီဥပဒေ ပုဒ်မ ၁၂ အရ စည်းကမ်းချက် အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်လျှင် သက်ဆိုင်ရာ မြို့ နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ဒီဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် အောက်ဖော်ပြပါ အမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက် ပို၍ဖြစ်စေ ချမှတ်နိုင်သည်
(က) သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊
(ခ) သတ်မှတ်နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင် ရွက်စေခြင်း၊
(ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊
(ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်း။
ပုဒ်မ ၂၀ (က) – ပုဒ်မ ၁၉ အရ ချမှတ်သည့် အမိန့်ကို လိုက်နာခြင်းမရှိသော မည်သည့်လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူကိုမဆို ယင်းအမိန့်ပါ သတ်မှတ်ရက် ကျော်လွန်ပါက မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သော်လည်းကောင်း၊ ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော် လည်း ကောင်း သက်ဆိုင်ရာ တရားရုံးတွင် ဦးတိုက် လျှောက်ထားတရားစွဲဆိုနိုင်သည်။
ပုဒ်မ ၂၀ (ခ) ပုဒ်မ ၁၃ အရ ချမှတ်သည့် အမိန့်ကို လိုက်နာခြင်းမရှိသော မည်သူ့ကိုမဆို ယင်းအမိန့်ပါ သတ်မှတ်ရက် ကျော်လွန်ပါက သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ကသော်လည်းကောင်း၊ ယင်းအဖွဲ့က သတ်မှတ်ပေးအပ်သော ပုဂ္ဂိုလ်ကသော်လည်းကောင်း သက်ဆိုင်ရာ တရားရုံးတွင် ဦးတိုက် လျှောက်ထားတရားစွဲဆိုနိုင်သည်ဟု ပြဋ္ဌာန်းထားပါတယ်။
လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကျူးလွန်အသုံးပြုသူများရှိပါက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၄-၂-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၂၄ ဖြင့် ထုတ်ပြန်ကြေညာထားတဲ့ လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေခြင်းအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ (SOP) နှင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
လယ်ယာမြေကို ကွက်စိတ်ရိုက်ခြင်းအပါအဝင် လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်အသုံးပြုသူများကို သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များမှ တည်ဆဲလယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီးတော့ လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေရန်အတွက် ထိန်းချုပ်ဆောင်ရွက်နိုင်ရန် ဆောင်ရွက်မည့် စံပြု လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားအပ်ပါတယ်။" ဟု ပြန်လည်ဖြေကြားရှင်းလင်းခဲ့သည်။
#တိုင်းဒေသကြီးလွှတ်တော်
#မန္တလေး