25/07/2026
မိုက်ကယ်အဲရစ် ဆုံးတော့ ရက်လည်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ လုပ်တယ် ။ ဆုံးတဲ့နေရာကတော့ ( အားလုံးသိကြတဲ့အတိုင်း ) လန်ဒန်မှာပေါ့ ။ မဆုံးခင်လေးထိ သူ့အမျိုးသမီးဆီကို နောက်ဆုံးအကြိမ်လာတွေ့ဖို့ မြန်မာပြည်ဝင်ခွင့်ဗီဇာလျှောက်တဲ့ အကြိမ်ပေါင်းမြောက်များစွာဟာ အချည်းနှီးဘဲ ။
လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ လာခွင့်ပြုလိုက်ဖို့ စစ်အစိုးရကို တိုက်တွန်းကြတဲ့အထဲမှာ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်လည်း မနေရ ၊ ကုလအတွင်းရေးမှုး ကိုဖီအန်နန်လည်း မနေရ၀င်ပြောပေးကြသေးတယ် ။ ထားပါတော့ ...ကျန်တဲ့ဇာတ်ကြောင်းကတော့ အားလုံးသိပြီးသားဘဲ ။
မိုက်ကယ်ဆုံးတော့ စစ်အစိုးရက သားအငယ် Kim ကို လာခွင့်ပေးခဲ့တယ် ။ ရက်လည်ဆိုတော့ နိုင်ငံရေးကိစ္စ မဟုတ်ဘူးလို့ ယူဆတာဘဲလား ၊ အသားကုန်ရက်စက်ပြီးမှ နာရေးပေါ်တော့ မဆိုစလောက် ကိုယ်ချင်းစာပြပြီး အဖတ်ဆယ်ချင်တာလားတော့ မသိ ...... အဲဒီနေ့မှာ လူတွေ တော်တော်များများ လာခွင့်ရတယ် ။
လာခွင့်ရတယ်ဆိုပေမယ့်လည်း လမ်းထိပ်မှာကတည်းက ထောက်လှမ်းရေးတွေက ပေါ်တင် နာမည် ၊ လိပ်စာ ၊ အဖေနာမည် ဘာညာသာရကာယူပြီး လူကိုပါ ဓါတ်ပုံရိုက်လိုက်သေးတယ် ။ ကိုယ်တို့ပုံတွေလည်း သိမ်းထားသေးရင် ရှိဦးမှာပေါ့ ။ အဲဒီတုန်းက ကိုယ်က ၉ တန်းကျောင်းသူ ။ ပါတီဝင်လည်း မဟုတ် ဘာမှမဟုတ်ဘူး ၊ သက်သက်မဲ့ ဒေါ်စုကို အားပေးချင်လို့ သွားဖြစ်တာ ။
သွားတယ် ဆိုတာထက် သူငယ်ချင်းတစ်ယောက်နဲ့ ခိုးသွားတယ်ဆို ပိုမှန်မယ် ။ ( အမေ အဖေ သိရင်တော့ ကွိုင်မှာပေါ့ ။ နိုင်ငံရေးဆိုတာနဲ့ တနွယ်ငင် တစင်ပါ ရောဒုက္ခရောက်တတ်တဲ့ စစ်အစိုးရလက်ထက်ကြီးလေ.........ဒေတာတွေ ယူရုံမက ဓါတ်ပုံပါ ရိုက်ထားပါတယ်ဆိုမှ ဘယ်မိဖက ကိုယ့်သားသမီးကို အဲလိုသွားဖို့ လွှတ်မှာတုန်း ၊ ဘယ်လောက်ဘဲ ထောက်ခံသည် ဆိုဦး ) ။
အဲဒီနေ့က အသက် ၂၀ စွန်းစ Kim ကို ပထမဆုံးမြင်ဖူးတယ် ။ လည်ကတုံးဖြူ နဲ့ ပုဆိုးဝတ်ထားပြီး မြန်မာလို မတတ်တော့တဲ့ Kim ဟာ အရင် ခိုးကြောင်ခိုးဝှက် မြင်ဖူးခဲ့တဲ့ ဓါတ်ပုံတွေထဲက ကလေးလေး မဟုတ်တော့ပါဘူး ။
သူ့အဖေ သူ့အစ်ကိုတို့နဲ့အတူ (အကျယ်ချုပ်ကျနေတဲ့ သူ့အမေအစား ) နိုဘယ်ဆု လက်ခံယူတုန်းက ကလေးငယ်ရဲ့ ချိုမြနုနယ်တဲ့ ရုပ်မျိုး မဟုတ်တော့ ။
အောက်စဖို့ဒ်ရောက်တုန်း သူတို့အိမ်ကို လာလည်ခဲ့တဲ့ ဆရာမ နုနုရည် ( အင်းဝ ) ကို '' ငါ့အမေကို လုသွားတဲ့ တိုင်းပြည်က လူတစ်ယောက် '' ဆိုတဲ့ ပုံစံနဲ့ ကြည့်ခဲ့တဲ့ ဆယ်ကျော်သက်ကလေး မဟုတ်တော့ ။
မိုက်ကယ်ရဲ့ အားထုတ်မှုကြောင့် ပန်းတွေ ဝေနေနိုင်သေးတဲ့ ဘုရားစင်ကလေးရှိနေပေမယ့် အမေမရှိမှန်း သိသာစွာ ခြောက်ကပ်နေတဲ့ အောက်စဖို့ဒ်တိုက်ခန်းလေးထဲက ဆံရှည်ရှည် ဂျစ်ကန်ကန် ကောင်ငယ်လေး မဟုတ်တော့ ။
ငယ်ရုပ်ပျောက်ပြီး အခုနောက်ပိုင်း ပုံတွေမှာတွေ့ရတတ်တဲ့ လူကြီးတစ်ယောက်ပုံစံ ပေါက်နေပြီ ။ ထိုသုမနရဲ့ ကျောမှာ ဒဏ်ရာတွေက ဘယ်လောက်များနေမှာပါလိမ့် ။
အဲဒီတုန်းက သေသူအတွက် ရေစက်မချခင် ဘုန်းကြီးဟောလိုက်တဲ့ တရားထဲက ဇာတ်ထုပ်ကို ခုထိ သတိရနေမိတယ် ။ ဗန္ဓုလ စစ်သူကြီးကတော် မလ္လိကာအကြောင်းပါ ။ ဗန္ဓုလ နဲ့ မလ္လိကာမှာ သားတွေချည်းဘဲ ၃၂ ယောက်ထွန်းကားသတဲ့ ။ ဗန္ဓုလစစ်သူကြီး ဆိုတာ ဘုရားလက်ထက်က ကောသလမင်းကြီးရဲ့ စစ်သူကြီးပါ ။ စစ်ရေးစစ်ရာမှာ အရမ်းတော် ၊ လက်ရုံးရည်ကောင်း ၊ ခံယူချက် အရမ်းဖြောင့်တော့ ကောသလမင်းကြီးက အရမ်းအားကိုးရသူ တဲ့ ။
ဘုရင်ဆီအခစားဝင်ရင် သား ၃၂ ယောက် ၊ အဖေ စစ်သူကြီး ၊ သူတို့မိသားစုရဲ့ အခြွေအရံတွေနဲ့ တင် ပရိသတ်ကြီးတစ်ခု ဖြစ်နေတတ်သတဲ့ ။ ဒါကို မလိုလားတဲ့ အမတ်တွေက “တစ်နေ့ကြလျှင် ဗန္ဓုလစစ်သူကြီးက သူ၏သားများနှင့်အတူ တိုင်းပြည်ကိုလုပ်ကြံပါလိမ့်မည်။” ဆိုပြီး ကုန်းချောတော့တာပေါ့ ။
ဒီတော့ နဂိုကတည်းက အဆင်အခြင်နည်းနဲ့ ကောသလမင်းက ယုံပြီး ထောက်ချောက်ဆင်ပြီးတော့ အဲဒီသားအဖတစ်စုကို အိမ်တစ်ဆောင်ထဲမှာ ရောက်နေတုန်း မီးတိုက် သတ်ခိုင်းလိုက်တယ် ။
အဲလို အသတ်ခံရပြီးနောက်တစ်နေ့ မနက်မှာ မလ္လိကာက ရှင်သာရိပုတ္တရာနဲ့ တခြားသံဃာတော်တွေကို ဆွမ်းကပ်ဖို့ လုပ်တယ် ။ ဆွမ်းကပ်ချိန်နီးတော့မှ သားအဖတွေ တစ်ပြိုင်နက်ဆုံးကြောင်း စာကို ရတယ် ။
ကဲ.....ဘယ်လောက် ဟစ်အော်ပြီး တက်မတတ် ချက်မတတ် ငိုချင်စရာကောင်းသလဲ ။ ဒါပေမယ့် မလ္လိကာဟာ မျက်ရည်တစ်စက်မှ မထွက်ဘဲ ဆွမ်းဆက်ပြင်ပြီး အဲဒီစာကို ခေါက်သိမ်းထားလိုက်တယ် ။
တရားဟောတဲ့ ဘုန်းကြီးက သာမန်လူတစ်ယောက်ကို ရူးသွားစေလောက်တဲ့ လောကဓံကို မတုန်လှုပ်တဲ့ မလ္လိကာကို ဥပမာပေးပြီး ဒေါ်စုကို ဖြေသာအောင် ဟောတာမှန်း ရိပ်မိပါတယ် ။ '' ရှင်ဘုရင်ဆိုတော့ ထောက်လှမ်းရေးတွေ သတင်းပေးတွေကလည်း ရှိမှာကိုးလေ '' ဆိုပြီး ဘုန်းကြီးက အသောကလေး ထည့်ပြီး ဟောတာ မှတ်မိနေတယ် ။ စိတ်ထဲကလည်း '' သြော် တယ်လည်း သတ္တိကောင်းတဲ့ ဘုန်းကြီးပါလား ၊ ဒီလောက် ထောက်လှမ်းရေးတွေ ဒင်းဂျမ်းပြည့်နေတဲ့ နေရာမှာတောင် ဒေါ်စုကို အားဖြစ်စေမယ့် တရားကို ဟောကြားနိုင်သေးတယ် '' လို့ တွေးပြီး ထောက်လှမ်းရေးဆီမှာ ဓါတ်ပုံအရိုက်ခံပြီး လာခဲ့တဲ့ ကိုယ့်အဖြစ်ကိုတောင် မေ့တေ့တေ့ ဖြစ်သွားသေးတယ် ။
တရားနာပြီး ရေစက်ချ အမျှဝေတော့ ဒေါ်စုက မျက်ရည်သုတ်လိုက်တာကို ဒေါ်စုနဲ့ သိပ်မဝေးတဲ့ နောက်နားတစ်နေရာက ကိုယ်က သေသေချာချာ မြင်လိုက်ရတယ် ။ ငိုတယ်ဆိုပေမယ့် ရှိုက်ကြီးတငင် အိနြေ္ဒပျက်လောက်အောင် ငိုတာမျိုးတော့ မဟုတ် ။
အဲဒီတုန်းကတော့ အဲဒီ မျက်ရည်ရဲ့ နောက်က အကြောင်းများစွာက ကိုယ်မသိခဲ့တာတွေ များပါတယ် ။
တက္ကသိုလ်ရိပ်သာလမ်းအိမ်က ဖုန်းကို ဖြတ်ထားလို့ ကင်ဆာကျွမ်းနေပြီဖြစ်တဲ့ ခင်ပွန်းနဲ့ စကားပြောချင်တိုင်း ရန်ကုန်က UK သံအမတ်အိမ်ကို သွားပြီး ပြောရတာတွေ
မိုက်ကယ်ဆုံးခါနီး ဒေါ်စုက ရန်ကုန် UK သံရုံးက တဆင့် နောက်ဆုံးနှုတ်ဆက်စကားပြောထားတဲ့ တိတ်ခွေလေးကို ပို့လိုက်တာတွေ ( ဘယ်လို အသံ ဘယ်လို စိတ်ထားနဲ့များ အဲဒီလို နှုတ်ဆက်စကားမျိုးကို ပြောခဲ့ရမှာပါလိမ့် ) ၊
အဲဒီ တိတ်ခွေကလေးဟာ မိုက်ကယ်ဆီကို အချိန်မှီ မရောက်လိုက်တဲ့အကြောင်းတွေ
စတဲ့ စတဲ့ အကြောင်းတွေကိုတော့ ဒေါ်စု မျက်ရည်ကျတာကို မြင်လိုက်တဲ့ ကိုယ်က အဲဒီတုန်းက မသိခဲ့ပါဘူး ။
နောက်ပိုင်းမှာ ဒေါ်စုလွတ်လာတော့ သူ့ကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုတဲ့ သူ့ပါတီဝင်တွေ ၊ သူကိုတွေ့လို့အားကိုးတကြီး ၀မ်းသာဝမ်းနည်း မျက်ရည်ကျသူတွေ အများကြီးကို ဓါတ်ပုံတွေကတဆင့်တွေ့ရတယ် ။
ငိုသူတွေ ဘယ်လောက်ပင် ရှိပါစေ ဒေါ်စုက မျက်ရည်မကျဘဲ နေနိုင်တာ တွေ့တဲ့အခါ '' အင်း... နိုင်ငံရေးလုပ်တယ်ဆိုတာ ခံစားချက်တွေကို ဦးစားပေးလို့ ဘယ်ရမလဲ ၊ လူတကာငိုတိုင်း ကိုယ်ပါ ၀မ်းနည်းပြီး လိုက်ငိုမိတယ်ဆိုရင်လည်း ခက်ပြီ '' လို့ ယောင်ဝါးဝါး တွေးမိရသေးတယ် ။
တခါတလေတော့လည်း ဘယ်တော့မှ လူရှေ့သူရှေ့မှာ ငိုလေ့မရှိတဲ့ ဒေါ်စု ၊ မငိုတော့တဲ့ ဒေါ်စု ရဲ့ တခါတုန်းက မျက်ရည်သုတ်လိုက်တဲ့ ပုံကို မြင်ယောင်နေမိပါသေးတယ် ။ အဲဒီလို သတိရမိတိုင်းလည်း
William Ernest Henley ရဲ့ “Invictus အနိုင်မခံ” ဆိုတဲ့ ကဗျာထဲက စာသားလေးတချို့ကိုပါ သတိရမိတယ် ။
•လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော
•လက်ခုပ်အတွင်းသို့ ကျရောက် နေရငြားသော်လည်း
•ငါကား မတုန်လှုပ်၊ မငို ကြွေး၊
•ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်၊
•ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏၊
•ညွှတ်ကားမညွှတ်၊
•ဤလောဘဒေါသတို့ကြီးစိုးရာဌာန၏ အခြားမဲ့ကား၊
•သေခြင်းတရားသည် ငံ့လင့်လျှက် ရှိ၏။
•သို့သော် ငါ့ အား မတုန်လှုပ်သည်ကို တွေ့ရအံ့၊
• In the fell clutch of circumstance
• I have not winced nor cried aloud.
• Under the bludgeonings of chance
• My head is bloody, but unbowed.
•Beyond this place of wrath and tears
• Looms but the Horror of the shade,
• And yet the menace of the years
• Finds, and shall find, me unafraid.
တပင်တိုင်အကျယ်နန်းကနေ စမ်းသပ်စိန်ခေါ်ချက်တွေ ဒင်းကြမ်းနဲ့ real politics ကွင်းထဲရောက်သွားပြီဖြစ်တဲ့ ဒေါ်စုမှာ အခုထိလည်း bloody but unbowed head ရှိနေတုန်းဘဲ ဆိုတာ ယုံကြည်လျှက်ပါဘဲလေ............
.😷🌹
via-Chaw Suu.