12/11/2025
ရွှေကုက္ကိုလ် ကျားဖြန့်မြို့သစ် ထူထောင်ခဲ့သူ၊ BGF စောချစ်သူ၏ ကိုးကွယ်ရာ She Zhijiang ကို ထိုင်းက တရုတ်နိုင်ငံသို့ ယနေ့ ပြန်ပို့
ရန်ကုန်၊ နိုဝင်ဘာ ၁၂
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ် ကျားဖြန့်မြို့သစ် ထူထောင်ခဲ့သူ၊ မြန်မာ စစ်တပ်လက်အောက်ခံ BGF စောချစ်သူ၏ ကိုးကွယ်ရာ She Zhijiang ကို ထိုင်းက တရုတ်နိုင်ငံသို့ ယနေ့ ညနေ ပြန်ပို့မည်ဖြစ်ကြောင်း ထိုင်း The Reporters က သတင်းဖော်ပြသည်။
မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ ရွှေကုက္ကိုလ်ကျားဖြန့်မြို့သစ် ထူထောင်သူ She Zhijiang ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ She Zhijiang မှာ မြ၀တီမြို့နယ်၊ ကာစီနိုများနှင့် ကျားဖြန့် အွန်လိုင်းစီးပွားရေးလုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံသူ Yatai International Holding Group (Yatai IHG) ဥက္ကဋ္ဌလည်းဖြစ်သည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ ထိုင်းနိုင်ငံရှိ အယူခံတရားရုံးက နိုင်ငံ တကာ ရာဇ ဝတ်မှုများ အပါအဝင် အွန်လိုင်းလောင်း ကစားလုပ်ငန်း ၂၀၀ ကျော်ကို တရား မဝင် လုပ်ကိုင်ခဲ့သော ကျားဖြန့်ငွေလိမ်ဂိုဏ်းများ၏ အဓိကခေါင်း ဆောင် She Zhijiang ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် ကိစ္စကို အတည် ပြု ဆုံးဖြတ်ပြီးနောက် ယနေ့တွင် တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
တရုတ်နှင့်ကမ္ဘောဒီးယားနိုင်ငံသားအဖြစ် ခံယူထားသာ ရာဇဝတ်တရားခံ SHE Zhijiang ကို တရုတ်နိုင်ငံက လောင်းကစားမှုများ၊ ကျားဖြန့် ငွေလိမ်မှုများဖြင့် အလိုရှိနေခြင်းဖြစ်သည်။
SHE Zhijiang မှာ တရုတ်ယွမ်ငွေ ၂၇၇၅ ဘီလီယံ (ထိုင်းဘတ် ၁၂ ဒသမ ၆ ထရီလီယံခန့်) ကျော် လိမ်လည်ခဲ့သော ကာစီနိုဝက်ဘ်ဆိုက် ၂၃၉ ခုထက်မနည်း တည်ထောင်စီမံခန့်ခွဲရန် အမိန့်ပေးခဲ့သူဖြစ်ပြီး တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် လိမ် လည်မှုများအတွက် အဓိကတာဝန်ရှိသူအဖြစ် တရုတ်အစိုးရက အလိုရှိနေခြင်းဖြစ်သည်။
သူ့ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အတွင်း ထိုင်းအစိုးရက ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ၎င်းကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် တရုတ်က တောင်းဆိုခဲ့ပြီး ၂၀၂၅ ခုနှစ် အောက် တိုဘာလ ၂၂ ရက်နေ့တွင် ၎င်းကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက အတည်ပြုဆုံးဖြတ်ခဲ့သည်။
၁၉၉၃ ခုနှစ် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား တရားခံ လွှဲပြောင်းပေး အပ် ရေးစာချုပ်အရ လွှဲပြောင်းပေး အပ်ခြင်းကို ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ယင်းအမှုမှာ နိုင်ငံဖြတ်ကျော်မှုခင်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိုင်းနှင့် တရုတ် အာဏာပိုင်များအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်နေခြင်းဖြစ် သည်။ ၎င်းကို လွှဲပြောင်းပေးရန် ထိုင်းအစိုးရနှင့် တရုတ်အစိုးရတို့အကြား အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံသားလည်းဖြစ်သော တရုတ်နိုင်ငံသား SHE Zhijiang သည် ကောလ်စင်တာနှင့် ကျားဖြန့် လောင်းကစားလုပ်ငန်းများအတွက် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတွင် ကျားဖြန့် စီမံကိန်းမြို့သစ်များ အကောင် အထည်ဖော်ခဲ့သူဖြစ်သည်။
စစ်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် စောချစ်သူက SHE Zhijiang လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ရွှေက္ကိုလ်တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပြီး ၎င်းကိုယ်တိုင် တက်ရောက် ဝတ်ပြုဆုတောင်းခဲ့သည်။
နိုင်ငံတကာ လောင်းကစား၊ ငွေလိမ်လုပ်ငန်းများကြောင့် အလိုရှိခံနေရသော ရာဇဝတ်တရားခံ SHE Zhijiang ဘေးကင်းရန်၊ ကျန်းမာစေရန်နှင့် ပြန် လည် လွတ်မြောက်ရန် ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူက ရွှေကုက္ကိုလ်တွင် လူရာနှင့်ချီ တက်ရောက်သည့် အခမ်းအနားပြု လုပ် ဝတ်ပြု ဆုတောင်းခဲ့ခြင်းဖြစ်သည်။
Photo- The Reporters။
Copy from
Khit Thit Media
12 Nov 2025
https://www.facebook.com/100066528465996/posts/1204525428441728/