
06/09/2024
နမ့်ခမ်းမြို့ နှင့် ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် သေဆုံးသူ ပြည်သူ ၂၀ ဦးမှာ ကလေးငယ် ၇ ဦး၊ ကိုယ်ဝန် ဆောင် မိခင်၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုနှင့် အပြစ်မဲ့ ပြည်သူများဖြစ်ပြီး ပရဟိတသမားတစ်ဦးပါဝင်
ရန်ကုန်၊ စက်တင်ဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ လူနေရပ်ကွက်များနှင့် ဖယ်ခုံမြို့၊ ဘန် ကောက် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် သေဆုံးသူ ပြည်သူ ၂၀ ဦးမှာ ကလေးငယ်များ၊ အမျိုးသမီးငယ်များ၊ ကိုယ်ဝန် ဆောင်မိခင်၊ သက်ကြီးရွယ်အိုနှင့် အပြစ်မဲ့ ပြည်သူများဖြစ်ပြီး ပရဟိတသမားတစ်ဦးပါဝင်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
စစ်တပ်၏ ဗုံးကျဲမှုကြောင့် နမ့်ခမ်းမြို့တွင် ကလေးငယ်၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ပြီး ဖယ်ခုံမြို့တွင် ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၆ရက်၊ နံနက် ၁ နာရီ ၃၅မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးရှိ ပြည်သူလူထုနေအိမ်များပေါ်နှင့် ကျားဖြူခမ်းမအနီးသို့ ပေါင် ၅၀၀ ဗုံးများကျဲချခဲ့ပြီး ယင်းသို့ ကျဲချမှုကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးသွားခဲ့ကြောင်း၊ ကလေးငယ် ၂ ဦး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ပြီး သေဆုံးသွားသည့် အထဲတွင် ကိုယ်ဝန် ဆောင် အမျိုးသမီး တစ်ဦးပါဝင်ကြောင်း သိရှိရသည်။
နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုတွင် ကရုဏာပရဟိတအဖွဲ့ဝင် အိုက်လင်းနှင့် ကိုယ်ဝန်ဆောင် ဇနီးသည်၊ ကလေး ၁ ဦး တို့လည်း သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၁၂ နှစ်အရွယ် စိုင်းလိန်လိန်ဆိုသော ကလေးငယ် ၁ ဦး၊ ဒေါ်ဆောင်ဌေး၊ မရွှေအိမ်တို့လည်းပါဝင်ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ည ၉ နာရီ ၃၀ မိနစ် အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဘန် ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ်များ၊ ဆရာမများနှင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ရကြောင်း၊ မိသားစုလိုက် သေဆုံးမှုလည်းရှိပြီး ညအိပ်ချိန်ဖြစ်၍ အားလုံး အနားယူ အိပ်စက်ကြချိန်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချခြင်းဖြစ်ကြောင်း သိရှိရသည်။
သေဆုံးသူအရေအတွက် အနေဖြင့် ကလေး ၅ ဦး၊ အမျိုးသမီး ၂ ဦးနှင့် စစ်ဘေးရှာင် ၂ ဦးတို့ ပါဝင်ကြောင်း၊ ဒဏ်ရာရသူ ၆ ဦးရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- သေဆုံးသွားကြသည့် အပြစ်မဲ့ပြည်သူနှင့်ကလေးငယ်များ။
Photo- CJ ။