Border News Agency

Border News Agency Voices, rights, diversity. News & documentaries on underreported issues

လောက်ကိုင်မှာလူသတ်မှုကျူးလွန်သူ ၄ ဦးကိုသေဒဏ်ပေး (ဓာတ်ပုံသတင်း)Border News Agency လောက်ကိုင်၊ ဇွန် ၁၄။​ကိုးကန့်ဒေသ၊ လောက်...
06/14/2026

လောက်ကိုင်မှာလူသတ်မှုကျူးလွန်သူ ၄ ဦးကိုသေဒဏ်ပေး (ဓာတ်ပုံသတင်း)

Border News Agency
လောက်ကိုင်၊ ဇွန် ၁၄။

​ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှာ ဇွန်လ ၁၃ ရက်နေ့က လူထုရှေ့မှောက် တရားစီရင်ရေးအခမ်းအနားတခုကိုပြုလုပ်ခဲ့ပြီး လူသတ်မှုနဲ့ တမင်တကာနာကျင်စေမှု ကျူးလွန်သူ ၇ ဦးကို အပြစ်ပေးအရေးယူခဲ့တယ်လို့ ကိုးကန့်တပ်ကထုတ်ပြန်ထားပါတယ်။

အဲ​ဒီအထဲက သေဒဏ်ချမှတ်ခံရသူ ၄ ဦးကို အခမ်းအနားအပြီးမှာသေနတ်နဲ့ ပစ်ခတ်ကွပ်မျက်ခဲ့ပြီး ကျန်တဲ့သူတွေကိုတော့ ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

အဲဒီသေဒဏ်ကျခံရသူတွေထဲမှာ ဖခင်နဲ့မိခင်ကို သတ်တဲ့သူတွေ၊ ကြွေးမြီကိစ္စနဲ့လူနှစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့သူတွေအပြင် မူးယစ်ဆေးသုံးပြီး သမီးအရင်းကို သတ်ဖြတ်ခဲ့တဲ့သူတွေအထိ ပါဝင်ပါတယ်။

​အခုလိုလုပ်တာဟာ ဒေသတွင်းမှာ ဥပဒေမဲ့လုပ်ရပ်တွေကို ပြတ်ပြတ်သားသားနှိမ်နင်းပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ရည်ရွယ်တာလို့ အထူးဒေသ၁ အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ဥပဒေကို ချိုးဖောက်သူဘယ်သူမဆို ပြင်းပြင်းထန်ထန် အရေးယူခံရမယ်လို့လည်းသတိပေးထားပါတယ်။

ဓာတ်ပုံ-ကိုးကန့်တပ်

Website - https://burmese.bnanews.net/photo-news/34173/

#​ကိုးကန့်ဒေသ #လောက်ကိုင်မြို့ #တရားစီရင်ရေး #လူသတ်မှု

အီရန်ခေါင်းဆောင် ခါမေနီရဲ့ ဈာပနကို လာမယ့် ဇူလိုင်လမှာ ပြုလုပ်မယ်Border News Agencyအီရန်၊ဇွန် ၁၄။​အီရန်နိုင်ငံရဲ့ အဓိပတိဖ...
06/14/2026

အီရန်ခေါင်းဆောင် ခါမေနီရဲ့ ဈာပနကို လာမယ့် ဇူလိုင်လမှာ ပြုလုပ်မယ်

Border News Agency
အီရန်၊ဇွန် ၁၄။

​အီရန်နိုင်ငံရဲ့ အဓိပတိဖြစ်သူ အလီခါမေနီရဲ့ ဈာပနအခမ်းအနားကို လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ တူဟရန်မြို့မှာ စတင်ပြုလုပ်သွားတော့မှာဖြစ်ပါနယ်။

အဲဒီအပြင် ဇူလိုင်လ ၉ ရက်နေ့မှာ သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ မက်ရှ်ဟတ်မြို့မှာ နောက်ဆုံးဂုဏ်ပြုပြီး ဂူသွင်းသဂြိုဟ်သွားမှာဖြစ်ပါတယ်။

ခါမေနီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့တာပါ။

ဒါပေမယ့် စစ်ပွဲအခြေအနေတွေကြောင့် ဈာပနကိုအခုအချိန်ထိ ရွှေ့ဆိုင်းထားခဲ့ရတာဖြစ်ပြီး ဈာပနကို တူဟရန်မှာ ၃ ရက်ကြာပြုလုပ်မှာဖြစ်သလို ဇူလိုင်လ ၇ရက်နေ့မှာလည်း ကွမ်းမြို့မှာ အခမ်းအနားတခုထပ်လုပ်မှာဖြစ်ပါတယ်။

​ခါမေနီက ၁၉၈၉ ခုနှစ်ကတည်းက အီရန်ကိုဦးဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံရဲ့စစ်ရေးနဲ့ ပါရာစစ်ရေးအင်အားတွေကို အဓိကတည်ဆောက်ခဲ့သူပါ။

အခုသူ့နေရာကို ဆက်ခံမယ့်သူကတော့ သူ့သားဖြစ်သူမိုဂျ်တာဘာခါမေနီပဲဖြစ်ပြီး စစ်ပွဲစတုန်းက သူကလူမြင်ကွင်းကနေပျောက်နေခဲ့ပေမယ့် အခုအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေမှာတော့ ပိုပြီးတက်တက်ကြွကြွ ပါဝင်လာတာကိုတွေ့ရပါတယ်။

​အခုချိန်မှာတော့ အမေရိကန်နဲ့ အီရန်တို့စစ်ပွဲကို အဆုံးသတ်ဖို့သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ဆိုပေမယ့် လက်ဘနွန်ဘက်မှာတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲမို့လို့ ဒေသတွင်းအခြေအနေကို ဆက်စပ်ပြီးစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

​ကိုးကား/ဓာတ်ပုံ- Al Jazeera

Website - https://burmese.bnanews.net/news/34168/

​ #အီရန်နိုင်ငံ #အဓိပတိ #ဈာပန #တူဟရန်မြို့

ဧရာဝတီမြစ်မှာ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးလှုပ်ရှားမှုပြုလုပ် (ဓာတ်ပုံသတင်း)  Border News Agencyဧရာဝတီ၊ ဇွန် ၁၄။ကချင်ပြည...
06/14/2026

ဧရာဝတီမြစ်မှာ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးလှုပ်ရှားမှုပြုလုပ် (ဓာတ်ပုံသတင်း)

Border News Agency
ဧရာဝတီ၊ ဇွန် ၁၄။

ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်မှာ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးလှုပ်ရှားမှုကို ဇွန်လ ၁၃ ရက်၊ မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းရဲ့ နေရာ ၃ ခုမှာ ဧရာဝတီမြစ်ကိုချစ်မြတ်နိုးသူ လူငယ်အချို့ကဦးဆောင်ကာ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးအတွက် စတစ်ကာရေမျှောကမ်းပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။

အဲဒီစတေကာတွေမှာ "မြစ်ဆုံစီမံကိန်း အလိုမရှိ၊ ဧရာဝတီကို ကာကွယ်ကြပါစို့၊ ဧရာဝတီရှင်သန်ဖို့ မြစ်ဆုံကို ကာကွယ်စို့၊ ပြည်သူ့အသံကို နားထောင်ပါ၊မြစ်ဆုံသည် ရောင်းကုန်မဟုတ်" စတဲ့ စာတွေရေးသားထားကြတာပါ။

ဧရာဝတီမြစ်ဆုံနဲ့ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံအတွက် အသက်သွေးကြောတခုဖြစ်ပြီး မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအပါအဝင် နိုင်ငံတကာရှိဧရာဝတီမြစ်နဲ့မြစ်ဆုံကိုချစ်မြတ်နိုးသူတွေအနေနဲ့ ဝိုင်းဝန်းကာကွယ်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

Website- https://burmese.bnanews.net/photo-news/34159/

#ကချင်ပြည် #မြစ်ကြီးနားမြို့ #ဧရာဝတီမြစ် #မြစ်ဆုံစီမံကိန်း #လှုပ်ရှားမှု

နွားထိုးကြီးမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်အများအပြားသေဆုံးBorder News Agencyနွားထိုးကြီး၊...
06/14/2026

နွားထိုးကြီးမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်အများအပြားသေဆုံး

Border News Agency
နွားထိုးကြီး၊ ဇွန် ၁၄။

မန္တလေးဒေသ၊ နွားထိုးကြီးမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်အများအပြားသေဆုံးသွားတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၁ က ဇွန်လ ၁၃ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ ဂိတ်စခန်းကို ဇွန်လ ၇ ရက်နဲ့ ၁၂ ရက်နေ့က PDF ၊ ပကဖ ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် အများအပြားသေဆုံးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနွားထိုးကြီးမြို့နယ်၊ အရှေ့တောင်ဘက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ဇွန်လ ၇ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အာဏာသိမ်းစစ်တပ်စစ်တပ်ဖွဲ့ဝင် ၃ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် မြင်းခြံ - နွားထိုးကြီးလမ်း၊ ကံနောင်ကျေးရွာရှိ စစ်ဆေးရေးဂိတ်ကိုလည်း ဇွန်လ ၁၂ ရက်နေ့က ထပ်မံတိုက်ခိုက်ခဲ့လို့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့ပြီး ဒဏ်ရသူတွေကို နာရေးကား ၂ စီးနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို မြင်းခြံခရိုင် အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၇၊ ၈၊ ၁၀ တပ်ရင်း၊ မြင်းခြံခရိုင် ပကဖ နဲ့ နွားထိုးကြီးမြို့နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တတာလို့ဆိုပါတယ်။

ဓာတ်ပုံ- မြင်းခြံခရိုင်တပ်ရင်း ၁

Website - https://burmese.bnanews.net/news/34155/

#မန္တလေးဒေသ #နွားထိုးကြီးမြို့ #တော်လှန်ရေးတပ် #အာဏာသိမ်းစစ်တပ်

အမေရိကန်တိုက်ခိုက်လို့ ဗင်နီဇွဲလားဂိုဏ်းချုပ်ကြီး သေဆုံးBorder News Agencyဗင်နီဇွဲလား၊ ​ဇွန် ၁၄။​ဗင်နီဇွဲလားအခြေစိုက် Tr...
06/14/2026

အမေရိကန်တိုက်ခိုက်လို့ ဗင်နီဇွဲလားဂိုဏ်းချုပ်ကြီး သေဆုံး

Border News Agency
ဗင်နီဇွဲလား၊ ​ဇွန် ၁၄။

​ဗင်နီဇွဲလားအခြေစိုက် Tren de Aragua ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ဟက်တာ ဂွေရဲရိုး (ခေါ်) နီညိုဂွေရဲရိုးကို အမေရိကန်တပ်ဖွဲ့တွေက တိုက်ခိုက်သတ်ဖြတ်လိုက်ပြီလို့ သမ္မတဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။

ဒီစစ်ဆင်ရေးကို ဗင်နီဇွဲလားအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗင်နီဇွဲလားဘက်ကလည်း သူတို့နိုင်ငံထဲမှာဖြစ်ပွားခဲ့တဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုအတွင်း ဂွေရဲရိုးသေဆုံးသွားတာကို အတည်ပြုပေးထားပါတယ်။

​အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဆတ်ရဲ့ ပြောကြားချက်အရတော့ ဒီတိုက်ခိုက်မှုကို ဒီတပတ်အတွင်းမှာပဲ ဗင်နီဇွဲလားနိုင်ငံထဲက ဂိုဏ်းရဲ့ ဌာနချုပ်တခုကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Tren de Aragua ဂိုဏ်းဟာ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတွေ၊ ရာဇဝတ်မှုတွေနဲ့ နာမည်ဆိုးနဲ့ကျော်ကြားပြီး အမေရိကန်ကတော့ ဒီအဖွဲ့ကို "အကြမ်းဖက်အဖွဲ့" အဖြစ်သတ်မှတ်ထားတာပါ။

​ဂိုဏ်းခေါင်းဆောင် ဂွေရဲရိုးဟာ ၂၀၂၃ ခုနှစ်မှာ ဗင်နီဇွဲလားအကျဉ်းထောင်တခုကနေ ထွက်ပြေးလွတ်မြောက်သွားသူဖြစ်ပြီး နယူးယောက်တရားရုံးကလည်း သူ့ကို အမှုပေါင်းများစွာနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

​ဒါပေမယ့် ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်းရှိနေပါတယ်။ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာဥပဒေအရ တရားမဝင်ဘူးလို့ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုထားပါတယ်။

တချို့တိုက်ခိုက်မှုတွေမှာ အရပ်သားတံငါသည်တွေ သေဆုံးခဲ့ရတဲ့အထိဖြစ်ပွားခဲ့ပြီး အခုလိုလုပ်ရပ်တွေဟာ တရားစီရင်ရေးမပါတဲ့ သတ်ဖြတ်မှုတွေ (extrajudicial killings) ဖြစ်တယ်လို့လည်း ထောက်ပြနေကြပါတယ်။

​ကိုးကား/ဓာတ်ပုံ- Al Jazeera

Website - https://burmese.bnanews.net/news/34151/

#​ဗင်နီဇွဲလား #ရာဇဝတ်ဂိုဏ်း #ခေါင်းဆောင် #အမေရိကန်တပ်ဖွဲ့

မလေးရှားမှာ တရားမဝင် မြန်မာ ၃၅ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံသတင်း)Border News Agencyမလေးရှား၊ ဇွန် ၁၄။​မလေးရှားနိုင်ငံ၊ ကလန်တန်...
06/14/2026

မလေးရှားမှာ တရားမဝင် မြန်မာ ၃၅ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံသတင်း)

Border News Agency
မလေးရှား၊ ဇွန် ၁၄။

​မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်မှာ ဇွန်လ ၁၁ ရက်နေ့က တရားမဝင်ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၃၅ ဦးကိုလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

အဲဒီအာဏာပိုင်တွေက နယ်မြေအတွင်းရှောယင်တခင် စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသားတွေကို သယ်ဆောင်ပေးနေတဲ့ မလေးရှားပွဲစား ၂ ဦးကိုပါ လူကုန်ကူးမှုနဲ့ အမှုဖွင့်အရေးယူထားပါတယ်။

​အဲဒီအပြင်ဂျိုဟိုးပြည်နယ်၊ စကူဒိုင်းမြို့မှာလည်း Grab ကားယာဉ်မောင်းကိုဝိုင်းရိုက်ခဲ့တဲ့ တရားမဝင် မြန်မာ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အဲဒီစကူဒိုင်းမြို့မှာ ဇွန်လ ၉ ရက်နေ့ညက အရက်မူးနေတဲ့ မြန်မာ၃ ဦးကို Grab ယာဉ်မောင်းက သတိပေးပြောဆိုရာကနေ စကားများပြီး ရိုက်နှက်ခဲ့တာပါ။

အဲဒီအမှုကြောင့် ယာဉ်မောင်းမှာ မျက်နှာဒဏ်ရာတွေရသွားခဲ့သလို ကားကလည်းမြောင်းထဲထိုးကျသွားခဲ့ပါတယ်။

​အဲဒီဖမ်းဆီးခံရတဲ့ မြန်မာ ၃ ဦးဟာ နိုင်ငံကူးလက်မှတ်မရှိသူတွေဖြစ်နေတာကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ပစ္စည်းဖျက်ဆီးမှုတွေအပြင် တရားမဝင်နေထိုင်မှုတွေနဲ့ပါ ထပ်ဆင့်အရေးယူသွားဖို့ ရှိနေပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

Website - https://burmese.bnanews.net/photo-news/34142/

​ #မလေးရှားနိုင်ငံ #ကလန်တန်ပြည်နယ် #တရားမဝင် #မြန်မာနိုင်ငံသား

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးတွေမှာ PDF နဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ပဲခူးခရိုင် ပကဖ အသိပေး (ဓာတ်ပုံသတင်း)Border News Agency...
06/13/2026

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးတွေမှာ PDF နဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ပဲခူးခရိုင် ပကဖ အသိပေး (ဓာတ်ပုံသတင်း)

Border News Agency
ပဲခူး၊ ဇွန် ၁၄။

စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးတွေမှာ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေက PDF တပ်ရင်းတွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့မှ ဇွန်လ ၁၃ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီ တပ်စတင်ဖွဲ့စည်းတဲ့ ၂၀၂၁ ခုနှစ်၊ မေလမှစပြီး ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေဟာ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေ၊ စစ်တပ်ရဲ့ စခန်းသိမ်းစစ်ဆင်ရေးတွေ၊ နယ်မြေတိုးချဲ့တဲ့ စစ်ဆင်ရေးတွေမှာ တိုက်ပွဲဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအပြင်၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှစပြီး စစ်ဆင်ရေးတိုက်ပွဲတွေဖြစ်တဲ့ ဖာပွန်၊ ရေကျော်၊ စစ်ကွင်း မုက္ကမော့၊ လက်ယက် စတဲ့တိုက်ပွဲတွေမှာလည်း ကဝ၊ ဝေါ၊ ပဲခူး၊ သနပ္ပင်နဲ့ ဒိုက်ဦးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တွေဟာ PDF အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်၊ ဗျူဟာ ၃၆ နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ ညောင်လေးပင်၊ ရွှေကျင်နဲ့ ကျောက်တံခါးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တွေကလည်း PDF ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၇၀၂၊ ၃၇၀၃ တို့နဲ့အတူ စစ်တောင်းမြစ်ဝှမ်းဒေသစစ်ဆင်ရေးတွေမှာ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

တော်လှန်ပြည်သူတွေအနေနဲ့ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေအတွက် ခရိုင်၊ မြို့နယ် ပကဖ ‌တွေဆီ သတင်းအချက်အလက်နဲ့အတူ ဆက်လက်ပြီး ပါဝင်အားဖြည့်ကူညီပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဓာတ်ပုံ-ပဲခူးခရိုင် ပကဖ

သတင်းအပြည့်အစုံဖတ်ရန် - https://burmese.bnanews.net/photo-news/34134/

#စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး #ပဲခူးခရိုင်

မြောက်ဦးမှာ ULA ဝန်ထမ်းတွေ မိုးဦးကာလ သစ်ပင်စိုက် (ဓာတ်ပုံသတင်း)Border News Agency​မြောက်ဦး၊ ဇွန် ၁၄။​အာရက္ခတပ်တော်(AA)ထိ...
06/13/2026

မြောက်ဦးမှာ ULA ဝန်ထမ်းတွေ မိုးဦးကာလ သစ်ပင်စိုက် (ဓာတ်ပုံသတင်း)

Border News Agency
​မြောက်ဦး၊ ဇွန် ၁၄။

​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးခရိုင်မှာ ဇွန်လ ၁၃ ရက်နေ့က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ဌာနဆိုင်ရာ ဝန်ထမ်း ၃၀၀ ခန့်က ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ဖို့အတွက် သစ်ပင်တွေကို စုပေါင်းစိုက်ပျိုးခဲ့ကြပါတယ်။

​လမ်းဘေးတလျှောက်မှာ ပိတောက်၊ ပျဉ်းကတိုးနဲ့ အရိပ်ရပင် စုစုပေါင်း ၃၀၀ ခန့်ကို စိုက်ပျိုးခဲ့တာဖြစ်ပြီး အပင်တွေရှင်သန်စေဖို့ တပင်ချင်းစီကို ခြံစည်းရိုးတွေနဲ့ စနစ်တကျကာရံပေးထားပါတယ်။

ULA ဘက်ကလည်း စိုက်ပျိုးရုံတင်မကဘဲ အပင်တပင်ချင်းစီကို သေချာထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ထမ်းတွေကို ညွှန်ကြားထားသလို ဒီအစီအစဉ်ကိုလည်း စနေနေ့တိုင်း ပုံမှန်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

​ဒေသတွင်း စိမ်းလန်းရေးအတွက် ULA ဝန်ထမ်းတွေတင်မကဘဲ ရပ်ရွာအလိုက်တအိမ်တပင် စိုက်ပျိုးဖို့ပါရည်ရွယ်ထားတာကြောင့် အခုလိုသစ်ပင်စိုက်ပျိုးမှုဟာ ရာသီဥတုပြောင်းလဲမှုကို လျော့ချဖို့နဲ့ဂေဟစနစ်ကို ထိန်းသိမ်းဖို့အတွက် အဓိကအထောက်အကူဖြစ်စေမှာပါ။

ဓာတ်ပုံ-One Nation News

Website- https://burmese.bnanews.net/photo-news/34120/

#​အာရက္ခတပ်တော် #မြောက်ဦး #သစ်ပင်

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ- ၈Border News Agencyမြောက်ဦး၊ ဇွန် ၁၃။နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ၏ မြေယ...
06/13/2026

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ- ၈

Border News Agency
မြောက်ဦး၊ ဇွန် ၁၃။

နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ၏ မြေယာဆိုင်ရာစံနှုန်းများ

ကမ္ဘာဘဏ်၏(ESS 5)စံနှုန်း

ကမ္ဘာ့ဘဏ်(World Bank)၏ပတ်ဝန်းကျင်၊ လူမှုရေးဆိုင်ရာပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာမူဘောင် (Environmental and Social Framework - ESF)ထဲတွင် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာစံနှုန်း (Environmental and Social Standard- ESS )များရှိသည်။

ထိုESSစံနှုန်းဆယ်ခုထိရှိပြီး တခုချင်းစီတွင်သတ်မှတ်ထားသော ခေါင်းစဉ်နယ်ပယ်အလိုက်စံနှုန်းများရှိသည်။

ထိုအထဲမှအခန်းငါးမှာ "မြေယာသိမ်းဆည်းမှု၊ မြေအသုံးချမှုကန့်သတ်ချက်များနှင့် မလိုလားအပ်ဘဲပြောင်းရွှေ့အခြေချရမှုများ" (Land Acquisition, Restrictions on Land Use and Involuntary Resettlement)ဆိုင်ရာ စံနှုန်းဖြစ်သည်။

ထိုအခန်းထဲတွင် ပြဋ္ဌာန်းထားသောအချက်များကို ESS 5 စံနှုန်းဟုခေါ်သည်။

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ (SPS - Safeguard 2)စံနှုန်း

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)တွင်လည်း လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကာအကွယ်ပေးရေးမူဝါဒ (Safeguard Policy Statement -SPS) ရှိသည်။

ထိုအထဲမှ( Safeguard Requirements 2 -SR 2)မှာ "ဒုတိယမြောက်အကာအကွယ်ပေးရေးမူဝါဒစံနှုန်း"ဖြစ်သည်။

ထိုစံနှုန်းမှာမလွှဲမရှောင်သာနေရာပြောင်းရွှေ့ရခြင်းမူဝါဒ ( "Involuntary Resettlement")ဖြစ်ပြီး မြေသိမ်းခြင်းနှင့်တိုက်ရိုက်သက်ဆိုင်နေသည်။

IDB ဘဏ်၏( Performance Standard 5 -PS 5)စံနှုန်း

အမေရိကနိုင်ငံများဖွံ့ဖြိုးရေးဘဏ် (Inter-American Development Bank - IDB)မှာ လက်တင်အမေရိကနှင့်ကာရီဘီယံဒေသတွင်းရှိ အကြီးမားဆုံးဖွံ့ ဖြိုးရေးဘဏ်ဖြစ်သည်။

IDB တွင် သဘာဝပတ်ဝန်းကျင်နှင့်လူ မှုရေးဆိုင်ရာမူဘောင်(Environmental and Social Policy Framework -ESPF)အား လက်ရှိကျင့်သုံးနေသည်။

ထိုမူဘောင်ထဲမှ မြေသိမ်းဆည်းခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သောစံနှုန်းမှာ Performance Standard 5 (PS 5) ဖြစ်သည်။

PS 5 စံနှုန်း၏အမည်အပြည့်အစုံမှာ မြေသိမ်းဆည်းခြင်းနှင့်မလွှဲမရှောင်သာနေရာ​ပြောင်းရွှေ့ရခြင်း (Land Acquisition and Involuntary Resettlement)ဖြစ်သည်။

ကမ္ဘာဘဏ်၏(ESS 5)စံနှုန်းတွင် ပါဝင်သောအချက်များ

စီမံကိန်းတခုဆွဲသောအခါ မြေသိမ်းခြင်း၊လူများကို အတင်းအကျပ်ပြောင်းရွှေ့ခြင်းမဖြစ်စေရန် စတင်စဉ်းစားရမည်။

တပ်နိုင်သမျှ ဖြစ်နိုင်သမျှ ရှောင်လွှဲရန်စဉ်းစားရမည်ဖြစ်သည်။ နည်းလမ်းပေါင်းစုံ ရှူဒေါင့်ပေါင်းစုံမှအခြားနည်းလမ်းများကို အပြင်းအထန်ရှာဖွေရ၍ ရှောင်လွှဲမရမှသာမြေကို သိမ်းဆည်းခြင်းကိုလုပ်ခွင့်ရှိသည်။ သိမ်းဆည်းရာတွင်လည်း မြေသိမ်းခံရသောသူများ၏ဘဝအခြေအနေ ပြန်လည်မြှင့်တင်ပေးရန်အစီအစဉ်များပါဝင်ရမည်။

မြေသိမ်းခံရသူများကို လျော်ကြေးပေးရုံတင် မဟုတ်ဘဲ၎င်းတို့၏လူနေမှုအဆင့်အတန်း၊ ဝင်ငွေရရှိမှုလမ်းကြောင်းများကို စီမံကိန်းမတိုင်ခင်ကထက် ပိုကောင်းစေရန်(သို့မဟုတ်)အနည်းဆုံး မူလအခြေအနေထက်မနိမ့်စေရန်ပြန် လည်ထူထောင်ထောက်ပံ့ကူညီရမည်။

အရေးကြီးဆုံးအချက်မှာ ပိုင်ဆိုင်မှုအထောက်အထားမရှိသူများကိုပါအကာအကွယ်ပေးခြင်းဖြစ်သည်။

မြေယာပိုင်ဆိုင်ခွင့်ဘိုးဘွားပိုင်အထောက်အထား(စာရွက်စာတမ်း)တရားဝင်မရှိသော်လည်း အဆိုပါမြေပေါ်တွင် အမှန်တကယ် မှီတင်းနေထိုင်အသက်မွေး ဝမ်းကျောင်းပြုနေသော အခြေခံလူတန်းစားများ၊ ကျူးကျော်ဟုသတ်မှတ်ခံရသူများကိုပါ လျော်ကြေးနှင့်ပြန်လည်နေရာချထားရေးအစီအစဉ်များရှိရမည်။

ဆုံးရှုံးမှုတန်ဖိုးအား ပြန်ပေးခြင်း (Replacement Cost)တွင် လျော်ကြေးငွေတွက်ချက်သောအခါ လက်ရှိပေါက်ဈေးတင်မကအဆိုပါ မြေ၊ အိမ်မျိုးပြန် လည်ဝယ်ယူဆောက်လုပ်ပါက ကုန်ကျမည့်"အမှန်တကယ်အစားထိုးစရိတ်" ကို အခြေခံရမည်ဖြစ်ကာ တန်ဖိုးလျော့တွက်ခြင်းမရှိစေရပေ။

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ Safeguard Policy Statement (SPS - Safeguard 2)စံနှုန်းတွင် ပါဝင်သော အချက်များ

ADB ၏စံနှုန်းအရမြေကို တရားဝင်ပိုင်ဆိုင်ခွင့်ရှိသူများ၊တရားဝင်မရသေးသော်လည်း ဥပဒေအရတောင်းဆိုပိုင်ခွင့်ရှိသူများ၊အထောက်အထား လုံးဝမရှိသော်လည်း ထိုမြေကို အမှန်တကယ်အသုံးပြုနေသူများအပေါ် အပြည့်အဝအာကာအကွယ်ပေးထားသည်။

အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများ၊ ဘဝအရည်အသွေးနှိမ့်ကျသူများ၊ မြေမဲ့ယာမဲ့များ၊ အမျိုးသမီးဦးဆောင်သော မိသားစုများနှင့်တိုင်းရင်းသားမျိုးနွယ်စုများ၊လူမျိုးစုများမှာ မြေသိမ်းခံရလျှင်ပိုပြီး ထိခိုက်လွယ်သောအုပ်စုများ (Vulnerable Groups)ဖြစ်ကြသည်။

ထိုသူများအတွက် သီးသန့်အစီအမံများချမှတ်ကာ လူမှုစီးပွားမြှင့်တင်ရေးအကူအညီများ ပိုပေးရန်အလေးထားသ ည်။

ထိုစီမံကိန်းဖြစ်စဉ်တလျှောက် ပွင့်လင်းမြင်သာမှုရှိသော တိုင်ပင်ဆွေးနွေးခြင်း (Meaningful Consultation)ပြုလုပ်ရမည်။ စီမံကိန်းအစကတည်းကပင် ထိ ခိုက်ခံရမည့်ဒေသခံများနှင့်အဓိပ္ပာယ်ရှိရှိ၊ ပွင့်ပွင့်လင်းလင်းတိုင်ပင်ရမည်။

၎င်းတို့၏သဘောထားများကို စီမံကိန်းဒီဇိုင်းထဲထည့်သွင်းစဉ်းစားရမည်။ ထိခိုက်နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့်ယန္တရား(Grievance Redress Mechanism - GRM)များထားရှိရမည်။

ဒေသခံများလျော်ကြေးမကျေနပ်မှု၊ နစ်နာမှုရှိပါကအခမဲ့လျင်လျင်မြန်မြန်တိုင်ကြားဖြေရှင်းနိုင်သောယန္တရား(GR M)ကို စီမံကိန်းဧရိယာတွင် မဖြစ်မနေထားရှိပေးရမည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်၏စံနှုန်းများ

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)မှာ အလုပ်သမားအခွင့်အရေးနှင့် လူမှုရေးတရားမျှတမှုကို ဦးတည်သောအဖွဲ့ဖြစ်သည်။

မြေသိမ်းခြင်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO )တွင် အလွန်ကျော်ကြားပြီး ကမ္ဘာကလိုက်နာရသောပြဋ္ဌာန်းချက် (Convention)တခု ရှိသည်။

ထိုပြဌာန်းချက်မှာ တိုင်းရင်းသားလူနည်းစုများနှင့် မျိုးနွယ်စုများဆိုင်ရာသဘောတူစာချုပ်အမှတ် ၁၆၉ (ILO Convention No. 169 (Indigenous and Tribal Peoples Convention) ဖြစ်ပြီး မြေယာသိမ်းဆည်းမှုမှာ အလွန်အရေးပါသောနိုင်ငံတကာဥပဒေစံနှုန်းတခုဖြစ်သည်။

ထိုစာချုပ်အရရိုးရာမြေယာပိုင်ဆိုင်ခွင့်အပေါ် အကာအကွယ်ပေးရမည်ဖြစ်သည်။

တိုင်းရင်းသားများ၊ လူမျိုးစုများဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်လာသောမြေနှင့် သဘာဝသယံဇာတများကိုအသိအမှတ်ပြုအကာအကွယ်ပေးရမည်ဖြစ်သည်။

"ကြိုတင်၍အသိပေးပြီး လွတ်လပ်စွာသဘောတူညီချက်ရယူခြင်း"မူဝါဒ FPIC မူဝါဒ (Free, Prior, and Informed Consent)ကိုကျင့်သုံးရမည်။

FPIC မူဝါဒဆိုလိုချက်မှာ တိုင်းရင်းသားဒေသများတွင် ၎င်းတို့၏သဘောမတူဘဲမြေသိမ်းခြင်း၊ပြောင်းရွှေ့ခြင်း၊ အကြပ်ကိုင်ဖိအားပေးခြင်း လုံးဝမလုပ်ရဟု ဆိုလိုခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏မူဝါဒများ

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)မှာ ကမ္ဘာ့ဘဏ်၊ ADB၊ IDB ကဲ့သို့ လမ်းခင်း၊တံတားဆောက်စသည့်စီမံကိန်းများအတွက် ချေးငွေပေးသော အဖွဲ့မဟုတ်ပေ။

လူ့အဖွဲ့အစည်းတခု၊ နိုင်ငံတခုစီးပွားရေးပျက်ကပ်မဆိုက်ရန်၊ ငွေကြေးဖောင်းပွမှုထိန်းနိုင်ရန် ထိုနိုင်ငံလူ့အဖွဲ့အစည်း၏ဗဟိုဘဏ်နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနများကို မက်ခရိုစီးပွားရေး (Macroeconomics)ဆိုင်ရာချေးငွေနှင့် မူဝါဒပိုင်းအပေါ် အကူအညီပေးသော အဖွဲ့အစည်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)တွင် မြေသိမ်းခြင်းအတွက်သီးသန့် Social Standard မရှိသော်လည်း မကြာသေးခင်နှစ်ပိုင်းအတွင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မူဝါဒများကို အပြောင်းအလဲပြုလုပ်ခဲ့သည်။

ထို့ကြောင့် မြေသိမ်းယူမှုမှာအပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ လူမှုရေးအကာအကွယ်ပေးမှုအသုံးစရိတ်စံနှန်း(Social Spending Safeguards )နှင့်အုပ်ချုပ်မှုကောင်းမွန်ရေး (Governance & Anti-Corruption) စံနှုန်းအောက်တွင် ရှိလာခဲ့သည်။

လူမှုရေးအကာအကွယ်ပေးမှုအသုံးစရိတ်(Social Spending Safeguards )စံနှုန်းအရ နိုင်ငံတခုကိုချေးငွေပေးသောအခါ IMF က ဘတ်ဂျက်ကို ခြိုးခြံချွေတာခိုင်းသော်လည်း ထိုသို့ချွေတာနေ၍ဆင်းရဲသားများ ပိုမိုနစ်နာသွားမည်ဆိုပါက ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးအသုံးစရိတ်များကို မလျှော့ချရဆိုသော စည်းကမ်းချက်များ(Social Safeguards)ထည့်သွင်းလာခဲ့သည်။

အုပ်ချုပ်မှုကောင်းမွန်ရေးနှင့် အဂတိကင်းရေး(Governance & Anti-Corruption)စံနှုန်းအရ အစိုးရများမြေသိမ်းသောအခါခြစားမှုများ၊ တရားမဝင် မြေကွက်ရောင်းစားမှုကဲ့သို့ ကိုယ်ကျိုးရှာမှုများမရှိစေရန် ပွင့်လင်းမြင်သာမှုရှိသော ဘဏ္ဍာရေးစနစ်ဖြစ်ရန် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ဖိအားပေးကြီးကြပ်လေ့ ရှိလာသည်။

IDB ဘဏ်၏( Performance Standard 5 -PS 5)စံနှုန်းတွင် ပါဝင်သောအချက်များ

IDB၏စံနှုန်းများမှာ ကမ္ဘာ့ဘဏ်၊ ADB တို့၏စံနှုန်းများနှင့်အနှစ်ချုပ်ချင်းတူ ညီသည်။

IDB စံနှုန်းများတွင် လက်တင်အမေရိကဒေသ၏ လက်ရှိအခြေအနေအပေါ် မူတည်၍ ပိုမိုထူးခြား တင်းကျပ်သော အချက်လေးချက်ရှိသည်။

-အမျိုးသမီးများနှင့်အမျိုးသမီးအိမ် ထောင်ဦးစီးများအပေါ် ပိုမိုအကာအ ကွယ်ပေးခြင်း။

လက်တင်အမေရိကဒေသတွင် အမျိုး သမီးအိမ်ထောင်ဦးစီးများမှာလူမှုစီး ပွားဘဝ ထိခိုက်လွယ်ဆုံးအုပ်စုထဲ ပါ ဝင်နေသည်။

IDB စံနှုန်းအရ မြေသိမ်းသောအခါ လျော်ကြေးပေးရာတွင်လည်းကောင်း၊ အိမ်ရာအသစ်ပြန်ချပေးရာတွင်လည်း ကောင်း"လင်မယားနှစ်ယောက်လုံးအမည်ပေါက်" သို့မဟုတ် "အမျိုးသမီးအမည်ပေါက်" ဖြင့် တရားဝင်ပိုင်ဆိုင်ခွင့် စာရွက်စာတမ်းတွေထုတ်ပေးရန် အထူးအလေးထားလာသည်။

သို့မှသာ မြေသိမ်းခံရပြီးနောက် မိသားစုပြဿနာများဖြစ်လာခဲ့လျှင် အမျိုးသမီးများလမ်းဘေးရောက်မသွားရန် အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။

စီးပွားရေးအရထိခိုက်မှု(Economic Displacement)ကို တိကျစွာကုစားရန် IDBမှဖိအားပေးသည်။

လက်တင်အမေရိကမြို့ကြီးများတွင် တရားဝင်ဆိုင်ခန်းမရှိဘဲ လမ်းဘေးဈေးရောင်းကာအသက်မွေးဝမ်းကျောင်းပြုနေကြသော လမ်းဘေးဈေးသည် များ(Informal Traders)သန်းနဲ့ချီရှိသည်။

IDB စံနှုန်းက စီမံကိန်းကြောင့် ထိုသူများဈေးရောင်းသောနေရာများပျောက်ဆုံးသွားလျှင် အိမ်ပြောင်းရွှေ့ရသူများနည်းတူ စီးပွားရေးထိခိုက်နစ်နာမှုအတွက် ဝင်ငွေပြန်လည်ထူထောင်ရေး အစီအစဉ်များ၊နေရာအစားထိုးမှုများကို မဖြစ်မနေလုပ်ဆောင်ပေးရန်သတ်မှတ်ထားသည်။

ဌာနေတိုင်းရင်းသားများ(Indigenous Peoples)အခွင့်အရေးနှင့်ပတ်သက်၍ IDB ၏စံနှုန်းမှာ အစွမ်းထက်လှသည်။

လက်တင်အမေရိက အင်ဒီယန်းဌာနေတိုင်းရင်းသားများ၏ ရိုးရာမြေယာများကို သိမ်းဆည်းမည်ဆိုပါက အခြားအဖွဲ့အစည်းများထက် ပိုမိုတင်းကျပ်သော Performance Standard 7 (Indigenous Peoples)စံနှုန်းကိုပါ တွဲဖက်ကျင့်သုံးရသည်။

ကြိုတင်အသိပေးပြီး လွတ်လပ်စွာသဘောတူညီချက်ရယူခြင်း FPIC စံနှုန်းမပါဘဲ တိုင်းရင်းသားမြေတွေကို လုံးဝသိမ်းခွင့်မပြုချေ။

IDB တွင် MICI (Independent Consultation and Investigation Mechanism)ဟုခေါ်သော သီးခြားလွတ်လပ်သော နစ်နာမှုစုံစမ်းစစ်ဆေးရေးအဖွဲ့ ရှိသည်။

ဒေသခံများက စီမံကိန်းကြောင့်မြေယာနစ်နာမှုရှိပါက IDB ၏ စီမံကိန်းအရာရှိများကို ကျော်ကာ MICI အဖွဲ့ဆီ တိုက်ရိုက်တိုင်ကြား၍ရသည်။

MICI က စစ်ဆေး၍ စံနှုန်းချိုးဖောက်ကြောင်းတွေ့ရလျှင် ဘဏ်ဥက္ကဋ္ဌထံအစီရင်ခံပြီး ချေးငွေချက်ချင်းအပိတ်ခိုင်းနိုင်သောအာဏာရှိသည်။

စံနှုန်းများ၏အခြေခံအနှစ်သာရနှင့် လုပ်ငန်းနယ်ပါယ်

ကမ္ဘာ့ဘဏ်၊ ADB၊ IDB၊ IMF ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများသည် နိုင်ငံတကာစံနှုန်းများကို အခြေခံ (Underlying Principles)အဖြစ် လိုက်နာကြသည်။

ကမ္ဘာ့ဘဏ်၊ ADB၊ IDB၊ IMF တို့၏ လုပ်ငန်းနယ်ပါယ်မှာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ချေးငွေထုတ်ချေးသောလုပ်ငန်းနယ်ပါယ်ဖြစ်သည်။

ထိုလုပ်ငန်းနယ်ပါယ်များတွင် ရည်ရွယ်ချက်အား အကောင်အထည်ဖော်ရာ၌ ILO စံနှုန်းကဲ့သို့ နိုင်ငံတကာစံနှုန်းများကို လိုက်နာကြအကောင်အထည်ဖော်ကြသည်။ လိုက်နာရန်လည်း ဖိအားတွန်းအားများပေးသည်။ (ဆိုလိုသည်က အင်တာပို(နိုင်ငံတကာ ရဲတပ်ဖွဲ့)ပင်ဖြစ်စေ၊ WHO ပင်ဖြစ်စေ၊ ICRC ပင်ဖြစ်စေ၊ ICJ ဖြစ်စေ မိမိတို့အဖွဲ့အစည်းများ ၏သက်ဆိုင်ရာမတူညီသောလုပ်ငန်းစဉ်နယ်ပါယ်များတွင် နိုင်ငံတကာစံနှုန်းများ၏ အခြေခံအနှစ်သာရကို လက်ကိုင်ထားကြသည့် သဘောကိုဆိုလိုရင်းဖြစ်သည်။)

ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ လက်ကိုင်ထားသောမြေသိမ်းယူမှုဆိုင်ရာအခြေ ခံအချက်များမှာ...

-ဖြစ်နိုင်ပါကမြေသိမ်းဆည်းရမည့်အရေးနှင့် လူပြောင်းရွှေ့ရမည့်အရေးကို လုံးဝရှောင်ရှားပေးခြင်း(Avoid First)

-လုံးဝရှောင်လွှဲ၍မရပါက ထိခိုက်မှုကို အနည်းဆုံး(Minimize)ဖြစ်အောင် စီမံကိန်းဒီဇိုင်းကိုပြင်ဆင်ခြင်း။

-ထိခိုက်နစ်နာရသူများ၏ပစ္စည်းဥစ္စာများကို လက်ရှိပေါက်ဈေး(Replace ment Cost)အတိုင်း အပြည့်အဝလျော်ကြေးပေးခြင်း(Compensate)၊အသက်မွေးဝမ်းကျောင်းနှင့် လူနေမှုအဆင့်အတန်းကိုမူလအခြေအနေ(သို့)မူလအခြေအနေထက်ပိုကောင်းအောင် ပြန်လည်ထူထောင်ပေးခြင်း(Restore)တို့ကို အခြေခံထားခြင်းဖြစ်သည်။

ဤမူဝါဒစံနှုန်းကြီးများသည် စီမံကိန်းအကောင်အထည်ဖော်သူများ(အစိုးရ သို့မဟုတ် ပုဂ္ဂလိက)အနေဖြင့် ဒေသခံပြည်သူများ၏အခွင့်အရေးကို လေးစားလိုက်နာစေရန် ဥပဒေကဲ့သို့ တာဝန်ခံခိုင်းသည့်အဓိက မဏ္ဍိုင်ကြီးများဖြစ်သည်။

ထိုစံနှုန်းများကို မလိုက်နာပါက မလိုက်နာသည့်လူ့အဖွဲ့အစည်းများအား ကမ္ဘာ့ဘဏ်၊ADB၊IDBတို့မှမည်သို့ အရေးယူပြစ်ဒဏ်ပေးသည်ကို ထပ်မံဖော်ပြပါမည်။

ဆက်ရန်...

Website - https://burmese.bnanews.net/articles/34116/

#ကမ္ဘာ့ဘဏ် #ပတ်ဝန်းကျင် #လူမှုရေးဆိုင်ရာ #မြေသိမ်း

Address

626 Eldrid Drive
Silver Spring, MD
20904

Alerts

Be the first to know and let us send you an email when Border News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share