04/21/2025
“ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဘာကြောင့်ရှိခဲ့တာလဲ အပိုင်း(၁)
Border News Agency
မြောက်ဦး၊ ဧပြီ ၂၁။
အာရက္ခပြည်သူတွေဟာ ၂၁ ရာစု၊ ဒီနေ့ခေတ်မှာ “ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဘာကြောင့်ရှိခဲ့တာလဲဆိုတဲ့မေးခွန်းထက် ပစ္စုပ္ပန်နဲ့အနာဂတ်မှာ “ခေတ်သစ်နိုင်ငံ တော်”ကို ဘယ်လိုထူထောင်ကြမှာလဲဆိုတဲ့မေးခွန်းကိုသာ ပိုပြီးစိတ်ဝင်စားကြပါတယ်။
''ရက္ခိုင့်ဘုရင့်နိုင်ငံတော်''ဆိုတဲ့ခေါင်းစဥ်ဟာ“သမိုင်းဆိုင်ရာ”မေးခွန်းဖြစ်ပေမယ့် သမိုင်းအထောက်အထားတွေနဲ့ဖြေဆိုဖို့ကြိုးစားတာထက် သီအိုရီအခြေခံတွေပေါ်မှာပဲ ချဥ်းကပ်ရင်းဖြေဆိုမှာဖြစ်ပါတယ်။
အာရက္ခနယ်မြေအတွင်းမှာ“နိုင်ငံတော်ဖြစ်ပေါ်မှု” (State formation) ရှိခဲ့တယ်ဆိုတဲ့အချက်ကိုကျော်လွန်းပြီး ဘာကြောင့်ရှိခဲ့တာလဲဆိုတဲ့ မေးခွန်းကိုသာဖြေဆိုဖို့ကြိုးစားမှာ ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်း၊နယ်မြေမှာ “နိုင်ငံတော်”အဆင့် နိုင်ငံရေးအင်စတီကျူးရှင်းတွေကို ထူထောင်နိုင်ခြင်း အကြောင်းရင်းကိုချဥ်းကပ်ရင်း “ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဘာကြောင့်ရှိခဲ့တာလည်းဆိုတဲ့မေးခွန်းကိုပဲ ဖြေဆိုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဘာသာကြီးလေးမျိုးသာရှိတယ်လို့ အဓိကသတ်မှတ်ထားကြပေမယ့် လူမျိုးကတော့ ၆၅၀ ခန့် ရှိတယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့်လူမျိုးတိုင်းရဲ့သမိုင်းမှာ“မြို့ ပြနိုင်ငံ"(City-states)နဲ့“ဘုရင့်နိုင်ငံ" (Kingdoms)တွေကို ထူထောင်ခဲ့ကြတာတော့ မဟုတ်ပါဘူး။
နိုင်ငံရေးမနုဿဗေဒပညာရှင် Elman Serviceကတော့ လူအဖွဲ့အစည်းတိုင်းဟာ လူအုပ်စုကြီးအဆင့်၊လူမျိုးစုအဆင့်မှနိုင်ငံတော်အဆင့်(State level)ကို တက်လှမ်းနိုင်ဖို့ဆိုရင် အဓိကနိုင်ငံရေးအင်စတီကျူးရှင်း(political Institutions) လေးခု ရှိခဲ့ရမယ်လို့ ဆိုပါတယ်။
(၁)ရုပ်ပိုင်းဆိုင်ရာအင်အားကို တရားနည်းလမ်းကျစွာအသုံးပြုနိုင်မှု (legitimate use of physical force)၊ (၂)သိသာသောဗျူရိုကရေစီယန္တယားရှိမှု (Sizeable bureaucracy)၊(၃)တပြေးညီဖြစ်သော ဥပဒေရှိမှု(System of formal laws)နဲ့ (၄)အမြဲတမ်းစစ်တပ်ရှိမှု(Standing army)တို့ဖြစ်ပါတယ်။
“မြန်မာနိုင်ငံ”လို့ သတ်မှတ်ထားတဲ့ နယ်မြေအကျယ်အဝန်းထဲနေထိုင်ကြတဲ့ လူမျိုးတွေထဲမှာ သမိုင်းကြောင်းအရ “နိုင်ငံတော်အင်စတီကျူးရှင်း''
(State Institutions)တွေကို ထူထောင်နိုင်ခဲ့ကြတာကတော့ “မွန်” “မြန်မာ”နဲ့ “ရခိုင်”တွေ ဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်လူမျိုးမှ နိုင်ငံရေးသမိုင်းကြောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအရတော့“အမျိုးသားနိုင်ငံတော်”(Nation-state)အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတာမဟုတ်ဘဲ၊ “တစိတ်တပိုင်း အမျိုးသားနိုင်ငံတော်” (Semi-nation state) အဆင့်နဲ့သာ ကိုလိုနီဘဝကို ကျရောက်ခဲ့ကြခြင်းဖြစ်ပါတယ်။
ဒီအထဲက “မြန်မာလူမျိုး”တွေသာကိုလို နီခေတ်လွန် အမျိုးသားနိုင်ငံတော်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး တခြားလူမျိုးတချို့ကတော့ “ကိုယ်ပိုင်နိုင်ငံမဲ့လူမျိုး”
(Stateless nation) အဖြစ် စိတ်ပိုင်းဆိုင်ရာခံစားခဲ့ကြတာ ခုချိန်ထိဖြစ်ပါတယ်။
ဒီလိုခံစားနေကြတဲ့ လူမျိုးတွေအထဲမှာ “ရခိုင်လူမျိုး”ဟာ အသိသာအထင်ရှားဆုံးလို့ပြောရမယ်ထင်ပါတယ်။
ပင်လယ်နဲ့ရိုးမကြားက “နိုင်ငံတော်”
နိုင်ငံတော်ဖြစ်ပေါ်မှု(State formation)နဲ့ပတ်သက်ရင် လေ့လာတဲ့သူတွေကြားမှာ ပုံစံနှစ်မျိုးခွဲလေ့လာကြပါတယ်။
ပထမတမျိုးက“ကနဦးနိုင်ငံတော်ဖြစ်ပေါ်မှု” (Pristine state formation) ဖြစ်ပြီး သူက လူ့အဖွဲ့အစည်းဟာ လူအုပ်စုကြီး(Tribal)အဆင့်ကနေ နိုင်ငံတော် (State)အဆင့်ကို ဘာကြောင့်တက်နိုင်လှမ်းနိုင်ခဲ့တာလဲဆိုတဲ့အချက်ကို အဓိကလေ့လာပါတယ်။
ဒုတိယကတော့ “ယှဥ်ပြိုင်နိုင်ငံတော် ဖြစ်ပေါ်မှု” (Competitive State Formation) ဖြစ်ပါတယ်။
ဒီလေ့လာမှုက လူ့အဖွဲ့အစည်းဟာ နိုင်ငံတော်အဆင့်ကို တက်လှမ်းပြီးနောက် ပိုင်းမှာ နိုင်ငံတော်ဖြစ်ပေါ်မှုကို ဘယ်လိုဖန်တီးကြသလဲဆိုတာကို လေ့လာတာဖြစ်ပါတယ်။
ပထမလေ့လာမှုကို အဓိကအခြေခံတာဖြစ်ပြီး ဘာကြောင့် ရိုးမတောင်နဲ့ဘင်္ဂလားပင်လယ်အော်ကြားကမ်းမြောင်ဒေသမှာ “ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဆိုတဲ့ နိုင်ငံရေးအင်စတီကျူးရှန်းပေါ်ထွန်းခဲ့တာလဲဆိုတဲ့မေးခွန်းကိုသာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
(၁) “လူမှုပဋိဥာဏ်” (Social contract) အယူအဆကြောင့် နိုင်ငံတော်ဖြစ်ခဲ့တာ
တကယ်တော့ လူမှုပဋိဥာဏ်သီအိုရီသမားတွေဖြစ်တဲ့ Hobbes, Locke နဲ့ Rou sseauတို့ဟာ “နိုင်ငံတော်”တွေ ဘာကြောင့်ဖြစ်လာရတယ်ဆိုတဲ့ အယူအဆကိုပြောခဲ့ကြတာထက် “အစိုးရတခုရဲ့ တရားနည်းလမ်းကျမှု၊အသိအမှတ်ပြုခံရမှု(legitimacy)ဟာ ဘယ်ကလာတာလဲ” ဆိုတဲ့ မေးခွန်းကိုသာ နားလည်ဖို့ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့အယူအဆကိုအခြေခံပြီး “ရက္ခိုင့်နိုင်ငံတော်”ဆိုတာဟာ နိုင်ငံတော်မဖြစ်မီ အဲဒီဒေသမှာရှိတဲ့ လူအုပ်စုကြီးခေါင်းဆောင်တွေ (Tribal lea ders) က စုစည်းဆုံးဖြတ်ပြီး “ဘုရင်” တပါးတင်မြောက်ဖို့ ဆုံးဖြတ်တာက စဖြစ်လာတာလားလို့ တွေးစရာရှိပါတယ်။
ဥပမာ - Hobbes ဆိုရင် လူတယောက်ချင်းစီ မင်းမဲ့ဆန်ဆန်လုပ်ချင်ရာလုပ်နေတာကိုတားဆီးဖို့၊ပြည်သူတယောက်ချင်းစီရဲ့အခြေခံလုံခြုံရေး (Basic Security)ကို ကာကွယ်ဖို့၊“လဘိုင်သန် ”(Leviathan)ဆိုတဲ့ အဖွဲ့အစည်းကို အစိုးရအဖြစ်ဖန်တီးပြီး အင်အားသုံးပိုင်ခွင့်(Monopoly of Violence)အာဏာကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ အစိုးရက လုံခြုံရေးအပြင် ပြင်ပကာကွယ်ရေး၊လမ်း၊ငွေကြေးစတဲ့ ဝန်ဆောင်မူတွေကို ဖန်တီးပေးပြီး ပြည်သူတွေကလည်း အစိုးရကို အခွန် ပေးခြင်း၊စစ်မှုထမ်းပေးခြင်းစတဲ့တာဝန်တွေကို အပြန်အလှန်ထမ်းဆောင်ကြရတယ်။
ဒီသဘောတရားအရဆိုရင် ရှေးဦးရခိုင်လူအုပ်စုကြီး(Rakhine Tribal Group) ဟာ နိုင်ငံတော်အဆင့်ကို မရောက်မီ သမိုင်းခေတ်တစ်ခုမှာ“ဘုရင်” ဖြစ်လာမယ့် တစုံတယောက်ကို အဓိကကျတဲ့ သက်ဆိုင်သူ၊အကြီးအကဲတွေတိုင်ပင်ပြီး “အင်အားကျင့်သုံးနိုင်တဲ့အာဏာ”
(Dictatorial Power) ကို ပေးအပ်ခဲ့ပုံရပါတယ်။
ဒါဟာလည်း ဒီနေ့ခေတ် ရွေးကောက်ခံအစိုးရတွေလို သက်တမ်းတခုတည်းအ တွက်သာမဟုတ်ဘဲ အဲဒီဘုရင့်သက် တမ်းတလျှောက်လုံးနဲ့တခြားသော သား၊မြေးမျိုးဆက်တွေအထိပါ “ဘုရင်အဖြစ်အာဏာ”ကိုကျင့်သုံးခွင့်ရှိတဲ့ သဘောလိုဖြစ်နေလိမ့်မယ်။
“ရက္ခိုင့်ဘုရင့်နိုင်ငံတော်”ဟာ ဒီအယူအဆအရဖြစ်တည်လာခဲ့တာဆိုရင် လွန်စွာ ဖြစ်နိုင်ခြေနည်းပါလိမ့်မယ်။
“လူမှုပဋိဥာဏ်” တခုဖြစ်တည်လာဖို့အတွက် စီးပွါးရေးဆိုင်ရာကိစ္စတွေဖြစ်တဲ့ ပစ္စည်းဥစ္စာကာကွယ်ခြင်း(Property Rights Protection)နဲ့ ဘုံကောင်းကျိုးထောက်ပံ့ပေးခြင်း(Providing Comm on Good)သာ လှုံ့ဆော်တဲ့အကြောင်းအရင်း (Motiviating Causes) ဖြစ်တယ်ဆိုတဲ့အချက်ဟာလည်း လုံလောက်မှုအားနည်းလှပါတယ်။
နိုင်ငံတော်အဆင့်မရောက်ခင်ရှိခဲ့တဲ့ လူအုပ်စုကြီးအဆင့်(Tribal level) လူ့အဖွဲ့ အစည်းတွေဟာ ပိုလွတ်လပ်ပြီးလူတယောက်ကို အဲဒီလိုအာဏာပုံပေးအပ်ဖို့ဆိုတာဟာလည်း ပြင်ပကဝင်ရောက်ကျူးကျော်မှုအန္တရာယ်နဲ့ ဒုက္ခကြီးကျတော့မယ့်အချိန်မှာ ဘာသာရေးခေါင်ဆောင်ပေါ်ထွက်လာမှုစတဲ့ လွန်စွာထူးဆန်းခက် ခဲပြီး အကျဥ်းအကျပ်အခြေအနေသို့ ရောက်လာမှသာဖြစ်နိုင်ခြေရှိပါတယ်။
သမိုင်းကြောင်းအရဆိုရင် ခုနားကလို အခြေအနေတွေကြောင့် ဘုရင်ကိုရွေး ချယ်တင်မြောက်ခဲ့တဲ့ ဥပမာတွေဟာ ရောမသမိုင်းမှာရှိခဲ့ပေမယ့်လို့ ဒါဟာ “နိုင်ငံတော်”ဖြစ်လာဖို့အတွက် အလိုအလျှောက်အာဏာလွဲပြောင်းဖို့ဆုံးဖြတ်တာထက် “အကြမ်းဖက်မှု”(သို့)“အကြမ်းဖက်ရန်ခြိမ်းခြောက်မှု” ကြောင့်သာ ဒီလိုဖြစ်လာဖို့ ပိုအဓိကကျတဲ့အချက်ဆိုတာကိုလည်း ညွှန်ပြနေတာဖြစ်ပါတယ်။
ဒါကြောင့် သမိုင်းအချိုးအကွေ့မှာ“အာရက္ခနိုင်ငံတော်” ဖြစ်တည်ခဲ့ရခြင်းအကြောင်းရင်းဟာလည်း “လူမှုပဋိဉာဏ်”အယူအဆကြောင့်ဆိုတာ ဖြစ်နိုင်ခြေလွန်စွာနည်းပါးပါတယ်။
၂။ လယ်ယာစိုက်ပျိုးရေးအတွက် ရေကိုစီမံဖို့လိုတာကြောင့်ဖြစ်ခဲ့တာ
အရင်မက်(စ်)ဝါဒီတဦးဖြစ်ပြီးနောက်ပိုင်းမှာကွန်မြူနစ်ဆန့်ကျင်သူ Karl Wittfogel ကတော့ နိုင်ငံတွေဖြစ်လာရခြင်းအကြောင်းအရင်းဟာ“အရွယ်ကြီးမားတဲ့ ရေသွင်း၊ရေလောင်းစနစ်” (System of large-scale Irrigation) လိုအပ်ချက်ကြောင့်ဆိုပြီး၊မက်ဆိုပိုတေးမီးယား၊တရုတ်၊အီဂျစ်နဲ့မက္ကစီကို ဒေသတွေကို လေ့လာပြီး “ရေစနစ်ဆိုင်ရာ နိုင်ငံတော်ဖြစ်ပေါ်မှုသီအိုရီ”
(Hydraulic Theory of the State) အယူအဆကို ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။
အဲဒီရေစနစ်ကို တယောက်တပေါက်လုပ်နေလို့မရဘဲ၊အားလုံးပေါင်းလုပ်နိုင်မှ အဆင်ပြေနိုင်မယ်ဆိုပြီးဘုံကျတဲ့(ခေါင်းဆောင်)လူ(သို့)အဖွဲ့အစည်းတစ်ခုကို ဖန်တီးရမယ်ဆိုတာပါ။
သူ့အယူအဆအရဆိုရင် ရှေ့ခေတ်ကရခိုင်လူကြီးတွေဟာ လေးမြို့၊ကုလားတန်စတဲ့ ဒေသတွေမှာ စိုက်ပျိုးရေး၊မွေးမြူရေးကောင်းမွန်စေဖို့ လူတယောက်(သို့) အဖွဲ့အစည်းတခုကို ဗဟိုချုပ်ကိုင်ခွင့်အာဏာကို ပေးအပ်ခဲ့တယ်ဆိုတာပဲဖြစ်တယ်။
နောက်ပိုင်း အဲဒီပုဂ္ဂိုလ်ဟာ ဘုရင်ဖြစ်လာခဲ့ပြီး နိုင်ငံတော်တည်ဆောက်ရေးကို စတင်လုပ်ဆောင်လာတယ်ဆိုတဲ့ သဘောလည်းဖြစ်ပါတယ်။
ဒါပေမယ့် ဒီအယူအဆမှာလည်းအားနည်းချက်တွေ အများကြီးရှိပါတယ်။
တကယ်တော့ သမိုင်းမှာရေမြောင်းပို့ဆောင်ရေးပရောဂျက်တွေ အများစုဟာ အသေးစားအရွယ်များသာ ဖြစ်ပြီးဒေသငယ်တွေအလျှောက် သူ့ဘာသာသူ စီမံကြတာများပါတယ်။
တရုတ်ပြည်ရဲ့ Grand Canal ရေသိုလှောင်ပို့ဆောင်ရေးအစီအမံကြီးဟာလည်း နိုင်ငံတော်ဖြစ်ပေါ်မှု(State Forma tion)ပြီးနောက်ပိုင်းမှသာ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
ဒါဟာ နိုင်ငံတော်ကို ဖြစ်စေတဲ့ အကြောင်းအရင်းထက် နိုင်ငံတော်ဖြစ်ပေါ်မှုရဲ့ ''အကျိုးဆက်” သာပိုဖြစ်ပါတယ်။
တကယ်လို့ “ရေလှောင်စနစ်” ကဲ့သို့ လိုအပ်ချက်တခုတည်းကြောင့်သာ နိုင်ငံ တော်ဖြစ်ပေါ်လာရတယ်ဆိုရင် “ဥရောပသမဂ္ဂ”ဟာ အရင်ကတည်းက “နိုင်ငံ တော်”တခုအဖြစ် ပြောင်းလဲနှင့်ပြီလည်း ဖြစ်ပါတယ်။
ဒီတော့ ရိုးမတောင်နဲ့ပင်လယ်ကြားရှိ “အာရက္ခဒေသ”မှာ နိုင်ငံတော်တစ်ခုဖြစ်တည်လာရခြင်းဟာ “ရေလှောင်၊ရေသွင်းစနစ်”ကိုအခြေခံပြီး စိုက်ပျိုး ရေးကိစ္စတစ်ခုတည်းကြောင့်တော့ မဟုတ်နိုင်ပါဘူး။
၃။လူဦးရေသိပ်သည်းမှုများလို့ နိုင်ငံဖြစ်ခဲ့တာ
ရေကို ပိုပါးနပ်စွာသိုလှောင်၊ အသုံးပြုတက်လာတယ်။ပိုများတဲ့သီးနှံတွေကိုလည်း စိုက်ပျိုးတက်လာတယ်။
အဲဒါအပြင် တခြားအသုံးအဆောင်ပစ္စည်းတွေကိုလည်း အသုံးပြုတက်လာတာတွေဟာ လယ်ယာစိုက်ပျိုးရေးကို ပိုထိထိရောက်ရောက်နဲ့ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့အတွက် အရေးကြီးပါတယ်။
ဒါဟာလည်း လူ့သမိုင်းတလျှောက်မှာ အရေးကြီးတဲ့နည်းပညာတိုးတက်မှုဖြ စ်သလို ဒီအချက်ကပဲ လူဦးရေတိုးပွါးမှုကို အဓိကဖြစ်စေခဲ့တာလည်း ဖြစ်ပါတ ယ်။
ဒီလိုမျိုးလူဦးရေတိုးပွါးသိပ်သည်းမှုဖြစ်လာတာနဲ့အမျှအလုပ်ခွဲခြားလုပ်ကိုင်မှု (Division of labor) ဖြစ်လာခဲ့ပါတယ်။
အထက်တန်းလွှာနဲ့သာမာန်လူတန်းစားဆိုတာကို ဖြစ်စေခဲ့ပြီးအဲဒီကနေတဆင့် အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံပုံစံမျိုးနဲ့နိုင်ငံတော်ဖြစ်ပေါ်မှု(State Formation) ကို အားပေးဖြစ်စေခဲ့ပါတယ်။
လူဦးရေနည်းပါးတဲ့ဒေသတွေနဲ့မတူဘဲလူဦးရေသိပ်သည်းမှုများတဲ့ ဒေသတွေမှာ “ပြေးစရာမြေမရှိ”တဲ့အပြင်၊အဲဒီလို လူဦးရေများတဲ့အတွက် ပိုမိုပဋိပက္ခဖြစ်လွယ်ပါတယ်။
တကယ်လို့ တယောက်နဲ့တယောက်ကြားမှာ ပဋိပက္ခဖြစ်လာခဲ့ရင် ကြားဝင်ဖြေရှင်းဖို့အတွက် ပိုတင်းကျပ်တဲ့နိုင်ငံ ရေးအာဏာပိုင်မှုကို လိုအပ်လာပါတယ်။
ဒီလိုနဲ့ အတိတ်က အာရက္ခဒေသမှာ“နိုင်ငံတော်”တခုဆိုတာဖြစ်လာခဲ့တာပဲ။
ဒီသဘောတရားကို အဓိကတင်ပြတာက လူဦးရေပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Ester Boserup ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအယူအဆမှာလည်း မေးခွန်းထုတ်စရာ နှစ်ခုရှိနေပါတယ်။
၁။လူဦးရေသိပ်သည်းဆများမှုကို ဘယ်အချက်တွေကဖြစ်စေတာလဲ။
၂။လူဦးရေသိပ်သည်းမှုများလာတာနဲ့ နိုင်ငံတော်ဖြစ်ပေါ်မှုကြားမှာ ချိတ်ဆက်မှုက ဘာဖြစ်မှာလဲဆိုတဲ့ အချက်တွေဖြစ်ပါတယ်။
ပထမမေးခွန်းကိုတော့ Malthusian သဘောတရားနဲ့ ဖြေဆိုနိုင်မယ်ထင်ပါတယ်။
လယ်ယာစိုက်ပျိူးရေးနည်းပညာတိုးတက်မှုက မြေအနည်းအကျဥ်းမှာအရင်ကထက် ပိုအထွက်တိုးစေပါတယ်။
အဲဒီကနေတဆင့် ကလေးများများယူလာနိုင်ပြီး လူဦးရေပိုတိုးပွါးမှုကိုဖြစ်စေတယ်။
ဒါပေမယ့် ပြဿနာက နိုင်ငံတော်အဆင့်ကိုမရောက်ခင် လူ့အဖွဲ့အစည်းတွေဟာဘယ်လောက်ပဲ(လယ်ယာစိုက်ပျိုးရေးလို)နည်းပညာတိုးတက်မှုကို ပိုင်ဆိုင်နေပါစေ ထွက်ကုန်တိုးအောင် မလုပ်နိုင်တာကို တွေ့ရပါတယ်။
ဒါကို လယ်ယာစိုက်ပျိုးရေးကို အယင်ကတည်းက တက်မြောက်ပြီး အပိုထွက် ကုန်မထုတ်လုပ်နိုင်တဲ့ နယူးဂီနီကုန်းမြင့်နေသူတွေ(New Guinea Highl anders)နဲ့ အမေဇုံဒေသမှ အိန္ဒီယန်းတွေ(Amazonian Indians)ရဲ့ လူ့အဖွဲ့အ စည်းတွေမှာ အဓိကအားဖြင့်တွေ့နိုင်ပါတယ်။
ဒီလိုဖြစ်ရတာကို တချို့မနုဿဗေဒပညာရှင်တွေကတော့ နိုင်ငံတော်မဖြစ်ခင် လူ့အဖွဲ့အစည်းတွေမှာ အလုပ်ထက် အနားယူချိန်ကိုပိုအလေးပေးတာကြောင့် အစားအစာလိုအပ်ချက်ပြည့်မှီလာတာနဲ့အမျှ အလုပ်ချိန်လျှော့ကျလာခြင်းဟာ ဆက်စပ်နိုင်ပါတယ်လို့ ဆိုကြပါတယ်။
ဒါကြောင့် သူတို့တွေဟာ(ယနေ့ခေတ် စီးပွါးရေးပညာရှင်တွေပြောသလို)“ဝင် ငွေနည်းလူ့အဖွဲ့အစည်းထောင်ချက်” (low Income Equilibrium Trap)မှာပဲ ပိတ်မိနေနိုင်ပြီး၊ပိုတိုးပွါးတဲ့ ထုတ်ကုန်တွေဖြစ်လာဖို့ဆိုတာကတော့ တစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်တက်ကြွမှုအပေါ်မှာပဲ မူတည်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့်“အာရက္ခဒေသ”ထဲမှာ လူဦးရေသိပ်သည်းမှုပိုတိုးလာလို့ “နိုင်ငံတော်'' ဖြစ်ပေါ်ခဲ့တယ်ဆိုတာထက် “ပြောင်းပြန်ဆက်စပ်မှု”ကပဲ ပိုဖြစ်နိုင်ခြေရှိပါတ ယ်။
လူတွေဟာ ကိုယ့်ဖာသာကိုလိုအပ်တာထက် ထုတ်ကုန်ပိုတိုးအောင် ထုတ်လုပ်တာမဟုတ်ဘဲ။အုပ်ချုပ်သူတွေက အားနဲ့တွန်းမှသာ ထုတ်လုပ်လာတာဖြစ်နိုင်ပြီးအုပ်ချုပ်သူတွေကတော့ သူတို့ဘာသာ ဘာမှသိပ်မလုပ်ဘဲ တခြားအုပ်ချုပ်ခံတွေကိုသာ အလုပ်လုပ်စေခဲ့တာဖြစ်နိုင်ပါတယ်။
ဒါကြောင့် “နိုင်ငံတော်”ကဲ့သို့ ထက်- အောက်ဆန်တဲ့ အင်စတီကျူးရှင်းတွေ ထွက်ပေါ်လာခဲ့တာဟာ စီးပွါးရေးအကြောင်းတရားထက်၊ စစ်ရေးကျူး ကျော်မှု(သို့)တွန်းအားပေးမှုလို နိုင်ငံရေးအကြောင်းအရင်းတွေကြောင်းသာ အဓိကဖြစ်နိုင်ပါတယ်။
ဒါကြောင့် လူဦးရေသိပ်သည်းမှုတစ်ခုတည်းကြောင့်နိုင်ငံတော်ဖြစ်ပေါ်လာရတာမဟုတ်ဘဲ။
ဒီအချက်ဟာ ကြားထဲက အထောက်အကူဖြစ်တဲ့ အချက်တခုသာဖြစ်နိုင်ပါတယ်။
''ကြိုင်မိုးစက်” ရေးပါတယ်။
အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမယ်။
ကိုးကားစာရင်း -
McDowell, Paul, Political Anthropology: A Cross-Cultural Comparison, Santa Barbara City College, ER service, 2017
Fukuyama, Francis, The Coming of The Leviathan, The Origin of Political Order, FARRAR, STRAUS AND GIROUX, New York, 2014
Website - https://bnanews.net/articles/5100/
Telegram - https://t.me/bordernews
Youtube - https://www.youtube.com/
#ရက္ခိုင့်ဘုရင့် #နိုင်ငံတော် #ကြိုင်မိုးစက်
(ဓာတ်ပုံ - ရက္ခိုင့်ဘုရင်နိုင်ငံတော် / Google)