07/07/2026
၇.၇.၆၂ ကို မမေ့ကြနဲ့
ကျော်ခေါင်
ဆောင်းပါး
သမိုင်းဆိုတာ သင်ပုန်းချေ ဖျောက်ဖျက်ပစ်လို့ရတဲ့အရာ မဟုတ်သလို၊ အချိန်တွေ ဘယ်လောက်ပဲ ပြောင်းပြောင်း မေ့ပျောက်ထားလို့လည်း ဘယ်တော့မှမရပါဘူး။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကျောင်းသားထုရဲ့ သွေး၊ ချွေး၊ မျက်ရည်နဲ့ အသက်ပေါင်းများစွာကို ရင်းနှီးပြီး ရဲရဲတောက် ရေးထိုးခဲ့ရတဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် (၇.၇.၆၂)ရက်စက်ကြမ်းကြုတ်တဲ့ သွေးစွန်းသောနေ့ကိုတော့ ကျွန်တော်တို့ လူငယ်တွေ သွေးအေးသွားလို့ ဘယ်လိုမှ မဖြစ်ပါဘူး။ ဒီကနေ့အထိ စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဖိနှိပ်မှုကို တော်လှန်နေကြတဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ရင်ထဲမှာ မတရားမှုကိုခေါင်းငုံ့မခံတတ်တဲ့ စိတ်ခွန်အားတွေ တောက်လောင်နေဆဲ ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးဆိုတာ ရိုးရိုးအုတ်၊ သဲ၊ ကျောက်တွေနဲ့ ဆောက်ထားတဲ့ အဆောက်အအုံတစ်ခု မဟုတ်ပါဘူး။ သူမက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက်လုံးမှာ မျိုးချစ်စိတ်ဓာတ်တွေ မွေးဖွားပေးခဲ့တဲ့ ဗဟိုချက်မကြီး ဖြစ်ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ကိုဗဟိန်း၊ ကိုနု စတဲ့ သမိုင်းဝင် နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ပေါ်ထွက်ခဲ့ရာ မိခင်ဌာနကြီးလည်း ဖြစ်ပါတယ်။လွတ်လပ်ရေးမရခင် ကိုလိုနီခေတ်ကတည်းက မတရားမှုကို ဘယ်တော့မှ ဒူးမထောက်တတ်တဲ့ ကျောင်းသားထုရဲ့ ပြတ်သားတဲ့ စိတ်ဓာတ် တွေဟာ တောက်လောင်နေပါတယ်။ကျောင်းသားတွေရဲ့ အခွင့်အရေးတင်မကဘဲ တစ်နိုင်ငံလုံးရဲ့ အမျိုးသားရေး၊ နိုင်ငံ့အရေး လှုပ်ရှားမှုတွေအတွက် ဒီသမဂ္ဂအဆောက်အအုံကြီးဟာ အဓိကမဏ္ဍိုင်ကြီး ဖြစ်ခဲ့တာမို့ ကျောင်းသားတွေအတွက်တော့ဒါဟာ မိခင်ကြီးတဖွယ် အထွတ်အမြတ်တန်ဖိုးထားရာနေရာတစ်ခုဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗိုလ်နေဝင်းက စစ်အာဏာသိမ်းပြီး ‘တော်လှန်ရေးကောင်စီ’ ဆိုတာကို ဖွဲ့စည်းလိုက်ပါတယ်။ အာဏာသိမ်းပြီးတာနဲ့ ကျောင်းသားထုရဲ့ တော်လှန်ရေး အရှိန်အဝါကို ကြောက်လန့်တဲ့ စစ်အုပ်စုဟာ ကျောင်းသားတွေကို ဖိနှိပ်ဖို့ ဥပဒေပြင်ဆင်ချက်တွေနဲ့ မတရားတဲ့ အဆောင်စည်းကမ်းချက်အသစ်တွေကို ထုတ်ပြန်ပြီး အကျဉ်းထောင်လို ချုပ်ကိုင်ဖို့ ကြိုးစားလာပါတော့တယ်။ကျောင်းအာဏာပိုင်အဖွဲ့တွေကို ပြင်ဆင်ဖွဲ့စည်းပြီး ကျောင်းသားကိုယ်စားလှယ်တွေကို ဖယ်ထုတ်ပစ်ခဲ့တယ်။တင်းကျပ်တဲ့ စည်းကမ်းများ: အဆောင်တွေမှာ ည (၁၀) နာရီကျော်ရင် အပြင်မထွက်ရ၊ တံခါးပိတ်ပစ်တာမျိုးတွေအပြင် ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့ စည်းကမ်းတွေကို ဇူလိုင်လ ၆ ရက်နေ့မှာ အတင်းအကျပ် ထုတ်ပြန်လာပါတယ်။ဒီလို မတရားတဲ့ စည်းကမ်းတွေကို ကျောင်းသားထုက လက်မခံနိုင်တဲ့အတွက် ဇူလိုင်လ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ က ကြီးမှူးပြီး သမဂ္ဂအဆောက်အအုံကြီးထဲမှာ ကျောင်းသားထု အစည်းအဝေးကြီးတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ကျောင်းသားခေါင်းဆောင်တွေက တော်လှန်ရေးကောင်စီရဲ့ မတရားတဲ့ စည်းကမ်းတွေကို ဝေဖန်ဆွေးနွေးကြပြီး တက္ကသိုလ်အာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ ‘တရားမျှတမှုမရှိတဲ့ အဆောင်စည်းကမ်းများ ဖျက်သိမ်းရေး’ အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။
ကျောင်းသားတွေက သမဂ္ဂဝင်းအတွင်း ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေစဉ်မှာပဲ ရက်စက်ယုတ်မာတဲ့ ဗိုလ်နေဝင်းစစ်အုပ်စုဟာ တက္ကသိုလ်နယ်မြေထဲကို လက်နက်ကိုင်စစ်သားတွေ တရားမဝင်စေလွှတ်ခဲ့ပါတယ်။ ဇူလိုင်လ ၇ ရက်နေ့ ညနေ (၄) နာရီလောက်မှာ ရန်ကုန်တက္ကသိုလ်နယ်မြေကို စစ်တပ်က ဝိုင်းထားလိုက်ပြီ ဖြစ်ပါတယ်။အာဏာရှင်တွေရဲ့ လက်ပါးစေ ဗိုလ်ချုပ်စိန်လွင် ဦးစီးတဲ့ တပ်ရင်း (၄) က စစ်သားတွေဟာ အဆင်သင့် နေရာယူထားပြီး ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။ ကျောင်းသားတွေက ဆက်လက်ဆန္ဒပြတဲ့အခါမှာတော့ စစ်အုပ်စုဟာ ကြိုတင်စီမံထားတဲ့အတိုင်း အပြစ်မဲ့၊ လက်နက်မဲ့ ကျောင်းသားထုကို ရက်ရက်စက်စက် ဝိုင်းဝန်းပစ်ခတ်ဖို့ အမိန့်ပေးခဲ့ပါတော့တယ်။တက္ကသိုလ်ဝင်းတစ်ခုလုံး သေနတ်သံတွေ တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ဆူညံသွားပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ အော်ဟစ်သံတွေ၊ ညည်းတွားသံတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။ စစ်သားတွေဟာ အဆောင်တွေထဲအထိ လိုက်လံပစ်ခတ်ခဲ့ကြလို့ တက္ကသိုလ်ရဲ့ စင်္ကြံလမ်းတွေ၊ အဆောင်လှေကားတွေမှာ သွေးချင်းချင်းနီပြီး သွေးပင်လယ်ဝေခဲ့ရပါတယ်။
ကျောင်းသား၊ ကျောင်းသူ အမြောက်အမြား သွေးမြေကျ ကျဆုံးခဲ့ရပြီး ရာနဲ့ချီတဲ့ ကျောင်းသားတွေ ဒဏ်ရာရရှိခဲ့ကြပါတယ်။ အဲဒီအချိန်က ကျဆုံးသွားတဲ့ ကျောင်းသားတွေရဲ့ အလောင်းတွေကိုတောင် မိဘတွေဆီ ပြန်မပေးဘဲ စစ်အုပ်စုက ကြိုတင်စီမံထားတဲ့အတိုင်း အစဖျောက် သင်္ဂြိုဟ်ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ စစ်အာဏာရှင် ဗိုလ်နေဝင်းဟာ ရေဒီယိုကနေတစ်ဆင့် ပြည်သူတွေကို ခြိမ်းခြောက်ပြီး "ဓားဓားချင်း လှံလှံချင်း” ရင်ဆိုင်မယ်၊ တော်လှန်ရေးကောင်စီဟာ ဒူးတုန်မယ့်အထဲမပါဘူး"ဆိုပြီး ရက်ရက်စက်စက် အသံလွှင့် စိန်ခေါ်ခဲ့ပါသေးတယ်။
ဗိုလ်နေဝင်းစစ်အုပ်စုဟာ ကျောင်းသားထုရဲ့ တော်လှန်ရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ရဲ့ ပြရုပ်ဖြစ်တဲ့ သမဂ္ဂအဆောက်အအုံကြီး ရှိနေသရွေ့ ကျောင်းသားထုကို နှိမ်နင်းနိုင်မှာမဟုတ်ဘူးလို့ တွေးခဲ့ကြပါတယ်။ ဒါကြောင့် ဇူလိုင်လ ၇ ရက် သတ်ဖြတ်မှုအပြီး နောက်တစ်နေ့ဖြစ်တဲ့ ဇူလိုင်လ ၈ ရက်နေ့ မနက် (၆) နာရီခွဲ လောက်မှာ သမိုင်းအစဉ်အလာ ကြီးမားလှတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ဒိုင်းနမိုက်တွေ သုံးပြီး အစအနမကျန်အောင် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ကြပါတယ်။
သူတို့ဟာ အဆောက်အအုံကြီးကိုသာ ဖြိုဖျက်နိုင်ခဲ့ပေမယ့် ကျောင်းသားမျိုးဆက်တွေရဲ့ ရင်ထဲက မတရားမှုကို တွန်းလှန်ချင်တဲ့ ‘သမဂ္ဂစိတ်ဓာတ်’ ကိုတော့ ဘယ်တော့မှ ဖြိုဖျက်လို့ မရခဲ့ပါဘူး။ရက်ရက်စက်စက်ဖြိုခွင်းခံရတဲ့ကျောင်းသားတွေဟာ သမဂ္ဂအဆောက်အအုံရဲ့အုတ်နံရံတံတိုင်းတွေပေါ်မှာ “၇.၇.၆၂ ကိုမမေ့ကြနဲ့” ဆိုပြီး ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ သွေးတွေနဲ့ ရဲရဲတောက် ရေးထိုးခဲ့ကြပါတယ်။
စစ်အာဏာရှင်စနစ်ဆိုတာ ၁၉၆၂ ကတည်းက အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ့်ပြည်သူ၊ ကိုယ့်ကျောင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ဖို့ ဝန်မလေးခဲ့တဲ့ စနစ်ဆိုးကြီး ဖြစ်ပါတယ်။ ဒီကနေ့ခေတ်အထိလည်း အဲဒီစစ်အုပ်စုရဲ့ ယုတ်မာရက်စက်မှု သွေးစွန်းတဲ့ သမိုင်းဆိုးတွေဟာ ပုံစံအမျိုးမျိုးနဲ့ ဆက်ရှိနေတုန်းပဲဖြစ်ပါတယ်။ကျွန်တော်တို့လူငယ်တွေအနေနဲ့ ၇ ဇူလိုင် သမိုင်းသင်ခန်းစာကို ရင်ထဲကမမေ့ဖို့လိုအပ်ပါတယ်။ သမဂ္ဂအဆောက်အအုံကို သူတို့ ဖျက်ဆီးပစ်နိုင်ပေမယ့် ကျွန်တော်တို့ရင်ထဲက စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ ဖျက်ဆီးလို့ မရနိုင်ပါဘူး။နောင်လာနောက်သား မျိုးဆက်တွေ လွတ်လပ်ပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်နိုင်ဖို့အတွက် မတရားမှုကို ဆက်လက်တွန်းလှန်ပြီး သမိုင်းရဲ့ သွေးကြွေးတွေကို အမြဲသတိရနေကြရမှာပဲဖြစ်ပါတယ်။