22/04/2021
သတင်းထောက် ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အမှုထပ်ဖွင့်မှုအပေါ် သဘောထားထုတ်ပြန်ချက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် Dakkhina Insight သတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းသည် ဧပြီ ၂၁ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် သတင်းရယူစဉ် သေနတ် ပစ်ခတ်ခံရပြီး ဦးခေါင် ကျည်ရှပ်ထိမှန် ဒဏ်ရာရကာ ဖမ်းဆီးခံခဲ့ရသည်ဟု မိမိတို့ ကွန်ရက်က စုံစမ်း သိရှိရသည်။
ဖမ်းဆီးခံရပြီးနောက် သတင်းထောက် ကိုနိုင်လင်းထွန်း၏ Laptop နှင့် ဖုန်း တို့ကို သိမ်းဆည်းသွားသည့်အပြင် သတင်းထောက်ဖြစ်သူကိုလည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နှင့် အမှုဖွင့် အရေးယူထားသည်။
ထို့အတူ ပြီးခဲ့သော မတ်လ ၂၇ ရက်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ဓါတ်ပုံရိုက်ကူးသတင်းယူနေသောThe Voice of Thanbyuzayat သတင်းအေဂျင်စီ၏ သတင်းထောက် ကိုထက်မြတ်သူသည် သေနတ်ပစ်ခတ်ခံရပြီး ခြေထောက် ထုတ်ချင်းပေါက် ဒဏ်ရာရရှိခဲ့ကာ ဖမ်းဆီးရိုက်နှပ် နှိပ်စက်ခံခဲ့ရသည်ဟု သိရှိရသည်။
ခြေထောက်ထုတ်ချင်းပေါက် ဒဏ်ရာရရှိခဲ့သော သတင်းထောက် ကိုထက်မြတ်သူကို ယခုအခါ သထုံမြို့မရဲစခန်းမှာ ချုပ်နှောင်ပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နှင့် အမှုဖွင့် အရေးယူထားသည်ဟု ကြားသိရသည်။
မည်သိုပင်ဖြစ်စေ လုံခြုံရေးအဖွဲ့အစည်းသည် မြန်မာနိုင်ငံတည်ဆဲဥပဒေ တစ်ခုဖြစ်သော သတင်းမီဒီယာဉပဒေ အခန်း (၃) ၊ ပုဒ်မ (၇) (ခ) အရ စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်းနှင့် အများပြည်သူ ဆန္ဒုပြနေရာမှာ သတင်းရယူနေသည့် သတင်းထောက်များကို ကာကွယ်စောင့်ရှောက်မှု ပေးရမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းရယူနေသာ သတင်းထောက် ၂ ဦး သေနတ်ကျည် အစစ်ဖြင့် ပစ်ခတ် ခံရသည့်အပေါ် မိမိတို့ ကွန်ရက်အနေဖြင့် ကန့်ကွက်ရှုတ်ချပါကြောင်းနှင့် ဖမ်းဆီးအမှုဖွင့် ထားမှုကို ပြန်ရုတ်သိမ်းပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် သဘောထား ထုတ်ပြန်လိုက်သည်။
မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်