21/01/2021
ပန်းမြတ်ဟေမာခြံတွင်းမှ အညတရ အသက်ရှူသံများ
ခွေးဟောင်သံများနှင့် ဟိုတစ်စ ဒီတစ်စ။ခွေးခြံသေးသေးလေးများစွာ။အနီးနားမှာ စတီးဇလုံကြီးငယ်တို့များစွာကို အထပ်လိုက် ဆေးကြောသန့်စင်ထားသည်ကိုလည်းတွေ့မြင်ရသည်။ ပုံစံမျိုးစုံ၊အရောင်မျိုးစုံ၊အရွယ်မျိုးစုံ၊ သမိုင်းမျိုးစုံနှင့် ခွေးကလေးများစွာကို ရပ်ကွက်ကြီး(၉)နန္ဒာဝန်ရှိ သီရိန္ဒာလမ်းထဲ၌မြင်တွေ့ရသည်။
ထိုခွေးကလေးများကို ဂရုတစိုက် ထိန်းသိမ်းမွေးမြူ ပြုစုပေးနေသူကတော့ တချိန်က အရာရှိကတော်ဖြစ်ခဲ့သော အဘွားဒေါ်ခင်သန်းဝေပဲဖြစ်ပါသည်။အဘွားက အရာရှိကတော်တစ်ယောက်ဖြစ်ခဲ့သော်လည်း ဂုဏ်ပကာသနာမဖက် ပရဟိတစိတ် အစစ်အမှန် လုပ်နေသူ။ နားမှာ နားကပ်တောင်ဝတ်ဆင်ထားခြင်းမရှိ နားပေါက်ဟောင်းလောင်းဖြင့် ရွှေတိုငွေစ နည်းနည်းမှမဝတ်ဆင် ပယင်းလည်ဆွဲကြီးကိုသာ အမြတ်တနိုး ၀တ်ဆင်ထားသည်။စကားပြော ပွင့်လင်းရိုးရှင်းသော တကယ့်အရိုးခံစစ်စစ်ကြီး။ အဘွားကို မသိကြသူတွေက မြင်လျှင်ပင် စစ်တပ်ကထွက်လာသော အရာရှိကတော်တစ်ယောက်ဆို ဘယ်လိုယုံနိုင်ကြမည်မထင်။
ဟန်ပန်ကလည်း ဖြတ်လတ် တက်ကြွလွန်းလို့ အသက်(၆၂)နှစ်ဆိုတာ ယုံဖို့ခက်သည်။
အဘွားရဲ့ဘဝမှာ ဓမ္မဓိဌာန်ကျကျ တွေးတက် ပြောတက် ဆွေးနွေးတက်သလို ရည်မွန်ဖေါ်ရွေမှု့က အရိုးခံစကားလုံးများထဲက အထင်းသားမြင်ရသည်။
အဘွားကငယ်ငယ်လေးကတည်းက ခွေးတွေကိုချစ်တတ်သူ။ငယ်စဥ်က စိတ်ကူးသည်ပင်လျှင် ကြီးလာရင် ခွေးတွေအများကြီး ခြံကြီးတခြံနဲ့မွေးမည်ဆိုတဲ့စိတ်ကူး။ထိုစိတ်ကူးကိုလက်တွေ့ အကောင်အထည် ဖေါ်နိုင်ခဲ့သူ။ယခင် တစ်ကောင်စနှစ်ကောင်စမှစ၍ လမ်းဘေးခွေးများအထိ ဘေးဒုက္ခရောက်နေသော ခွေးကလေးများအား ကူညီကယ်ဆယ်မွေးမြူစောင့်ရှောက်ထားသည်မှာ ယခုဆို ခွေးအကောင်ရေ (၄၀၀)ကျော်သွားပြီဖြစ်သည်။ခွေးအကောင်ရေ (၄၀၀) ရာကျော်ကိုထိန်းသိမ်းပေးရသည့်အလုပ် ဘယ်လောက်ပင်ပန်းလဲ အဘွားဒေါ်ခင်သန်းဝေသာသိမည် ဖြစ်ပါသည်။အဘွားက မပြောပြသော်လည်း အဘွား၏ လက်ချောင်းများနှင့်လက်ဖဝါးများက သက်သေထူနေသည်။အဘွားရဲ့ လက်များသည် နုနယ်ခြင်းမရှိ ကြမ်းတမ်းကာ ကွဲအက်နေကြသည်။ထို ကြမ်းတမ်းနေသော မေတ္တာရှင်လက်ချောင်းများက လမ်းဘေးခွေးလေခွေးလွင့်လေးများ၏ အသက်များစွာကို ကယ်တင်နေခြင်းဖြစ်သည်။
အဘွားနှင့်ကျွန်တော်(စာရေးသူ) အပြင်၌ နှစ်ကြိမ်ခန့်သာဆုံတွေ့ဖူးသော်လည်း သူ့သား၏ သူငယ်ချင်းဖြစ်သော ကျွန်တော့်ကို တခုတ်တရ မှတ်မိနေပါသေးသည်။မှတ်ဉာဏ်ကလည်း ကောင်းလွန်းသူ။
အဘွားနှင့်စကားပြောနေရင်း သူရဲ့ခွေးလေးများအတွက် သူထပ်ပြီးမျှော်လင့်နေသည် ကတော့ ယခုထက် ပိုမိုကောင်းမွန်သော စောင့်ရှောက်ရေးခြံအကျယ်ကြီး တည်ထောင်ရေးပင်ဖြစ်သည်။အဘွားရဲ့မျက်လုံးများက အဝေးသို့ငေးရင်း သူ့မျှော်လင့်ချက်အတွက် ထီထိုးနေသည်ကြောင်းထီပေါက်ရင် သူတို့လေးတွေကို ဒီ့ထက် စနှစ်ပိုကျအောင်ထားနိုင်လိမ့်မည်ဟု ပြောပြသည်။ သူ့ခြံနှင့်အနီးဆုံးခြံက သိန်းတစ်ထောင်ကျော်ဈေးခေါ်ရောင်းနေတာမို့ သူ့မထိုခြံလေးကိုဝယ်ယူလိုနေသည်။ထိုခြံလေးရလျှင် သူမ၏ခွေးကလေးများအတွက် အကောင်းဆုံးခွေးခြံကြီးလုပ်မည်ဟု တွေးကြံနေကြောင်း ပြောပြသည်။ထီထိုးနေသော်လည်း ထီကလည်းမပေါက်နိုင်သေးဟု ရယ်ပြုံးစွာပြောပြသည်။ယုံကြည်ချက်ပြင်းထန်သူအဖြစ် အရီးရဲ့မျက်ဝန်းတွေကဖေါ်ပြနေသည်။
ခွေးအကောင်ရေ ရာပေါင်းများစွာကိုနှစ်များစွာစောင့်ရှောက်နိုင်ရန် ယခင်စုဆောင်းထားခဲ့သောခြံမြေများအားထုခွဲးရောင်းချခြင်းမှရသည့်ငွေဖြင့် ပြုစုစောင့်ရှောက်နေခြင်းဖြစ်သည်။ လစဉ်ဆန်အိတ်(၆၀)ကျော်ကုန်ကြောင်းရှင်းပြသည်။ခွေးများကိုစောင့်ရှောက်လာသည်မှာကာလကြာမြင့်လာပြီးဖြစ်တော့ ခွေးများအတွက် တော်ရုံဆေးကုသမှု့ကို အဘွားကကျွမ်းကျင်နေပြီပဲဖြစ်သည်။ညအိပ်စက်လျှင်တောင် ခွေးခြံက ညည်းသံကြားပါက ကလေးများကိုချက်ချင်းသွားကြည့်ခိုင်းပြီး လိုအပ်သောဆေးဝါးကုသမှု့ပြုလုပ်ပေးလျှက်ရှိသည်။အဘွား မွေးမြူထားသော ခွေးများက အားလုံးအကောင်းတိုင်းတွေချည်မဟုတ်ဘဲ နေရာစုံက အသက်ဘေးဒုက္ခအမျိုးမျိုးကကယ်ထုတ်ထားသည့် ခွေးလေးများလည်းပါဝင်ရာ အချို့ဆိုလျှင် ဖင်တရွတ်တိုက်သွားသည့် ခွေးလေးများ၊ လည်ပင်းတလျှောက်ဒါဏ်ရာကြီးဖြင့်ခွေးများ၊ ခြေလက်အင်္ဂါမစုံတော့သည့် ခွေးလေးများလည်း ပါဝင်ပေသည်။
အဘွားက ခွေးအကောင်ရေများစွာရှိသော်လည်း အားလုံးမှာနာမည်ကိုယ်စီရှိကြသည်။ထိပ်ပေါက်၊စစ်သမီး၊မလက်တို၊အကဲပို စသည့် နာမည်မျိုးစုံဖြင့် ပြန်လည် မှည့်ထားပေးသည်။ မူလပိုင်ရှင်များကနာမည်ပေးထားကြသော်လည်း အရီးထံလာပေးပါက အခြားနာမည်ပြန်လည် မှည့်ခေါ်ပေးထားလေ့ရှိသည်။မူလပိုင်ရှင်များက မမွေးချင်၍လာပေးပြီးနောက် ပြန်လည်တောင်းယူပါက လုံးဝပြန်ပေးလေ့မရှိတော့ပဲ လာပေးစဉ်ကတည်းက ယတိပြတ်ပြောထားကာ မွေးမြူလေသည်။အဘွားခြံထဲရောက်ပြီးမှ အခြားသူကိုပြန်လည်မွေးမြူရန်ပေးအပ်ခဲ့သော ခွေးတစ်ကောင်မျှမရှိကြောင်းလည်းသိရသည်။
ခွေးခြံထဲရှိခွေးများအားလုံးကို သတ်မှတ်ချိန်တိုင်း ကာကွယ်ဆေးထိုးပေးခြင်းအား မန္တလေးတိုင်းကျန်းမာရေးရုံးမှလာရောက်ကူညီထိုးပေးကြောင်း သိရှိရပါသည်။ခွေးများသေဆုံးသွားခဲ့လျှင်တောင် စနစ်တကျ မြေမြုပ်သဂြိုလ်ပေးကြောင်းလည်းသိရသည်။
အဘွားဒေါ်ခင်သန်းဝေသည် သူမ၏ အမျိုးသားကျန်မာရေးမကောင်းသည်ကိုလည်းအနီးကပ်ပြုစုပေးရင်း ခွေးခြံဘက်ကိုပါ
မလစ်ဟင်းရအောင် နေ့စဉ်ကြိုးစားလုပ်ကိုင်ပေးနေရသည်။မနက်(၅)နာရီမှထကာ မိသားစုအိမ်ထောင့်တာဝန်များနှင့် ခွေးလေးများအတွက် လိုအပ်သည်များအားလုံးကို အလုပ်သမားငယ်နှစ်ယောက်နှင့်အတူ ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်ပေးနေသည်။ယခင်မြို့နယ်အဆင့်တာဝန်ရှိလူကြီးများက အဝေးတနေရာ၌စီစဉ်ပေးမည်ဆိုကြသော်လည်း အရီးအတွက်သူမ၏ခွေးလေးများကို စိတ်မချနိုင်၍ သူမနှင့်အနီးဆုံးနေရာမှာထားကာ စောင့်ရှောက်ချင်သောကြောင့်လုံးဝ လက်မခံခဲ့ဘဲ ကိုယ်တိုင်ကိုယ်ကျနေ့စဉ် ကျွေးမွေးစောင့်ရှောက်ပေးနေခြင်းဖြစ်သည်။
တစ်ခါတစ်ရံသားသမီးများဖြစ်သော ကိုကျော်မင်းထိုက်တို့မိသားစုမှခွေးခြံသန့်ရှင်းရေးကိုလာရောက်ကူညီပေးကြသည်။မြေးဖြစ်သူ အိုဗားမား(အိမ်နာမည်)ကလည်းအဘွားဖြစ်သူအား လာရောက်ကူညီပေးလျှက် ရှိနေသည်။
လူအချို့ပြောကြ ဝေဖန်ကြ စိုးရိမ်ကြသည့်ခွေးများထံကရောဂါကူးစက်မှာစိုးရိမ်ကြသည့်အချက်ကိုလည်းအဘွားက ခွေးများကြောင့် ရောဂါကူးစက်မှု့တွေဖြစ်ရင် သူမငယ်စဉ်ကတည်းက ခွေးကိုချစ်၍ အမြဲပူးပူးကပ်ကပ်နေထိုင်ခဲ့ကြောင်း ခွေးများကသာရောဂါကူးစက်လျှင်သူမသာအရင်ဆုံးကူးစက်မည်ဖြစ်ကြောင်း သူမဘဝနှင့်ချိန်ထိုးပြကာ သူမ၏အမြင်ကိုလည်း ပွင့်လင်းရဲတင်းစွာ ပြောပြလေသည်။
အဘွားဒေါ်ခင်သန်းဝေသည် ခွေးလေးများကိုပြုစုစောင့်ရှောက်ရင်း ပရဟိတသမားစစ်စစ်ဘဝကို ကျေနပ်စွာ ဖြတ်သန်းနေသည်မှာ အဓိပ္ပါယ်ရှိလွန်းလှသလို သူမ၏စေတနာမေတ္တာတို့သည်( ပန်းမြတ်ဟေမာခြံလေးထဲ၌)ထာဝရ ထုံမွှမ်းနေပေလိမ့်မည်။
အရွတ်တုံး (Maymyo Media)