Jack Gar

Jack Gar 📖LET ME TAKE CARE OF YOUR HEART📖

11/07/2025

ဒီခရီးဟာ

အမြန်လမ်းမရှိ ပြန်လမ်းမရှိ။

05/09/2023

သန်းခေါင်ကြက်ဟာ အကြောင်းမကြား ဘာမကြား ရုတ်တရက်ကြီးတွန်မြည်တယ်။ ဟေ့ မင်းတို့ တဆိတ်တော့လွန်ပီကွယ်........

သန်းခေါင်ထက်နက်တဲ့ ညတစ်ညကို ကျွန်‌တော် ဆူညံစွာ ဖြတ်သန်းနေရသည်။သတ္တလောကကြီးတစ်ခုလုံး တုံဏှိဘာဝေဖြစ်နေပေမယ့် ကျွန်တော့်နားထဲမှာတော့ စကားသံတွေ ညံညံဝေနေသည်။

ဘယ်သူတွေ လာပြောနေကြသလဲ။ကျွန်တော် မသိ။
ဘယ်တုန်းကစကားတွေလဲ။ ကျွန်တော် မသိ။
မဟူရာကောင်းကင်ထဲမယ် လက်လက် လက်လက် ကြယ်တွေဟာ အဘယ့်အတွက် ပြိုးပြိုးပြက်ပြက် ရောက်ရှိနေကြပါသလဲ။ ကျွန်တော် မသိ။

လောကကြီးထဲက သက်ရှိတစ်ကောင်ရဲ့ ဝိညာဉ်ကိုနှုတ်။
ရစ်ဘီးလေးက ကြိုးစလေးတစ်ဖက်နဲ့ချည်။စွန်လွှတ်သလို လွှတ်တင်လိုက်။တဖြည်းဖြည်း မြင့်တက်သွားပါ။
နဂါးငွေ့တန်း‌တွေရဲ့ အလွန်မှာ ခင်ဗျားနာမည်ဟာ ကြယ်ဖြစ်သွားပီ။အဲ့လိုကော မဖြစ်နိုင်ဘူးလား။ ကျွန်တော် မသိ။

ကျွန်တော် သိတာက ဆွန်းဆိုတဲ့ သက်ရှိလေးဟာ ဒီည
ကြယ်တွေကြားရောက်နေလိမ့်မယ်ဆိုတာဘဲ။

Myanmar Idol Season 4လာတော့ ကျွန်တော့် မမက အက်စတာကို fav ဖြစ်နေပီ။ အလိုလိုနေရင်း အမြင်ကတ်ခံရတာက ဘက်ဂျမင်ဆွန်း။fanတေက သိပ်သည်းတာဘဲဆိုကာ မမက အမြင်ကတ်ချင်လို့ကို ကတ်နေတာ။

အဲဒီလိုနဲ့ ဒီလိုဆောင်းညလေးတစ်ညမှာပေါ့ အမေ့အဝတ်ဗီဒိုနောက်ထဲမယ် ကြောင်မကြီးမိညိုက သွေးတူသားတူ
အရောင်းအဆင်းတူ ကြောင်ထီးနှစ်ကောင် ကြောင်မနှစ်ကောင် မီးဖွားသန့်စင်ခဲ့တော့သည်။လေးကောင်ထဲမယ် တမူထူးနေတာက နှာရောင်ကောက်ကောက်နဲ့ တခြားသုံးကောင်ပေါ် တက်တက်ခွနေသည့် တစ်ကောင်။အမေနို့စို့ရင်လည်း ခြေကားယားလက်ကားယားနဲ့ နေရာအကျယ်ကြီး မောင်ပိုင်စီးချင်သည့် ပုဂ္ဂိုလ်ပေါ့။စွာလိုက်တာလည်း လွန်ပါရော။ခေါင်းက ဗွေကလိမ်ကောက်ကောက်
နှာရောင်ကမဖြောင့်နဲ့ ကြည့်လိုက်ရင် အမြဲ မြောက်ကြွကြွ။ ဒါကို ကြည့်မရဖြစ်နေတဲ့ မမက အကျင့်ပုတ်လေး
ဘင်ဂျမင်ဆွန်းလေးဆိုပီး ခေါ်ဆိုသမုတ် ကင်ပွန်းတပ်ခြင်းအမှုပြုလိုက်တော့သည်။

အထီးနှစ်ကောင် အမနှစ်ကောင် ပေါင်းလေးကောင်
ကြောင်ကုတင်ဖွားရင် အိမ်စီးပွားတက်တယ်ဆိုကာ
တစ်အိမ်သားလုံး ဖူးဖူးမှုတ်ချစ်ကြပါသည်။သို့သော်
သတ္တဝါတစ်ခု ကံတစ်ခုဘဲ ဆိုမည်လား၊ ဥတုအာဟာရမမျှတလို့ဘဲလား ကုတင်ခြေထောက်သုံးချောင်း ပြုတ်သွားသည်။မောင်ဆွန်းလေးသာ ကျန်ခဲ့သည်။အဲဒီမှာ တစ်အိမ်သားလုံးရဲ့ အချစ်ကို မောင်ဆွန်းလေးသာ ပုံအောရတော့သည်။သူများအပေါ် ဗိုလ်ကျ အကျင့်ပုတ်လို့
အမြင်ကတ်လှပါတယ်ဆိုတဲ့ မမကတောင် သဲသဲလှုပ်ဖြစ်နေတော့သည်။

ဒီကောင်ဟာ တကယ့်ကို ငစွာ။ဆော့လိုက်တာလည်း
ဗြောင်းဆန်လို့။အိမ်မှာရှိတဲ့ ဘယ်သက်ရှိသတ္တဝါမှ
ငြိမ်းငြိမ်းချမ်းချမ်းမနေရပေ။ပိုးဟပ်တို့ အိမ်မြှောင်တို့ဆိုလျှင် မာရသွန်ပြိုင်သလိုကို ပြေးနေရတော့သည်။ပင့်ကူတို့ကား မိုးပါးမှာတင် ကုတ်ကပ် တွယ်နေရတော့သည်။ကြွက်တွေဆိုသည်ကား မျက်တောင်ပင်မခတ်ရဲ။မောင်ဆွန်းနှာတစ်ချက် ချေလိုက်လျှင် ခြေချင်းလိမ်ကာ ပြေးပေါက်မှားနေတတ်သည်။

မောင်ဆွန်းက သူ့အမေလိုဘဲ မီးခိုးရောင်။မှိန်မှိန်ပေါ့။
လျှာမှာ အမဲစက်နဲ့ဆရာ။ကျန်တဲ့သတ္တဝါတွေ ကြောက်နေရသည်ကလည်း အလွန်မရှိ။လျှာမှာ အမဲစက်နဲ့ကြောင်တွေက သိပ်အဆိပ်ပြင်း အသက်ပြင်းဆိုသည်ကို။လူပျိုဖော်လေးဝင်လာတော့ အလုံးအထည် အသားအရည် ပြည့်လာသည်။မီးခိုးရောင်မှိန်မှိန်ကနေ တောက်တောက်ပြောင်ပြောင်ဖြစ်လာသည်။ကြောင်မွေးကြောင်တောင် ပြောင်လာသည်ပေါ့။အစာလည်း သိပ်စားနိုင်လာသည်။သိပ်လည်းတောင်းတတ်သည်။ချွဲတတ် နွဲ့တတ်တာကလည်း အလွန်။

မိုးလင်းလျှင်မီးဖိုချောင်ဝင်နေတဲ့ မေမေ့ခြေထောက်ကြားထဲမယ် လူးလာခေါက်တုံ အလုပ်ရှုပ်ပြီ။ကျွေးမလား မကျွေးဘူးလား။မကျွေးလျှင်တော့ လုံးဝမခွာပါ။ သန္နိဌာန်ချကာ လိုက်ကပ်နေတော့သည်။ကြက်ဥကြော်လေး ပုစွန်ခြောက်မှုန့်လေးတို့နဲ့များ ထမင်းနဲ့ နယ်ကျွေးလျှင် တစ်ခါနမ်းကြည့်ကာ မျက်စောင်းထိုးချင်ထိုးတတ်သည်။မေမေကပြောပြတော့ ဖေဖေက မဟုတ်တန်ရာဆိုကာ ပြုံးနေသည်။

မဟုတ်တန်ရာဆိုသည့် ဖေဖေလည်း တစ်ကြိမ်တော့ အခက်ကြုံရဖူးသည်။အဲဒီနေ့က မေမေက မီးဖိုပေါ်တွင်
ငါးခြောက်ကင်ထားသည်။ခွေးခြေထိုင်ခုံလေးချကာ
ထိုင်စောင့်မည်ပေါ့။မေမေမထိုင်ရသေးခင် သူကခွေးခြေပေါ်မယ် စွင့်စွင့်။ငါးခြောက်လည်း မီးဖို‌ပေါ်ကအချ သူလည်း ကောက်အဆွဲ။ကဲလှပါသည် ဆိုကာ မေမေက နှီးစည်းနှင့် ဆုံးမလိုက်သည်။တစ်နေကုန်စိတ်ကောက်ပြသည်။ဖေဖေကိုယ်တိုင် ချော့မော့ခေါ်ကာ သူကြိုက်တတ်သည့် ငါးပြုတ်လေးနှင့်အစာကျွေးသော်လည်း မစားရေးချမစား။ဖေဖေတို့ဒါမျိုးကျ စိတ်ရှည်သည်။ငါးပြုတ်လေးကို ပြန်ကြော် ဆီပြန်ချက်ကာ ခေါင်းပွတ်ခြေပွတ် အတော်ချော့ကျွေးမှ စားတော့သည်။"ဘယ်ရမလဲကွ ကြောင်ဘဲ၊ ဘယ်ခံနိုင်မလဲ... ငါးပြုတ်နဲ့မရ ငါးကြော် ငါးကြော်နဲ့မရ ငါးကြော်နှပ်ပေါ့ကွ"တဲ့။ဖေဖေက ပြောသေးသည်။

တစ်နေ့ ‌"မောင်ဆွန်းတို့ကတော့ လုပ်ချလာပြန်ပြီကွာ၊ လန့်ဖျန့်သွားတာဘဲ" မေ့မေ့အသံကြားရ၏။ ပြေးကြည့်တော့မှ တကယ်ဆိုးတဲ့ကောင်ဘဲ။မြွေဟောက်လည်နီတစ်ကောက် ချီလာကာ ကန်စွန်းရွက်သင်နေသည့် မေ့မေ့အနောက်နားတင် ကစားနေ‌သည်။သူဖမ်းနိုင်ကြောင်း သိပ်ပြချင်တာ။ခေါင်းပွတ်ခံချင်တာ။ချီးကျူးခံချင်တာ။မှေးသပ်ခံချင်တာ။တစ်ပတ်တစ်ကောင် မှန်မှန်ချီလာသဖြင့် ကြွက်တွေ အိမ်မြှောင်တွေတင်သာမကဘဲ အိမ်သားတွေပါ ကြောက်နေရတော့သည်။မောင်ဆွန်းနဲ့တော့ ခက်ပါဘိ။

မောင်ဆွန်းတို့ကတော့ လုပ်ချလာပြန်ပြီ။ဒါမှ တကယ့်ပြသနာဘဲ။ဘေးအိမ်က ကြက်ပေါက်ကလေး သွားဆွဲခဲ့တာ။ဂုတ်ကျိုးနေပြီ။စားတာလည်းမဟုတ်ပါ။အိမ်မှာလည်း အကောင်းကျွေးနက်ရက်နဲ့ကို။ဒုတိယမ္ပိ၊တတိယမ္ပိ.....ဟာခက်ပြီ။ဘေးအိမ်ကလူတွေက ကြောက်တို့ခွေးတို့ ချစ်တတ်သည်မဟုတ်။သူတို့ကြက်ပေါက်ကလေးတွေဆွဲခံရတာလည်းများနေပြီ။ရှေးနှစ်ကတင် ဘေးအိမ်ကလူတွေ ကြောင်ဆေးခတ်သတ်သည်ဆိုကာ အနောက်အိမ်က အဒေါ်ကြီးနှင့် အော်ကြီးဟစ်ကျယ် ဖြစ်ဖူးကြသေးသည်။ပြသနာဘဲ။

မျက်စိအောက်က အပျောက်မခံကြနဲ့ဟေ့။ထိန်းကြဟေ့။
မတတ်နိုင်ခဲ့ပါ။ပျောက်ပါပြီ။ပျောက်ကွယ်သွားခဲ့ပါပြီ။
အိမ်ဆည်းလည်းမက အိမ်ခေါင်းလောင်းသမျှ ညံညံစီအောင် ဆော့ကစားနေတတ်သည်များ ပျောက်ကွယ်သွားခဲ့ပါပြီ။တိတ်ဆိတ်သွားခဲ့ပါပြီ။မောင်ဆွန်းရေ...မင်းဟာ
ပျောက်သောသူပါဘဲ။ရှာရင်တော့ ပြန်တွေ့နိုင်ကောင်းပါရဲ့။

ပထမတစ်ရက် ပြန်မလာ။ညသန်းခေါင် အပြင်ထွက်လည်ပြီး ခွေးတွေနဲ့တွေ့လို့ပုန်းနေရတယ်ထင်ပါရဲ့။ဖြေသာအောင် စိတ်ကိုလိမ်နေခဲ့ကြရ။တစ်အိမ်သားလုံး
ဖေးဖေးမမ အကြောင်းပြချက်ရှာကာ တွေးဆနေရသည်ပေါ့။ဒုတိယတစ်ရက် ပြန်မလာပါ။သတ္တဝါတစ်ခု ကံတစ်ခုပေဘဲ။မင်းလေးကလည်း မကောင်းမှု တယ်လုပ်တဲ့ကောင်ကိုး။တတိယတစ်ရက် ပြန်မလာ။မဟုတ်သေးဘူး...ဘေးအိမ်ကလူတွေ နဲနဲမှမဟုတ်သေးဘူး။တိရစ္ဆာန်ချင်းဖြစ်တဲ့ ကိစ္စမှာ ဒင်းတို့ဝင်ပါ ဆေးခတ်သတ်လိုက်ကြတာ။ရှင်းကြမယ်ဖြစ်တော့မယ်။နောက်ထပ်တစ်ကောင် ထပ်မွေးလည်း ဒီလိုကိစ္စတွေက ထပ်ဖြစ်နေဦးမှာဘဲ။စတုတ္ထရက် ပြန်မလာပါ။ဘာတတ်နိုင်မည်နည်း။ဖြစ်သူအဟောင်း ပြုသူအသစ်ပေဘဲပေါ့။အကုသိုလ်ကံများ တယ်ကြောက်စရာကောင်းတာဘဲ။တရားနဲ့ဖြေကြရုံသာ။
သ‌ဗ္ဗေသတ္တာ ကမ္မသကာပါကောလား။

အရှိန်ဖြင့်မောင်းနေသော Expressကားကြီးရှေ့မှ
လှစ်ခနဲ ဖြတ်ပြေးထွက်လာသည်။ဘယ်သူလဲဟေ့။
မောင်ဆွန်း.....ကံသီလို့ပါကော။ ရှေ့မကြည့် နောက်မကြည့် ကားလမ်းများဖြတ်ကူးရတယ်လို့။မေ့မေ့သားလေး...မမမောင်လေး....အို....နှာရောင်မှာလည်း ဒဏ်ရာကြီးနဲ့ပါကော။ဘယ်တွေများရောက်လို့ ဘာတွေများဖြစ်ခဲ့သနည်း။တစ်အိမ်သားလုံး အတိုးချပြုစုကြသည်၊ယုယကြသည်၊ ကြင်နာကြသည်။အဲ့ဒီနေ့ဟာ သောကြာနေ့။
တစ်အိမ်သားလုံးပျော်ရွှင်ခြင်းမျက်ရည်ကျရသည်။
ဘေးအိမ်ကို ကျိန်ဆဲထားသမျှလည်း ပြုံးစိစိနဲ့ ပြန်ရုတ်သိမ်းကြရသည်ပေါ့။

မောင်ဆွန်းဟာရင့်ကျက်လာခဲ့သည်ထင်သည်။အကောင်တွေဖမ်းတာ ကစားတာသိပ်မတွေ့ရတော့ဘူး။လူတွေအပေါ်မှာတော့ ချွဲမြဲ နွဲ့မြဲ။မေမေတရားနာနေလျှင် ရင်ခွင်ထဲ လိုက်ခွေနေတတ်သည်။လိမ္မာလာသည်ဟု မှတ်ချက်ချနိုင်သည်။

ဒီနေ့ဟာ သောကြာနေ့ပါ။နေလုံးကြီးအရှေ့ဘက်ကထွက်တဲ့နေ့ပေါ့။မောင်ဆွန်းဟာ လူသွားလမ်းတည့်တည့်ပေါ်မယ် ပက်လက်လှန် အိပ်ပျော်နေသည်။သူ့ဗီဇအတိုင်း
ခြေကားယားလက်ကားယားပေါ့။မမက သဘောကျသဖြင့် မေမေ့အားခေါ်ပြသည်။ တက်နင်းမိမှာစိုး၍ မေမေက လှုပ်နှိုးတော့ မောင်ဆွန်းကမထ။သိပ်ပေတဲ့ကောင်လေးပါကော။

မောင်ဆွန်းဗိုက်က ဖောင်းပိန်လည်းမဖြစ်ပါလား။အသက်ကောရှူရက်လား။သတိထားကြည့်မိမှ တစ်အိမ်သားလုံးပြာယာခတ်သွားသည်။မောင်ဆွန်းဗိုက်လေး ‌မဖောင်းလာပါ။မပိန်သွားပါ။အသက်လည်းမရှူတော့ပါ။ပါးစပ်လေးဟကြည့်သည့်အခါမှ ဝါးလက်စ ငါးခြောက်လေး အာခေါင်မှာ ကပ်နေသည်ကို တွေ့ရသည်။အိမ်မှာ ဒီနေ့ ငါးခြောက်နဲ့မကျွေးပါ။ကျွန်မတို့ တက်တစ်ချက်
ပြင်းပြင်းခေါက်မိကြ၏။ဘယ်အသဲနှလုံးနဲ့များ အဆိပ်ခတ်သတ်ရက်ကြတာလဲ။အိမ်ကိုတော့ ရောက်အောင်ပြေးခဲ့ရှာသေးတာဘဲ မောင်ဆွန်းလေးရေ။မင်းဘယ်လောက် အခံရခက်ခဲ့မလဲ။လည်ပင်းအထိဆို့တက်လာတဲ့ ဝမ်းနည်းမှုနဲ့ ဒေါသတွေကြောင့် ထင်ပါရဲ့။မျက်လုံးထဲ ငွေ့ရည်တွေပြည့်လာလိုက်တာ။ငိုတယ်ဆိုတာဒါမျိုးပါဘဲ။

ပြောချင်တဲ့စကားတွေ ပြောခဲ့ဖူးတဲ့ စကားတွေ ဘေးအိမ်ကလူသံတွေ အနောက်အိမ်က အဒေါ်ကြီးရဲ့ စကားသံတွေ ကားသံတွေ၊ဆရာသော်တာဆွေရဲ့ 'သတ္တဝါတို့၏သံသရာ'စာအုပ်ထဲက အကြောင်းအရာတွေ အားလုံးဟာ ကျွန်‌တော့်နားထဲ ညံညံဝေနေခဲ့သည်။

မောင်ဆွန်းရေ...မင်းဝိညာဉ်ကိုသာ ရစ်ဘီးလေးနဲ့ စွန်လွှတ်သလို ကောင်းကင်ကြီးထဲ လွှတ်တင်ထားကြမယ်ဆိုရင် နဂါးငွေ့တန်းတွေရဲ့အလွန်မှာ မင်းနာမည်ဟာ
သောကြာကြယ်လေးဖြစ်မယ်။မင်းဟာ သိပ်တောက်ပချင်တဲ့ကောင်၊ သိပ်ဗိုလ်ကျချင်တဲ့ကောင်၊သိပ်စွာတဲ့ကောင်ကလေး။

ကျွန်တော်တို့ မမျှော်မှန်းနိုင်တဲ့အဝေးအဝေးကြီးကျွန်တော် လွင့်စင်သွားနိုင်ပါတယ်။ကမ္ဘာ့အပြင်စကြဝဠာအပြင်အထိကျွန်တော်လွင့်စင...
09/05/2023

ကျွန်တော်တို့ မမျှော်မှန်းနိုင်တဲ့အဝေး
အဝေးကြီး
ကျွန်တော် လွင့်စင်သွားနိုင်ပါတယ်။

ကမ္ဘာ့အပြင်
စကြဝဠာအပြင်အထိ
ကျွန်တော်လွင့်စင်သွားနိုင်ပါတယ်။

အရာရာ
မှောင်မှောင်မည်းမည်း။

အမေက
ကျွန်တော်တို့ကို လူ့ဘဝအလင်းဆီ
ဆွဲတင်ခဲ့ပါတယ်။

ပုံပြောသူ၁၀- အောင်ချိမ့်

ပေါ်လီယာနာ                  ထင်လင်းဘာသာပြန်ဝတ္ထုတစ်ပုဒ်။ စိတ်ဝင်စားဖွယ် ဇာတ်ကောင်တချို့နှင့် ပေါ်လီယာနာတို့ဖြင့် ဇာတ်အိမ...
23/03/2023

ပေါ်လီယာနာ
ထင်လင်း

ဘာသာပြန်ဝတ္ထုတစ်ပုဒ်။ စိတ်ဝင်စားဖွယ် ဇာတ်ကောင်တချို့နှင့် ပေါ်လီယာနာတို့ဖြင့် ဇာတ်အိမ်ဖွဲ့သည်။ဝတ္ထုဟာ ဝတ္ထုနဲ့မတူ ပေါ်လီယာနာဟာ သိပ်အသက်ဝင်လွန်းသည်။

စာအုပ်တစ်အုပ်ကို အကြောင်းပြချက်မရှိ ဖတ်ကြည့်ဖို့ တိုက်တွန်းလေ့မရှိပေမယ့် ဒီစာအုပ်လေးကိုတော့ အတင်းရော အဓမ္မရော ဖတ်ကြည့်စေချင်သည်။ဋီကာအရှည်ကြီးဖွင့်ကာ မညွှန်းဆိုလိုတော့ပါ။လောဘ၊ဒေါသမရှိ သန့်စင်လွန်းတဲ့ မေတ္တာရှင်မလေး ပေါ်လီယာနာနှင့် မိတ်ဖွဲ့ပေးရုံသာ။

ငယ်စဉ်အခါ ခပ်ပေပေကျွန်တော့်အား ခေါင်းလေးပုတ်ကာ ဆုံးမ၏။ဆယ်ကျော်သက်အရွယ် အသဲဘာညာကွဲချိန်မယ် အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် ဖေးဖေးမမနှစ်သိမ့်၏။အသက်အရွယ်တစ်ခုရချိန်မယ် လောကဓံကိုအံတုဖို့ ခွန်အားပေးနိုင်ပြန်သည်။

သူမ၏အကြည်ဓာတ်လေးကြောင့် ကျွန်တော့်စိတ်ကိုကြည်လင်စေ၏။လောကအပေါ်အမြင်တချို့အား‌ပြောင်းလဲပေး၏။ရောင့်ရဲတတ်ဖို့ လမ်းပြ၏။

ပေါ်လီယာနာဟာထူးခြားသည်။ချစ်စရာအတိ။ပျော်စရာတွေကို သယ်ဆောင်ပေးသူမဟုတ်။ဘဝအမောတွေထဲကပျော်ရွှင်မှုတချို့ကို ကူညီရှာဖွေပေးတတ်သူဖြစ်သည်။
သူမနှင့် မိတ်ဖွဲ့ခြင်းဖြင့် ခဏလေးဖြစ်ဖြစ် ပြုံးပြုံးလေးနေနိုင်လိမ့်မည်။တက်တက်ကြွကြွ ကလေးမလေးဟာ
ဘဝအတွက် ဆည်းလည်းကလေးဖြစ်ခဲ့ဖူးသည်ကို။

ခေတ်ပေါင်းများစွာဖြတ်သန်းခဲ့ပြီးပေမယ့် ပေါ်လီယာနာဟာ အကြည်ဓာတ်ကလေးဖြစ်နေဆဲ။

စကားချပ်-အိမ်ထောင်ပြုဖို့ စိတ်မကူးဖူးတဲ့ အန်ကယ်
ဂျက်ဂါးဟာ ခပ်သွက်သွက်သမီးလေးတစ်ယောက်တော့ လိုချင်နေခဲ့သည်။ ပေါ်လီယာနာ၏ လွှမ်းမိုးမှုကြောင့်ပင်
ဖြစ်တန်ရာသည်။

ခွေးရွှေဝါ              သော်တာဆွေအမေရိကန်စာရေးဆရာ Fred Gipson၏ The old yellerကို ဘာသာပြန်ထားခြင်းဖြစ်သည်။မြန်မာစာပေလောကတ...
16/03/2023

ခွေးရွှေဝါ
သော်တာဆွေ

အမေရိကန်စာရေးဆရာ Fred Gipson၏ The old yellerကို ဘာသာပြန်ထားခြင်းဖြစ်သည်။မြန်မာစာပေလောကတွင် ဤကဲ့သို့စာအုပ်မျိုးတွေ့ရခဲသည်။

၁၈ရာစုအလယ်လောက်က အမေရိကန်ပြည် တက္ကဆက်ပြည်နယ် တောင်တန်းဒေသကိုနောက်ခံထားသည်။ထိုအချိန်ဟာ အမေရိကန်ပြည်တွင် နယ်မြေသစ်ရှာဖွေခြင်း၊
ရေကြည်မြက်နုရာ ရွှေ့ပြောင်းခြင်း၊ မြေလွတ်ရိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စသည်များဖြင့် သက်ဝင်လှုပ်ရှားချိန်ဟုဆိုနိုင်သည်။

သိပ်ကောင်းသည့်စာအုပ်၊ သိပ်ကြိုက်သည့်စာအုပ်
စသဖြင့် သတ်မှတ်နိုင်သည့် စာအုပ်များဖတ်ဖူးသော်ငြား
ဒီစာအုပ်ဟာ ထူးထူးခြားခြား ကျွန်တော်ချစ်မိသည့် စာအုပ်ဖြစ်သည်။တောင်ကြားလေးထဲက ရွာအစုလေးဆီ ကျွန်တော့်အားအလည်ခေါ်သည်။ခြံဝင်းကျယ်ကြီးတွေ၊သစ်ပင်စိမ်းစိမ်း၊တောအုပ်မှိုင်းမှိုင်း၊သဘာဝစိမ့်စမ်းတွေနှင့် အေးချမ်းလှသည်။

ဇာတ်ကြောင်းဟာရိုးရှင်းသည်။သို့သော် အံ့မခန်းဖွယ်ရာများ တွေ့ရမည်။ဖတ်ရှုစရာ၊မှတ်သားစရာများ ပြည့်နေသည်။လူပျိုပေါက်၁၄နှစ်သားထရာဗစ်၊ ၅နှစ်သားအာလစ် ညီအစ်ကိုနှစ်ယောက်ထံ ခွေးရွှေဝါကြီး ထူးဆန်းစွာရောက်ရှိလာရာမှ အစချီကာ ဖတ်မငြီးလောက်အောင် အသက်ဝင်လှသည်။

ရင်သပ်ရှုမောစရာ၊ကြည်နူးစရာ၊အံ့ဩစရာများနှင့် ကရုဏာသက်စရာတချို့ ‌ရောစွက်ထားပေးခြင်းကလည်း အချိုးအစားကျလှပြီး စာအုပ်ကိုပြည့်စုံစေလှသည်။ဖတ်ပြီးသည့်အခါ ချစ်စရာကောင်းလှသည့် စာအုပ်လေးပါလားဟု တကယ်ပင် အသိအမှတ်ပြုရသည်။ထူးထူးခြားခြားစာအုပ်လေးပါပေ။

အမှတ်တရ-ဂျူး"ကျွန်မဘယ်လိုမှ မကြိုက်သော အကျင့်ဆိုးတစ်ခု မောင့်ဆီမှာ ရှိနေလျက်နှင့် ထိုအကျင့်ဆိုးကိုပင် ချစ်လာအောင် မောင်က...
13/03/2023

အမှတ်တရ-ဂျူး

"ကျွန်မဘယ်လိုမှ မကြိုက်သော အကျင့်ဆိုးတစ်ခု မောင့်ဆီမှာ ရှိနေလျက်နှင့် ထိုအကျင့်ဆိုးကိုပင် ချစ်လာအောင် မောင်ကကျွန်မအပေါ်လွှမ်းမိုးနိုင်သည်"

"မောင်ကလိုက်ခဲ့ဟုခေါ်တုန်းကလည်း မောင့်ဘေးမှာကျွန်မပါသည်။မောင်ကနေရစ်ခဲ့ဟုဆိုပြန်တော့လည်း မောင်စိတ်အနှောက်အယှက်ဖြစ်မည့် စာတစ်စောင် စကားတစ်ခွန်းမျှ မောင်မကြားစေရဘဲ ကျွန်မ ငြိမ်သက်စွာ နေရစ်ခဲ့တာ အမှန်ပါဘဲ၊ အဲ့သည်အထိ ကျွန်မ မောင့်ကို ချစ်မြတ်နိုးခဲ့ပါသည်မောင်"

ကျွန်တော်တို့ ရင်းနှီးခဲ့ရသော စာလုံးဝိုင်းများပါပေ။

နန်းရှေ့က တံတာဖြူနဲ့အိမ်ကလေး၊ အဏ္ဏဝါအအေးဆိုင်
စတာတွေဟာ ပြန်ကြည့်တိုင်း အလွမ်းဝေဒနာပေးစွမ်းနိုင်တဲ့ ပန်းချီးကားအဖြစ် စွဲကျန်တယ်။

1987 ဝတ္ထုစထွက်ပြီး မကြာခင်မှာပင် ဝေဖန်သံတွေညံနေခဲ့သည်။ ယခုတိုင်မပြီးသေးဟုပင် ဆိုနိုင်သည်။စာပေလောကနှင့် စာဖတ်ပရိတ်သတ်ကြားမှာပင် ဂယက်ကြီးကြီး ရိုက်ခဲ့တဲ့ စာအုပ်ပါးကလေးပါပေ။

အမှတ်တရဟာ
ကျွန်တော့်အတွက်အမှတ်တရ စာရေးသူအတွက် အမှတ်တရ ဖတ်ဖူးသူတိုင်းအတွက် အမှတ်တရဖြစ်ခဲ့သည်။

သူငယ်ချင်းတွေကြားထဲ အချစ်ရေးအကြောင်းပြောမိကြတဲ့အခါ မောင်အကြောင်းများပါလာလျှင် ဆရာမဂျူးရဲ့
အမှတ်တရကို ပြေး‌ပြေးမြင် ပြန်လည်ဆွဲထုတ် ငြင်းကြခုန်ကြ ပွဲဆူကြစမြဲ။

"ငါ့ကောင် မင်းဘယ်အခန်း မျက်ရည်ဝဲသလဲ"
"ဝဲတာမဟုတ်ဘူး ငိုတာဟ"
"ငါတော့ အအေးဆိုင်ထဲ တွေ့တဲ့အခန်း၊ မိုးတွေသည်းတိုင်း မျက်ရည်လည်ချင်တာ အဲ့အခန်း"စသဖြင့် စမြုံ့ပြန်မဝတဲ့ မှတ်မှတ်ရရ ဝတ္ထုတစ်ပုဒ်ပါပေ။

ဆရာဝန်ညွှန်ကြားချက်မှာလက်ဖက်ရည်တစ်ခွက်ပေးပါဒူးယားတစ်လိပ်ပေးပါမမကျွန်တော့်ကိုချစ်ပါဒီကောင်လက်နက်ချရမယ်တဲ့အောင်ချိမ့်
13/11/2022

ဆရာဝန်ညွှန်ကြားချက်မှာ

လက်ဖက်ရည်တစ်ခွက်ပေးပါ
ဒူးယားတစ်လိပ်ပေးပါ

မမကျွန်တော့်ကိုချစ်ပါ
ဒီကောင်လက်နက်ချရမယ်တဲ့

အောင်ချိမ့်

ပန်းခြံထဲက ခုံစောင်းလေးမယ်အဲ့ဒီနေ့က သေဆုံးခဲ့ပါပြီသူမရင်ထဲ ကျွန်တော့်နာမည်တစ်စွန်းတစ်စ မကြားမိပါကရက်လည်ဆွမ်းသွပ်နိုင်ပါပ...
19/10/2022

ပန်းခြံထဲက ခုံစောင်းလေးမယ်
အဲ့ဒီနေ့က သေဆုံးခဲ့ပါပြီ

သူမရင်ထဲ ကျွန်တော့်နာမည်
တစ်စွန်းတစ်စ မကြားမိပါက
ရက်လည်ဆွမ်းသွပ်နိုင်ပါပြီ

ပုံတောင်ပုံညာသွားတောလား                              မြသန်းတင့်         ပုံတောင်ပုံညာဆိုသည်နှင့် ကလေးတစ်ယောက်အတွက်သော်လည...
11/10/2022

ပုံတောင်ပုံညာသွားတောလား
မြသန်းတင့်

ပုံတောင်ပုံညာဆိုသည်နှင့် ကလေးတစ်ယောက်အတွက်သော်လည်း ဒဏ္ဍာရီပုံပြင်းကောင်းတစ်ပုဒ်ဖြစ်မည်။လူကြီးတစ်ယောက်အတွက်သော်လည်း စိတ်ဝင်စားဖွယ်များ ပြည့်နှက်နေမည်။ ပုဂံခေတ်မှ အစချီကာ ပါးစပ်ရာဇဝင်များ ကြားသိရသည်။ မင်းမျက်သင့်သူ မှူးမတ်နွယ်ဝင်တို့ ပုန်းရှောင်ခဲ့ရာဖြစ်၍ ပုန်းတောင်ပုန်းညာမှ ပုံတောင်ပုံညာဖြစ်လာသည်ဟူ၍လည်း ထိုအရပ်မှ လူကြီးတစ်ယောက်ပြောပြဖူးသည်။ သမိုင်းအထောက်အထားခိုင်လုံသည်တော့မဟုတ်ပါ။

ဝဇ္ဇာဓိုရ်၊ ဇော်ဂျီ၊ သူတော်စင်တို့ ပျော်မွေ့မှီခိုရာ အရပ်ဖြစ်ခဲ့သည့်အကြောင်းကတော့ လူပြောများသည်။မယုံရအခက်ပါပေ။မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးပင် ထိုအရပ်တွင် တောမှီကျင့်ကြံအားထုတ်ခဲ့သေးသည်မဟုတ်ပါလား။

တောင်ပေါ်တွင် နတ်ရေကန်ကြီးရှိသလိုဆိုကြသေးသည်။ကျွန်တော် ချင့်တွေးကြည့်သော် ရေကန်ကြီးရှိနိုင်သည်။ ရေအရင်းအမြစ်တွေ၊ ရေတံခွန်တွေ၊ ရေအိုင်တွေနှင့် တောင်ကြောတွေဟာ ဂေဟစနစ်ထဲ အဓိကအကြုံးဝင်နေသည်မဟုတ်လား။နတ်ရေကန်မဟုတ်သော်ငြား ဆေးဖက်ဝင် သန့်စင်ကြည်လင်သော ရေကန်(သို့) ရေအိုင်လေးများရှိနိုင်သည်။ဆေးဖက်ဝင် နွယ်မြက်သစ်ပင်တို့ ထိုတောင်ပေါ်တွင်ပေါက်ချင်တိုင်းပေါက်နေသည်ကို တိုင်းရင်းဆေးဆရာကြီးများက အသိအမှတ်ပြုထားသည်။ ဤသည်များကား တွေးကြည့်မိသည်များသာ။

ပြေးကြည့်ထားသူကား ဆရာမြသန်းတင့်ပင်။
လက်တွေ့ကျသည်။အကြောင်းအရာစုံလင်သည်။လမ်းခရီးတလျှောက် အညာဓလေ့တို့ဟာ ပီပြင်လှပသည်။ ဂန့်ဂေါယောနယ်အကြောင်း နှံနှံစပ်စပ်သိခွင့်ရသည်။ယောပုဆိုးယောထဘီကို နှစ်ခြိုက်ခဲ့သူမို့ ယက်ခတ်သူများကြောင်း ကြားသိရတဲ့အခါ စိတ်လှုပ်ရှားမိသည်။

‌ယောနယ်ဟာစုန်းတို့နတ်တို့နှင့် နာမည်ကြီးသည်။မဟုတ်ပါ။ ယောသူယောသားများဟာ ရိုးသားဖြူစင်ပြီးခင်မင်တတ်သလို ဧည့်ဝတ်ကျေပွန်သည်။အချိန်လင့်သော်လည်း လာလည်သူ ဧည့်သည်ဟာ သင်ဖြူးဖျားပေါ်မယ် ဖင်တရွတ်ဆွဲ၍ မပြန်ချင်ဖြစ်နေတတ်သည်။အိမ်ရှင်ပြုစား၍ ဖင်နှင့်ဖျာခွာမရသည်မဟုတ်။ဆရာမြက အဲ့သလိုဆိုသည်။

လမ်းကြုံ၍အမျိုးအိမ်ဝင်လည်တော့ စရိုက်ထူးရှိတဲ့ ဘကြီးတစ်ယောက်နှင့်တွေ့သည်။ နေမကောင်းသဖြင့် ပက်လက်ကုလားထိုင်ပေါ်တွင်တွေ့ရသည်။သို့သော် စိတ်မာသည်။ မျက်လုံးများက စူးရှဆဲ။သွေးပေါင်ချိန် ကိုယ်တိုင်တိုင်းသည်။ဘာဖြစ်ရင် ဘာဆေးသောက်ရမည်။ဘယ်အချိန်သောက်ရမည်။နောက်ဆုံး ဆရာဝန်နားကြပ်နှင့် သူ့နှလုံးခုန်သံကို သူကိုယ်တိုင်း စမ်းချင်သူ။သူမယုံကြည်ရင် ဘာမှမလုပ်။လူထူးပါပေ။ဖတ်ရင်းပြုံးမိသည်။ထိုကဲ့သို့စရိုက်ထူးရှိသူများအကြောင်းလည်း တစ်စွန်းတစ်စပါရဲ့။ ဆရာမြရဲ့
စူးစမ်းနိုင်မှုနဲ့ နှံ့စပ်စွာ ရေးသားဝေမျှမှုများကို ကျေးဇူးတင်ရသည်။

လမ်းသင့်သဖြင့် ချင်းပြည်နယ် မင်းတပ်မြို့လေးရောက်သေးသည်။ဆွစ်လူမျိုးတို့၏ မြို့ရွာတည်ပုံများနှင့် ဆင်တူသည်ဆိုသည်။ချင်းတိုင်းရင်းသားတို့၏ ချစ်စဖွယ်မြို့လေးပါပေ။မြို့အဝင်အကြောင်း ဖွဲ့နွဲ့ကတည်းကပင် နေချင့်စဖွယ်ကောင်းလှသည်။

ပုံတောင်ပုံညာသွားတောလားဟာ ကျွန်တော်မကြာခဏပြန်ဖတ် ပြန်ခံစားချင်တဲ့ စာအုပ်တစ်အုပ်ဖြစ်သည်။ကိုယ့်ဘကြီးတစ်ယောက် ခရီးကအပြန်ကြုံတွေ့ခဲ့ရသည်များ ပြန်ပြောပြနေသလို ဆရာမြအရေးအသားဟာ ပေါ့ပေါ့ပါးပါးနှင့် စာဖတ်သူနှလုံးသားထဲစီးဝင်စေခဲ့သည်ကို။

"မကောင်းဆိုးဝါးဆိုတာကို ခင်ဗျားယုံသလား"လူခြေတိတ်ချိန်မှာ ဆိတ်ငြိမ်စွာဖတ်သင့်တဲ့  ကြောက်စရာပုံပြင်တစ်ပုဒ်(သို့)စကားဝါပုံပ...
02/10/2022

"မကောင်းဆိုးဝါးဆိုတာကို ခင်ဗျားယုံသလား"

လူခြေတိတ်ချိန်မှာ ဆိတ်ငြိမ်စွာဖတ်သင့်တဲ့ ကြောက်စရာပုံပြင်တစ်ပုဒ်(သို့)စကားဝါပုံပြင်ဟာ အစကနဦးပိုင်းမှာပင် ဒိုးဒိုးဒေါက်ဒေါက် ဒိုင်ယာလက်တွေနဲ့ စာဖတ်သူကို လှုပ်နှိုးပါတယ်။

ကျွန်တော်တို့ခေတ်ထဲ ဘာသာပြန်ကောင်းတစ်ယောက်ဖြစ်တဲ့ ဆရာချမ်းမြေ့ဝင်းရဲ့ ပထမဆုံး ပင်ကိုရေးဝတ္ထုမို့ နူးညံ့သိမ်မွေ့သောတွေသာ ကြိုက်တတ်တဲ့ကျွန်တော်ဟာ တုန်တုန်လှုပ်လှုပ် ပုံပြင်တစ်ပုဒ်ကို လူခြေမတိတ်ချိန်မှာ ဖတ်ရှုခဲ့မိတယ်။အရေးအသားကရှင်းပြီး သွက်သည်ကို။ သဘာဝလွန်ဖြစ်ရပ်ဆန်းတစ်ခုကို မျက်လုံးထဲ ကွင်းခနဲ ရှင်းခနဲမြင်ရပုံများ.... အိမ်ဘေးနားက ကလေး တံခါးဆောင့်ပိတ်သည်ကို ထခုန်မိမတတ်လန့်ဖြန့်ခဲ့သေးသည်။

ဇာတ်လမ်းအကျဉ်း

အသုံးပြုခြင်းမရှိတဲ့Highwayလမ်းမ တစ်ပိုင်းတစ်စကြီးပေါ်က ရွာစုလေး။ရွာစုလေးထဲ လှေဦးတိုက် လှည်းဦးတိုက် လမ်းမကြီးတည့်တည့် ပိတ်ဆောက်ထားတဲ့ စကားဝါအိမ်။လူပေါ်ကြော့ သူဌေးသားတစ်ယောက်ဟာ
ကျိကျိတက်ချမ်းသာတဲ့ ဖခင်သူဌေးကြီးကွယ်လွန်တော့
လမ်းစုတ်ကြီးပေါ်က အိမ်တစ်လုံးသာ အမွေရခဲ့တယ်။

စိတ်ပေါက်ပေါက်နဲ့ သူငယ်ချင်းတွေခေါ်ပြီး စကားဝါအိမ်ကြီးကိုရောက်လာကြရာမယ် သိပ္ပံပညာနဲ့ အဖြေမရှာနိုင်သေးတဲ့ သဘာဝလွန် ဖြစ်ရပ်များနဲ့ ကြုံတွေ့ရတော့တယ်။လူကိုးယောက်သေတယ်။တစ်ယောက်သာ ဒဏ်ရာတချို့နဲ့ အသက်ရှင်ကျန်ရစ်တယ်။နှစ်ပေါင်းများစွာ တရားတဘောင်ဖြေရှင်းရတယ်။တရားခံအစစ်ကိုရှာမရ။

စကားဝါရဲ့နောက်ကြောင်းကို ဘယ်သူ့ကိုမှ ပြောမပြဘဲ ရေငုံနှုတ်ပိတ်နေခဲ့တဲ့ ကျန်ရစ်သူဟာ ဂျာနယ်လစ်မလေးနဲ့ တွေ့ချင်တယ်။စကားဝါပုံပြင်ကို အပြည့်အစုံ ပြောပြချင်တယ်ဆိုပြီး ကမ်းလှမ်းလာတယ်။ဒီနှစ်ယောက်ရဲ့
အပြန်အလှန် အမေးအဖြေတွေကြားမှာ စကားဝါရဲ့ ကြောက်စရာ၊ ရင်နင့်စရာ၊ မယုံနိုင်စရာ ဇာတ်လမ်းက တစ်စပြီးတစ်စ ရုပ်လုံးပေါ်လာတယ်။ပြီးတော့ စကားဝါဖြစ်ရပ်မှာ ကျန်ရစ်သူ ဇာတ်လိုက်ကလွဲရင် ဘယ်သူမှ မမြင်မတွေ့လိုက်ရတဲ့ ၁၁ယောက်မြောက်လူတစ်ယောက်။

လောကကြီးထဲ လူတွေ သက်ရှိတွေအပြင် ဘယ်လိုအရာတွေကကော သက်ဝင်လှုပ်ရှားနေသေးသလဲ။ဘယ်လိုအရာတွေနဲ့ ကျွန်တော်တို့ဟာ ယှဉ်တွဲနေထိုင်နေရတာလဲ။
သို့လော သို့လော တွေးတောကြ‌တာပေါ့ခင်ဗျာ။

#စကားဝါ
#ချမ်းမြေ့ဝင်း

အပြာအဝါ         နတ်နွယ်''ကိုယ်နဲ့တော့မဆိုင်ပါဘူး၊ ဒါပေမယ့်အခင်ဆုံးရဲဘော်တစ်ယောက်မို့ ပြောကြည့်တာပါ။ ရင်ရင်နွဲ့ကို ကိုယ်ခ...
26/09/2022

အပြာအဝါ
နတ်နွယ်

''ကိုယ်နဲ့တော့မဆိုင်ပါဘူး၊ ဒါပေမယ့်အခင်ဆုံးရဲဘော်တစ်ယောက်မို့ ပြောကြည့်တာပါ။ ရင်ရင်နွဲ့ကို ကိုယ်ခင်ပါတယ်။ဒါပေမယ့် သူ့ကိုများ အသဲခွဲသွားမလားလို့ စိုးရိမ်မိတယ်။အနွဲ့ကလှတယ်၊ ကိုယ်တို့ထက်လှတယ်...''

အရုပ်ဆိုးမလေး 'ရွှေ'

ထိုခေတ်ထိုအခါက မိန်းမပျိုတစ်ဦးက ယှဉ်ဘက် မိန်းမပျိုတစ်ဦးကို အကွက်ကျော်ပုံလေးနှင့် တစ်ခါတည်း ရေလာမြောင်းပေးလုပ်သွားပုံ ပေးစာလေးကို ဖတ်ရတော့ ပြုံးစိစိဖြစ်သွားတယ်။

နှစ်၁၀၀အတွင်း အကောင်းဆုံးမြန်မာဝတ္ထု၁၀၀ထဲ
'အပြာအဝါ'ဟာတစ်အုပ်အပါအဝင်။နိုင်ငံရေးနောက်ခံ
ဝတ္ထုကောင်းတစ်ပုဒ်အဖြစ်လည်း ထင်ရှားတယ်။

တက္ကသိုလ်နောက်ခံဝတ္ထုဖြစ်လို့လည်း လူငယ်လူလှ မိန်းမချောလေးများနှင့် ဝတ္ထုဟာ တက်ကြွနေတယ်။ဖဆပလခေတ်(ဝန်ကြီးချုပ်ဦးနု)နိုင်ငံရေးအခြေအနေကို ကျောင်းသားထုဘက်မှ အမြင်တစ်မျိုးဖြင့် တီးမိခေါက်မိ‌ရှိစေမယ်။(နိုင်ငံရေးသမားများ၏ အညှီအပုပ်များ အနည်းငယ် စွက်နေသဖြင့် ပထမအကြိမ်ထုတ်ဝေချိန်တွင် ဆင်ဆာဖြတ်ခံရသည်များရှိသည်။ယခု စတုတ္ထအကြိမ်မြောက်တွင်မှ ထပ်ဖြည့်ထားသည်။)

အပြာဟာ မန္တလေးတက္ကသိုလ်ရဲ့ ဖြစ်ကြောင်းထွေလာကို ရည်ညွှန်းပြီး အဝါဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ဇာတ်ကောင်များနှင့် ဇာတ်ကြောင်းကို ဖော်ဆောင်တယ်။

ဝါဒတစ်ခုအစွဲပြုသူတွေ သန်ရာသန်ရာ ငြင်းခုံကြတဲ့အခါ ဘေးထိုင်ကြည့်သူ ရယ်ချင်မိသလို စာဖတ်သူဟာလည်း အနဲဆုံးပြုံးနေမိမည် ဧကန်ပင်။

တက္ကသိုလ်နောက်ခံ နိုင်ငံရေးနောက်ခံ ကြိုက်သူအဖို့တော့ စားချင်နေတဲ့ ဟင်းပွဲတွေထဲ တစ်ပွဲတော့ မြည်းစမ်းခွင့် ရဦးမည်ပေါ့ခင်ဗျာ။

The Stalkerဆရာမမယ်လွင့်ရဲ့ ထူးခြားတဲ့လက်ရာတစ်ခု။ဆရာမရဲ့စာအုပ်တွေကို အစဉ်တစိုက် ဖတ်ရှူခဲ့သူတွေအတွက်ဒီစာအုပ်ဟာ တစ်မူကွဲတဲ့...
23/09/2022

The Stalker

ဆရာမမယ်လွင့်ရဲ့ ထူးခြားတဲ့လက်ရာတစ်ခု။ဆရာမရဲ့စာအုပ်တွေကို အစဉ်တစိုက် ဖတ်ရှူခဲ့သူတွေအတွက်
ဒီစာအုပ်ဟာ တစ်မူကွဲတဲ့ ရေးဟန်မျိုးရှိကြောင်းခံစားမိကြတယ်။ဆရာမကိုယ်တိုင်လည်း ဒီအချက်ကိုဘွင်းဘွင်း
ဝန်ခံထားတယ်။ The Stalkerကို ဖတ်မိတဲ့အခါဇာတ်ဆောင်ဆွေရည်နဲ့အတူ စာဖတ်သူဟာ stalker
ဖြစ်သွားမယ်။ဒါဟာ100မှာ80%လောက်သေချာတဲ့ကိစ္စ။

ကျွန်တော် ထူးထူးခြားခြားခံစားမိသည်ကား ခံစားမှုပိုင်း။
ချစ်ခင်မှု၊ မြတ်နိုးမှု၊ သနားကြင်နာမှု၊ အံ့ဩမှု၊ တွေဝေမှု၊ မုန်းတီးမှု စသောစသော ခံစားမှုရသတွေဟာ ပြွန်းတီးနေတယ်။ဘူဖေးပေါ့ခင်ဗျာ။စာရေးသူဟာ စာဖတ်သူတွေအတွက် သိပ်တန်စေချင်ပုံပါဘဲ။

စာဖတ်လေ့ရှိသူအဖို့ ဆွဲဆောင်မှုကောင်းတဲ့ ဒီစာအုပ်ကို လေး၊ငါးနာရီ တစ်ထိုင်တည်း ဖတ်ရုံနဲ့ ပြီးပါတယ်။ အဲ့အတောအတွင်းမယ် စာဖတ်သူဟာ စာအုပ်ပါအကြောင်း အရာမှအပတခြားအကြောင်း ဝင်မဆန့်နိုင်အောင်ပါဘဲ။

ပစ္စုပ္ပန်အခြေအနေက ခဏရုန်းထွက်ချင်သူအဖို့ ရွေးချယ်မှုကောင်းတစ်ခုဖြစ်မယ်။ တသသ စွဲနေမယ့် စာအုပ်မျိုးလို့တော့ မဆိုနိုင်ပါ။ သို့သော် စာအုပ်ပါအကြောင်းအရာတွေဟာ တစ်မျိုးဆန်းတွေမို့ စာဖတ်သူရဲ့ မှတ်ညာဏ်ထဲမယ် အပိုင်းတစ်ပိုင်းအနေနဲ့ ပျော်ဝင်သွားကောင်းပါတယ်။

ခေတ်ဆန်တဲ့ စာရေးသူရဲ့ ခေတ်နဲ့အညီ ပြေးနေ
တဲ့ဝတ္ထုမို့ စာဖတ်သူတို့ အကြိုက်တွေ့မည်မှာ မလွဲပါ။

Photo Crd to zat lat ni

Address

Mingaladon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959794476082

Website

Alerts

Be the first to know and let us send you an email when Jack Gar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jack Gar:

Share