16/10/2023
"မင်းလှမြို့ မဟာ သတိပဋ္ဌာန်ကျောင်းက နှစ်၁၀၀ကျော် သက်တမ်းရှိ သစ်သားတံကဲတော်ကြီးအကြောင်း"
မင်းလှမြို့က နှစ်၁၀၀ကျော် သက်တမ်းရှိ သစ်သားတံကဲတော်ကြီးအကြောင်း မပြောခင် တံကဲဆိုတာကို မသိကြသူတွေအတွတ် ဗဟုသုတ ရရှိစေဖို့ တံကဲအကြောင်း ကနဦး ဖော်ပြလိုက်ပါသည်။
"တံကဲ"
တံကဲသည် သစ်သား (သို့မဟုတ်) အင်္ဂတေကို ခြူးပန်း ခြူးနွယ် ကနုတ်များဖြင့် အလှဆင်ထုလုပ်သည့် မြန်မာ့ရိုးရာပန်းပုနှင့် ပန်းတော့ အနုလက်ရာ ဖြစ်ပြီး မြန်မာအဘိဓာန်က တံကဲကို ပလ္လင်နောက်မှီဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုဒ် လေးပါးအနက် ဟန်တစ်မျိုးမျိုးဖြင့် ထုလုပ်လေ့ရှိသည့် ဗုဒ္ဓ ဆင်းတုတော်များအနက် ထိုင်တော်မူနှင့် ရပ်တော်မူ ရုပ်ပွားတော်အချို့၏ ကျောဘက်တွင် တံကဲ (ပလ္လင် နောက်မှီ) တစ်ခုကို ထားရှိလေ့ရှိခဲ့သည်။
တံကဲကိုပလ္လင်နှင့်တွဲ၍ ပလ္လင်တံကဲဟုလည်းခေါ်ဆို သည်။ ပလ္လင်တံကဲတွင် ခြင်္သေ့၊ ဆင်ပျံ၊ လောကနတ်၊ ဒေါင်းမြီးယပ်၊ ဆင်နား၊တံခါးတိုင်၊သိကြား၊ကိန္နရာ၊ သမ္မာ ဒေဝ၊ ခြူး၊ ကြာ၊ ဦးဆောက်ပန်း ဟူသည့်နေရာ ၁၂ ခု ထည့်သွင်းပြုလုပ်၍ ခြင်္သေ့ရုပ်ကို ပလ္လင်အောက်ခုံနေရာ တွင် ထားလေ့ရှိသည်။
ပလ္လင်တံကဲများကို သစ်သားပြားများအား သုံးထပ်၊ ငါးထပ်၊ ရှစ်ထပ် စသည်ဖြင့် အလွှာများ ပြုလုပ်၍ ဇာတ်တော်၊ နိပါတ်တော်များထဲမှ ဇာတ်ကွက်များကို ပန်းခက်ပန်းနွယ်များဖြင့် အနုစိတ်ထုလုပ် ပုံဖော်ကြ သည်။ ယခုအချိန်တွင် ပုဂံ၊ အင်းဝ၊ ညောင်ရမ်းခေတ် လက်ရာ သစ်သားတံကဲများသည် ဆွေးမြည့်ပျက်စီးမှု ကြောင့် များစွာမကျန်ရှိတော့ဘဲ ကုန်းဘောင်ခေတ် လက်ရာ သစ်သားတံကဲများကိုသာ တွေ့ရှိနိုင်ကြသည်။
မြန်မာ့ဗိသုကာပညာတွင် စုလစ်မွမ်းချွန်ဟုခေါ်သည့် အပြောက်အမွမ်းများကို သစ်သား၊ ကျောက်၊ အင်္ဂတေ၊ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သတ္တု စသည်တို့ဖြင့် ရုပ်လုံး၊ ရုပ်ကြွ၊ ရုပ်ခုံးပုံသဏ္ဌာန်အမျိုးမျိုးကိုထုလုပ်သကဲ့သို့ ဘီလူးပန်းဆွဲ၊ ဂဠုန်၊ ကိန္နရာ၊ သိကြားမင်း၊ ဥဒေါင်း၊ ဆင်၊ ခြင်္သေ့ စသည့် အရုပ် များကိုလည်း ပန်းကနုတ်များဖြင့် လက်ရာမြောက်စွာ ပြုလုပ်ကြသည်။ ယင်းအပြောက် အမွမ်းများအနက် သစ်သားတံကဲအနုလက်ရာများကို လူအများကစိတ်ဝင်စား ကြသည်။
သစ်သားတံကဲများအပြင် ဘုရားစေတီတော်များ၏ မုခ်ပေါက်များနှင့် ဘုရားတန်ဆောင်းများ၏ ဝင်ပေါက် အထက်ပိုင်းမုခ်ခုံးနှင့် မုခ်ဝနေရာများတွင် အုတ်အင်္ဂတေ မုခ်ကပ်တံကဲများကို တွေ့ရှိနိုင်သည်။ရှေးဟောင်းဘုန်းတော်ကြီးကျောင်းများတွင် မုခ်တံကဲများကို သစ်သားဖြင့် အများဆုံးပြုလုပ်ကြပြီး ပန်းကနုတ်များတွင် သိကြားမင်း၊ နတ်၊ ကျေး၊ ဒေါင်းအစရှိသည့် ရုပ်တုများကို ထည့်သွင်း ထုလုပ်ကြသည်။
ရုပ်ကြွ၊ ရုပ်ခုံး၊ ရုပ်လုံးများကို ပန်းနွယ် ပန်းခက်များနှင့် ပေါင်းစပ်ထုလုပ်ထားသည့် သစ်သားတံကဲများသည် ခေတ်ကာလနှင့် နေရာဌာနကို လိုက်၍ ကွဲပြားခဲ့ကြသည်။ အထူးသဖြင့်ကုန်းဘောင်ခေတ်လက်ရာ တံကဲများသည် အနုစိတ်ပုံဖော်မှု ပိုမိုများပြားကာ အနုပညာလက်ရာ အပီပြင်ဆုံး ဖြစ်ကြသည်။
"မင်းလှမြို့က နှစ်၁၀၀ကျော် သက်တမ်းရှိ သစ်သားတံကဲတော်ကြီး"
သစ်သားတုံးတစ်ခုအတွင်း၌ အထပ်များ၊ အလွှာများပြုလုပ်၍ ဗုဒ္ဓဝင်ဇာတ်ကွက်များကို ပန်းပုရုပ်လုံးများ ထွင်းထုပုံဖော်ထားသည့် သစ်သားတံကဲတော်များကို မြန်မာနိုင်ငံရှိ ထင်ရှားသော ဘုရားစေတီအချို့၏ ဂန္ဓကုဋိတိုက်များတွင် ဗုဒ္ဓရုပ်ပွားတော်များ၏ ပလ္လင် နောက်မှီအဆင်တန်ဆာအဖြစ် မြင်တွေ့နိုင်ကြသည်။ ယင်းကဲ့သို့ လက်ရာမြောက်စွာ ထုလုပ်ထားသည့် ထင်ရှားသော ပလ္လင်တံကဲတော်များအနက် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ အမှတ် (၈) ရပ်ကွက်၊ မဟာသတိပဋ္ဌာန်ကျောင်းတိုက်တွင် တည်ရှိသည့် တံကဲတော်သည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။
မဟာသတိပဋ္ဌာန်ကျောင်းတိုက်ဝင်း အတွင်းရှိ အနန္တမိဘမေတ္တာ မင်္ဂလာသိမ်တော်တွင် ပူဇော်ထားရှိသည့် ဗုဒ္ဓရုပ်ပွားတော် ၏ တံကဲတော်သည် အမြင့် ၁၀ ပေ၊ အကျယ် သုံးပေ ငါး လက်မနှင့် ထု ခုနစ်လက်မ ရှိသည့် ယမနေသားတံကဲဖြစ်၍ ပန်းအထပ်ခုနစ်ထပ်တွင် အရုပ်ပေါင်း ၆၀ ကို ထွင်းထုထားသည်။ တံကဲတော်တွင် ဗုဒ္ဓဝင်လာဇာတ် ကွက် ခုနစ်ကွက်နှင့် ဒဿဂီရိနှင့် မယ်သီတာ ဇာတ်လမ်းမှ ဇာတ်ကွက်တို့ကို ထုဆစ်ထားသည်။
တံကဲတော်ပေါ်တွင် သုဝဏ္ဏသာမဇာတ်၊ ဘုရား လောင်း တောထွက်ခန်း၊ ဖန်ရည်စွန်းသောသင်္ကန်းကို ဝတ်၍ ဘုရားလောင်း တရားကျင့်ပုံ၊ ဘုရားလောင်းပျောက်သွားသဖြင့် ရှင်ဘုရင်ထံ သံတော်ဦးတင်ပုံ၊ ရာဇဂြိုဟ် သူဌေးအိမ်ရှေ့တွင် စိုက်ထူထားသည့် အတောင် ၆၀ မြင့်သော တိုင်ထိပ်ရှိ စန္ဒကူးသပိတ်ကိုရယူရန် တိတ္ထိ ခြောက်ဦး ကြိုးပမ်းကြပုံ၊ အရှင် ပိဏ္ဍောလဘာရဒွါဇ မထေရ်က တန်ခိုးတော်ပြပြီး သပိတ်ကို ရယူပုံ၊ ဘာသာမဲ့ ရာဇဂြိုဟ်သူဌေး ဗုဒ္ဓဘာသာအဖြစ် ခံယူပုံတို့ကို ထုလုပ်ထားပြီး တံကဲအလှူရှင်သည် မဟာသတိပဋ္ဌာန်ကျောင်း တိုက်အလှူရှင် ဦးပွန်နန်နှင့် ဒေါ်ငွေသက် ဖြစ်၍ ထုလုပ် သူမှာ ပခုက္ကူမြို့မှ ပန်းပုဆရာ မောင်ဘိုးမင်း ဖြစ်သည်။ မောင်ဘိုးမင်းသည် တံကဲတော်ကို မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ်တွင် စတင်ထုလုပ်ရာ သုံးနှစ်ကြာမြင့်ခဲ့ပြီး အလှူရှင် က လက်ခငွေ ဒင်္ဂါးအပြား ၁၀၀ နှင့် ဝတ်စုံ သုံးစုံကို ဆုချခဲ့ကြောင်း တံကဲတော်မှတ်တမ်းတွင် ဖော်ပြထား သည်။
မူရင်းဓာတ်ပုံပိုင်ရှင်အား Crd ပေးပါတယ်။