05/06/2026
နမ့်ခမ်းမြို့အနီး ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှု
နှင့် ပတ်သက်၍ Kachin Sub - State အတိုင်ပင်ခံ အဖွဲ့၏ သဘောထားထုတ်ပြန်ချက်။
၅ ဇွန် ၂၀၂၆။ 7Stars News
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ၌ လွန်ခဲ့သော မေလ (၃၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် 'Kachin Sub-State အတိုင်ပင်ခံအဖွဲ့' ၏ အချက် (၇) ချက်ပါ သဘောထားကို ယနေ့ ဇွန်လ (၅) ရက်နေ့ ရက်စွဲဖြင့် အောက်ပါအတိုင်း ထုတ်ပြန်ခဲ့ကြသည်။
၁။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ၌ ၂၀၂၆ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ ယင်းပေါက်ကွဲမှုသည် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) လက်အောက်၊ စီးပွားရေးဌာန၏ ကျောက်ထုတ်လုပ်ရေး မိုင်းတွင်းများ၌ အသုံးပြုရန် သိုလှောင်ထားသော ယမ်းပျော့အမျိုးအစားများ မတော်တဆ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း PSLF/TNLA ၏ မေလ (၃၁) ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
၂။ အဆိုပါ ပေါက်ကွဲမှုကြောင့် လူများစွာ အသက်သေဆုံးခဲ့ရကာ၊ အများအပြား ပြင်းထန်သည့် ဒဏ်ရာများ ရရှိသည့်အပြင် လူနေအိမ်အမြောက်အမြား ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။
၃။ ဤဖြစ်စဥ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသောမိသားစုများအပါအဝင်၊ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးသွားခဲ့ရသော မိသားစုများ နှင့် ထပ်တူ ဝမ်းနည်းကြောင်းဖော်ပြအပ်ပါသည်။
၄။ ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နိုင်ငံသားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း နှင့် နေအိမ်အမြောက်အမြား ပျက်စီးဆုံးရှုံးလျက်ရှိ သည်ကို နေ့စဉ်နှင့်အမျှ မြင်တွေ့ကြားသိနေရသည်။
၅။ ထို့အပြင် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ လက်နက်ခဲယမ်း စီမံခန့်ခွဲမှု အားနည်း ပေါ့လျော့မှုများကြောင့် လက်ရှိ ကောင်းတပ်ကျေးရွာတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်အပါအဝင်၊ အရပ်သားပြည်သူများ နှင့် တိုက်ရိုက် ထိစပ်သည့် နေရာများတွင် လက်နက်ခဲယမ်းစီမံခန့်ခွဲ သိုလှောင်ရုံများ ထားရှိမှုများကြောင့် အရပ်သားပြည်သူများ သေဆုံးခြင်း၊ ထိခိုက် ဒဏ်ရာရရှိခြင်း နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးသည့် ဖြစ်စဥ်များစွာရှိခဲ့ပြီး ဖြစ်သည်။
၆။ ထို့ကြောင့်၊ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး၊ မိမိတို့၏ လက်နက်ခဲယမ်းစီမံခန့်ခွဲမှု အားနည်း ပေါ့လျော့မှုများ ဆက်လက်မဖြစ်ပွားစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ အထူးသတိပြု ကြပ်မတ်ပေးပါရန် တိုက်တွန်းအပ်ပါသည်။
၇။ ထို့အတူ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ၊ လူနေရပ်ကွက်အတွင်း၌ ပေါက်ကွဲစေတတ်သော ယမ်းများကို သိုလှောင်ထားရှိမှုကြောင့် မတော်တဆပေါက်ကွဲမှုဖြစ်ပွားကာ ပြည်သူလူထု အမြောက်
အမြား အသက်ဆုံးရှုံးခဲ့ရသည့်အပြင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြသည်သာမက နေအိမ်ခြံဝန်းများ နှင့် ပစ္စည်းဥစ္စာများပါ ပျက်စီးခဲ့ရသော ပြည်သူလူထုများ၏ နစ်နာဆုံးရှုံးမှုများကို ဒေသတွင်းအုပ်ချုပ်ရေး အာဏာကိုရယူထားသည့် PSLF/TNLA အဖွဲ့အစည်းအနေဖြင့် တာဝန်ယူ၊ တာဝန်ခံမှု အပြည့်အဝ ရှိစေဖို့ရန် တိုက်တွန်းနှိုးဆော် အပ်ပါကြောင်း ကျွန်ုပ်တို့ Kachin Sub - State အတိုင်ပင်ခံအဖွဲ့၏ သဘောထားကို ထုတ်ပြန်လိုက်သည်။
"Kachin Sub - State အတိုင်ပင်ခံ အဖွဲ့” ကို လွန်ခဲ့သော ၂၀၁၆ ခုနှစ်၌ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်အမျိုးသား တစ်ရပ်လုံး၏ ထောက်ခံချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရှမ်းမြောက်ရှိ ဒေသအသီးသီးမှ ကချင်လူထု၏ ရွေးကောက်ခံ ပုဂ္ဂိုလ် (၃၄) ဦးပါဝင်လျက် ကချင်အမျိုးသားရေး လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်သည်။
ိုင်ပင်ခံအဖွဲ့
#နမ့်ခမ်းအနီးပေါက်ကွဲမှုအပေါ်သဘောထားထုတ်ပြန်ချက်