7Stars News

7Stars News News & Media Co.,Ltd Base at Myanmar The 7Stars News (Seven Stars News Group) is a non-profit Burmese media organization committed to responsible journalism.
(1)

Our mission is –
– to provide accurate and unbiased news to the people of Burma,
– to promote understanding and cooperation amongst the various ethnic and religious groups of Burma,
– to encourage and sustain independent public opinion and enable social and political debate
– to impart the ideals of democracy and human rights to the people of Burma. The 7stars News Agency is formerly registered & based in Northern Shan State and now 7Stars News Group is officially operating in Myanmar/Burma.

ABSDF တပ်စခန်း လေကြောင်းတိုက်ခိုက်ခံရ။၇ ဒီဇင်ဘာ ၂၀၂၅။ - 7stars Newsရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် မြစ်ဆုံကျေး...
07/12/2025

ABSDF တပ်စခန်း လေကြောင်းတိုက်ခိုက်ခံရ။

၇ ဒီဇင်ဘာ ၂၀၂၅။ - 7stars News

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာ အနီးရှိ ABSDF ရှေ့တန်းကာကင်း စခန်းတစ်ခုကို စစ်ကော်မရှင် တပ်ဖွဲ့က ယနေ့ နံနက်ပိုင်း ၁၀:၂၅ နာရီအချိန်တွင် ဂျက်ဖိုက်တာ (၃) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဗုံးဒဏ်ကြောင့် ABSDF တပ်စခန်းရှိ နေအိမ် အချို့ ပျက်စီးမှုရှိခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးက 7stars News ကို ပြောသည်။

"ဒီမနက်ပိုင်း ၁၀:၂၅ နာရီ နဲ့ ၁၀:၅၀ နာရီအချိန် အတွင်း စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာ ၃ စီး နဲ့ ဗုံး ၈ ကြိမ် ကြဲချခဲ့တယ်။ ကြိုတင်သတင်း ရခဲ့လို့ လူထိခိုက်ဒဏ်ရာရ တာမျိုးမရှိခဲ့ဘူး။ ရှေ့တန်းကာကင်းစခန်း နဲ့ အနီးဝန်းကျင်မှာရှိတဲ့ တဲတွေတော့ ပျက်စီးကုန် တယ်။” ဟု ဆိုသည်။

စစ်ကော်မရှင် တပ်ဖွဲ့မှ လေကြောင်းတိုက်ခိုက်မှုပြုခဲ့သော နေရာ၌ မည်သည့် ထိတွေ့ တိုက်ပွဲမျှ မရှိကြောင်းကိုလည်း ဆက်လက်ကြားသိရသည်။

စစ်ကော်မရှင် တပ်ဖွဲ့သည် မိုးကုတ်မြို့ နှင့် မိုးမိတ်မြို့တို့ကို PSLF/TNLA တပ်ဖွဲ့ထံမှ ဘေးကင်းလုံခြုံစွာဖြင့် လွဲပြောင်းထိန်းချုပ်နိုင်ဖို့ရန် အနီးဝန်းကျင်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်စခန်းမျာကို လေကြောင်းဖြင့် ရံဖန်ရံခါ ခြိမ်းခြောက်တိုက်ခိုက်လေ့ ရှိသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်မှု (၁)နှစ်ပြည့်ပြီဖြစ်ပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ။7 Stars Ne...
04/12/2025

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်မှု (၁)နှစ်ပြည့်ပြီဖြစ်ပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ။

7 Stars News - ၄ ဒီဇင်ဘာ ၂၀၂၅။

ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIAနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဆင်နွှဲနေသည်မှာ တစ်နှစ်ပြည့်ပြီဖြစ်ပြီး ယနေ့အချိန်ထိ ဗန်းမော်မြို့အပါအဝင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၄ ဒီဇင်ဘာလ (၄)ရက်နေ့တွင် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များမှ ဗန်းမော်မြို့ရှိ စစ်ကော်မရှင်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်စခန်း အများအပြားကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြကာ ယနေ့အထိ ဗန်းမော်မြို့ရှိ ကျန်နသေးသောစစ်တပ်စခန်းများကို ပိတ်ဆို့ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်သည့်နေ့တွင်ပင် ဗန်းမော်မြို့ရှိ ခလရ (၄၇)၏ ကာကင်းစခန်းများဖြစ်သည့် ဖန်ခါးကုန်း တပ်စခန်းနှင့် ညောင်ပင်သာ စခန်းတို့အပါအဝင် နေရာ (၁၀)ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။

ဗန်းမော်မြို့၏ စစ်ရေးအရ အရေးပါသော တပ်စခန်းနေရာအများစုကို KIA နှင့်တော်လှန်းရေးပူးပေါင်းတပ်များမှ သိမ်းပိုက်ထားနိုင်ပြီး သိမ်းပိုက်ရန် ကျန်ရှိနေသော ခလရ (၄၇)တပ်စခန်းကြီးနှင့် အနီးပတ်ဝန်းကျင် နေရာအချို့၌သာ စစ်ကော်မရှင်တပ်များ တပ်စွဲနေထားရပြီး ထိုနေရာအချို့တွင် နှစ်ဖက်တပ်များ ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ရှေ့တန်းသတင်းရင်းမြစ်များ၏ ပြောပြချက်အရ ဗန်းမော်တက္ကသိုလ်၊နန့်ဖား၊ တာမိုင်းလုံ၊ သုံးမိုင်၊ ဖန်ခါးကုန်းနှင့် မြို့သစ် စသည့်နေရာများတွင် နှစ်ဖက် တပ်များ ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေလျက်ရှိပြီး နှစ်ဖက်တပ်ဘက်မှ ဆုတ်ခွာလိုက် သိမ်းပိုက်လိုက် ဖြစ်နေကျဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်ဘက်မှလည်း ဗန်းမော်မြို့ မကျရှုံးဖို့အရေး ကုန်းကြောင်း၊လေကြောင်းနှင့် ရေကြောင်း စသည့် ပစ်ကူအမြောက်အမြားကို အသုံးပြုပြီး ကာကွယ်နေပြီး ရေကြောင်းမှ ရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ်များနှင့် အခြားထောက်ပို့ အကူအညီများကို အသုံးပြုပြီး အပြင်းအထန် ကာကွယ်နေလျက်ရှိသည်။

KIAမှ ဗန်းမော်တွင် ရေကြောင်းဖြင့် စစ်ကူရောက်လာသော စစ်သင်္ဘောများကို ကြားဖြတ်တိုက်ခိုက်မှုများ၊ လေကြောင်းဖြင့် စစ်ကူလာရောက်ချပေးသော စစ်ရဟတ်ယာဉ်များကို ဒရုန်းဖြင့် တိုက်ခိုက်မှုများအပြင် မြေပြင် တိုက်ခိုက်မှုများကိုလည်း တိုက်ပွဲစတင်သည့် နေ့မှစ၍ တောက်လျှောက် ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ဖားကန့်ဒေသတွင် စစ်ကော်မရှင်ဘက်မှ စစ်အင်အား ဖြည့်တင်းလာခဲ့ပြီး မကြာခဏ KIAပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း စစ်ကော်မရှင် စစ်ကြောင်းတစ်ခုကို KIA ပူးပေါင်းတပ်များ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် စစ်တပ်ဘက်မှ သွေးရူးသွေးတန်းဖြင့် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦး ပြောဆိုချက်အရ သိရသည်။

ဝိုင်းမော်မြို့နယ်တွင်လည်း စစ်ကော်မရှင်တပ်စခန်းကို KIAပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့ပြီး စစ်တပ်ဘက်မှ ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

စစ်ကော်မရှင်တပ်နှင့် ခေါင်လန်ဖူးဌာနေပြည်သူ့စစ် ပူးပေါင်းတပ်များမှ လန်ဆယ်ဒေသသို့ ထိုးစစ်ဆင်လာခဲ့သောကြောင့် KIAပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်းများနှင့် စစ်လက်နက်ပစ္စည်းများကိုလည်း KIAပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့ကြသည်။

စစ်ကော်မရှင်ဘက်မှလည်း ကချင်ပြည်နယ် နေရာအနှံ့ တိုက်ပွဲဖြစ်ပွားသော နေရာများကို လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်သည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့ရွာများကိုလည်း ဗုံးကြဲချမှုများ ပြုလုပ်နေသောကြောင့် အပြစ်မဲ့ ပြည်သူများ လေယာဉ်ဗုံး ထိမှန်ကာ သေဆုံးခဲ့ကြရသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ တစ်နှစ်ပြည့်ပြီးနောက်တွင်လည်း KIA၊ KPDFနှင့် အခြား တော်လှန်ရေးပူးပေါင်းတပ်များမှ ဗန်းမော်မြို့အပြင် ကချင်ပြည်နယ်ရှိ စစ်ကော်မရှင်တပ်စခန်းများနှင့် စစ်ကြောင်းကို ဆက်လျက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ဆောင်ရွက်နေလျက်ရှိသည်။

PSLF/TNLA တပ်ဖွဲ့က ဓားခုတ်မှုဖြင့် မှားယွင်းဖမ်းဆီးခဲ့သော ခရစ်ယာန် ဓမ္မဆရာ နှစ်ဦးကို လွှတ်ပေးခဲ့ပြီး ကျန်ရှိနေသေးသော မိ...
03/12/2025

PSLF/TNLA တပ်ဖွဲ့က ဓားခုတ်မှုဖြင့် မှားယွင်းဖမ်းဆီးခဲ့သော ခရစ်ယာန် ဓမ္မဆရာ နှစ်ဦးကို လွှတ်ပေးခဲ့ပြီး ကျန်ရှိနေသေးသော မိသားစုဝင်များကိုလည်း အာမခံဖြင့်လွှတ်ပေးမည်။

၃ ဒီဇင်ဘာ ၂၀၂၅။ - 7Stars News

ရှမ်းပြည်နယ်မြောက်ပိုင်း KIO/KIA ၏ အရပ်ဘက် အုပ်ချုပ်မှု ယန္တရားလည်ပတ်လျက်ရှိသော နမ့်ဖတ်ကာ ကျေးရွာအုပ်စု၊ လွယ်ကန်ကျေးရွာ လယ်ကွင်း အနီး၌ ဦးအေးလိုင် နှင့် ဒေါ်အီမေး တို့အား ယမန်နေ့ (ဒီဇင်ဘာ ၂ ရက်နေ့) ညနေပိုင်း ၃:၅၇ နာရီအချိန်တွင် ဓားခုတ်ဒဏ်ရာများဖြင့် မြေပြင်ပေါ်လဲလျောင်း နေသည်ကို တွေ့ခဲ့ကြရကာ ယင်းမှုခင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ခရစ်ယာန် ဓမ္မဆရာမိသားစုကို PSLF/TNLA ရဲတပ်ဖွဲ့က သံသယဖြင့် မှားယွင်း ဖမ်းဆီး ချုပ်နှောင်မှုပြုခဲ့ကြောင်း သတင်းရရှိသည်။

ဦးအေးလိုင် နှင့် ဒေါ်အီမေး တို့အား ဓားဖြင့် ခုတ်ထစ်တိုက်ခိုက်ခဲ့သော တရားခံကို ဖမ်းမိခြင်းမရှိသောကြောင့် အခင်းဖြစ်ပွားရာ နေရာရှိ မြေပိုင်ရှင်ဖြစ်သူ ဆရာဦးဖောဝ်ဝုန်ဘရန်အောင်၊ သိက္ခာတော်ရ ဒေါက်တာတူးထန် နှင့် သင်းထောက်ဆရာ ဦးဇိန်ထုန်းဘရန်တောင် မိသားစုကို သံသယဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်း ဖြစ်ကြောင်း နမ့်ဖတ်ကာ ဒေသခံတစ်ဦးက 7stars News ကို ပြောသည်။

“မနေ့ညနေပိုင်း လေးနာရီမထိုးခင် ဦးအေးလိုင် နဲ့ ဒေါ်အီမေး တို့ ဇနီးမောင်နှံ တို့ကို လွယ်ကန်ရွာမှာရှိတဲ့ ဆရာဦးဖောဝ်ဝုန်ဘရန်အောင် တို့ရဲ့ ယာခင်းနားမှာ ဓားခုတ်ဒဏ်ရာတွေနဲ့ တွေ့ခဲ့ကြတာပါ။ ဦးအေးလိုင် က ဘယ်ဘက်ပါးမှာ ပြတ်ရှ ဒဏ်ရာကြီးကြီး မားမား ရခဲ့ပြီး သတိမေ့မြောနေတယ်။ ဒေါ်အီမေး ကတော့ လက်တစ်ဖက်ပြတ်သွားတယ်။ ဒါပေမဲ့ သတိတော့ ရနေသေးတယ်။ နှစ်ဦးလုံးကို နမ့်ဖတ်ကာ ပြည်သူ့ဆေးရုံဘက် သယ်ဆောင်သွားပြီး ဆေးကုသမှုတွေလုပ်ခဲ့ကြတယ်။ ဒဏ်ရာတွေ ပြင်းထန်တာမို့ ညတွင်းချင်း ကွတ်ခိုင်ဆေးရုံ ဘက်ကို လွှဲပြောင်းပေးခဲ့တယ်။ ဒေါ်အီမေး ကသတိရနေတာမို့ ဖြစ်စဉ်ကိုမေးကြည့်တော့ အင်္ကျီအနက်ရောင် နဲ့ ပျောက်ကြားဘောင်းဘီ ဝတ်ထားတဲ့ အမျိုးသားတစ်ဦးက သူတို့နှစ်ဦးကို ဓားနဲ့ခုတ်သွားတာဖြစ်တယ်လို့ ဖြေဆိုတယ်။ ဘယ်သူဘယ်ဝါ ဆိုတာကို ဒေါ်အီမေးကလည်း အတိအကျ မပြောနိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့ အခင်းဖြစ်ပွားခဲ့တဲ့ နေရာ ယာခင်းပိုင်ရှင်တွေမှာ တာဝန်ရှိတယ်လို့ ယူဆပြီး ယာခင်းပိုင်ရှင် ဆရာဦးဖောဝ်ဝုန်ဘရန်အောင်၊ သင်းထောက်ဆရာ ဦးဇိန်ထုန်းဘရန်တောင်ရဲ့ မိသားစု နဲ့ သိက္ခာတော်ရဒေါက်တာတူးထန် တို့ကို PSLF/TNLA ရဲတပ်ဖွဲ့က မနေ့ည ၉:၀၀ နာရီလောက်မှာ ဖမ်းဆီးသွားတာပါ။” ဟု ဆိုသည်။

ဖမ်းဆီးချုပ်နှောင်ခံရသူများကို လွှတ်ပေးရန် နမ့်ဖတ်ကာ ကချင်စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ နှင့် နမ့်ဖတ်ကာ ကချင်နှစ်ခြင်းအသင်းတော်တို့မှ PSLF/TNLA ရဲတပ်ဖွဲ့ (နမ့်ဖတ်ကာ) ကို တောင်းဆိုမှုပြုခဲ့ကြကြောင်းကိုလည်း အထက် ပါသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

“ဒီနေ့ နမ့်ဖတ်ကာ ကချင်စာပေ နဲ့ ယဉ်ကျေးမှု အဖွဲ့ နဲ့ နမ့်ဖတ်ကာ ကချင်နှစ်ခြင်း အသင်းတော်တို့က PSLF/TNLA ရဲ့ တာဝန် ရှိသူတွေကို တွေ့ဆုံခဲ့တယ်။ အခင်းဖြစ်ပွားချိန်
ဖမ်းဆီးခံထားရတဲ့လူတွေက အခင်းဖြစ်တဲ့ နေရာနဲ့ အဝေးမှာရှိနေခဲဲ့ကြတာမို့ ဖမ်းဆီး ချုပ်နှောင်ခံရမယ့် အနေအထားမဟုတ်တဲ့ အကြောင်းတွေပြောကြတယ်။ PSLF/TNLA ဘက်ကလည်း ဖမ်းဆီးခံထားရတဲ့သူတွေကို အာမခံနဲ့ လက်မှတ်ထိုးပြီးပြန်လွှတ်ပေးမယ် လို့ပြောတယ်။” ဟု ဆက်လက်ပြောဆိုသည်။

ဖမ်းဆီးချုပ်နှောင်ခံရသူများမှ သိက္ခာတော်ရ ဒေါက်တာတူးထန်ကို ယနေ့ညနေ ၅:၂၀ နာရီအချိန် နှင့် ဆရာဖောဝ်ဝုန်ဘရန်အောင်ကို ယနေ့ည ၈:၄၅ နာရီအချိန််တို့၌ လွှတ်ပေးခဲ့ပြီဖြစ်ပြီး ကျန်ရှိသော မိသားစုဝင်များကိုလည်း အာမခံဖြင့် လွှတ်ပေးမည်ဖြစ်ကြောင်း ဆက်လက်ကြားသိရသည်။

ဓားခုတ် တရားခံကို ဖမ်းဆီးရမိရေးနှင့် ပတ်သက်၍ PSLF/TNLA ရဲတပ်ဖွဲ့ နှင့်အတူ နမ့်ဖတ်ကာ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များ အတူတကွ ဝိုင်းဝန်းဖော်ထုတ် ဖမ်းဆီး ဖို့ရန်လည်း သဘောတူညီမှုရရှိခဲ့သည်ဟု ဆိုသည်။

နမ့်ဖတ်ကာကျေးရွာသည် ၂၀၂၄ ခုနှစ်၌ KIA တပ်ဖွဲ့မှ ၁ လကြာမျှ အကျအရှုံးအရင်းအနှီး များစွာပေးဆပ်ကာ အပြင်းအထန်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သော ကျေးရွာဖြစ်ပြီး လူမျိုးပေါင်းစုံပါဝင်သော အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားကိုဖွဲ့စည်းလျက် မြို့ပြစီမံကိန်းကို ဖော်ဆောင်နေသော ကျေးရွာဖြစ်လင့်ကစား PSLF/TNLA ၏ အုပ်ချုပ်ရေးအာဏာစက် ကိုလည်း မကြာခဏ ရင်ဆိုင်ကြုံတွေ့ရလေ့ ရှိသည့် ကျေးရွာအုပ်စုဖြစ်သည်။

Photo: CJ

ဖားကန့်ဒေသ၌ KIA၏ဒရုန်းတိုက်ခိုက်မှုကြောင့် အထိနာခဲ့သော စကမဘက်မှ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်။7 Stars News- ၂၆ နိုဝင်ဘာ...
26/11/2025

ဖားကန့်ဒေသ၌ KIA၏ဒရုန်းတိုက်ခိုက်မှုကြောင့် အထိနာခဲ့သော စကမဘက်မှ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်။

7 Stars News- ၂၆ နိုဝင်ဘာ ၂၀၂၅။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နှင့် ရှရော်ခကျေးရွာကြား၌ တပ်စွဲနေသော စစ်ကော်မရှင်တပ်သားများကို KIAနှင့်ပူးပေါင်းတပ်များမှ ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ထိနာခဲ့သော စကမဘက်မှ အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ (၂၅)ရက်နေ့ နေပိုင်းတွင် ဖားကန့်မြို့နှင့် ရှရော်ခကျေးရွာကြားရှိ ညောင်ပင်ကုန်းအနီး စေတီကုန်း၌ တပ်စွဲနေသော စစ်ကော်မရှင်တပ်သားများကို KIAပူးပေါင်းတပ်များမှ ဒရုန်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အထိနာခဲ့သော စစ်တပ်ဘက်မှ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် ဖားကန့်ဗျူဟာမှ ဒရုန်းအကြီးများ စေလွှတ် ပစ်ခတ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက 7 Stars Newsကို ပြောသည်။

“ဖြစ်စဉ်ကတော့ ကျွန်တော်တို့ ဒရုန်းတွေနဲ့ သူတို့ကို သွားပစ်ခဲ့ကြတယ်၊ အဲ့မှာ တော်တော် အထိနာပြီး သွေးရူးသွေးတန်းနဲ့ လျှောက်ပစ်နေတော့တာပဲ၊ နေရာကတော့ ရှရော်ခကနေ ဖားကန့်သွားတဲ့လမ်းက ညောင်ပင်ကုန်းနဲ့ ကပ်လျက်ရှိနေတဲ့ စေတီရှိတဲ့ ကုန်းပဲ၊ အဲ့မှာ သူတို့ရှိနေတာသိတော့ ကျွန်တော်တို့ ဒရုန်းတိုက်ခိုက်မှု လုပ်ခဲ့တာပါ၊ အဲ့ဒီကနေပြီးတော့ပဲ စစ်တပ်ဘက်က လက်နက်ကြီးတွေရော ဒရုန်းတွေရော လျှောက်ပစ်တော့တာပါပဲ၊ သူတို့တွေကြီးပဲ (၆)နာရီခွဲကနေ (၉)နာရီခွဲထိ တဖက်သတ် ပစ်နေကြတယ်။” ဟု ပြောသည်။

KIA၏ ဒရုန်းတိုက်ခိုက်မှုကြောင့် အထိနာခဲ့သော စစ်ကော်မရှင်တပ်သားများသည် ယမန်နေ့ နိုဝင်ဘာလ (၂၅)ရက်နေ့ည (၆)နာရီခွဲအချိန်မှ (၉)နာရီခွဲအချိန်ထိ လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်ခဲ့ကြပြီး ဖားကန့် ဗျူဟာမှလည်း လက်နက်ကြီးနှင့် ဒရုန်းများ စေလွှတ်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ပြည်သူများ၏ နေအိမ်များ ဗုံးထိမှန်ခဲ့ကြရကြောင်း သိရသည်။

ထို့အပြင် KIA ၏ အဆိုပါ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်ဘက်မှ ကျရှုံးမှုအရေအတွက်ကို အတိအကျမသိနိုင်သေးသော်လည်း လက်နက်ကြီး ပစ်ကူ၊ ဒရုန်းပစ်ကူနှင့် လေကြောင်းပစ်ကူများ ချက်ခြင်း ပေးသည်ကိုကြည့်ပါက အရာရှိတစ်ဦးလည်း ထိခိုက်ကျဆုံးနိုင်ကြောင်း အထက်ပါ သတင်းရင်းမြစ်က မှတ်ချက်ပေးသည်။

ရွေးကောက်ပွဲကာလ နီးစပ်လာသောကြောင့် စစ်ကော်မရှင်ဘက်မှ နယ်မြေစိုးမိုးမှု ပိုမိုရရှိရေးအတွက် ဖားကန့်ဒေသ၌ ၎င်းတို့၏ လက်အောက်ခံ SNA ရှမ်းနီတပ်များနှင့် စစ်ကြောင်း ထိုးမှုများကိုလည်း ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ဖားကန့်၊ ခေါင်လန်ဖူး၊ ဝိုင်းမော်နှင့် ဗန်းမော်ဒေသတို့တွင် စစ်ကော်မရှင်တပ်များနှင့် KIAပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွါးနေလျက်ရှိသည်။

ဆိုင်ကယ် လုယူ ထွက်ပြေးသော TNLA တပ်သား တစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးရမိ။၁၆ နိုဝင်ဘာ ၂၀၂၅။  - 7stars Newsရှမ်းပြည်နယ်မြောက်ပ...
16/11/2025

ဆိုင်ကယ် လုယူ ထွက်ပြေးသော TNLA တပ်သား တစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးရမိ။

၁၆ နိုဝင်ဘာ ၂၀၂၅။ - 7stars News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈) ပြည်ထောင်စုလမ်းမပေါ်၌ ဆိုင်ကယ် ခိုးယူထွက်ပြေးသွားသော TNLA တပ်သား တစ်ဦးကို တာဝန်သိပြည်သူများကယမန်နေ့ည (၆:၅၃) နာရီအချိန်တွင် ဝိုင်းဝန်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ TNLA တပ်သားသည် ကွတ်ခိုင်မြို့ ရပ်ကွက် (၁) ရှိ “အောင်” ဆိုင်ကယ်ပြင်ဆိုင်မှLuojia 110 အမျိုးအစား ပန်းဆီရောင် ဆိုင်ကယ် တစ်စီးကို ခိုးယူသွားခြင်းဖြစ်ပြီး တာဝန်သိပြည်သူများ၏ ဝိုင်းဝန်းဖမ်းဆီးခြင်း ကို ခံခဲ့ရခြင်းဖြစ်ကြောင်း ကွတ်ခိုင်မြို့ ဒေသခံ ပြည်သူတစ်ဦးက 7stars News ကို ပြောသည်။

“မနေ့ည ၆:၂၅ နာရီအချိန်မှာ ကွတ်ခိုင်မြို့ ရပ်ကွက် (၁) မှာရှိတဲ့ “အောင်” ဆိုင်ကယ်ပြင် ဆိုင်က ဆိုင်ကယ်ကို ခိုးယူသွားတာပါ။ ခိုးခံရတဲ့ ဆိုင်ကယ်က Luojia 110 ပန်းဆီရောင် အမျိုးအစားပါ။ ဆိုင်ကယ်ပေါ် သော့ တွဲလျောင်းချိတ်ဆွဲထားတာမို့ သူခိုးက အလွယ်တကူ ခိုးယူသွားနိုင်တာပါ။ ဆိုင်ကယ်မောင်းပြေးသွားတာကို မြင်လိုက်သူ တွေ ဝိုင်းအော်လို့ နောက်ကနေလိုက်ဖမ်းကြ တာ ရတနာမိုး ဆီဆိုင်အနီးမှာ ဖမ်းမိခါနီးဖြစ် ခဲ့ပေမဲ့ ပြန်လွတ်သွားတယ်။ ရပ်ကွက် (၈) အလွန် TNLA စစ်ဆေးရေးဂိတ် ရောက်ခါနီးမှ ဖမ်းမိတာပါ။ ဖမ်းမိတော့မှပဲ TNLA တပ်သား မှန်းသိရတာပါ။” ဟု ဆိုသည်။

ဆိုင်ကယ် ခိုးယူသွားသောအဆိုပါ TNLA တပ်သားသည် နမ့်ဆန်ဘက်မှ ဖြစ်ပြီး ယခု ကွတ်ခိုင်မြို့နယ်၌ တာဝန်ထမ်းဆောင်နေရသူ ဖြစ်ကြောင်းသိရသည်။

“ဒီလို လူတွေကြောင့် အဖွဲ့အစည်းမျက်နှာ ပျက်စရာ ဖြစ်ရတယ်” ဟု TNLA စစ်ဆေးရေး ဂိတ်မှ အရာရှိတစ်ဦးပြောဆိုခဲ့ကြောင်းကို လည်း အထက်ပါသတင်းရင်းမြစ်က ပြောဆို သည်။

ဆိုင်ကယ် ခိုးယူထွက်ပြေးသော အဆိုပါ TNLA တပ်သားကို ကွတ်ခိုင်မြို့ အချုပ်ခန်း၌ ဖမ်းဆီးချုပ်နှောင်ထားပြီဖြစ်ပြီး ခိုးရာပါ ဆိုင်ကယ်ကိုမူ ပိုင်ရှင်လက်သို့ ပြန်လည်အပ်နှံ ပေးပြီဖြစ်ကြောင်း ဆက်လက်ကြားသိရသည်။

ကွတ်ခိုင်မြို့သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA နှင့် MNDAA တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သောမြို့ဖြစ်ပြီး အုပ်ချုပ်ရေး တာဝန်ကိုလည်း ပူးတွဲရယူထားကာ တရား ဥပဒေစိုးမိုးရေး နှင့် တရားစီရင်ရေး ကဏ္ဍများ ၌လည်း အဖွဲ့အစည်း နှစ်ဘက်လုံး ဖိဖိစီးစီး လုပ်ဆောင်လျက်ရှိသော မြို့ဖြစ်သည်။

MNTJP/MNDAA မှ ရာဇဝတ်သားများအား အများပြည်သူရှေ့ သေဒဏ်အမိန့်ချမှတ်။၁၁ နိုဝင်ဘာ ၂၀၂၅။        -  7stars News ရှမ်းပြည်နယ်မြ...
11/11/2025

MNTJP/MNDAA မှ ရာဇဝတ်သားများအား အများပြည်သူရှေ့ သေဒဏ်အမိန့်ချမှတ်။

၁၁ နိုဝင်ဘာ ၂၀၂၅။ - 7stars News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့၊ ရပ်ကွက် (၄) မနောကွင်း၌ ယနေ့နံနက် (၇:၀၀) နာရီအချိန်တွင် မုံးကိုးမြို့ရှိ MNTJP/MNDAA တရားစီရင်ရေးအဖွဲ့မှ ရာဇဝတ်သား (၅) ဦးအား ပြည်သူလူထုရှေ့မှောက်၌ တရားစီရင် ခဲ့ကြောင်း သတင်းရရှိသည်။

တရားစီရင်ရာ၌ တရားခံ (၃) ဦးကို သေဒဏ် ချမှတ်ခဲ့ပြီး တရားခံ (၂) ဦးကိုမူ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက 7stars News ကို ပြောသည်။

“ဒီနေ့မနက် ခုနစ်နာရီအချိန် မုံးကိုးမြို့ ရပ်ကွက် (၄) မှာရှိတဲ့ မနောကွင်းပြင်မှာ MNDAA တပ်ဖွဲ့က ရာဇဝတ်သား (၅) ဦးကို ပြည်သူတွေရဲ့ ရှေ့မှာတင် တရားစီရင် ဆုံးဖြတ်မိန့် ချခဲ့တယ်။ တရားခံ (၅) ဦးမှာ (၃) ဦးက ပြည်သူတွေရှေ့ သေဒဏ်ချမှတ်ခံရပြီး ကျန်တဲ့ (၂) ဦးက နှစ်ရှည်ထောင်ဒဏ် ချခံခဲ့ရတယ်။ တရားခံတွေထဲက ဦးဇော်ထက်၊ ဦးကျိန်ရှောက်အာ နဲ့ ဦးလီရှောက်ယန် တို့ကိုတော့ သေဒဏ်အမိန့် ချခဲ့တာပါ။

ဦးဇော်ထက်က မုံးကိုးမြို့ ရပ်ကွက် (၄) မှာ နေထိုင်တဲ့ ဦးဖန်အိန်ရှို ရဲ့ ဇနီးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှု နဲ့ သေဒဏ် ချမှတ်ခံရတာဖြစ်ပြီး ဦးကျိန်ရှောက်အာ နဲ့ ဦးလီရှောက်ယန် တို့ကတော့ နမ်ဂျောန်ကျေးရွာမှာ လူသတ်မှုကျူးလွန်ခဲ့မှုနဲ့ သေဒဏ်ချမှတ် ခံခဲ့ရတာဖြစ်တယ်။
ပြီးတော့ ဦးဝင်ထု က မိခင်ကို သတ်ဖြတ်ခဲ့မှု နဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ် ခံခဲ့ရပြီး ဦးဟိန်းထက်ပိုင် ကတော့ ကလေး တစ်ဦးကို သေစေခဲ့မှု နဲ့ ထောင်ဒဏ် (၁၀) နှစ် အသီးသီး ချမှတ်ခံခဲ့ကြတာပါ။” ဟု ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA) တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော ဒေသများ၌ MNTJP မှ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ပြီး တရားစီရင်ရေး ကဏ္ဍကိုလည်း ဖိဖိစီးစီးလုပ်ဆောင်နေခဲ့ကြရာ

MNTJP ၏ တရားစီရင်မှုအပေါ် အများပြည်သူ နှင့် လူ့အခွင်အရေးစောင့်ကြည့်ရေး အဖွဲ့များက ဝေဖန်မှုများစွာ ရှိခဲ့သည်။

ဖားကန့်ဒေသရှိ စစ်တပ်စခန်း (၃)ခုကို KIA ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်။7 Stars News- ၆ နိုဝင်ဘာ ၂၀၂၅။ကချင်ပြည်နယ်၊ ဖားကန်...
06/11/2025

ဖားကန့်ဒေသရှိ စစ်တပ်စခန်း (၃)ခုကို KIA ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်။

7 Stars News- ၆ နိုဝင်ဘာ ၂၀၂၅။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ယူမာ၊ ဆိုင်းဖရာနှင့် ကပ်မှော်ဇွပ်ရှိ စစ်ကော်မရှင် တပ်စခန်း (၃)ခုကို KIA နှင့် KPDFပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီး စစ်လက်နက်များကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ (၅)ရက်နေ့ ညနေ (၃)နာရီအချိန်တွင် ဖားကန့်ဒေသရှိ ယူမာ၊ ဆိုင်းဖရာနှင့် ကပ်မှော်ဇွပ်ရှိ စစ်ကော်မရှင်တပ်စခန်း (၃)ခုကို KIA တပ်မဟာာ(၉) တပ်ရင်း (၄၄) တပ်ဖွဲ့ဝင်များနှင့် KPDF ပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက 7 Stars Newsကို ပြောသည်။

“ယူမာ၊ ဆိုင်းဖရာနဲ့ ကပ်မော်ဇွပ် စတဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်၊ ယူမာမှာတော့ ဒရုန်းတိုက်ပွဲလိုမျိုး ဖြစ်ပွါးခဲ့တယ်၊ အဲ့ကနေပြီးတော့ စစ်လက်နက်တချို့ကို သိမ်းဆည်းရတယ်၊ ဆိုင်းဖရာမှာကတော့ စစ်တပ်ဘက်က အထူးတိုက်ခိုက်ရေးအဖွဲ့ဆိုတဲ့ဟာတွေ တက်လာတယ်၊ သူတို့ကိုလည်း တိုက်ခိုက်နိုင်ခဲ့ပြီးတော့ စစ်လက်နက်တွေကလည်း သူတို့စီကနေ ပိုပြီး သိမ်းနိုင်ခဲ့တယ်၊ ဗန်းမော် ခလရ (၄၇)နားမှာလည်း တိုက်ပွဲပြင်းထန်နေခဲ့တာမျိုး ကြားရတယ်၊ (၃)မိုင်အထိ KIAတပ်တွေ တိုက်ခိုက် သိမ်းပိုက်နိုင်တာမျိုးရှိပေမဲ့ ခလရ(၄၇)ကိုတော့ မရသေးပါဘူး။”ဟု ပြောသည်။

ဗန်းမော်မြို့တွင် စစ်ကော်မရှင်တပ်နှင့် KIA ပူးပေါင်းတပ်များမှ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွါးနေလျက်ရှိပြီး ယနေ့ နိုဝင်ဘာလ (၆)ရက်နေ့တွင် ခလရ (၄၇)အနီးတွင် တိုက်ပွဲဖြစ်ပွါးခဲ့ကာ မြို့၏ အရေးပါသော နေရာအချို့ကို KIAပူးပေါင်းတပ််များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ (၅)ရက်နေ့ညနေတွင် ဖားကန့်လမ်းပိုင်းပေါ်ရှိ တပ်စခန်းနှင့် စစ်လက်နက်များ လက်လွှတ်ဆုံးရှုံးခဲ့သော စစ်ကော်မရှင်တပ်သည် ယနေ့နံနက်ပိုင်းတွင် ဖားကန့်လမ်း မရန်ကထောင်ဂိတ်ကို ပိတ်ထားပြီး ၎င်းတို့၏ စစ်အင်အား ပို့ဆောင်မှုများကို ပြုလုပ်နေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ခေါင်လန်ဖူး၊ ဝိုင်းမော်စသည့် စစ်မျက်နှာတို့တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ဖားကန့်နှင့် ဗန်းမော် စစ်မျက်နှာတို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါးနေလျက်ရှိသည်။

ကွတ်ခိုင်မြို့ရှိ PSLF/TNLA အချုပ်ခန်းမှ အကျဥ်းသား များဖောက်ထွက် လွတ်မြောက်။၃ နိုဝင်ဘာ ၂၀၂၅။ -7stars Newsရှမ်းပြည်နယ်မြေ...
03/11/2025

ကွတ်ခိုင်မြို့ရှိ PSLF/TNLA အချုပ်ခန်းမှ အကျဥ်းသား များဖောက်ထွက် လွတ်မြောက်။

၃ နိုဝင်ဘာ ၂၀၂၅။ -7stars News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ PSLF/TNLA ရဲတပ်ဖွဲ့မှ လုံခြံရေးယူစောင့်ကြပ် နေသော အချုပ်ခန်းကို အချုပ်သား ၃၈ ဦးက ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ည သန်းခေါင်ယံအချိန်၌ အချုပ်ခန်း ဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားကြကြောင်း သတင်း ရရှိသည်။

အချုပ်သားများ ထွက်ပြေးလွတ်မြောက်သွားခြင်းကြောင့် ကွတ်ခိုင်မြို့ဝန်းကျင်၌ PSLF မှ ရဲတပ်ဖွဲ့များ စစ်ဆေးရေး တင်းကြပ်လျက်ရှိနေကြောင်း ကွတ်ခိုင်မြို့ ဒေသခံပြည်သူတစ်ဦးက 7stars News ကို ပြောသည်။

“ကွတ်ခိုင်မြို့မှာရှိတဲ့ အချုပ်ခန်းက အင်္ဂတေ တွေနဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ အချုပ်ခန်းပါ။ PSLF ရဲတပ်ဖွဲ့တွေ လုံခြုံရေး ပေါ့ဆလို့ အခုလို အချုပ်သားတွေ အချုပ်ခန်း ဖောက်ထွက်ပြေးသွားနိုင်တာပါ။အချုပ်သား တွေ ၃၈ ဦးလုံးက အချုပ်ခန်းတံခါးပေါက်က နေ လွတ်လွတ်လတ်လတ်ထွက်ပြေးလွတ် မြောက်သွားပုံပါပဲ။ နောက်မနက်ကျမှ ရဲတပ်ဖွဲ့တွေက အချုပ်ခန်းတံခါးမှာ တံခါးသော့ တွဲလျောင်းချိတ်နေပြီး အချုပ်ခန်း ဟောင်းလောင်းဖြစ်နေတာ တွေ့ရတာလို့ ပြောကြတယ်။ အချုပ်သားတွေ လွတ်မြောက်သွားလို့ ဒီနေ့ညနေထိ ကွတ်ခိုင်မြို့ အဝင်အထွက်တွေမှာ PSLF ရဲတပ်ဖွဲ့တွေ စစ်ဆေးရေး တင်းကြပ်နေတာ တွေ့ရတယ်။” ဟု ဆိုသည်။

ထွက်ပြေးလွတ်မြောက်သွားသော အချုပ်သား များတွင် ခိုးဆိုး လုယက်မှု၊ မူးယစ်မှု၊ မုဒိမ်းမှု၊ လူသတ်မှု နှင့် အခြား ပုဒ်မကြီး အမှုများဖြင့် ချုပ်နှောင်ခြင်းခံထားရသူများ ပါဝင်နေသဖြင့် ဒေသခံပြည်သူများ စိုးရိမ်မကင်းဖြစ်လျက် ရှိကြောင်းသိရသည်။

ရေမဆေးလုပ်ငန်းပြန်စတင်လာချိန် ဖားကန့်ဗျူဟာမှ လက်နက်ကြီး အလုံး (၃၀)ခန့် ရမ်းသမ်းပစ်ခတ်ခဲ့။7 Stars News- ၃ နိုဝင်ဘာ ၂၀၂၅။က...
03/11/2025

ရေမဆေးလုပ်ငန်းပြန်စတင်လာချိန် ဖားကန့်ဗျူဟာမှ လက်နက်ကြီး အလုံး (၃၀)ခန့် ရမ်းသမ်းပစ်ခတ်ခဲ့။

7 Stars News- ၃ နိုဝင်ဘာ ၂၀၂၅။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ကော်မရှင်တပ်၏ ဗျူဟာတပ်စခန်းမှ ကျောက်တူး ရေမဆေးကောက်သည့်လုပ်ငန်းများပြန်လည်စတင်လာနေသည့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီး ဗုံး အလုံး (၃၀)ခန့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ၏ နေအိမ်များ ဗုံးထိမှန်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ (၂)ရက်နေ့ ည (၁၁:၂၆) အချိန်တွင် ဖားကန့်ဗျူဟာတပ်စခန်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် မှော်မောင်ဘွမ်ရှိ နေအိမ် တစ်လုံး ဗုံး ထိမှန်ခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက 7 Stars Newsကို ပြောသည်။

“ မနေ့ညက ည(၈)နာရီခွဲကနေ (၁၂၀)မမ လက်နက်ကြီးတွေ ပစ်တာ (၁၁)နာရီခွဲထိ ဆက်တိုက်ပစ်နေတာ၊ စုစုပေါင်း ခန့်မှန်းခြေ အချက် (၃၀)လောက်ရှိတယ်၊ အဲ့ဒီထဲက မှော်မောင်ဘွမ်က နေအိမ်တစ်လုံးဆီကို ကျပြီး ပေါက်ကွဲခဲ့တယ်၊ စိန်စိန်တို့ ဂျိတ်ပါဝါတို့ မှော်စီစာတို့မှာ ရေမဆေးတွေ ပြန်စနေတဲ့အချိန် အခုလို စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်ခဲ့တာပါ၊ ပစ်တော့လည်း ညဘက်အချိန်တွေမှာ ပစ်တာပါ။”ဟု ပြောသည်။

အဆိုပါ စစ်ကော်မရှင်တပ်၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု ရှိမရှိကို သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

တိုက်ပွဲ စစ်ရေးအခြေအနေများကြောင့် ခေတ္တခဏ ရပ်နားထားခဲ့ကြသော ကျောက်တူး ရေမဆေးကောက်သည့် လုပ်ငန်းများကို ပြန်လည်စတင်လာသည့်အချိန်တွင် စစ်ကော်မရှင်ဘက်မှ ယခုကဲ့သို့ လက်နက်ကြီး (၁၂၀ မမ)များကို ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖားကန့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ ညဘက် စိတ်ချလက်ချ မအိပ်နိုင်ဘဲ ဗုံးခိုကျင်းထဲ ဝင်ပုန်းနေကြရကြောင်း ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားမှုများကိုလည်းတွေ့ရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၂)ရက်နေ့ ညပိုင်းတွင်လည်း ဖားကန့်မြို့ လုံးခင်းရွာတွင် ပြည်သူများရှိနေသည့်ကျောက်ဝိုင်းတစ်နေရာတွင် လက်နက်ကိုင် လူတစ်စုမှ လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွါးခဲ့သည်။

ပုံစာ- စစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန် ပျက်စီးသွားခဲ့သော နေအိမ်တစ်လုံး။

နမ့်ဖက်ကာတွင် (၆၀)မမ ဗုံးဟောင်းကို ဖြုတ်တပ်လုပ်ကြရင်း မတော်တဆပေါက်ကွဲကာ နှစ်ဦးသေဆုံး။7 Stars News- ၂ နိုဝင်ဘာ ၂၀၂၅။KIO အ...
02/11/2025

နမ့်ဖက်ကာတွင် (၆၀)မမ ဗုံးဟောင်းကို ဖြုတ်တပ်လုပ်ကြရင်း မတော်တဆပေါက်ကွဲကာ နှစ်ဦးသေဆုံး။

7 Stars News- ၂ နိုဝင်ဘာ ၂၀၂၅။

KIO အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး မြို့ပြစီမံကိန်းဖော်ဆောင်လျက်ရှိသော နမ့်ဖက်ကာရွာတွင် ကောက်ယူရရှိလာသော စစ်ကျန် (၆၀)မမ ဗုံးကို ဖြုတ်တပ်လုပ်ကြရင်း ပေါက်ကွဲခဲ့သဖြင့် အမျိုးသားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ နိုဝင်ဘာလ (၂)ရက်နေ့တွင် KIO ထိန်းချုပ်ထားသော နမ့်ဖက်ကာ၊ ရပ်ကွက်(၅)တွင် အမျိုးသားနှစ်ဦးမှ ကောက်ရလာသော (၆၀)မမ ဗုံး ကို ဖြုတ်တပ်လုပ်ကြရာ မတော်တဆပေါက်ကွဲခဲ့ခြင်းကြောင့် အဆိုပါအမျိုးသားနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက 7 Stars News ကို ပြောသည်။

“အချိန်ကတော့ ညနေပိုင်းမှာဖြစ်တာပါ၊ ဗုံးပေါက်ကွဲတဲ့အချိန်မှာ မိုးအရမ်းရွာနေလို့ တချို့လူတွေတောင် ဗုံးပေါက်ကွဲမှန်း မသိကြဘူး၊ အဲ့ဗုံးကို သူတို့နှစ်ယောက်က ဖြုတ်တပ်လုပ်ကြရင်း ပေါက်ကွဲပြီး သေသွားကြတာပါ၊ အဲ့ဗုံးကို ကောက်လာတဲ့သူက ယောရှုဆိုတဲ့သူ ဖြစ်တယ်လို့ သိရတယ်၊ သူတို့က
နမ့်ဖက်ကာ မနောင်ယန် ရပ်ကွက် (၅)က နေအိမ်မှာ အထဲက TNTယမ်းလိုချင်လို့ ဗုံးသီးကို ဖြုတ်တပ်လုပ်ကြရင်း ပေါက်ကွဲသေဆုံးခဲ့ကြတာပါ။”ဟု ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ချိန် မိုးသည်းထန်စွာ ရွာသွန်း နေသောကြောင့် အနီးနား၊ပတ်ဝန်းကျင်မှ သတိထားမိခြင်းမရှိခဲ့ဘဲ နောက်မှ ၎င်းတို့နှစ်ဦး သေဆုံးလျက်ရှိနေသည်ကိုတွေ့ရှိခဲ့ကြကြောင်း
သိရသည်။

သေဆုံးသူ အမျိုးသားနှစ်ဦးမှာ ဦးလဗျဘရန်အောင် နှင့် ဦးဂျန်မော်ယောရှု ဆိုသူတို့ဖြစ်ပြီး၊ နမ့်ဖတ်ကာ ခလရ ၁၂၃ စခန်းသိမ်းတိုက်ပွဲအတွင်း မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည့် (၆၀)မမ ဗုံးသီးဟောင်းကောက်ယူရရှိကာ ဖြုတ်တပ်လုပ်ကြရာမှ ယခုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နမ့်ဖက်ကာမြို့သိမ်းတိုက်ပွဲအတွင်း ကျန်ရှိခဲ့သော ဗုံးသီးဟောင်းများကို ထိမိ၍ ပေါက်ကွဲသွားခဲ့သောကြောင့် ပြီးခဲ့သည့်နှစ် မတ်လတွင်လည်း ပြည်သူ တစ်ဦး အသက်သေဆုံးသွားခဲ့ရသည်။

နန့်ခမ်းမြို့တွင် PSLF/TNLA မှ အိမ်ထောင်စု စာရင်း နှင့် မှတ်ပုံတင်များပြုလုပ်ပေးလျက်ရှိ။၁ နိုဝင်ဘာ ၂၀၂၅ - 7stars News ရှ...
01/11/2025

နန့်ခမ်းမြို့တွင် PSLF/TNLA မှ အိမ်ထောင်စု စာရင်း နှင့် မှတ်ပုံတင်များပြုလုပ်ပေးလျက်ရှိ။

၁ နိုဝင်ဘာ ၂၀၂၅ - 7stars News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နန့်ခမ်းမြို့တွင် PSLF/TNLA မှ ဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်း နှင့် တအာင်းဒေသ မှတ်ပုံတင်များ ပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

PSLF/TNLA မှ ပြုလုပ်ပေးသော တအာင်းဒေသ မှတ်ပုံတင်သည် တအာင်းဒေသအတွင်း ခရီးသွားလာရေး၊ ကူးသန်းရောင်းဝယ်ရေး နှင့် တရုတ်ပြည်သို့ ဝင်ထွက်ရာတို့၌ အသုံးဝင်မည်ဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦးက 7stars News ကို ပြောသည်။

"နမ့်ခမ်းမြို့မှာ လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်ကနေ ၃၁ ရက်နေ့အတွင်း တအာင်းဒေသ မှတ်ပုံတင် နဲ့ အိမ်ထောင်စုစာရင်းတွေ လုပ်ပေးတယ်။ အိမ်ထောင်စုစာရင်း လုပ်ရင် မြန်မာကျပ်ငွေ ၁၂၀၀၀ ကျပ် ပေးဆောင်ရပြီး တအာင်းဒေသ မှတ်ပုံတင်လုပ်ရင် ၁၁၀၀၀ ကျပ် ပေးဆောင်ရပါတယ်။ တအာင်းဒေသမှတ်ပုံတင် ကိုင်ဆောင်တဲ့ လူအတွက် တအာင်းဒေသခရီးသွားလာရေး၊ တအာင်းဒေသအတွင်း ကူးသန်းရောင်းဝယ်ရေး နဲ့ တရုတ်ပြည် အဝင်အထွက် လုပ်ရာတွေမှာ အသုံးပြုလို့ရမယ်လို့ ပြောကြတယ်။” ဟု ဆိုသည်။

နမ့်ခမ်းမြို့သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA တပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သောမြို့ဖြစ်ပြီး ကြားကာလအုပ်ချုပ်ရေးတာဝန်ကို PSLF မှ တာဝန်ယူအုပ်ချုပ်လျက်ရှိသောမြို့ ဖြစ်သည်။ ။

လားရှိုးမြို့တွင် ယာဉ်တိုက်မှုဖြစ်၊ လူ (၁) ဦး အသက်သေဆုံး။၃၁ အောက်တိုဘာ ၂၀၂၅ - 7stars News ရှမ်းပြည်နယ်မြောက်ပိုင်း၊ လား...
30/10/2025

လားရှိုးမြို့တွင် ယာဉ်တိုက်မှုဖြစ်၊ လူ (၁) ဦး အသက်သေဆုံး။

၃၁ အောက်တိုဘာ ၂၀၂၅ - 7stars News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့လည်၊ မြို့မစျေး နှင့် မန္တလေးလမ်း (၃) ထောင့်ဆုံရာ ပြည်ထောင်စု လမ်းမပေါ်၌ ယမန်နေ့ အောက်တိုဘာ (၃၀) ရက်ညနေ (၆:၄၂) နာရီအချိန်တွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ကာ လူ (၁) ဦး အသက်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

တိမ်းမှောက်သော ယာဉ်အမျိုးအစားမှာ Toyota Crown Athlete အမျိုးအစားဖြစ်ကြောင်း မျက်မြင်ပြည်သူတစ်ဦးက 7stars News ကို ပြောသည်။

"ကားမှောက်တဲ့နေရာက လားရှိုးမြို့ ပြည်ထောင်စု လမ်းမ မြို့မစျေး နဲ့ မန္တလေးလမ်းဆုံ လမ်းသုံးထောင့်မှာပါ။ ဒီနေရာမှာ အရင်ကလည်း ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်လေ့ ရှိတယ်။ ဒါပေမဲ့ ခုလို ကားမှောက်တာက ရှားရှားပါးပါးပဲ။ ကားက မြို့မစျေးဘက်ကနေ မန်ဆူဘက်ဦးတည်ပြီးမောင်းလာတာပါ။ အရှိန် ပြင်းတယ်။ မန်ဆူဘက်ကလာတဲ့ ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီးကို ရှောင်ရင်း ဘရိတ်ခပ်ပြင်းပြင်း ဆွဲလိုက်တယ်ထင်တယ်။ ကားဘေးတစ်ခြမ်း စောင်းသွားပြီးနောက် ပက်လက်မှောက်သွားတာပါ။” ဟု ဆိုသည်။

ယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မောင်းဖြစ်သူ အမျိုးသား (၁) ဦးမှာ အခင်းဖြစ်ရာ နေရာ၌ပင် ဦးခေါင်းပွင့် ဒဏ်ရာဖြင့် အသက်သေဆုံးခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။

အသက်သေဆုံးခဲ့သော ယာဉ်မောင်းအား လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ လားရှိုးမြို့ ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ သယ်ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် နေ့စဉ်နှင့်အမျှယာဉ်တိုက်မှုများ ဖြစ်ပွားလျက်ရှိရာ လွန်ခဲ့သော ရက်သတ္တတစ်ပတ်အတွင်း ယာဉ်တိုက်မှု ၂၃ မှု အထက် ရှိခဲ့ကြောင်း လားရှိုးမြို့ လူမှုကူညီရေးအသင်းများ၏ စစ်တမ်းအရ သိရသည်။

ဓာတ်ပုံ ။ ။ လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့။

Address

Pyi Daung Hsu Road, Homon Quater
Mu-Se
06403

Alerts

Be the first to know and let us send you an email when 7Stars News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 7Stars News:

Share