7Stars News

7Stars News News & Media Co.,Ltd Base at Myanmar The 7Stars News (Seven Stars News Group) is a non-profit Burmese media organization committed to responsible journalism.
(2)

Our mission is –
– to provide accurate and unbiased news to the people of Burma,
– to promote understanding and cooperation amongst the various ethnic and religious groups of Burma,
– to encourage and sustain independent public opinion and enable social and political debate
– to impart the ideals of democracy and human rights to the people of Burma. The 7stars News Agency is formerly registered & based in Northern Shan State and now 7Stars News Group is officially operating in Myanmar/Burma.

စစ်ရှောင်စခန်းမှ အမျိုးသားတစ်ဦး ၎င်း၏ လည်ပင်းကို ၎င်းကိုယ်တိုင် လှီးဖြတ် သတ်သေ။7 Stars News- ၂၆ ဇူလိုင် ၂၀၂၆။ကချင်ပြည်နယ...
26/07/2026

စစ်ရှောင်စခန်းမှ အမျိုးသားတစ်ဦး ၎င်း၏ လည်ပင်းကို ၎င်းကိုယ်တိုင် လှီးဖြတ် သတ်သေ။

7 Stars News- ၂၆ ဇူလိုင် ၂၀၂၆။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လော့ဒန်ကျေးရွာ၊ ပါကထောင် (Pa Kahtawng) စစ်ရှောင်စခန်းမှ အမျိုးသားတစ်ဦး ၎င်း၏လည်ပင်းကို ကိုယ်တိုင်လှီးဖြတ်ပြီး သတ်သေသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပါကထောင် စစ်ရှောင်စခန်းတွင် နေထိုင်သော ဦးလဆန်အဖူနှင့် ဒေါ်မရစ်ကော့တို့၏သား ဖြစ်သူ ဦးလဆန်လန်သာ အသက် (၃၁)သည် ယမန်နေ့ ဇူလိုင်လ (၂၅)ရက်နေ့ညတွင် ဦးလဖိုင်နန်လုံ၏ နေအိမ်တွင် သူငယ်ချင်းများနှင့် အိပ်နေကျစဉ် ညသန်းခေါင်အချိန်၌ သေဆုံးသူ ဦးလဆန်လန်သာမှ ကယောင်ခြောက်ခြား အော်ဟစ်လာပြီး ည (၂)နာရီခွဲခန့်အချိန်တွင် ဓားတစ်ချောင်းကို ကောက်ယူကာ မိမိကိုယ်မိမိ လည်ပင်း လှီးဖြတ်ကာ ထိုဒဏ်ရာဖြင့် သွေးထွက်လွန်ကာ သေဆုံး သွားခဲ့ကြောင်း သိရသည်။

“ ည (၁၂)နာရီလောက်မှာ သေဆုံးသူက အိမ်အပြင်ကနေ အော်ဟစ် ဆူညံသံတွေကြားတယ်လို့ ပြောပြီး အိမ်ထဲ ဝင်လိုက် ထွက်လိုက်လုပ်နေခဲ့တယ်၊ ည (၂)နာရီခွဲတော့ အိမ်ရှင် ဦးလဖိုင်နန်လုံတို့အိမ်မှာရှိတဲ့ ဓားနဲ့ပဲ ကိုယ့်ကိုယ်ကို လည်ပင်း လှီးယူခဲ့တယ်။”ဟု သတင်းရင်းမြစ်တစ်ဦးက 7Stars Newsကို ပြောသည်။

သေဆုံးသူသည် အရင်ကတည်းကပင် စိတ်ဝေဒနာ ခံစားနေရသူဖြစ်ပြီး တခါတရံ ၎င်း တယောက်ထဲ စကားပြောဆိုနေတတ်သူဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ထို့အပြင် သေဆုံးခါနီး ရက်ပိုင်းတွင်လည်း အပြင်းဖျားနာနေကြောင်းနှင့် သေဆုံးသွားသည့်ညတွင် အရက်သေစာ သောက်စားထားခြင်းများ မရှိကြောင်း သိရသည်။

၎င်း၏ သေဆုံးမှုနှင့် ပတ်သက်၍ ပါကထောင် (Pa Kahtawng) စစ်ရှောင်စခန်းမှ တာဝန်ရှိသူများနှင့် စစ်ရှောင်စခန်း ကော်မတီဝင်များမှ တာဝန်ယူ ဖြေရှင်းပေးနေကြပြီဖြစ်ကြောင်းကို သိရသည်။

ကချင်ပြည်နယ်မြောက်ဖျားပိုင်း၊ ခေါင်လံဖူးဒေသ၊ နယ်ခြားမှတ်တိုင် အမှတ် (၃၀) အနီးရှိ မအလ တပ်စခန်း (၃) ခုကို KIA နှင့် KPDF တ...
14/07/2026

ကချင်ပြည်နယ်မြောက်ဖျားပိုင်း၊ ခေါင်လံဖူးဒေသ၊ နယ်ခြားမှတ်တိုင် အမှတ် (၃၀) အနီးရှိ မအလ တပ်စခန်း (၃) ခုကို KIA နှင့် KPDF တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်။

၁၄ ဂျူလိုင် ၂၀၂၆။ 7Stars News

ကချင်ပြည်နယ်မြောက်ဖျားပိုင်း၊ ပူတာအိုခရိုင်၊ ခေါင်လံဖူးဒေသ၊ နယ်ခြားမှတ်တိုင် အမှတ် (၃၀) ရှိ မအလ တပ်ဖွဲ့၏ တပ်စခန်း (၃) ခုကို KIA နှင့် KPDF တပ်ဖွဲ့များက ယမန်နေ့ (ဂျူလိုင်လ ၁၃ ရက်နေ့) တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ဂျူလိုင်လ (၁၀) ရက်နေ့ကစပြီး ခေါင်လံဖူးမြို့ကို အကာ
အကွယ်ပေးထားသော နယ်ခြားမှတ်တိုင် အမှတ် (၃၀) ရှိ မအလတပ်ဖွဲ့ နှင့် ဒေသခံပြည်သူ့စစ် ပူးပေါင်းတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း အမြောက်အမြား နှင့် အတူတပ်စခန်း (၃) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်က 7stars News ကို အတည်ပြု ပြောဆိုသည်။

" နယ်ခြားမှတ်တိုင် အမှတ် (၃၀) အနီး ခေါင်လံဖူးမြို့ကို လုံခြုံရေး အကာအကွယ်ပေးထားတဲ့ မအလ တပ်ဖွဲ့ရဲ့ တပ်စခန်းတွေကို KIA နဲ့ KPDF တပ်ဖွဲ့တွေက လွန်ခဲ့တဲ့ ဂျူလိုင်လ (၁၀) ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြတယ်။ အဲ့ဒီတပ်စခန်းတွေမှာ မအလရဲ့ တပ်ဖွဲ့တွေနဲ့ ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ ပူးပေါင်းနေကြတာပါ။ အထိုင်စခန်းကြီးမှာ မင်းအောင်လှိုင်ရဲ့ တပ်ဖွဲ့တွေကနေရာယူထားပြီး ကာကင်းစခန်း ၂ ခုကိုတော့ ဒေသခံပြည်သူ့စစ်တပ်ဖွဲ့တွေက နေရာယူထားကြတာမျိုးပါ။ ကာကင်းစခန်း (၂) ခုကို ဂျူလိုင် ၁၁ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ကြတာဖြစ်ပြီး အထိုင်စခန်းကြီးကိုတော့ ယမန်နေ့ (ဂျူလိုင် ၁၃ ရက်နေ့) မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြတာပါ။ စခန်း (၃) ခု နဲ့ အတူ လက်နက်ခဲယမ်းအတော်များများ သိမ်းယူနိုင်ခဲ့ကြတယ်။” ဟု ပြောဆိုသည်။

KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မအလတပ်ဖွဲ့ နှင့် ဒေသပြည်သူ့စစ်တပ်ဖွဲ့များ အတုံးအရုံးကျဆုံးခဲ့ကြရပြီး အသက်ရှင်ကျန်ရစ်သူများမှာ လက်နက်ခဲယမ်းများ နှင့် စခန်းကို စွန့်ပစ်ကာ ခေါင်လံဖူးမြို့သို့ ထွက်ပြေးသိမ်းရှောင်သွားခဲ့ကြကြောင်း ဆက်လက်ကြားသိရသည်။

ကချင်ပြည်နယ်၌ မအလ ပူးပေါင်းတပ်ဖွဲ့ နှင့် KIA ပူးပေါင်းတပ်ဖွဲ့များကြား နေ့စဉ်နှင့် အမျှ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ဂျူလိုင်လ ၁၂ ရက်နေ့တွင်လည်း အင်းတော်ကြီးမြို့နယ် နှင့် ရွှေကူမြို့နယ်တို့၌ KIA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက မအလ၏ စစ်တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြသည်။

#ကချင်ပြည်နယ်မြောက်ဖျား
#ပူတာအိုခရိုင်_ခေါင်လံဖူးမြို့နယ်
်းသိမ်းတိုက်ပွဲ
#မအလတပ်နှင့်ဒေသခံပြည်သူ့စစ်တပ်ခန်းများ

09/07/2026

လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝန်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်။

၉ ဂျူလိုင် ၂၀၂၆။ 7Stars News

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ယနေ့ (ဂျူလိုင်လ ၉ ရက်နေ့ ) ညနေပိုင်း (၅:၀၀) နာရီအချိန်တွင် ရှော့တိုက်ဒုံး (၃) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ရှော့တိုက်ဒုံး (၃) လုံးအနက် (၂) လုံးမှာ အများပြည်သူနေထိုင်ရာ ရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကျန် (၁) လုံးမှာ ရမခ ဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း လားရှိုးမြို့ဒေသခံပြည်သူတစ်ဦးက 7stars News ကို ပြောသည်။

"ကနေ့ညနေ ၅:၀၀ နာရီအချိန်မှာ ပေါက်ကွဲသံတွေ ရှေ့ဆင့်နောက်ဆင့်ကြားလိုက်ရတယ်။
ရှော့တိုက်ဒုံး နဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောဆိုနေကြတယ်။ ဘယ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့မှန်းကိုတော့ မသိရသေးဘူး။ ရှော့တိုက်ဒုံး (၁) လုံးက ရပ်ကွက် (၆) လူနေရပ်ကွက်ထဲကျကွဲတယ်။ ပြည်သူ့နေအိမ် တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ (၁) ဦး ဒဏ်ရာရခဲ့တယ်။ နောက်ထပ် ရှော့တိုက်ဒုံး (၁) လုံးက ရပ်ကွက် (၁၀) လူနေအိမ်ဘေး ကျကွဲပြီး အမျိုးသမီး (၁) ဦး သေဆုံးသွားရတယ်။ နောက် (၁) လုံးက (ရ.မ.ခ) ဝန်းထဲ ကျကွဲခဲ့တယ်။” ဟု ပြောဆိုသည်။

ရှော့တိုက်ဒုံး လူနေရပ်ကွက်ပေါ် ကျရောက်ပေါက်ကွဲသဖြင့် နေအိမ် တစ်လုံးပျက်စီးကာ ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး (၁) ဦး အသက်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

လားရှိုးမြို့ကို မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းကိုမူ စုံစမ်းနေဆဲဖြစ်သည်။

လားရှိုးမြို့ပတ်လည်ရှိ နယ်မြေများကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထိန်းချုပ်ထားသည်ဖြစ်ရာ စစ်ကော်မရှင်တပ် နှင့် MNDAA တပ်ဖွဲ့ကြား စစ်ရေး ပြန်လည်တင်းမာလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိနေကြောင်းကိုလည်း ယခုကဲ့သို့ပြောဆိုသည်။

"လားရှိုးမြို့အခုမှ ငြိမ်းချမ်းခါစဖြစ်ပြီး ပြည်သူတွေရဲ့ စားဝတ်နေရေး အလုပ်အကိုင်တွေလည်း တည်ငြိမ်ခါစပဲရှိပါသေးတယ်။ မြို့တွင်းမှာက မင်းအောင်လှိုင် အစိုးရအဖွဲ့တွေ ထိန်းချုပ် ထားတယ်ဆိုပေမယ့် မြို့ပတ်လည်ကိုတော့ ကိုးကန့်တပ်ဖွဲ့တွေက ဝန်းရံ ထိန်းချုပ်ထားတာပါ။ ဒါကြောင့် ကိုးကန့်တပ် နဲ့ မင်းအောင်လှိိုင်ရဲ့ တပ်တွေကြား စစ်ရေး ပြန်ပြီး တင်းမာလာမှာကို အရမ်းစိုးရိမ်တယ်။ ဦးတို့ပြည်သူတွေက နောက်တစ်ကြိမ် စစ်ဘေးရှောင်ဖို့ အင်အားမရှိတော့ဘူး။ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို အရမ်းစိုးရိမ်တယ်။” ဟု အသက် ခြောက်ဆယ်ကျော်အရွယ် ဒေသခံပြည်သူတစ်ဦးက ပြောဆိုခဲ့သည်။

လားရှိုးမြို့၌ MNDAA နှင့် စစ်ကော်မရှင်ကြား
လစဉ် (၂) ကြိမ်မျှတွေ့ဆုံဆွေးနွေးမှုများရှိနေခဲ့ရာ ထိုတွေ့ဆုံမှုကို ပျက်ကွက်မှုမရှိရန် နှင့် အလေးအနက်ထား တက်ရောက်ရန် MNTJP/MNDAA တပ်ဖွဲ့အား စစ်ကော်မရှင်တပ်မှ အမြဲဖိအားပေးလျက်ရှိနေကြောင်းကိုလည်း ကြားသိရသည်။

လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် လားရှိုးမြို့တွင်းရှိ ရပ်ကွက် (၁၂) ကွက်ကို စစ်ကော်မရှင်ထံပြန်လည်အပ်နှံခဲ့ရကာ လားရှိုးမြို့ပတ်လည်ကိုမူ ကိုးကန့်တပ် (MNDAA) ကပဲ ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်သည်။

ရုပ်သံ။ ။ Crt. CJ

#လားရှိုးမြို့
#ရှော့တိုက်ဒုံး၃လုံးဖြင့်တိုက်ခိုက်
#ပြည်သူ့နေအိမ်တစ်လုံးပျက်စီး
#ပြည်သူ_၁_ဦးသေဆုံး_၁_ဦးဒဏ်ရာရ

အင်းတော်ဒေသ၌ KIA တပ်သား (၂)ဦးမှ မူးရူးကာ သေနတ်ရမ်းသမ်း ပစ်ခတ်သဖြင့် ပြည်သူ (၂)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရ။7Stars News- ၇ ဇူလ...
07/07/2026

အင်းတော်ဒေသ၌ KIA တပ်သား (၂)ဦးမှ မူးရူးကာ သေနတ်ရမ်းသမ်း ပစ်ခတ်သဖြင့် ပြည်သူ (၂)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရ။

7Stars News- ၇ ဇူလိုင် ၂၀၂၆။

KIA တပ်မဟာ (၉)နယ်မြေ အင်းတော်ဒေသ၌ KIA တပ်ဖွဲ့ဝင် (၂)ဦးမှ အရက်သေစာ သောက်စားမူးယစ်ပြီး ဒေသခံပြည်သူများနှင့် အချင်းများကာ သေနတ်ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ(၆)ရက်နေ့ ည (၁၀)နာရီခန့်အချိန်တွင် KIA တပ်မဟာ (၉)၊တပ်ရင်း (၆)လက်အောက် ညောင်ထောက်ဂိတ်စခန်းမှ တပ်ဖွဲ့ဝင် တပ်ကြပ် ဂျန်မာ အောင်ဆန့်နှင့် ဒုတပ်ကြပ် မီတုံ လတောင် တို့နှစ်ဦးသည် ဘရဏီိစားသောက်ဆိုင်တွင် အရက်သေစာများ မူးယစ်စားသောက်နေကြစဉ် မောင်အောင်သူဖြူ ဆိုသူမှ ဆိုင်ကယ်ဖြင့် ဖြတ်သွားသည်ကို ရပ်ခိုင်း၍ ယာမ အနံ့ရသည်ဟု စွပ်စွဲကာ ၎င်းကို ထိုးကြိတ် ရိုက်နှက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ KIA တပ်ဖွဲ့ဝင် (၂)ဦးမှ မူးရူးကာ အရပ်သား (၁)ဦးကို ရိုက်နှက်နေစဉ် ဝေလုံရွာဥက္ကဌ ဦးအိုက်နောင် ရောက်ရှိလာပြီး ညအချိန်မတော် အရက်သေစာ မူးရူးပြီး ယခုကဲ့သို့ ရိုက်နှက်မှုများ မပြုလုပ်ရန် မေတ္တာရပ်ခံရာ အဆိုပါ တပ်သား (၂)ဦးမှ ဦးအိုက်နောင်ကို ဆဲဆိုပြီး ထပ်မံ ထိုးကြိတ် ရိုက်နှက်ခဲ့သည်။

ထို့နောက် ဒုတပ်ကြပ် လတောင်မှ ၎င်းကိုင်ဆောင်လာသော သေနတ်ကို မောင်းတင်ပြီး ဘေးပတ်လည်ကို (auto) တရစပ် ပစ်ခတ်ခဲ့သောကြောင့် အနီးအနားရှိ ပြည်သူများကို ထိမှန်ကာ သေဆုံးသည်အထိ ဖြစ်ပွါးခဲ့ပြီး ၎င်း တပ်ကြပ်သည်လည်း မိမိကိုယ်ကို မေးစေ့အောက်တွင် သေနတ်တေ့ကာ အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတပ်ကြပ် လတောင် မူးရူးကာ ရမ်းသမ်းပစ်ခဲ့မှုကြောင့် ထိခိုက်ခဲ့ရသော ပြည်သူစာရင်းမှာ
(၁) ဒေါ်ရှုရှုဦး၊ အသက် (၅၅)နှစ်၊ ဥက္ကဌ၏ မိခင်ဖြစ်သူ၊ ရင်ဘတ်ကျည်ထိမှန် သေဆုံး။
(၂) ဦးအိုက်နောင်၊ အသက် (၃၃)နှစ်၊ ဝေလုံရွာဥက္ကဌ၊ လက်မောင်းနှင့် ခါးတွင် ကျည်ထိမှန် ဒဏ်ရာရ၊ ဆေးရုံတွင် သွေးထွက်လွန်ကာ သေဆုံး။
(၃) ဦးညွှန့်မောင်၊ အသက် (၇၁)နှစ်၊ ဘယ်ဘက် ခါးတွင်ကျည်ထိမှန် ဒဏ်ရာရ။
(၄) ဦးဆွတ်ဂရိန်နော်၊ အသက် (၂၈)၊ ညာဘက် ခါးတွင် ကျည်ထိမှန် ဒဏ်ရာရ။

ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော ရွာဥက္ကဌဦးအိုက်နောင်နှင့် ရွာသား (၂)ဦးကို ဝှေခါဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး ဥက္ကဌ ဦးအိုက်နောင်မှာ ဆေးရုံအရောက်တွင် ဒဏ်ရာမှ သွေးထွက်လွန်သွားသဖြင့် အသက်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပြည်သူများကို ပစ်ခတ်ခဲ့သော ဒုတပ်ကြပ်လတောင်မှာ ထိုနေရာ၌ပင် မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်ခဲ့ပြီး တပ်ကြပ်အောင်ဆန့်ကိုမူ တာဝန်ရှိသူများမှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံပြည်သူတစ်ဦးက 7Stars Newsကို ပြောသည်။

အဆိုပါ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် သေဆုံးသွားသူများ၏ မိသားစုများကို ကူညီထောက်ပံ့မှုများမည်သို့ လုပ်ဆောင်ပေးနေကြောင်းနှင့် ကျူးလွန်သူများကို မည်သို့ အရေးယူမည်တို့ကို သိရှိနိုင်ရန် KIA ဘက်မှ တာဝန်ရှိသူများကို မေးမြန်းထားဆဲဖြစ်သည်။

စကမတပ်မှ KIA၊KPDF ဝတ်စုံ ဝတ်ဆင်ကာ ရွှေကူမြို့အတွင်း လှုပ်ရှားလာမှုအပေါ် ဂရုပြုရန် ရွှေကူ KPDF အသိပေး။၁၇ ဇွန် ၂၀၂၆။တိုက်ပ...
17/06/2026

စကမတပ်မှ KIA၊KPDF ဝတ်စုံ ဝတ်ဆင်ကာ ရွှေကူမြို့အတွင်း လှုပ်ရှားလာမှုအပေါ် ဂရုပြုရန် ရွှေကူ KPDF အသိပေး။

၁၇ ဇွန် ၂၀၂၆။

တိုက်ပွဲဖြစ်ပွါးလျက်ရှိသော ကချင်ပြည်နယ် ရွှေကူမြို့အတွင်း စစ်ကော်မရှင်တပ်များမှ KIA၊KPDFဝတ်စုံ ဝတ်ဆင်ကာ လှုပ်ရှားနေမှုများအပေါ် သတိထား ဂရုပြုကြရန် ရွှေကူ K-PDF တပ်ရင်းမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

ယနေ့ ဇွန်လ (၁၇)ရက်နေ့တွင် ရွှေကူ K-PDF တပ်ရင်းမှ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ၎င်းထုတ်ပြန်ချက်တွင် ရွှေကူမြို့နယ်၌ စစ်ကော်မရှင်တပ်မှ KIA၊ KPDF ဝတ်စုံ ဝတ်ဆင်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများ ပြုလုပ်လျက်ရှိကြောင်း အသိပေး ဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကော်မရှင်တပ်၏ ရိုင်းစိုင်းယုတ်မာမှုနှင့် ရက်စက်ကြမ်းကြုတ်မှုကို ပြည်သူများ မြင်ကြားသိရှိ ခံစားနေရဆဲဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် အသိနှင့်သတိ ဆင်ခြင်ကာ သွားလာကြရန်၊ အကြမ်းဖက် စစ်ကော်မရှင်တပ်နှင့် ဝေးဝေးနေကာ ရှောင်ရှားနေထိုင်ကြရန် အချက်များကို အထက်ပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း အသိပေးဖော်ပြထားသည်။

ယနေ့ညနေ (၄)နာရီခွဲခန့်တွင် ရွှေကူမြို့ အမှတ် (၁) ခုံခမ်းရပ်ကွက်၊ မူကြိုကျောင်းအနီးရှိ လူနေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီး ပြည်သူ (၅)ဦးထိသည့်အနက် (၃)ဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“လက်နက်ကြီးကျတဲ့အိမ်မှာ အင်တာနက် သွားသုံးနေရင်း လက်နက်ကြီးထိ သွားကြတယ်လို့ သိရတယ်၊ (၃)ယောက် ပွဲချင်းပြီးသေသွားတယ်လို့လည်း သိရတယ်။”ဟု သတင်းရင်းမြစ်က 7Stars Newsကို ပြောသည်။

ရွှေကူမြို့နယ်အတွင်း ပြီးခဲ့သည့် မေလ (၅)ရက်နေ့မှ စတင်ကာ တိုက်ပွဲပြင်းထန်နေခဲ့ပြီး မြို့အနီးရှိ ရွာတဝိုက်တွင်လည်း စစ်တပ်ဘက်မှ နေ့စဉ် လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အပြင် ရွှေကူမြို့အတွင်းမှ ပြည်သူများ တိမ်းရှောင်၍ မရအောင် ပိတ်ဆို့မှုများလည်း ပြုလုပ်ခဲ့သည်။

ရွှေကူမြို့နယ် နှင့် မဘိမ်းမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်၊ ထိခိုက်ကျဆုံးမှုများသော စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတ...
15/06/2026

ရွှေကူမြို့နယ် နှင့် မဘိမ်းမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်၊ ထိခိုက်ကျဆုံးမှုများသော စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်။

၁၅ ဇွန် ၂၀၂၆။ 7Stars News

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်းမြို့နယ်တို့တွင် KIA, PDF ပူးပေါင်းတပ်ဖွဲ့များ နှင့် အာဏာလု စစ်တပ်တို့ကြား ယနေ့ (ဇွန်လ ၁၅ ရက်) နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံး မှုများသော အာဏာလု စစ်တပ်မှ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း
မဘိမ်းမြို့နယ်၊ ငအိုးကျေးရွာမှ ရွှေကူမြို့သို့
ဦးတည်လာသည့် အာဏာလုစစ်တပ် ယာဉ်တန်းကို KIA နှင့် PDF တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့
သည့်အပြင် ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဦးတည်လာသည့် စစ်တပ် ယာဉ်တန်းကိုလည်း KIA နှင့် PDF တပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဘက်တပ်ဖွဲ့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်က 7Stars News ကို ပြောသည်။

"ဒီနေ့ မနက်ပိုင်း ရှမ်းမြောက် မဘိမ်းမြို့နယ် ငအိုးကျေးရွာ ကနေ စစ်တပ် ယာဉ်တန်းတွေ ရွှေကူမြို့ဘက် ဦးတည်ပြီး ထွက်ခွာလာကြတယ်။ KIA နဲ့ PDF တပ်ဖွဲ့တွေက သုံးခွမှာ အသင့်စောင့်ကြိုပြီး တိုက် ခိုက် ကြတယ်။ RPG တွေနဲ့ လည်းပစ်ခတ်ခဲ့ကြတယ်။ စစ်တပ် ယာဉ်တန််းထဲက ကား ၂ စီးပျက်စီးသွားတယ်။ စစ်တပ်ဘက် အကျအဆုံးများတယ်။ ပြီးတော့ ရွှေကူကနေပြီး ဗန်းမော်ဘက် အင်အား
ဖြည့်တင်းလာတဲ့ စစ်တပ်ယာဉ်တန်းကိုလည်း KIA နဲ့ PDF တွေက လေးလမ်းဆုံမှာ အသင့်စောင့်ကြိုပြီးတိုက်ခိုက်ခဲ့ကြတယ်။ စစ်တပ်ဘက်က ယာဉ်တန်းတစ်ခုလုံး ရပ်တန့်ပြီး တန်ပြန်တိုက်ခိုက်တယ်။ နှစ်ဘက်ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ကြတယ်။ စစ်တပ်ဘက် အကျအဆုံးများပြီး ယာဉ်တန်းလည်း ရှေ့မဆက်နိုင်ခဲ့ဘူး။” ဟု ပြောဆိုသည်။

တိုက်ပွဲအတွင်း အာဏာလုစစ်တပ် တပ်ဖွဲ့များ အလုံးအရင်းကျဆုံးခဲ့ခြင်းကြောင့် ယနေ့ မွန်းလွဲပိုင်း ၂:၂၀ နာရီအချိန်တွင် အာဏာလုစစ်တပ်မှ ဂျက်ဖိုက်တာ (၂) စီးဖြင့် ငအိုး သုံးခွဒေသ နှင့် ရွှေကူအထက် လေးလမ်းဆုံအနီးဝန်းကျင်သို့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူ့နေအိမ်များ ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့သည်ဟု ဆိုသည်။

မေလဆန်းမှ စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ် ထိစပ်လျက်ရှိ
သည့် မဘိမ်းမြို့နယ်၊ ရွှေကူမြို့နယ်၊ အင်းတော်မြို့နယ် တို့တွင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲများအတွင်း အာဏာလုစစ်တပ် အမှတ် (၄) လေကြောင်းချီ တပ်မဟာကွပ်ကဲမှုဌာနချုပ် တပ်မဟာမှူး ဗိုလ်မှူးချုပ် သူရ ဝဏ္ဏလွင် နှင့် ဒုတပ်မဟာမှူး တို့ နှစ်ဦးလုံး ဒဏ်ရာ ပြင်းပြင်း ထန်ထန်ရရှိခဲ့ကြကြောင်း NUG အစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန စစ်ရုံးချုပ်၏ ဇွန်လ ၁၄ ရက်၊ ရက်စွဲပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် အာဏာလုစစ်တပ် နှင့် KIA, PDF တပ်ဖွဲ့တို့ကြား နေ့စဉ်နှင့်အမျှတိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်
နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ဗန်းမော်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ရေချိန်အမြင့်ဆုံး ဖြစ်သည်။

#မဘိမ်း_ငအိုး_သုံးခွဒေသ
#ရွှေကူအထက်_လေးလမ်းဆုံ
#အာဏာလုစစ်တပ်_KIA_PDF

လိုင်ဇာမြို့၌ အပတ်စဉ် (၁၆) လူဝင်မှုကြီးကြပ်ရေး (Immigration) သင်တန်းဆင်းပွဲပြုလုပ်။ ၁၁ ဇွန် ၂၀၂၆။ 7Stars News ကချင်ပြည်န...
11/06/2026

လိုင်ဇာမြို့၌ အပတ်စဉ် (၁၆) လူဝင်မှုကြီးကြပ်ရေး (Immigration) သင်တန်းဆင်းပွဲပြုလုပ်။

၁၁ ဇွန် ၂၀၂၆။ 7Stars News

ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရာ လိုင်ဇာမြို့၌ KIO လက်အောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဗဟိုဦးစီးဌာနမှ ဦးစီးလျက် ဖွင့်လှစ်ထားသော အပတ်စဉ် (၁၆) လူဝင်မှုကြီးကြပ်ရေး ကျောင်းဆင်းပွဲကိုဇွန်လ (၁၀) ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အပတ်စဉ် (၁၆) လူဝင်မှုကြီးကြပ်ရေး (Immigration Control) ကျောင်းဆင်းပွဲကို လိုင်ဇာမြို့ အမျိုးသားခန်းမ၌ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျောင်းသား (၉၆) ဦးကို ကျောင်းဆင်းလက်မှတ် ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက 7Stars News ကို ပြောသည်။

"အပတ်စဉ် (၁၆) လူဝင်မှုကြီးကြပ်ရေး ကျောင်းဆင်းပွဲကို လိုင်ဇာမြို့ အမျိုးသားခန်းမမှာ လုပ်ခဲ့တာပါ။ ကျောင်းဆင်းပွဲမှာလူဝင်မှုကြီးကြပ် ရေး ဗဟိုဦးစီးမှူး ဒူကဘာ ကျင်းယူးလရိန် ကနေပြီး ကျောင်းဆင်းလက်မှတ် ချီးမြှင့်ပေးအပ်ခဲ့တယ်။ ကျောင်းဆင်းတဲ့ ကျောင်းသားတွေကို ထူးချွန်အဆင့်လိုက် ရာထူးတွေကိုပါ ပေးအပ်ဂုဏ်ပြုခဲ့တယ်။” ဟု ပြောဆိုသည်။

ကျောင်းဆင်းပွဲ၌ KIO ပြည်ထဲရေးဝန်ကြီးဌာန (DGA) ဒုဝန်ကြီး ဆလန်ကဘာ လဂေါင်တောင်လာ မှ ကျောင်းဆင်းသော ကျောင်းသားများ အနေဖြင့် မိမိတို့အပေါ်ယုံကြည်စွာပေးအပ်ခဲ့သည့် ရာထူး နှင့် တာဝန်များကို မြတ်နိုးတန်ဖိုးထားကာ ကျရာတာဝန်များ၌ အားတက်သရော ကြိုးစားအားထုတ် လုပ်ဆောင်ကြရန် နှင့် ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်လာကြဖို့ရန် ၎င်း၏ ကျောင်းဆင်းပွဲ မိန့်ခွန်း၌ ထည့်သွင်းပြောဆိုတိုက်တွန်းခဲ့သည်ဟု ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးကျောင်းကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် မောင်ဟိန်းစိုး၊ မောင်အင်ခွမ်ဆိုင်းခွမ် နှင့် မဖော်ယမ်ဂျီးလိမ် တို့ကိုလည်း အထူးဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

KIO ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဗဟိုဦးစီးဌာနမှ ဖွင့်လှစ်ထားသော အဆိုပါ Immigration School ၌ ကချင်လူငယ်များသာမက ဗမာ၊ ရှမ်း နှင့် အခြားသော တိုင်းရင်းသား လူငယ်များလည်း တက်ရောက် ပညာဆည်းပူးလျက်ရှိသည်။

#အပတ်စဉ်၁၆လူဝင်မှုကြီးကြပ်ရေးကျောင်းဆင်းပွဲ
ြည်ထဲရေးဝန်ကြီးဌာနDGA
ူဝင်မှုကြီးကြပ်ရေးဦးစီးဌာန

#ကျောင်းသား_သူ_၉၆_ဦးကျောင်းဆင်း

နမ့်ခမ်းမြို့အနီး ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှု နှင့် ပတ်သက်၍ Kachin Sub - State အတိုင်ပင်ခံ အဖွဲ့၏ သဘောထားထုတ်ပြန်ချက်။၅...
05/06/2026

နမ့်ခမ်းမြို့အနီး ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှု
နှင့် ပတ်သက်၍ Kachin Sub - State အတိုင်ပင်ခံ အဖွဲ့၏ သဘောထားထုတ်ပြန်ချက်။

၅ ဇွန် ၂၀၂၆။ 7Stars News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ၌ လွန်ခဲ့သော မေလ (၃၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် 'Kachin Sub-State အတိုင်ပင်ခံအဖွဲ့' ၏ အချက် (၇) ချက်ပါ သဘောထားကို ယနေ့ ဇွန်လ (၅) ရက်နေ့ ရက်စွဲဖြင့် အောက်ပါအတိုင်း ထုတ်ပြန်ခဲ့ကြသည်။

၁။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ၌ ၂၀၂၆ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ ယင်းပေါက်ကွဲမှုသည် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) လက်အောက်၊ စီးပွားရေးဌာန၏ ကျောက်ထုတ်လုပ်ရေး မိုင်းတွင်းများ၌ အသုံးပြုရန် သိုလှောင်ထားသော ယမ်းပျော့အမျိုးအစားများ မတော်တဆ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း PSLF/TNLA ၏ မေလ (၃၁) ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၂။ အဆိုပါ ပေါက်ကွဲမှုကြောင့် လူများစွာ အသက်သေဆုံးခဲ့ရကာ၊ အများအပြား ပြင်းထန်သည့် ဒဏ်ရာများ ရရှိသည့်အပြင် လူနေအိမ်အမြောက်အမြား ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။

၃။ ဤဖြစ်စဥ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသောမိသားစုများအပါအဝင်၊ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးသွားခဲ့ရသော မိသားစုများ နှင့် ထပ်တူ ဝမ်းနည်းကြောင်းဖော်ပြအပ်ပါသည်။

၄။ ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ​ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နိုင်ငံသားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း နှင့် နေအိမ်အမြောက်အမြား ပျက်စီးဆုံးရှုံးလျက်ရှိ သည်ကို နေ့စဉ်နှင့်အမျှ မြင်တွေ့ကြားသိနေရသည်။

၅။ ထို့အပြင် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ လက်နက်ခဲယမ်း စီမံခန့်ခွဲမှု အားနည်း ပေါ့လျော့မှုများကြောင့် လက်ရှိ ကောင်းတပ်‌ကျေးရွာတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်အပါအဝင်၊ အရပ်သားပြည်သူများ နှင့် တိုက်ရိုက် ထိစပ်သည့် နေရာများတွင် လက်နက်ခဲယမ်းစီမံခန့်ခွဲ သိုလှောင်ရုံများ ထားရှိမှုများကြောင့် အရပ်သားပြည်သူများ သေဆုံးခြင်း၊ ထိခိုက် ဒဏ်ရာရရှိခြင်း နှင့် လူ‌နေအိမ်များ ပျက်စီးဆုံးရှုံးသည့် ဖြစ်စဥ်များစွာရှိခဲ့ပြီး ဖြစ်သည်။

၆။ ထို့ကြောင့်၊ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး၊ မိမိတို့၏ လက်နက်ခဲယမ်းစီမံခန့်ခွဲမှု အားနည်း ပေါ့လျော့မှုများ ဆက်လက်မဖြစ်ပွားစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ အထူးသတိပြု ကြပ်မတ်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

၇။ ထို့အတူ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ၊ လူနေရပ်ကွက်အတွင်း၌ ပေါက်ကွဲစေတတ်သော ယမ်းများကို သိုလှောင်ထားရှိမှုကြောင့် မတော်တဆပေါက်ကွဲမှုဖြစ်ပွားကာ ပြည်သူလူထု အမြောက်
အမြား အသက်ဆုံးရှုံးခဲ့ရသည့်အပြင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြသည်သာမက နေအိမ်ခြံဝန်းများ နှင့် ပစ္စည်းဥစ္စာများပါ ပျက်စီးခဲ့ရသော ပြည်သူလူထုများ၏ နစ်နာဆုံးရှုံးမှုများကို ဒေသတွင်းအုပ်ချုပ်ရေး အာဏာကိုရယူထားသည့် PSLF/TNLA အဖွဲ့အစည်းအနေဖြင့် တာဝန်ယူ၊ တာဝန်ခံမှု အပြည့်အဝ ရှိစေဖို့ရန် တိုက်တွန်းနှိုးဆော် အပ်ပါကြောင်း ကျွန်ုပ်တို့ Kachin Sub - State အတိုင်ပင်ခံအဖွဲ့၏ သဘောထားကို ထုတ်ပြန်လိုက်သည်။

"Kachin Sub - State အတိုင်ပင်ခံ အဖွဲ့” ကို လွန်ခဲ့သော ၂၀၁၆ ခုနှစ်၌ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်အမျိုးသား တစ်ရပ်လုံး၏ ထောက်ခံချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရှမ်းမြောက်ရှိ ဒေသအသီးသီးမှ ကချင်လူထု၏ ရွေးကောက်ခံ ပုဂ္ဂိုလ် (၃၄) ဦးပါဝင်လျက် ကချင်အမျိုးသားရေး လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်သည်။

ိုင်ပင်ခံအဖွဲ့
#နမ့်ခမ်းအနီးပေါက်ကွဲမှုအပေါ်သဘောထားထုတ်ပြန်ချက်

04/06/2026

စစ်ကော်မရှင်တပ်ဖွဲ့မှ ဂျက်ဖိုက်တာဖြင့် စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံကို ဗုံးကြဲတိုက်ခိုက်၊ ဆေးကုသခံယူနေသော ပြည်သူ (၃) ဦး အသက်ဆုံးရှုံးခဲ့ရ။

၄ ဇွန် ၂၀၂၆။ 7Stars News

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကော်မရှင် လေတပ်မှ ယနေ့ (ဇွန်လ ၄ ရက်) နံနက် (၈:၃၂) နာရီအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆေးကုသခံယူနေသော ပြည်သူ (၃) ဦး အသက်သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင် လေတပ်မှ ဂျက်ဖိုက်တာ (၁) စီးဖြင့်
စီတာကျေးရွာ တိုက်နယ်ဆေးရုံပေါ် ဗုံးကြဲချခဲ့သည့်အပြင် KIO ၏ ဘွမ်ပရိဘွမ်တိုက်နယ်ရုံးကိုလည်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က 7stars News ကို ပြောသည်။

"ဒီနေ့မနက် ရှစ်နာရီခွဲလောက်အချိန်မှာ စစ်ကော်မရှင် လေတပ်ကနေပြီး ဂျက်ဖိုက်တာ တစ်စီးနဲ့ စီတာတိုက်နယ်ဆေးရုံပေါ် ဗုံး (၂) ငြိမ်ကြဲချခဲ့တယ်။ ဗုံးဒဏ်ကြောင့် စီတာတိုက်နယ်ဆေးရုံမှာ ဆေးကုသခံယူနေတဲ့ ပြည်သူ (၃) ဦး အသက်သေဆုံးသွားရတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာ (၂)ဦး
နဲ့ မစိုးရိမ်ရတဲ့ ဒဏ်ရာရတဲ့ပြည်သူ (၅) ဦး ရှိခဲ့တယ်။

အဲ့ဒီဂျက်ဖိုက်တာက စီတာဆေးရုံပေါ် ဗုံးကြဲချပြီးနောက် KIO ရဲ့ ဘွမ်ပရိဘွမ် တိုက်နယ်ရုံးကိုပါ ဗုံး (၂) ကြိမ်ကြဲချသွားတယ်။” ဟု ဆိုသည်။

စစ်ကော်မရှင် လေတပ်မှ ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံ အလုံးစုံ ပျက်စီးခဲ့သည့်အပြင် ဘေးဝန်းကျင်ရှိ ပြည်သူ့နေအိမ် ( ၄ ) လုံးထက်မက ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ဆက်လက်ကြားသိရသည်။

KIO ၏ တိုက်နယ်အုပ်ချုပ်ရေးရုံးလည်း ဗုံးဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရကြောင်းကြားသိရသော်လည်း KIO ရုံးအဖွဲ့သားများ ထိခိုက်မှု နှင့် ပတ်သက်သည့် အချက်အလက်များကိုမူ စုံစမ်းအတည်ပြုနေဆဲ ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ရွှေကူမြို့နယ်အတွင်း ရွေး/လိမ် အစိုးရ၊ စစ်ကော်မရှင် စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှုများ ရှိနေခဲ့ရာ နေ့စဉ်နှင့်အမျှ KIA နှင့် PDF တပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုအောက်၌ ထိုးစစ် စစ်ကြောင်းများ ဖရိုဖရဲ ဖြစ်ခဲ့ရသည့်အပြင် ထိခိုက်ကျဆုံးမှုများစွာ နှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ရုပ်သံ။ ။ KIO တိုက်နယ်အုပ်ချုပ်ရေးရုံး
လေယာဉ်ဗုံးဒဏ်ကြောင့် မီးလောင်နေစဉ်။

#ရွှေကူမြို့နယ်_စီတာကျေးရွာ_ဆေးရုံဗုံးကြဲခံရ
#စကမလေတပ်မှ_ဆေးရုံပေါ်ဗုံးကြဲချ
#ပြည်သူ_၃_ဦးအသက်သေဆုံး
ိုက်နယ်အုပ်ချုပ်ရေးရုံးပါဗုံးကြဲခံရ

31/05/2026

နမ့်ခမ်းမြို့အနီး TNLA၏ ခဲယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲ။

၃၁ မေ ၂၀၂၆။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာရှိ TNLA၏ ခဲယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူတို့၏ နေအိမ်ပေါင်းများစွာ ပျက်စီးသွားပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ယနေ့ မေလ (၃၁)နေ့ နေ့လည် (၁၂)နာရီခွဲအချိန်တွင် နမ့်ခမ်းမြို့အနီး ကောင်းတပ်ကျေးရွာရှိ TNLAတပ်၏ TNT ခဲယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲသွားခဲ့ပြီး အဆိုပါပေါက်ကွဲမှုမှာ အလွန်ပြင်းထန်ခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအထိပါ တုန်ခါမှုများ၊ ရိုက်ခတ်မှုများရှိပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက 7Stars Newsကို ပြောသည်။

“နေ့လည် (၁၂)ခွဲလောက်မှာ ပေါက်ကွဲခဲ့တာပါ၊ ပေါက်ကွဲမှုက တော်တော် ပြင်းထန်ခဲ့တော့ မူဆယ်ကနေထိပါ တုန်ခါသွားတယ်လို့ ပြောကြတယ်၊ နမ့်ခမ်းတဝှိက်က ရွာတွေမှာတော့ အဲ့ဒီပေါက်ကွဲမှုကြောင့် အိမ်တွေကနေ မှန်တွေ ကွဲထွက်သွားပြီး လူတွေကို မှန်စ ထိသွားတာမျိုးရှိတယ်၊ ပေါက်ကွဲမှုကတော့ ခဲယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲသွားခဲ့တာပါ။”ဟု ပြောသည်။

အဆိုပါ ခဲယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် အနီးအနားရှိ ရွာများအထိ ပေါက်ကွဲအား တက်ရောက်ခဲ့ပြီး နေအိမ်များရှိ မှန်များ ကွဲထွက်သွားကာ ပြည်သူများကို ထိမှန်ခဲ့မှုများလည်း ရှိကြောင်းသိရသည်။

ထို့အပြင် ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွါးခဲ့သော နေရာတွင် လူသေဆုံးမှုများလည်း ရှိပြီး ထိခိုက်သေဆုံးမှု စာရင်းကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ ခဲယမ်းဂိုဒေါင်သည် တအောင်း(ပလောင်)တပ် TNLA၏ လက်နက်ခဲယမ်းဂိုဒေါင် တစ်ခုဖြစ်ပြီး လျှပ်စစ်ရှော့ဖြစ်ရာမှ ပေါက်ကွဲသွားခြင်းဖြစ်နိုင်ကြောင်း သိရသည်။

ရုပ်သံ- ပေါက်ကွဲမှုဒဏ်ခံခဲ့ရသော ပြည်သူနေအိမ်များ။

Address

Pyi Daung Hsu Road, Homon Quater
Mu-se
06403

Alerts

Be the first to know and let us send you an email when 7Stars News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share