16/03/2025
ဆင်ခြေပုံချလို့ကောင်းတဲ့ မျိုးရိုးဗီဇ
▬▬▬
လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ အပြုအမူနဲ့ အကျင့်စရိုက်တွေက မိဘတွေရဲ့ မျိုးရိုးဗီဇကနေ ဆင်းသက်လာတယ်ဆိုတဲ့ အတွေး။
ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကရော ဘယ်လောက်ထိ အရေးပါနေမလဲ။
လွန်ခဲ့တဲ့ ရာစုနှစ်များစွာမှာ ပညာရှင်တွေက လူတစ်ယောက်ရဲ့ personality (ပင်ကိုစရိုက်၊ ကိုယ်ရည်ကိုယ်သွေး) ဟာ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်အပေါ် မူတည်ပြီး ပုံဖော်တယ်လို့ ယုံကြည်ခဲ့ကြသလို လူတစ်ယောက်က မျိုးရိုးဗီဇအလိုက် တစ်ပါတည်း မွေးရာပါဖြစ်တယ်လို့ ယုံကြည်ခဲ့ကြတာလည်း ရှိကြတယ်။
Gene (မျိုးရိုးဗီဇ) လို့ ခေါ်တဲ့ မော်လီကျူးတွေ ဆိုတာကတော့ လူတစ်ယောက်ရဲ့ ခန္ဓာက်ိုယ်ကို အသွင်အပြင်လက္ခဏာ၊ ဖွဲ့စည်းပုံတွေကို သတ်မှတ်ပေးတဲ့ အရာတွေ ဖြစ်ပါတယ်။ မျက်စိအရောင်၊ အရပ်အနိမ့်အမြင့်၊ သွေးအုပ်စု၊ အသားအရောင် စတာတွေ အားလုံးဟာ မိဘနှစ်ဦးဆီက ဆင်းသက်လာတဲ့ gene အပေါ် မူတည်ပြီး ဖြစ်ပေါ်လာကြတယ်။ ဒီထဲမှာ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာရပ်တွေရော စိတ်ပိုင်းဆိုင်ရာ လက္ခဏာရပ်တွေ အပါအဝင် မွေးရာပါ ရောဂါလက္ခဏာရပ်တွေနဲ့အတူ ဇီဝရုပ်ဖြစ်ပျက်ခြင်းနဲ့ဆိုင်တဲ့ လက္ခဏာရပ်တွေပါ ပါဝင်ကြတယ်။
ဒါဆိုရင် စိတ်ပိုင်းဆိုင်ရာလက္ခဏာရပ်တွေဖြစ်တဲ့ စိတ်နေစိတ်ထားတွေ၊ ကိုယ်ကျင့်စရိုက်တွေက မကောင်းတဲ့ဘက်ခြမ်းကဆိုရင် တချို့အရပ်ထဲသုံးတဲ့ "ဗီဇပြတာ" "သွေးထဲမှာကို ပါလာတာ" ဆိုတာမျိုးကို မှန်တဲ့စကားအနေနဲ့ တထစ်ချ ဆိုနိုင်ပါ့တော့မလား။
လူတစ်ယောက်ရဲ့ စိတ်ဓာတ်၊ ဉာဏ်ရည်၊ အပြုအမူ၊ အကျင့်စရိုက် စတာတွေအတွက် မျိုးရိုးဗီဇရဲ့ လွှမ်းမိုးမှု (nature) အပါအဝင် မိဘတွေရဲ့ ထိန်းကျောင်းမှု၊ ကြီးပြင်းလာတဲ့ ပုံစံ၊ နေထိုင်နေတဲ့ နိုင်ငံ၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင် (nurture) အစစအရာရာ အဘက်ဘက်အနေမူတည်ပြီး တည်ဆောက်လာတာ ဖြစ်ပါတယ်။
ဥပမာ
အဝလွန်ခြင်းနဲ့သက်ဆိုင်တဲ့ gene တွေက ပါဝင်နေမယ်ဆိုရင် အဲ့ဒီ gene တွေက ခန္ဓာကိုယ်ထဲက အဆီဆဲလ်တွေ အရွယ်ပမာဏကို တိုးစေတာ၊ ဆာလောင်ခြင်း၊ စားလိုစိတ် အာသီသကို ဖြစ်ပေါ်စေတဲ့ ကမ်မီကယ်လ်ဟော်မုန်းဓာတ်တွေကို ထုတ်လွှတ်စေတာမျိုးကို လုပ်ဆောင်စေပါတယ် (nature) ။
တစ်ဆက်တည်းမှာ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအနေနဲ့ gym သွားတာက ကိုယ့်အတွက် သက်တောင့်သက်သာမရှိလို့ ယုံကြည်ချက်မရှိတဲ့အခါ လေ့ကျင့်ခန်းမလုပ်ဖြစ်ရင် ကိုယ်အလေးချိန်တက်လာနှုန်းက ပိုမြင့်လာမှာပါ။ နောက်ပြီး နေထိုင်စားသောက်မှုပုံစံ ကွာဟမှုကလည်း တစ်ကြောင်း (nurture) ။
နောက်တစ်ခု အသားအရောင်။ လူ့အရေပြားအောက်ရဲ့ ဆဲလ်တွေထဲမှာ မယ်လနင်ဓာတ် (melanin) နဲ့ အသားအရောင်ကို ဖြစ်စေတဲ့ ရောင်ခြယ် (pigment) တွေ ထုတ်ပေးတဲ့ ဆဲလ်ပေါ်မူတည်ပြီး သူ့ထဲက ပါဝင်တဲ့ gene တွေ ထိန်းချုပ်မှုကြောင့် လူက အသားဖြူတာ၊ အသားလတ်တာဆိုပြီး ကွဲသွားကြတယ် (nature) ။
ကိုယ်က နေရောင်ခြည်ထဲမှာ အနေများလား၊ UV protection တွေ လုပ်သလားဆိုတာကြောင့်လည်း အသားအရောင်က ပြောင်းလဲသွားအုံးမှာ ဖြစ်တယ် (nurture) ။
ဒါကြောင့် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကလည်း အလွန် အရေးပါနေတယ် ဆိုတာကို သတိပြုစေချင်တာပါပဲ။ ဝမ်းတွင်းပါ ဆံပင်က ဘာအရောင်ဖြစ်နေနေ နှစ်သက်သလို စိတ်ကြိုက် ခြယ်သနိုင်နေတာက အမှန်တရားတစ်ခု ဖြစ်ပါတယ်။
ကလေးမွေးစားခြင်းနဲ့ အမြွှာတွေကို လေ့လာခဲ့တဲ့ လေ့လာချက်တွေအရ လူသားတွေ personality ရဲ့ ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းထိဟာ မျိုးရိုးဆက်ခံတာဆိုပြီး ခန့်မှန်းခြေ လျာထားကြတယ်။ ဒီလေ့လာချက်မှာ ၁၀၀ ရာခိုင်နှုန်း တူညီတဲ့ DNA ကို မျှဝေထားတဲ့ အတူကြီးပျင်းလာကြတာ ဒါမှမဟုတ် ကွဲကွာသွားကြတဲ့ အမြွှာတွေရဲ့ personality ကို လေ့လာခဲ့တာ ဖြစ်ပြီး သူတို့တွေက ကွဲပြားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပျင်းလာခဲ့ကြရင်တောင် ညီအစ်ကို မောင်နှမတွေထက် ပိုပြီး တူညီတဲ့ personality လက္ခဏာရပ် (personality trait) တွေ ရှိနေကြတာကို တွေ့ရှိခဲ့ရပါတယ်။
Personality လက္ခဏာရပ်တွေ ဆိုရာမှာ အဓိကအားဖြင့်
- စိတ်ပိုင်းဆိုင်ရာ ခံစားချက် အနိမ့်အမြင့် အတက်အကျကို ဖော်ပြတဲ့ Neuroticism
- extroverted person လား introverted person လားဆိုတာမျိုးကို ဖော်ပြတဲ့ Extraversion
- စူးစမ်းလိုစိတ်၊ အတွေ့အကြုံအသစ်တွေကို ရှာဖွေလိုစိတ်၊ စွန့်စားလိုစိတ် ရှိမရှိကို ဖော်ပြတဲ့ Openness
- ယုံကြည်စိတ်၊ စွန့်လွှတ်အနစ်နာခံစိတ်၊ ကြင်နာသနားစိတ်တို့ကို ဖော်ပြတဲ့ Agreeableness
- တာဝန်သိတတ်စိတ်၊ စဉ်းစားတွေးခေါ်နိုင်မှု စတာတွေကို ဖော်ပြတဲ့ Conscientiousness တို့ ပါဝင်ကြတယ်။
ဒီလက္ခဏာရပ်တွေရဲ့ အနိမ့်အမြင့်တွေကနေပြီး တမူထူးတဲ့စိတ်နေသဘောထား၊ အပြုအမူတွေနဲ့ လူ့ပတ်ဝန်းကျင်မှာ ဘယ်လို လူ ဖြစ်လာမလဲ ဆိုတာ ဆုံးဖြတ်ပေးတာပါ။
ကလေးငယ်လေးတွေဟာ လေးလသားအရွယ်လောက်ရောက်တဲ့အခါ ကလေးရဲ့ personality ကို ပင်ကိုစရိုက် (temperament) ဖြစ်တဲ့ တုံ့ပြန်ခြင်းနဲ့ အဲ့ဒီ တုံ့ပြန်မှုတွေကို ဘယ်လို ထိန်းချုပ်မလဲဆိုတာတွေကနေ အမြစ်တွယ်ပြီး စတင် တွေ့ရှိလာနိုင်ပါပြီ။ စရိုက်လက္ခဏာကိုသာ ပြောတဲ့ personality နဲ့ temperament နှစ်ခုမှာ temperament က မွေးရာပါ စိတ်နေသဘောထား (nature) ကို ဆိုလိုပြီး personality က temperament ကို အရင်းခံပြီးမှ တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲလာတာ (both nature & nurture) ဖြစ်ပါတယ်။ လုံးဝ အရေးပါတဲ့ ဘဝကို ပုံဖော်ပေးမဲ့ personality ပြောင်းလဲခြင်းတွေတော့ အသက် ၂၀ ကနေ ၄၀ အတွင်း ပြုပြင်တည်ဆောက်ပါတယ်။ ဒါကြောင့် တချို့ ထိခိုက်စေနိုင်စွမ်းရှိတဲ့ ကိစ္စရပ်တွေမှာ ကိုယ်ကိုယ်တိုင်က ပြုပြင်နိုင်နေလျက်သားနဲ့ ဆွေစဉ်မျိုးဆက်နဲ့ ကိုင်ပေါက်ပြီး ဆင်ခြေပုံချနေတယ်ဆိုတာက အလုံးစုံ မှန်မနေဘူးလို့ ထင်မြင်မိပါတယ်။ ရန်မူတတ်တဲ့ စိတ်၊ အကြမ်းဖက်တဲ့ အပြုအမှု၊ အရက်၊ မူးယစ်ဆေးဝါး စွဲလမ်းမှု အစရှိတာတွေပေါ့။
ဒါကြောင့် ယေဘုယျအားဖြင့် လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာရပ်တွေမှာ မျိုးရိုးဗီဇ (nature) ကို လိုက်ပြီး ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု (nurture) က အသက်ငယ်ရွယ်စဉ်မှာ အင်မတန် အကျိုးသက်ရောက်မှုကြီးတယ်။ ကလေးက စာမေးပွဲမှာ အမှတ်စာရင်းရဲ့ အောက်ဆုံးမှာ ရှိနေတယ် ဆိုပါတော့။ ဒဏ်ရာရစေမဲ့ စကားလုံးတွေနဲ့ အပြစ်တင်ကြတယ်။ ဒီအခြေအနေမှာ ဘယ်သူမှ ဒါငါကြောင့် ဖြစ်တာ၊ ငါ့ဗီဇကြောင့် ဆိုပြီး ကိုယ့်ကိုယ်ကိုယ်တော့ အပြစ်မတင်ဘူးလေ။
ကလေးကို တွန်းအားဖြစ်အောင် မခံချင်စိတ်ဖြစ်အောင်ဆိုပြီး ပြောတာဆိုပြီးလည်း ရှိနိုင်တယ်။ ဒါပေမဲ့ ဒီစကားကို ကလေးငယ်က ဘယ်လို လက်ခံရရှိမလဲဆိုတာ သူ့ရဲ့ temperament မှာ သိမ်ငယ်စိတ်များလား၊ ယှဉ်ပြိုင်လိုစိတ်ပြင်းလား ဆိုတာ မူတည်နေမယ်။ ငယ်ရွယ်စဉ် personality ကို တည်ဆောက်တုန်း ကလေးရဲ့ temperament က သိမ်ငယ်စိတ်သာ လွှမ်းမိုးမှု များနေမယ် ဆိုရင်ရော။ ဒါတွေ အားလုံးက ဖြစ်ပေါ်လာမဲ့ personality ဆီ တိုက်ရိုက် သွားပါတယ်။ Neuroticism မြင့်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ကျဆင်းလာတာ၊ အတွေးတွေ များလာတာ၊ Extraversion နိမ့်ပြီး လူမှုပေါင်းသင်းရ ခက်ခဲတာ စသဖြင့်ပါပဲ။
Nature က အုတ်မြစ်ဆိုရင် nurture ကတော့ အုတ်၊ ကျောက်၊ သဲ ဖြစ်ပြီး လူတကာမြင်ရတဲ့ အဆောက်အအုံကြီး တစ်ခုကို ဖန်တီးပေးပါတယ်။
◻️ Author - Chamo
References for content
➤ Khan Academy. (n.d.). Genes, environment, and behavior.
➤ Khan Academy. (n.d.). Temperament, heredity, and genes [Video]. Khan Academy.
➤ Hullett, A. (2024, September 24). Is your personality genetic? Healthline.
➤ Cherry, K. (2025, January 29). The big five personality dimensions. Verywell Mind.
ⓒ copyright 2023 - 2025 | O D I N
#သဘာဝ #အတွေး #ယုံကြည်ချက် #အုတ်မြစ် #မျိုးရိုးဗီဇ
#အခက်အခဲ #အဆောက်အအုံ #ကလေးသူငယ် #ကလေး #အကြောင်း