21/08/2023
စစ်တပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးခံသွားရတဲ့ ဒွမ်ဘုံးရွာသား ၅ ဦးပြန်လွတ်လာ
ဩဂုတ် ၂၁.၈.၂၀၂၃
ကချင်ပြည်နယ် နမ္မတီးဘက်ကနေ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေ လူသားအဖြစ် ဖမ်းဆီးသွားတဲ့ ဒွမ်ဘုံးကျေးရွာ (Dumbung)က ဒေသခံပြည်သူ ၅ ဦး မနေ့ ညနေပိုင်းမှာ ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီဒွမ်ဘုံဒေသခံ ၅ ဦးဟာ ဩဂုတ်လ ၁၉ ရက်နေ့က နမ္မတီးဘက်ကနေ ဖားကန့်လမ်းဘက် စစ်အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒွမ်ဘုံးကျေးရွာအရောက်မှာတော့ လယ်ယာလုပ်ငန်းနဲ့ ခြံလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသခံအမျိုးသား ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
“စနေနေ့က ခေါ်သွားပြီး တနင်္ဂနွေညနေ မနေ့ကပေါ့ ကားမိုင်းဂိတ်မှာ ပြန်လာပို့တာ။ သူတို့က ပြည်သူပါရင်တော့ သူတို့စစ်ကြောင်းတွေ မပစ်ခံရဘူးပေါ့ အဲ့လိုနဲ့ လူသားဒိုင်းအနေနဲ့ခေါ်သွားတာဖြစ်နိုင်တယ်။ လယ်ယာလုပ်ငန်းဝင်နေသူတွေ လမ်းမှာတွေ့တဲ့ အမျိုးသားတွေကို ခေါ်သွားတာပေါ့” လို့ ဒွမ်ဘုံးကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။