17/09/2026
ဖားကန့်တွင် စစ်တပ်က ပြည်သူနှစ်ဦးကို ပစ်ခတ်ကာ နှစ်ဦးကို ဖမ်းဆီးသွား။
စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၆။
ကချင်ပြည်နယ် ၊ ဖားကန့်မြို့ ၊ လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက် (၁) မှာ စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့ည ၈ နာရီအချိန်လောက်မှာ မျောက်ကုန်းမှာတပ်စွဲထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက အိမ်စီးကားပါဂျရိုတစ်စီးနဲ့ရောက်လာပြီး အမျိုးသားနှစ်ဦးကိုပစ်သတ်သွားကာ ကျန်နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။
" ညဘက်ကြီးကားနဲ့လာပြီး ဝင်ပစ်သွားတာ။ မပစ်ပါနဲ့လို့ အော်ပြီးတောင်းပန်နေတဲ့အသံလည်ကြားရတယ်။ အစက ငြင်းနေတဲ့အသံ တွေနဲ့စတာ။ ခနနေတော့ သေနတ်ပစ်ပြီကော အကုန်ပတ်ပြီးပစ်သွားတာ။ ဘာကြောင့်လာပစ်သွားတာလဲ ဆိုတာတော့ မသိရသေးဘူး " လို့ ငြိမ်းချမ်းသာယာရပ်ကွက်မှာ နေထိုင်တဲ့ဒေသခံတစ်ဦးက Manau Voice ကိုပြောပါတယ်။
စစ်ကောင်စီတပ်က ကိုအောင်ကျော်မိုးနဲ့ကိုဇင်မျိုးကျော်ကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကိုသိန်းဇော် နဲ့ ကိုစည်သူကိုတော့ ဒီကနေ့အချိန်ထိ ဖမ်းဆီးထားတယ်လို့သိရပါတယ်။
" သေနတ်ပစ်ခံရတဲ့နှစ်ယောက်ကနေရာမှာတင်ပွဲချင်းပြီးဆုံးသွားတယ်။ ကျန်တဲ့နှစ်ယောက်ကိုက ဘယ်မှာဖမ်းလို့ဖမ်းထားမှန်းဒီနေ့ချိန်ထိမတွေ့ရသေးဘူး။ နှစ်ယောက်လုံးကိုပစ်သွားတာတော့ ရက်စက်ပါတယ်ဗျာ။ ကြက်ကလေးငှက်ကလေးသတ်သလိုပဲ လုပ်သွားတာ " လို့ ခွန်ဆာကုန်း ကျေးရွာမှာနေထိုင်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
သတင်း - Ah Gue
စာမူတည်းဖြတ် - ကိုကျော်ဝဏ္ဏ
ပုံစာ - ကချင်ပြည်နယ် ၊ ဖားကန့်မြို့ ၊ လုံးခင်းကျေးရွာ ၊ ငြိမ်းချမ်းသာယာရပ်ကွက် (၁)မှာ စက်တကမဘာလ ၁၅ ရက်နေ့ညက စစ်ကော်မရှင်တပ် ပစ်ခတ်ခဲ့သည့် အမျိုးသားနှစ်ဦး။