06/05/2026
အယောင်ဆောင်ငြိမ်းချမ်းရေးနှင့် အကျိုးစီးပွားသံသရာ
================================
စစ်သံတွေ ခဏတိတ်သွားရုံ၊ သေနတ်သံတွေ ရပ်စဲသွားရုံနဲ့ တကယ်ပဲ ငြိမ်းချမ်းသွားပြီလို့ ပြောလို့ရနိုင်ပါ့မလား။
တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ စစ်မက်ဖြစ်ပွားခြင်းမရှိတဲ့ (Absence of War) ဆိုတဲ့ အဓိပ္ပာယ်ထက် အများကြီး ပိုပြီးကျယ်ပြန့်နက်ရှိုင်းလှပါတယ်။ အားလုံး တောင့်တနေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ထုတ်ဖို့ဆိုရင် ငြိမ်းချမ်းရေးရဲ့ ကဏ္ဍ (၃) ရပ်ကို အရင်ဆုံး ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုအပ်ပါတယ်။
ငြိမ်းချမ်းရေး ကဏ္ဍ (၃) ရပ်
ကိုယ်တွင်းငြိမ်းချမ်းရေး (Inner Peace)
မိမိရဲ့ စိတ်နှလုံးထဲမှာ ပူပင်သောက၊ ဒေါသနဲ့ မနာလိုဝန်တိုမှုတွေ ကင်းမဲ့ပြီး အေးချမ်းတည်ငြိမ်နေခြင်း ဖြစ်ပါတယ်။
အနှုတ်လက္ခဏာဆောင်သော ငြိမ်းချမ်းရေး (Negative Peace)
စစ်ပွဲတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ တိုက်ရိုက်ရှိမနေခြင်းကို ဆိုလိုပါတယ်။ ဒါပေမဲ့ သေနတ်သံတွေ တိတ်ဆိတ်နေပေမဲ့ မတရားမှု၊ ဖိနှိပ်မှုနဲ့ ဆင်းရဲမွဲတေမှုလိုမျိုး ပဋိပက္ခဖြစ်စေမယ့် အရင်းခံအကြောင်းတရားတွေကတော့ ရှိနေဆဲ အခြေအနေမျိုးပါ။
အပေါင်းလက္ခဏာဆောင်သော ငြိမ်းချမ်းရေး (Positive Peace)
တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လူမှုဖူလုံမှုတွေ ပြည့်စုံတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ပါတယ်။
အနှစ်ချုပ်ရရင် ငြိမ်းချမ်းရေးဆိုတာ “တရားမျှတမှုရှိတဲ့ တည်ငြိမ်အေးချမ်းခြင်း” ပင် ဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုအကြား အပြန်အလှန် လေးစားယုံကြည်မှု တည်ဆောက်နိုင်ပြီး စိုးရိမ်ကြောက်ရွံ့မှုကင်းကာ ဖူလုံတဲ့ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှသာလျှင် ထာဝရငြိမ်းချမ်းရေးကို ရရှိနိုင်မှာပါ။
အကျိုးစီးပွား (Interest) ဆိုတာ ဘာလဲ
အကျိုးစီးပွား (Interest) ဆိုတာ လူတစ်ယောက်ချင်းစီအတွက်ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် နိုင်ငံတစ်ခုအတွက်ဖြစ်ဖြစ် အကျိုးရှိစေမယ့်အရာတွေနဲ့ ရပိုင်ခွင့်တွေကို ပြောတာပါ။
ဒါကို အလွယ်ပြောရရင်တော့ မိမိအတွက် ကောင်းကျိုးနဲ့ လိုအပ်ချက်တွေကို ဆိုလိုတဲ့ ‘ကိုယ်ပိုင်အကျိုးစီးပွား’၊ လုပ်ငန်းတွေကနေ ရတဲ့ အကျိုးအမြတ်ဖြစ်တဲ့ ‘စီးပွားရေးအကျိုးစီးပွား’၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေ ဘေးကင်းဖို့ လုပ်ဆောင်ရတဲ့ ‘အမျိုးသားအကျိုးစီးပွား’ နဲ့ မိမိရဲ့ တာဝန်ဝတ္တရားနဲ့ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်တွေ ထပ်တူကျနေတာ (ဒါမှမဟုတ်) ဆန့်ကျင်ဘက် ဖြစ်နေတာကို ဆိုလိုတဲ့ ‘အကျိုးစီးပွား ပဋိပက္ခ’ ဆိုပြီး (၄) မျိုး ရှိပါတယ်။
စစ်ကော်မရှင်၏ အကျိုးစီးပွားနှင့် ဖိနှိပ်ချုပ်ချယ်မှု
ကျွန်တော်တို့ရဲ့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးကျော်ရှိပြီး လူမျိုးစုံ စုပေါင်းနေထိုင်ကြတဲ့အတွက် မတူကွဲပြားတဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေ အရမ်းကို ပြည့်စုံကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို ပြည်တွင်းငြိမ်းချမ်းရေးရဲ့ မျိုးစေ့လို့ သတ်မှတ်လို့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးတွေ လုပ်ကြံခံရပြီးနောက်ပိုင်း၊ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာမှ ဒီပင်လုံစာချုပ်က စတင်အသက်ဝင်ခဲ့တာပါ။
ဒါပေမဲ့ တစ်နှစ်တောင် မပြည့်ခင်မှာပဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးက စတင်တောက်လောင်ခဲ့ပါတယ်။ ပြည်တွင်းစစ်ကြီး စတင်ပြီးတော့ ၁၉၅၇ ခုနှစ်မှာ မြန်မာအစိုးရက ပင်လုံစာချုပ်ပါ အချက်အလက်တွေကို ဖောက်လွဲဖောက်ပြန်လုပ်ပြီး ရှမ်းစော်ဘွားတွေကို အတင်းအကျပ် အာဏာစွန့်ခိုင်းခဲ့ပါတယ်။ နောက်တော့ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်းက စစ်အာဏာသိမ်းလိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ ပင်လုံစာချုပ်ကိုပါ ဖျက်သိမ်းပစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းကစလို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ၂၁ ရာစုပင်လုံညီလာခံကို ဖော်ဆောင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ် စတင်ခဲ့ပေမဲ့ ရာနှုန်းပြည့် အောင်မြင်အောင်တော့ မလုပ်နိုင်ခဲ့ပါဘူး။ နောက်တော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းမှုကို တရားမဝင် လုပ်ဆောင်ခဲ့ပြန်ပါတယ်။ ဒီတော့ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ ဆာလောင်မွတ်သိပ်ခဲ့ရတဲ့ ပြည်တွင်းငြိမ်းချမ်းရေးက မြူမှုန်လေးလိုပဲ လွင့်ပါးသွားခဲ့ရပြန်ပါတယ်။
မြန်မာ့စစ်တပ် (စစ်ကော်မရှင်) ဟာ ကမ္ဘာပေါ်မှာ စီးပွားရေးလုပ်ငန်းတွေကို အကျယ်ပြန့်ဆုံး ချုပ်ကိုင်ထားတဲ့ စစ်တပ်တစ်ခုအဖြစ် ရပ်တည်နေပြီး၊ သူတို့ရဲ့ အဓိကလုပ်ငန်းစုကြီးတွေဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်အများပိုင်ကုမ္ပဏီလီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကတစ်ဆင့် နိုင်ငံရဲ့ စီးပွားရေးသွေးကြောတွေကို လက်ဝါးကြီးအုပ်ထားပါတယ်။
ဒီစီးပွားရေးလုပ်ငန်းစုတွေဟာ သယံဇာတတူးဖော်ရေးကဏ္ဍမှာ ပတ္တမြား၊ ရွှေ၊ ကျောက်စိမ်းနဲ့ အခြားတွင်းထွက်ပစ္စည်း လုပ်ကွက်တွေကို စနစ်တကျ အပိုင်စီးထားပြီး နိုင်ငံရဲ့ သဘာဝအမွေအနှစ်တွေကို ကိုယ်ကျိုးအတွက် အမြတ်ထုတ်နေကြတာပါ။ ဒါတင်မကသေးပါဘူး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချမှုကနေ ရရှိလာတဲ့ ဝင်ငွေတွေဟာ စစ်တပ်ရဲ့ ဘဏ္ဍာရေးအဓိက အရင်းအမြစ်ဖြစ်လာပြီး ဒါတွေကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မဟုတ်ဘဲ စစ်အာဏာတည်မြဲရေးအတွက်သာ အသုံးချနေကြတာပါ။
ကုန်ထုတ်လုပ်မှုကဏ္ဍမှာလည်း Myanmar Beer လိုမျိုး အရက်၊ ဘီယာလုပ်ငန်းတွေအပြင် စားသောက်ကုန်တွေနဲ့ ဘိလပ်မြေလိုမျိုး ဆောက်လုပ်ရေးပစ္စည်းတွေ ထုတ်လုပ်ရောင်းချပြီး ပြည်သူလူထုရဲ့ နေ့စဉ်သုံးစွဲမှုအပေါ် အမြတ်ထုတ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ဝန်ဆောင်မှုကဏ္ဍမှာဆိုရင်လည်း အင်းဝဘဏ်၊ မြဝတီဘဏ်လို ဘဏ်လုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ Mytel လို ဆက်သွယ်ရေးလုပ်ငန်းတွေကတစ်ဆင့် ပြည်သူတွေရဲ့ ငွေကြေးစီးဆင်းမှုနဲ့ ဆက်သွယ်ရေးကဏ္ဍတွေကိုပါ ချုပ်ကိုင်ထားပါတယ်။
ပြည်သူ့ချွေးနည်းစာပေါ်က ဆိုးယုတ်သော အကျိုးစီးပွါးသံသရာ
ကျေးလက်က သာမန်အရပ်သားတစ်ဦးဟာ မိသားစုဆီ ငွေလွှဲဖို့ ဒါမှမဟုတ် ဖုန်းဆက်သွယ်ဖို့အတွက် သူတို့မုန်းတီးတဲ့ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ဘဏ်တွေ၊ Mytel လို ဆက်သွယ်ရေးကွန်ရက်တွေကိုပဲ မလွှဲမရှောင်သာ သုံးစွဲနေရပါတယ်။ ပြည်သူတွေဟာ သူတို့ရဲ့ ချွေးနည်းစာ ဝင်ငွေတွေကို သုံးစွဲလိုက်တိုင်းမှာ အဲဒီငွေတွေက စစ်ကော်မရှင်ဆီ ရောက်သွားပြီး၊ အဲဒီငွေတွေနဲ့ပဲ ဝယ်ယူလာတဲ့ ကျည်ဆန်တွေ၊ ဗုံးတွေက သူတို့ရဲ့ ရပ်ရွာတွေပေါ် ပြန်လည်ကျရောက်လာတဲ့ ‘ဆိုးယုတ်သောအကျိုးစီးပွားသံသရာ’ ထဲမှာ စိတ်မသက်မသာနဲ့ ရှင်သန်နေကြရပါတယ်။
ဒီလိုမျိုး စီးပွားရေးလုပ်ငန်းစုကြီးတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ အသက်သွေးကြောဖြစ်ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကို ပြည်သူ့အတွက် မဟုတ်ဘဲ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့အတွက်ပဲ အဓိကထား သုံးစွဲနေပါတယ်။ စီးပွားရေးအင်ပါယာကနေရတဲ့ ငွေတွေနဲ့ လက်နက်ဝယ်တယ်၊ အဲဒီလက်နက်တွေနဲ့ အာဏာကို ဆက်ထိန်းထားတယ်၊ ပြီးတော့ စီးပွားရေးကို ဆက်ပြီးလက်ဝါးကြီးအုပ်တယ်ဆိုတဲ့ စီးပွားရေးနဲ့ ဖိနှိပ်မှုကြားက ချိတ်ဆက်မှုဟာ အလွန်ခိုင်မာနေပါတယ်။
အချုပ်ပြောရရင်တော့ စစ်ကော်မရှင်ရဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေဟာ အများပြည်သူရဲ့ အကျိုးစီးပွားကို လုံးဝထည့်မစဉ်းစားဘဲ သူတို့ရဲ့ အသိုင်းအဝိုင်းတစ်စုပဲ ကောင်းစားဖို့ လုပ်နေတာပါ။ သူတို့ဟာ ပြည်သူ့အတွက်မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားသက်သက်အတွက်ပဲ အမြတ်ထုတ်နေကြတာဖြစ်ပြီး၊ နိုင်ငံရဲ့ စီးပွားရေးစနစ်တစ်ခုလုံးကို ဖိနှိပ်ချုပ်ချယ်ဖို့ အဓိကလက်နက်အဖြစ် သုံးပြီး ပြည်သူကို အမြတ်ထုတ်နေတဲ့ လူတစ်စုပဲ ဖြစ်ပါတော့တယ်။
စစ်ကော်မရှင်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ (Human Rights Violations)
စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အချက်အလက်တွေနဲ့ ကြည့်မယ်ဆိုရင် အောက်ပါအတိုင်း တွေ့ရမှာပါ။
၁။ အကြမ်းဖက်နှိမ်နင်းခြင်း
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ အဖိနှိပ်ခံပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းတာ၊ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို မတရားဖမ်းဆီးဖိနှိပ်တာ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ သူတို့ကို ဆန့်ကျင်သူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကို ဥပဒေမဲ့ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စစ်တမ်းတွေအရ အကြမ်းဖက်စစ်ကောင်စီ (စစ်ကော်မရှင်) ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ သူတို့ကို ဆန့်ကျင်သူတွေကို ဖမ်းဆီးခဲ့ရာမှာ စုစုပေါင်း ၃၀,၈၇၇ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအထဲက ထိန်းသိမ်းခံထားရသူ စုစုပေါင်း ၁၄,၂၂၄ ယောက် ရှိခဲ့ပြီး၊ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရသူ ၇,၈၇၈ ယောက် နဲ့ လွတ်မြောက်လာသူ စုစုပေါင်း ၈,၇၈၅ ယောက် ရှိတယ်လို့ စာရင်းတွေအရ သိရှိထားရပါတယ်။
၂။ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ
တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေတင်မကဘဲ တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေနဲ့ ပြည်သူပိုင် အဆောက်အအုံပေါင်းများစွာကို အာဏာသိမ်းပြီးနောက်ပိုင်း ထောင်နဲ့ချီပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဥပမာ- ပဇီကြီးကျေးရွာဖြစ်စဉ်၊ ကနီဖြစ်စဉ် နဲ့ ဖားကန့် (အနန့်ပါ) ဖြစ်စဉ် တို့ဟာ လူသေဆုံးမှု အများဆုံးဖြစ်စဉ်တွေ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးရသူ စုစုပေါင်းဟာ ၇,၉၆၇ ယောက် ရှိခဲ့ပြီဖြစ်ကြောင်း AAPP ရဲ့ စစ်တမ်းတွေအရ သိရှိပြီးဖြစ်ပါတယ်။
၃။ မြေလှန်စနစ်ဖြင့် ဖိနှိပ်အကြမ်းဖက်မှုများ
စစ်ကော်မရှင်ဟာ ဖြတ်လေးဖြတ်ဝါဒကို အခြေခံပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့မှု မလုပ်နိုင်စေဖို့ ရည်ရွယ်ကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကစလို့ နိုင်ငံတစ်ဝန်း နေအိမ်ပေါင်း ၈၀,၀၀၀ ကျော် ဖျက်ဆီးမီးရှို့ခံခဲ့ရကြောင်း စစ်တမ်းတွေအရ သိရပါတယ်။ ဒီလိုအခြေအနေဆိုးတွေကြောင့် နိုင်ငံတစ်ဝန်း လူဦးရေ ၃ သန်းကျော် ဟာ စစ်ဘေးရှောင် (IDPs) အဖြစ် အိုးအိမ်တွေ စွန့်ခွာကာ ထွက်ပြေး ဒုက္ခရောက်နေရပါတယ်။
စစ်ကော်မရှင်၏ ဥပဒေကြောင်းအရ ဖိနှိပ်မှုများ
စစ်ကော်မရှင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေက စီးပွားရေးလုပ်ငန်းစုတွေကို ချုပ်ကိုင်ထားရုံတင် မဟုတ်ပါဘူး။ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေနဲ့ တရားဥပဒေစိုးမိုးမှုကိုပါ ပစ်မှတ်ထားပြီး စနစ်တကျ ကျူးလွန်နေတာပါ။ သူတို့က နိုင်ငံသားအခွင့်အရေးတွေကို ကန့်သတ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းတာ၊ အင်တာနက်နဲ့ သတင်းအချက်အလက် စီးဆင်းမှုတွေကို ဖြတ်တောက်တာတွေလုပ်ပြီး ပြည်သူလူထုကို အမှောင်ချထားကာ သူတို့ပိုင်မီဒီယာတွေကတစ်ဆင့် ဝါဒဖြန့်သတင်းမှားတွေကိုပဲ ထုတ်လွှင့်ဖြန့်ချိနေပါတယ်။ ဒါ့အပြင် တရားစီရင်ရေးကဏ္ဍကိုလည်း အလုံးစုံထိန်းချုပ်ထားပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူမှန်သမျှကို မတရားတဲ့ပုဒ်မတွေတပ်၊ ထောင်ချပြီး နည်းမျိုးစုံနဲ့ အကြမ်းဖက်ဖိနှိပ်နေပါတယ်။
စီးပွားရေးဆိုင်ရာ ဖိနှိပ်မှုတွေမှာလည်း ပြည်သူပိုင်မြေယာတွေကို မတရားသိမ်းယူပြီး ပြည်သူတွေရဲ့ အခြေခံဘဝတွေကို ဖျက်ဆီးနေသလို၊ နိုင်ငံတော်ဘဏ္ဍာငွေတွေကို ပြည်သူ့ကျန်းမာရေး၊ ပညာရေးနဲ့ တခြားဝန်ဆောင်မှုတွေမှာ သုံးရမယ့်အစား စစ်လက်နက်ဝယ်ဖို့အတွက်ပဲ အဓိကထား သုံးနေပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် နိုင်ငံရဲ့ စီးပွားရေးအင်ပါယာကို ရေရှည်တည်တံ့စေဖို့အတွက် ပြည်သူတို့ရဲ့ အသက်သွေးကြောတွေကို နင်းခြေပြီး မတရားအာဏာလုထားတဲ့ အကြမ်းဖက်စစ်တပ်က ဘက်ပေါင်းစုံကနေ နှိပ်ကွပ်ပြီး သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်နေကြတာဖြစ်ပါတယ်။
ဒီလိုဖိနှိပ်မှုတွေရဲ့ ရလဒ်အနေနဲ့ နိုင်ငံထဲမှာ စီးပွားရေးတွေ ကျဆင်းလာတာ၊ ငွေကြေးဖောင်းပွမှု အဆမတန် မြင့်တက်လာတာနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာတွေကြောင့် ပြည်သူတွေရဲ့ လူနေမှုဘဝဟာ အကြီးအကျယ် ထိခိုက်နစ်နာနေရပါတယ်။ ဒါတင်မကဘဲ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင် (IDPs) တွေ ဖြစ်လာတာ၊ လူသားအရင်းအမြစ်တွေ ဆုတ်ယုတ်လာတာနဲ့ နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့ လူငယ်တွေ၊ ပညာတတ်တွေဟာ တိုင်းပြည်ထဲမှာ အနာဂတ်ပျောက်ဆုံးနေလို့ ပြည်ပကို ထွက်ခွာသွားကြတဲ့ “ဦးနှောက်ယိုစီးမှု” (Brain Drain) အထိပါ ဆိုးဆိုးရွားရွား ကြုံတွေ့နေရပါတယ်။ အချုပ်အားဖြင့်ဆိုရရင် စစ်ကော်မရှင်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဖိနှိပ်မှုတွေဟာ တိုင်းပြည်ကို အဖက်ဖက်က ပျက်စီးယိုယွင်းစေပြီး ပြည်သူလူထုကို နေ့စဉ်နဲ့အမျှ ဒုက္ခပင်လယ်ဝေစေနေတာ ဖြစ်ပါတယ်။
တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များ၏ အကျိုးစီးပွား
စစ်ကော်မရှင်ကို တော်လှန်နေတဲ့ တပ်ဖွဲ့တွေဘက်မှာလည်း ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်လို့ သတိထားစရာတွေ ရှိနေပါတယ်။
(က) တိုင်းရင်းသား လက်နက်ကိုင်များ (EAOs)
EAOs တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်လာခဲ့ကြတာကြောင့် ခိုင်မာတဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေ ရှိနေပါတယ်။ ဥပမာ- သယံဇာတတူးဖော်တဲ့ လုပ်ငန်းတွေ၊ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ အခွန်ကောက်တာတွေ၊ မိမိပိုင်နယ်မြေတွေမှာ အခွန်ကောက်တာတွေနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ အများကြီး လုပ်ကိုင်နေကြတာမျိုးပါ။ ဒါ့အပြင် စစ်တပ်လက်အောက်ခံ DKBA လိုမျိုး အဖွဲ့အချို့နဲ့ ပူးပေါင်းပြီး နယ်စပ်ဒေသတွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေ လုပ်ကိုင်သူတွေကို မြေငှားရမ်းတာ၊ အခွန်ကောက်ပြီး ဥပဒေမဲ့လုပ်ရပ်တွေကို အကာအကွယ်ပေးတာမျိုးတွေလည်း ရှိနေပါတယ်။
(ခ) အခြား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ
၎င်းတို့ ထိန်းချုပ်တဲ့ နယ်မြေတွေမှာ စစ်ဆေးရေးဂိတ်ပေါင်းများစွာ ဖွင့်ပြီး အခွန်ကောက်တာ၊ ရေနံမှောင်ခိုကိစ္စတွေ၊ သစ်ခိုးထုတ်တာတွေနဲ့ တခြား တော်လှန်ရေးအဖွဲ့အချင်းချင်း မညီညွတ်စေတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေကြတာရှိပါတယ်။
အနှစ်ချုပ်ရရင်တော့ ကိုယ်ကျိုးစီးပွားတွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကတော့ ညီညွတ်မှု ပျက်ပြားတာ၊ လူထုရဲ့ အယုံအကြည် ကျဆင်းလာတာနဲ့ ဗျူဟာမြောက် ညီညွတ်မှု မရှိတာတွေနဲ့ တိုက်ရိုက် သက်ရောက်မှု ရှိနေပါတယ်။
နိုင်ငံရေးထွက်ပေါက်အတွက် အသုံးချခံ အယောင်ဆောင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်
အခုလက်ရှိမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်အတွက် ငြိမ်းချမ်းရေးကို အသုံးချဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေတင်မကဘဲ မထိုးရသေးတဲ့ EAOs တွေနဲ့ PDF တွေကိုပါ ဇူလိုင်လ ၃၁ ရက်နေ့မတိုင်ခင် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်နေတာဟာ စစ်ရေးအရ အကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ အချိန်ဆွဲဖို့နဲ့ နိုင်ငံတကာကို လိမ်လည်လှည့်ဖြားဖို့ ကြိုးပမ်းတဲ့ အကွက်တစ်ခုသာ ဖြစ်ပါတယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားသူတွေဟာ မိမိရဲ့ အတ္တနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် နိုင်ငံတော်အာဏာကို မတရားလုယူလေ့ မရှိပါဘူး။ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ လေကြောင်းနဲ့ လက်နက်ကြီးတွေ သုံးပြီး အရပ်သားပစ်မှတ်တွေကို ဗုံးကြဲဖျက်ဆီးတာတွေနဲ့ မတရားမင်းပြုနေတဲ့သူတွေဆီကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ မျှော်လင့်လို့မရပါဘူး။ လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ ဝံပုလွေတစ်ကောင်က ထွက်ပေါက်ရဖို့အတွက် ကောက်ကျစ်မှုနဲ့ ရက်စက်မှုတွေကို ပေါင်းစပ်အသုံးပြုနေတာမျိုးပဲ ဖြစ်နေပြီး၊ သူတို့ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆိုတာ ထာဝရငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေမှာကတော့ သေချာပါတယ်။
တော်လှန်ရေးရေချိန်နှင့် အကျိုးစီးပွားသံသရာ
တခြားတစ်ဖက်မှာလည်း အခုတော်လှန်ရေးကာလအတွင်း အချို့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ EAOs အချို့မှာ အကျိုးစီးပွား သံသရာလည်နေတာကို စိုးရိမ်စရာ တွေ့မြင်နေရပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ အတ္တနဲ့ ကိုယ်ကျိုးစီးပွားတွေ လွှမ်းမိုးလာတာဟာ တော်လှန်ရေးအတွက် အကြီးမားဆုံး အဆိပ်အတောက်ပါပဲ။
မူဝါဒတွေမှာတော့ ပြည်သူ့အကျိုးကို ရှေ့တန်းတင်ထားသလိုမျိုး ရှိပေမဲ့ နောက်ကွယ်မှာ ကိုယ်ကျိုးစီးပွားအတွက် အမြစ်တွယ်နေမယ်ဆိုရင် ဒီအဖွဲ့အစည်းတွေဟာ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးဆီကို လျှောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။ အတ္တနဲ့ ကိုယ်ကျိုးစီးပွားကို ဆုပ်ကိုင်ထားသမျှ ကာလပတ်လုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကတော့ ဝေးနေဦးမှာပါပဲ။
ဒါကြောင့်မို့လို့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူ့မျက်နှာကိုပဲ ငဲ့ကွက်ထောက်ထားဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးအတွင်းမှာ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ လုပ်ရပ်တွေကို တဖြည်းဖြည်း လျှော့ချပြီး အမြစ်ပြတ်တဲ့အထိ ပြုပြင်ပြောင်းလဲသွားဖို့ အရမ်းအရေးကြီးပါတယ်။ မိမိတို့ စိုက်ပျိုးထားတဲ့ တော်လှန်ရေးမျိုးစေ့ဟာ အကျိုးစီးပွားအတွက် မဟုတ်ဘဲ ပြည်သူ့လွတ်မြောက်ရေးအတွက်ပဲ ဖြစ်ရပါမယ်။ မိမိတို့ရဲ့ အတ္တကို မိမိတို့ကိုယ်တိုင် ရိတ်သိမ်းဖယ်ရှားနိုင်မှပဲ ပြည်သူတွေ မျှော်လင့်နေတဲ့ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
စီးပွားရေးစနစ်သစ်သို့ ကူးပြောင်းခြင်း
အတ္တနဲ့ ကိုယ်ကျိုးစီးပွားကို အခြေခံထားတဲ့ အကျိုးစီးပွားသံသရာကို မဖြတ်တောက်နိုင်သရွေ့တော့ ငြိမ်းချမ်းရေးဆိုတာ အဝေးက မြင်နေရတဲ့ မြူခိုးတွေလိုပဲ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေနဲ့ သယံဇာတတွေကို လူတစ်စုက လက်ဝါးကြီးအုပ်တာမျိုး မလုပ်ဘဲ ပြည်သူ့ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖူလုံရေးအတွက် ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲ သုံးစွဲရပါမယ်။
တစ်ဆက်တည်းမှာပဲ သယံဇာတတွေကို စနစ်တကျ စီမံခန့်ခွဲပြီး ဒေသခံပြည်သူတွေ အကျိုးခံစားခွင့် အပြည့်အဝရအောင် ဆောင်ရွက်ရမှာဖြစ်သလို၊ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ပြီး ပုဂ္ဂလိကပိုင်ဆိုင်မှုကို ဥပဒေနဲ့ အကာအကွယ်ပေးကာ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ (MSMEs) ကို အားပေးခြင်းဖြင့် ပြည်သူတွေရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုရရင် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ကိုယ်ကျိုးစီးပွားသံသရာကနေ အပြီးတိုင်ရုန်းထွက်ပြီး ပြည်သူ့အကျိုးစီးပွားကို အဓိကထားတဲ့ စီးပွားရေးပုံစံသစ်ဆီကို ကူးပြောင်းနိုင်မှသာ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးသံသရာသစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
အကယ်၍သာ ဒီလိုအချက်တွေကို မလိုက်နာဘဲ ကိုယ်ကျိုးစီးပွားသံသရာထဲမှာပဲ ဆက်လက်နစ်မွန်းနေမယ်ဆိုရင် တော်လှန်ရေးဟာ ပြည်သူ့ထောက်ခံမှုကို ဆုံးရှုံးသွားပြီး၊ နောက်ဆုံးမှာ အာဏာရှင်ဟောင်းနေရာမှာ အာဏာရှင်အသစ်တစ်ဦး အစားထိုးပေါ်လာတာမျိုးပဲ ဖြစ်သွားပါလိမ့်မယ်။
ပြည်သူကိုမျက်နှာမူသော စီးပွားရေးစနစ်၏ သာဓက
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေပေးပြီး ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးကို လုပ်ဆောင်ဖို့ Grameen Bank ကို တည်ထောင်ခဲ့တဲ့ ဒေါက်တာ မူဟမ္မဒ်ယူနွတ်စ် (Dr. Muhammad Yunus) အကြောင်းဟာ အကောင်းဆုံး သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။
ဒေါက်တာ မူဟမ္မဒ်ယူနွတ်စ်ကို ၁၉၄၀ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှာ မွေးဖွားခဲ့တာပါ။ စစ်တကောင်းကောလိပ်မှာ ပညာသင်ကြားခဲ့ပြီး အမေရိကန်က Vanderbilt University ကနေ စီးပွားရေးပညာရပ်နဲ့ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်မှာ ကထိက လုပ်ကိုင်ခဲ့ပြီးတော့မှ မိခင်မြေကို ပြန်လာပြီး Chittagong University မှာ စီးပွားရေးပညာဌာန အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပါတယ်။
၁၉၇၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှု ဘေးဆိုက်နေတဲ့အချိန်မှာ ဒေါက်တာယူနွတ်စ်က ဆင်းရဲသားတွေကို အတိုးကြီးတဲ့ ငွေတိုးချေးစားသူတွေလက်ကနေ လွတ်မြောက်အောင် နည်းလမ်းရှာခဲ့ပါတယ်။ သူဟာ သူ့ရဲ့ ကိုယ်ပိုင်ငွေ ၂၇ ဒေါ်လာကို ကျေးလက်က ခက်ခဲရုန်းကန်နေရသူ ၄၂ ဦးကို အာမခံပစ္စည်းမလိုဘဲ ထုတ်ချေးပေးခဲ့ရာကနေ ကျေးလက်ဘဏ်စနစ် (Grameen Bank) ကို တည်ထောင်ဖြစ်ခဲ့တာပါ။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဘဏ်ကနေ ချေးငွေရဖို့ ခက်ခဲတဲ့ အလွန်ဆင်းရဲတဲ့သူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေကို ဦးစားပေးပြီး ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေ ထူထောင်နိုင်အောင် ကူညီပေးဖို့ ဖြစ်ပါတယ်။
၁၉၈၃ ခုနှစ်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ Grameen Bank ကို တရားဝင်ဘဏ်တစ်ခုအဖြစ် တည်ထောင်နိုင်ခဲ့ပါတယ်။ ဒီစနစ်ကြောင့် လူသန်းပေါင်းများစွာဟာ ဆင်းရဲတွင်းက လွတ်မြောက်ခဲ့ပြီး ဒီပုံစံကို တခြားနိုင်ငံတွေကလည်း အတုယူပြီး ကျင့်သုံးလာခဲ့ကြပါတယ်။ ဒေါက်တာ ယူနွတ်စ်ဟာ ၂၀၀၆ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တာကြောင့် Grameen Bank နဲ့အတူ ပူးတွဲပြီး ရရှိခဲ့ပါတယ်။
၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ်မှာ အမေရိကန်သမ္မတ အိုဘားမား ပေးအပ်တဲ့ အမြင့်ဆုံး အရပ်ဘက်ဂုဏ်ထူးဆောင်ဘွဲ့ (U.S. Presidential Medal of Freedom) နဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်က ပေးတဲ့ ရွှေတံဆိပ်ဆု (Congressional Gold Medal) တို့ကို ရရှိခဲ့ပါတယ်။ နောက်ပိုင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလူငယ်တွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးက နှုတ်ထွက်သွားပြီးတဲ့နောက်မှာတော့ သူဟာ ယာယီအစိုးရအဖွဲ့ရဲ့ အဓိက အကြံပေးပုဂ္ဂိုလ် (ယာယီအစိုးရအဖွဲ့ခေါင်းဆောင်) ဖြစ်လာခဲ့ပါတယ်။ အခုအခါမှာတော့ သူဟာ နိုင်ငံပြန်လည်တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအတွက် ဦးဆောင်နေပါတယ်။
အချုပ်ပြောရရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ လက်နက်ကြီးသံတွေ ရပ်စဲရုံတင်မဟုတ်ဘဲ တရားမျှတမှုနဲ့ လူမှုဖူလုံမှုတွေပါ ပြည့်စုံမှ ရနိုင်မှာပါ။ စစ်ကော်မရှင်ကတော့ သူတို့အာဏာတည်မြဲဖို့ နိုင်ငံရဲ့ စီးပွားရေးသွေးကြောတွေကို လက်ဝါးကြီးအုပ်ပြီး ပြည်သူကို နှိပ်စက်နေသလို၊ တော်လှန်ရေး အဖွဲ့အစည်းတွေဘက်ကလည်း အတ္တနဲ့ ကိုယ်ကျိုးစီးပွားသံသရာထဲ မနစ်မွန်းသွားဖို့ အထူးသတိပြုရပါမယ်။
ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ပွင့်လင်းမြင်သာတဲ့ စာရင်းစစ်စနစ်တွေ ကျင့်သုံးပြီး ပြည်သူ့အကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ စီးပွားရေးပုံစံသစ်ကို အခုကတည်းက လက်တွေ့အကောင်အထည်ဖော်ကြဖို့ လိုပါတယ်။ လူတစ်စုကောင်းစားရေးကနေ ရုန်းထွက်ပြီး ပြည်သူကို မျက်နှာမူတဲ့ စနစ်သစ်ကို အတူတကွ တည်ဆောက်နိုင်မှသာ အားလုံးမျှော်လင့်နေတဲ့ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးကို တကယ်ရရှိမှာဖြစ်ပါတယ်။
ဆောင်းပါး - ကျော်ခေါင်
စာတည်း - ကိုကျော်ဝဏ္ဏ