09/07/2021
"တို့ပြည်သူတွေ တကယ်ညီရဲ့လား''
ဂျာဆန်(Ja San)
Kpay ထဲကငွေထုတ်ဖို့ မြို့ထဲက ငွေထုတ်ဝန်ဆောင်ခ(%) အနည်းဆုံးဆိုင်တွေ လိုက်ရှာတော့ ဝန်ဆောင်ခ အနည်းဆုံး ဆိုင်တစ်ဆိုင်တွေ့တယ် Percentage က 5%။ ငွေတစ်သိန်း ထုတ်ရင် ငါးထောင်က ဝန်ဆောင်ခပေါ့...။ ကဲ.. တစ်ခြား ဝန်ဆောင်ခနည်းတဲ့ဆိုင်လည်း မရှာချင်(မရှိတာလည်းဖြစ်နိုင်)တော့တာနဲ့ Account ထဲကငွေ သုံးသိန်းကို ဝန်ဆောင်ခ (၅%)တစ်သောင်းငါးထောင် ပေးပြီး ထုတ်လာတယ်။
တစ်ပတ်လောက် ကြာတော့ Kpayထဲက ငွေထုတ်ဖို့ ကိစ္စပြန် ပေါ်လာတာနဲ့ အရင်တစ်ခေါက် (၅%)နဲ့ ထုတ်ပေးတဲ့ဆိုင်ကို ပြန်သွားထုတ်တော့ ငွေထုတ်ဝန်ဆောင်ခက ၆% ဖြစ်သွားရော။ ''ဟာ ဦးလေး အရင်တစ်ပတ်ကပဲ ၅% နဲ့ထုတ်ခဲ့တာ ဦးလေးဆိုင်မှာပဲ'' လို့ ပြောတော့ ''တစ်ခြား Kpay ထုတ်ပေးတဲ့ဆိုင်တွေ မေးကြည့်လိုက်ပါဦး အကုန် ၇%နဲ့ပဲ ထုတ်ပေးကြပြီ...ဦးလေးဆိုင်မှာ များတယ်ထင်ရင် တခြားဆိုင်တွေ လိုက်မေးကြည့်ပါ''
ထုတ်ရမဲ့ငွေကလည်း ငါးသိန်းဆိုတော့ (%)နည်းတဲ့ဆိုင်ရှာဖို့ ပြန်လှည့်ထွက်လာခဲ့လိုက်တယ်။ ဒါနဲ့...အသိမိတ်ဆွေ တစ်ယောက်ဆီ ဘယ်ဆိုင်တွေ ဝန်ဆောင်ခ သက်သာသလဲဆိုပြီး ဖုန်းဆက်မေးတော့ ဆိုင်တစ်ဆိုင်ကို ညွှန်းပေးတယ်။
အသိက ညွှန်းပေးတဲ့ ဆိုင်ကို ချက်ချင်းပဲ ထသွားလိုက်တယ်။ဆိုင်ရောက်တော့ ''Kpay ထုတ်ချင်လို့ပါ အစ်ကိုဆိုင်မှာ ဝန်ဆောင်ခ ဘယ်လောက်ယူသလဲ'' မေးတော့ ''ဝန်ဆောင်ခကတော့ သတ်မှတ်ထားတဲ့ ငွေထုတ်ဝန်ဆောင်ခပဲပေးရမှာပါ...ဒါပေမဲ့ အစ်ကို့ဆိုင်က ဖုန်းဘေလ်ဖြစ်ဖြစ် ညီလေးတို့အဆင်ပြေမဲ့ဟာ တစ်ခုခုဝယ်ပေးပါ'' လို့ပြန်ပြောတော့ ငွေထုတ်ပြီး ဖုန်းဘေလ် သုံးထောင် ဝယ်ယူအားပေးပြီး ပြန်လာခဲ့လိုက်တယ်။
Kpay ငွေသားထုတ်ပေးတဲ့ဆိုင်တွေလည်း ပြည်သူထဲကပြည်သူပဲမလား..။အသက်သာဆုံးနဲ့ နှစ်ဦးနှစ်ဖက်အကျိုးမယုတ်မဲ့ နည်းလမ်းတွေနဲ့ ပြည်သူတွေကို ဘယ်လိုဝန်ဆောင်ပေးနိုင်မလဲ စဥ်းစားကြဖို့ပါ....။ မိတ်ဆွေအချင်းချင်းလည်း ဝန်ဆောင်မှုအနည်းဆုံးနဲ့ ငွေကြေး(ငွေသား) လဲလှယ်ပေးခြင်းနဲ့ ကူညီရိုင်းပင်းကြပါ။ နောက်တစ်ခုက မလိုအပ်တဲ့အရာတွေ ဖိမဝယ်ကြပါနဲ့။ ဝယ်လိုအား အဆမတန်များလာတဲ့အခါ စျေးကွက်မှာ ကုန်စည်ရှားပါးလာမှုကြောင့် ကုန်စည်စျေးနှုန်းတွေ မလိုအပ်ပဲတက်လာပါလိမ့်မယ်။ မဖြစ်မနေ လိုအပ်တဲ့အရာတွေကိုသာ ချင့်ချိန့်ဝယ်ယူသုံးစွဲကြရမှာပါ။
ခုကာလမှာ
ရွှေဝယ်ဖို့မလိုအပ်သေးပါဘူး...
အိမ်သုံးပရိဘောဂ(မသုံးမဖြစ်ကလွဲရင်)ဝယ်ဖို့ မလိုအပ်သေးပါဘူး..
တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူဖို့မလိုအပ်သေးပါဘူး...
အခြားသော တန်ဖိုးမြင့်ဇိမ်ခံ ပစ္စည်း/အသုံးအဆောင်တွေ ဝယ်ယူဖို့မလိုအပ်သေးပါဘူး...
လူမှုရေး၊စီးပွားရေး၊ နိုင်ငံရေး အဖက်ဖက်က ညီညီညွတ်ညွတ် တော်လှန်ကြရဦးမဲ့ ပွဲမို့ပါ...
"တို့ပြည်သူတွေ..ညီရဲ့လားဟေ့''
ကူညီကြပါ ညီကြပါ ညီပေးကြပါ
ဂျာဆန်(Jasan)
အပတ်စဉ်သောကြာနေ့တိုင်းတင်ဆက်သည့် "ကလောင်လက်နက်ဖြင့်အာဏာရှင်ကိုအပြုတ်တိုက်မည်" အစီအစဉ်သို့ ပေးပို့လာသော စာစဉ်များကို ဖော်ပြခြင်းဖြစ်သည်။
#ရှတ်ဂျမ်စာစောင်