Police Officer Hein Win Kyaw

Police Officer Hein Win Kyaw ဥအဒေနှင့်အညီအမြဲရပ်တည်

16/07/2025

ကျင့် ၂၀၂ အစီရင်ခံစာနှင့် ပူးတွဲတင်သွင်းသော
ရဲထံထွက်ဆိုချက်များ (ရဲစက္ကူများ)ကို
တာဝန်ခံမိတ္တူ ကူးယူခွင့် ရှိ၊ မရှိ
====================================

ကျင့် ၂၀၂ အစီရင်ခံစာကိုတော့
မိတ္တူကူးခွင့် ရရှိကြပါသည်။
နောက်ဆက်တွဲ ရဲထံထွက်ချက်များကို
မိတ္တူကူးလျှောက်ထားလျှင်
ထုတ်ပေးခွင့်ရှိ၊မရှိ ပြဿနာ ပေါ်လာပါတော့သည်။

အမှုတွဲမိတ္တူကူးနည်းဥပဒေ ၁၀ တွင်
#သက်သေခံအဖြစ်လက်ခံထားသော_ရဲစက္ကူများ ကို မိတ္တူကူးခွင့်ရှိကြောင်း ပြဌာန်းထားပါသည်။

အထက်ပါ နည်းဥပဒေ သည်
ကျင့် ၁၆၂၊ သက်သေခံ ၁၄၅ တို့အရ
တိုက်ဆိုင်စစ်မေးပြီး
သက်သေခံတင်သွင်းသော
ရဲစက္ကူ (ရဲထံထွက်ချက် ကောက်နုတ်ချက် မိတ္တူ)
ကို ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

(ကျင့် ၂၀၂ အစီရင်ခံစာနှင့် ပူးတွဲထားသော
ရဲထံထွက်ချက်(ရဲစက္ကူ)ကို တရားရုံးများတွင်
သက်သေခံအဖြစ် တင်သွင်းလက်ခံလေ့ မရှိပါ)
ထို့ကြောင့် အခွင့်ရအရာရှိက
သက်သေခံအဖြစ် တင်သွင်းမထားသော
ရဲစက္ကူအား မိတ္တူကူး လျှောက်ထားလာလျှင်
ငြင်းပယ်ပါလိမ့်မည်။

၁၉၄၁ ခုနှစ်၊ ရန်ကုန်စီရင်ထုံး၊ စာ- ၅၉၀
" မောင်ရှိန် နှင့် အစိုးရ " စီရင်ထုံးတွင်
#ကျင့်၂၀၂အစီရင်ခံစာနှင့်အစီရင်ခံစာ၌_အခြေခံထားသောအစစ်ခံချက်များသည်အမှုတွဲ၏အစိတ်အပိုင်းဖြစ်၍_တရားခံကစစ်ဆေးကြည့်ရှုခွင့်၊မိတ္တူကူးယူခွင့်ရှိကြောင်း
ထုံးဖွဲ့ထားပါသည်။

(အဆိုပါ စီရင်ထုံးအရ ဆိုလျှင်
မိတ္တူကူးခွင့်က ရှိနေပြန်ပါသည်)

တစ်ဖက်တွင်လည်း
တရားရုံးများလက်စွဲအပိုဒ် ၁၀၈၄(၁) တွင်
#အမှုနေ့စဥ်မှတ်တမ်းများ၊အစီရင်ခံစာများ၊
သက်သေထွက်ချက်များနှင့်စွဲချက်စာချပ်၊
ပထမသတင်းပေးတိုင်ချက်မဟုတ်သည့်
ရဲစက္ကူများကို မည်သည့်အကြောင်းနှင့်မျှ
အမှုတွဲတွင် တွဲထားခြင်း မရှိစေရ။
ဥပဒေအရာရှိသို့ ပြန်ပေးလိုက်ရမည်....ဟု
ပိတ်ပင်ထားပါသည်။

ထိုသို့ဆိုလျှင်
ကျင့် ၂၀၂ အစီရင်ခံစာကိုသာ
အမှုတွဲ၌ တွဲထားပြီး
နောက်ဆက်တွဲ (ထွက်ချက်)ရဲစက္ကူများကို
ဥပဒေအရာရှိထံသို့ ပေးအပ်လိုက်လျှင်
ပြဿနာ အေးသွားမည် ဟု
ဆင်ခြင်မိပါသည်။
(အမှုတွဲ၌ ရှိမနေ၍
မိတ္တူကူးလျှောက်ခွင့် မရှိတော့သလို၊
ထုတ်ပေးရန်လည်း မလိုတော့ပါ)

သို့သော်
ထိုနေရာတွင် ပြဿနာ က
မအေးသေးပါ။
ဦးတိုက်လျှောက်လွှာ၊ ကျင့် ၂၀၀ ထွက်ဆိုချက်နှင့်
ကျင့် ၂၀၂ အစီရင်ခံစာ တို့အရ
စွပ်စွဲခံရသူများကို အရေးယူရန်
အကြောင်းမပေါ်ပေါက်သဖြင့်
ကျင့် ၂၀၃ အရ အမှုပလပ်လိုက်သည်...ဆိုပါစို့။

အမှုတွင် ဥပဒေအရာရှိ ပါဝင်မလာသေးမီ
အမှု ပြီးသွားသောအခါ
အဆိုပါ ကျင့် ၂၀၂ အစီရင်ခံစာ နှင့်
ရဲစက္ကူ ထွက်ချက်များကို
အမှု၌သာ တွဲထားရတော့မည် ဖြစ်ပါသည်။

တရားလိုက မကျေနပ်၍
အထက်ရုံးသို့ ပြင်ဆင်မှု တက်သည့် အခါ
အထက်ရုံး တရားသူကြီးက
အမှုတွဲတွင် ပါရှိနေသော
ရဲထံထွက်ဆိုချက်များကို
၎င်း၏ စီရင်ချက်တွင်
ထည့်သွင်းသုံးသပ်သည်များ ရှိပါသည်။
အမှု၌ တွဲမပေးလိုက်လျှင်လည်း
ထပ်မံ တောင်းခေါ်သည်များ ရှိပါသည်။

ထိုသို့ဆိုလျှင်
စီရင်ချက် တွင် ထည့်သွင်းသုံးသပ်ပြီးသည့်
ရဲစက္ကူထွက်ချက်များကို
အဆိုပါ အမှုတွဲမှ
ခွဲခွာ ထား၍ မရပြန်တော့ပါ။
အစဉ်တစိုက် တွဲထားရတော့မည် ဖြစ်ပါသည်။
ရဲအရေးပိုင်မှု တစ်ခုခုဖြင့်
စွပ်စွဲခံရသူများကို အရေးယူလိုက်၍
ဥပဒေအရာရှိ ပါဝင်လာစေဦးတော့၊
BCM. 1084(1) အတိုင်း လိုက်နာပြီး
ရဲစက္ကူထွက်ချက်များကို
ဥပဒေအရာရှိ ထံ ပြန်ပေး၍
မဖြစ်နိုင်တော့ပါ။

နောက်ထပ်
အထက် တစ်ဆင့်မြင့်ရုံးသို့
မကျေနပ်သူတစ်ဦးဦးက ထပ်မံတက်လျှင်
စီရင်ချက်တွင် ထည့်သွင်းသုံးသပ်ထားသည့်
ရဲထံထွက်ချက်များ အမှုတွဲ၌
မပါ မဖြစ်၊ ပါရှိနေရတော့မည် ဖြစ်ပါသည်။
( ဒါက ဖြစ်နိုင်ခြေ ကို ယေဘုယျ တင်ပြခြင်း
ဖြစ်ပါသည်)

သို့ဖြစ်၍
ကျင့် ၂၀၂ အစီရင်ခံစာနှင့် ပူးတွဲတင်သွင်းသော
ရဲထံ ထွက်ဆိုချက် (ရဲစက္ကူများ)ကို
တရားရုံး အမှုတွဲ၌ ထားသင့်၊ မထားသင့်၊
အမှုတွဲ၌ ထားရှိလျှင်လည်း
မိတ္တူကူးခွင့် ရထိုက်၊ မရထိုက်၊
ဥပဒေရပ်ဝန်းမှ
ဆရာ၊ ဆရာမ၏ ရှုမြင်သုံးသပ်မှုများကို
လေ့လာ မှတ်သားလိုပါသဖြင့်
ယခု ပို့စ် အား တင်ပြရပါကြောင်း။

အမွေဆက်ခံပိုင်ဆိုင်မှု ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရ...
20/05/2024

အမွေဆက်ခံပိုင်ဆိုင်မှု

ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်းများ.......

အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကိုမောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင်ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံး တော်သို့ အမွေထိန်းလက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ၊ ကွယ်လွန်သူပိုင် အိမ်၊ မြေ သို့မဟုတ် မြေကွက် ကို လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီပြုလုပ်နိုင်ခွင့်ရှိပါသည်။

စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆိုင်အားလုံးပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပါက ကနေဦးမြေပုံ မြေရာဇဝင်ကူးယူရပါမည်။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ်သေဆုံးကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည်။

မြေပုံမြေရာဇဝင်ကူးယူရာတွင် အမွေဆိုင်အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း၊ အခြား အမွေဆိုင်များ မကျန်ရှိတော့ကြောင်း၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန် လွှာပြုလုပ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထားရပါမည်။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင်ဌာန၏ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်း ရခြင်း ပြုလုပ်ရပါမည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့်ကွက်သူ မရှိသည့်အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ထုတ် ပေးမည်ဖြစ်ပါသည်။ ကန့်ကွက် မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်ချက်ကို မြေပုံမြေရာဇဝင်ဌာနက စဉ်းစားပေးမည် မဟုတ်ပါ။
( မှတ်ချက် ၊ အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါက သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည်။ )

ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းနှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင် ရွက်နိုင်ခွင့်ရှိပါသည်။
အဓိကလိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည်။

အကယ်၍ အမွေဆိုင်တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ်ပေးအပ်၍ ခရီးလွန် နေသော အမွေဆိုင်အတွက် ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။
( မှတ်ချက်။ ။ အမွေဆိုင်တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ။ )

သေဆုံးသွားသော အမွေဆိုင်၏ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည်ဖြစ်ပါသည်။

အထူးသတိထားသင့်​သောအချက်မှာ
အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာ တမ်းပြုလုပ်ပါက ဥပဒေနှင့်ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေပါသည်။

အမွေထိန်းစာဖြင့် ရောင်းချခြင်းဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ခွင့်ပြုမိန့် ပါရှိရပါမည်။

Ref :
[ဦးဗကြိုင်(ဘီအေ၊ အီအယ်လ်)၊ မရွှေ့မပြာင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များရောင်းချခြင်း၊ ဝယ်ယူခြင်း ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ၊ စာ ၈ ) ] ။
Credit to owner with respect
ကမ္ဘာ့မင်းရာဇာ

20/08/2023

ရာဇဝတ်မှုများ၌ခံဝန်ဖြင့်အစမ်းလွှတ်ပေးနိင်ခြင်း။

ရာဇဝတ်မှုများဖြစ်ပွါး၍အမှုများရင်ဆိုင်ဖြေရှင်းမှုများပြုရာတွင်ရာဇဝတ်တရားသူကြီး

များကအောက်ဖေါ်ပြပါအကြောင်းအချက်များနှင့်ညီညွတ်နေပါကရာဇဝတ်ကျင့်ထုံးဥ

ပဒေပုဒ်မ-၅၆၂အပိုဒ်ခွဲ(၁)အရတရားခံ/များကိုခံဝန်ဖြင့်အစမ်းလွှတ်နိင်ခွင့်ရှိကြောင်းပြ

ဌာန်းထားပါသည်။

(၁)တရားခံအဖြစ်စွပ်စွဲခံရသူသည်အသက်(၂၁)နှစ်အောက်ယောက်ကျား(သို့မဟုတ်)မိန်း

မသားတစ်ဦးဖြစ်ရပါမည်။

(၂)ထိုယောက်ကျား(သို့မဟုတ်)မိန်းမသားသည်ယခင်ကပြစ်ချက်ဟောင်းမရှိခဲ့ဘူးသူဖြစ်

ရပါမည်။

(၃)စွပ်စွဲဖြေရှင်းရသည့်ပြစ်မှုသည်သေဒဏ်(သို့မဟုတ်)တစ်သက်တစ်ကျွန်းဒဏ်အပြစ်

ပေးခံရနိင်သည့်ပြစ်မှုအမျိုးအစားမျိုးမဟုတ်ကြောင်းဖြစ်ရပါမည်။

အထက်ပါအချက်များနှင့်ညီညွတ်ပါကရာဇဝတ်ကျင့်ထုံဥပဒေပုဒ်မ-၅၆၂အပုဒ်ခွဲ(၁)အရ

တရားခံအားခံဝန်ဖြင့်အမှုမှအစမ်းလွှတ်နိင်ပါသည်။

**ဥပဒေဗဟုသုတများတိုးပွါးနိင်ကြပါစေ**

05/06/2023

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သက်ဆိုင်သူများအတွက်သာဆောင်ရွက်ရခြင်းဖြစ်ပါတယ်။

နှစ်ဦးသ​ဘောတူလင်မယားကွာရှင်းခြင်းကို မျက်နှာစုံညီကွာရှင်းစာချုပ်ပြုလုပ်ပေးသကဲ့သို့ နှစ်ဦးသဘောတူအဝေးရောက်ကွာရှင်းခြင်းကို နှစ်ဘက်မိဘအသိုင်းအဝိုင်းနှင့်မိမိမှလည်းအသိသက်သေအဖြစ်ဆောင်ရွက်ပေးခဲ့ပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်လင်နဲ့မယားဖြစ်ရန်ပေါင်းသင်းနေထိုင်ခြင်းသည်တစ်ဦးနဲ့တစ်ဦးပဋိညာဥ်ပြုကြခြင်းဖြစ်ပါတယ်။

ထိုနည်းတူစွာလင်မယားကွာရှင်းခြင်းသည်လည်း ပဋိညာဥ်ပြုခြင်းဖြစ်ပါတယ်။

ပဋိညာဥ်တစ်ခုအားနှုတ်ဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေပြုလုပ်နိုင်ပါတယ်။

စာသက်သေကတော့ တချိန်မှာအထောက်အထားအဖြစ်အသုံးပြုရန်တော့လွယ်ကူစေပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်လင်မယားများအနေနဲ့အချိန်မရွေးနှစ်ဦးသဘောတူကွာရှင်းနိုင်ကြပါတယ်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရတော့လင်မယားကွာရှင်းခြင်းကိုနှုတ်နဲ့ပင်ကွာရှင်းနိုင်ကြောင်းပြဆိုထားပါတယ်။

သို့သော်လည်း တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပြဌာန်းပြီးနောက်ပိုင်းလိုအပ်လျှင်ခုခံဖြေရှင်းနိုင်ရန်အထောက်အထားတစ်ရပ်အဖြစ်အသုံးပြုနိုင်ရန် နှစ်ဦးသဘောတူကွာရှင်းစာချုပ်များပြုလုပ်လာကြပါတယ်။

ဒါကြောင့်တရားရုံးများတွင်လည်းကောင်း၊ပြင်ပတွင်လည်ကောင်းနှစ်ဦးသဘောတူကွာရှင်းစာချုပ်များပြုလုပ်ကြပါတယ်။

ရဲတပ်ဖွဲ့ဝင်များနဲ့တပ်မတော်သားများကတော့တရားရုံးတွင်သာ သက်ဆိုင်ရာညွှန်ကြားချက်နဲ့အညီဆောင်ရွက်ရပါမယ်။

တရားရုံးတွင်ပြုလုပ်လျှင်တော့အခိုင်အမာဆုံးမို့အကောင်းဆုံးဖြစ်ပါတယ်။

ဒါပေမဲ့
အဝေးသို့ရောက်နေခြင်း၊
တနယ်စီဖြစ်နေလို့ဆုံရန်ခက်ခဲခြင်း၊
မျက်နှာချင်းမဆိုင်နိုင်တော့လောက်အောင်အခြေအနေဖြစ်နေခြင်း၊
တို့တွင်နှစ်ဦးသဘောတူကွာရှင်းလိုပါကဆောင်ရွက်နိုင်ကြရန်ဖြစ်ပါတယ်။

အဝေးရောက်နှစ်ဦးသဘောတူကွာရှင်းလိုကြလျှင်-
1)လင်မယားကွာရှင်းပြတ်စဲခြင်းစာချုပ် နှစ်စောင်တွင် တစ်ဦးကမိမိသက်သေရှေ့တွင်လက်မှတ်ရေးထိုး၍ကျန်တစ်ဦးထံသို့ပို့ပေးရပါတယ်။

2)ကျန်တစ်ဦးကမိမိထံသို့ရောက်လာသောကွာရှင်းစာချုပ်ကိုနှစ်စောင်အားလက်မှတ်ရေးထိုး၍ တစ်စောင်အားပြန်ပို့ပါ။

3)လက်မှတ်ထိုးသူမှန်ကန်ကြောင်းမှတ်တမ်းဓာတ်ပုံ/အသံဖိုင်များလည်းအပြန်အလှန်အထောက်အထားအဖြစ်ရယူနိုင်ပါတယ်။

4)ထိုသို့ကွာရှင်းပြီးစီးကြောင်းနေ့စဥ်ထုတ်သတင်းစာတစ်ခုခုတွင်အများသိအောင်ထည့်သွင်းကြေညာပါ။
သတင်းစာကြေညာချက်ကတော့ခိုင်မာတဲ့သက်သေအထောက်အထားတစ်ခုလည်းဖြစ်ပါတယ်။ကွာရှင်းပြတ်စဲသူနှစ်ဦးလုံးဖြစ်စေ၊တစ်ဦးချင်းဖြစ်စေကြေညာဖို့လိုပါတယ်။

5)လင်မယားကွာရှင်​း မည်ဖြစ်ကြောင်း
နှစ်ဖက်မိဘဆွေမျိုးအသိုင်းအဝိုင်းတို့လည်းအကြောင်းကြားအသိပေးသင့်ပါတယ်။

အချို့ပဋိညာဥ်.. ဥပဒေဆိုင်ရာကိုးကားချက်။LL.B Group Myanmar & Online sharings.

11/09/2022

"သက်သေ၏ မျက်ကွယ်တွင် ချုပ်ဆိုသော စာချုပ်များ
ပျက်ပြယ်ခြင်း"

အိမ်ခြံမြေတိုက်ခန်းအ ရောင်းအဝယ်စာချုပ်၊ အပေါင်စာချုပ်၊
ပေးကမ်းခြင်းစာချုပ် အပါအဝင် စာချုပ်အမျိုးမျိုး
ချုပ်ဆိုကြရာ၌ အနည်းဆုံး အသိသက်သေနှစ်ဦးက
သိရှိသူအဖြစ် လက်မှတ်ရေး ထိုးကြရသည်။

တစ်ခါတစ်ရံတွင် စာချုပ် များကို အသိသက်သေများရှေ့၌
ချုပ်ဆိုလက်မှတ်ရေးထိုးကြခြင်း မဟုတ်ဘဲ
နောက်မှ အသိသက်သေ များကို ဖြည့်စွက်လက်မှတ်ရေးထိုး
ကြသည်လည်း ရှိသည်။

* ဥပဒေအရ စာချုပ်ချုပ်ဆိုသူကာယကံရှင်တို့၏ ရှေ့တွင်
မဟုတ်ဘဲ မျက် ကွယ်၌ အသိသက်သေလက်မှတ် ထိုးခြင်း
မှန်ကန်ပါက အဆိုပါ စာ ချုပ်သည်တရားမဝင်ပျက်ပြယ်မည်
ဖြစ်သည်။ *

သက်သေခံဥပဒေပုဒ်မ-၇ဝ တွင်
အသိသက်သေလက်မှတ် ရေးထိုးထားသော
စာတမ်း အမှတ်အသားကို ချုပ်ဆိုသူကိုယ်တိုင်က
ချုပ်ဆိုခဲ့ကြောင်းဝန်ခံချက်သည် သက်သေသာဓကဖြစ်သည်ဟု
ဖော်ပြထားသည်။

ထို့ကြောင့်စာချုပ် ချုပ်ဆိုသူသည် စာချုပ်ချုပ်ဆိုခဲ့ကြောင်း
ဝန်ခံရုံမျှဖြင့်မလုံလောက်ပေ။
အသိသက်သေ လက်မှတ်ရေးထိုးထား သော စာတမ်း
အမှတ်အသားကို ချုပ်ဆိုခဲ့ပါသည်ဟု ဝန်ခံမှသာ
လုံ လောက်သည့် ဝန်ခံချက်ဖြစ်ပေသည်။

''မောင်မိုးကြိုးပါ ၂ဦးနှင့် မောင်မင်းဒင်-၁၉၂၇ ခုနှစ်အတွဲ ၅
ရန်ကုန်စီရင်ထုံး-စာမျက်နှာ ၅၆၁'' တွင်
* ပေါင်နှံသူက စာချုပ် ချုပ်ဆိုကြောင်းဝန်ခံသော်လည်း
အပေါင်စာချုပ်ကို ဥပဒေနှင့်အညီ သက်သေများက
မှန်ကန်ကြောင်း လက်မှတ်ရေးထိုး ထား ခြင်းမရှိလျှင်
သက်သေခံဥပဒေ ပုဒ်မ-၇ဝအရ
ယင်းစာချုပ်သည် တရားဝင်ဖြစ်မလာနိုင်ကြောင်းညွှန်ပြ
ထားသည်ကို တွေ့ရသည်။ သို့ဖြစ်၍ စာချုပ်ချုပ်ဆို ရာတွင်
ချုပ်ဆိုသူများအနေဖြင့်အ သိသက်သေတို့ရှေ့တွင်ချုပ်ဆို
လက်မှတ်ရေး ထိုးကြရန်အထူးလို အပ်ပေသည်။ *

''ဦးစိုးအောင်နှင့်ဒေါ်ခင်ခင်လှပါ ၂ ဦး (ကွယ်လွန်သူ
ဒေါ် ဖွားသက်၏ တရားဝင်ကိုယ်စားလှယ်များ) -
၂ဝဝဝ ခုနှစ် မြန်မာ နိုင်ငံစီရင်ထုံး၊ စာမျက်နှာ ၇၃
အမှုမှာ

- တနင်္သာရီတိုင်းတရားရုံး၌ ဒေါ်ဖွားသက်က
ဦးစိုးအောင် အပေါ် နေအိမ်နှင့် မြေအပိုင်ပေးစာချုပ် အား
ပယ်ဖျက်ပေးစေလိုမှုစွဲဆိုခဲ့ သည်။
- တိုင်းတရားရုံးက ဒေါ်ဖွားသက်စွဲဆိုသောအမှုကို ပလပ်လိုက်
သဖြင့် ဒေါ်ဖွားသက် က တရားရုံးချုပ်သို့ အယူခံဝင်ရောက်
သည့်အခါ တရားရုံးချုပ်က တိုင်း တရားရုံး၏စီရင်ချက်နှင့်
ဒီကရီကို ပယ်ဖျက်ပြီး ဒေါ်ဖွားသက်စွဲဆို သည့်အတိုင်း
အနိုင်ဒီကရီချမှတ် ပေးခဲ့သည်။
- ယင်းအမိန့်ကို မကျေ နပ်၍ ဦးစိုးအောင်က အထူးအယူခံ
ဝင်လာခြင်းဖြစ်သည်။ အထူးအ ယူခံတင်သွင်းထားစဉ်
ဒေါ်ဖွားသက် ကွယ်လွန်သွားသဖြင့် ဒေါ် ခင်ခင်လှ တို့က
ဒေါ်ဖွားသက်၏ တရားဝင် ကိုယ်စားလှယ်အဖြစ်
ပါဝင်လာခြင်းဖြစ်သည်။

အထူးအယူခံရုံးက သုံးသပ်ဆုံးဖြတ်သည်မှာ
ဤအမှု သည်
- ထားဝယ်မြို့၊ မြို့့မရပ်ကွက်၊ အကွက်အမှတ် ၄၁ နှင့်
ယင်းမြေ ပေါ်ရှိအိမ်ကို ဒေါ်ဖွားသက်က တူဖြစ်သူ
ဦးစိုးအောင်အား အပိုင်ပေးကမ်းသည့်နေအိမ်နှင့်
မြေအပိုင် ပေးကမ်းခြင်း စာချုပ်ကို ၂၃.၄.၉ဝ နေ့
စာချုပ်ဆိုခဲ့သည်။
- ဒေါ်ဖွား သက်က ၄င်းအားလိမ်လည်လှည့် ဖြား၍
စာချုပ်လက်မှတ်ရေးထိုးစေခဲ့ခြင်းဖြစ်၍ ထိုစာချုပ်အား
ပယ်ဖျက်ပေးစေလိုမှုကို ဦးစိုးအောင်အ ပေါ်စွဲဆိုခြင်း
ဖြစ်သည်။
- မေတ္တာဖြင့်ပေးသော စာ ချုပ်တွင် အနည်းဆုံး
အသိသက်သေနှစ်ဦးက လက်မှတ်ရေးထိုးမှ သာ
ထိုစာချုပ်သည် တရားဝင် မည်ဖြစ်သည်။
- ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၃ တွင်
* မှန် ကန်ကြောင်းလက်မှတ်ရေးထိုးခြင်း ဆိုသည်မှာ
စာချုပ်စာတမ်း တစ်ခုကို ချုပ်ဆိုခြင်းနှင့်စပ်လျဉ်း၍
သက် သေ ၂ ဦးသို့မဟုတ် အများက
ယင်းစာချုပ်စာတမ်းတွင် ချုပ်ဆို သူ
လက်မှတ်ရေးထိုးသည်ကို
အသီးသီး မြင်တွေ့ပြီးနောက်ဖြစ်စေ၊
စာချုပ်ချုပ်ဆိုသူက မိမိလက်မှတ် သို့မဟုတ် အမှတ်အသား
မှန်ကန် ကြောင်း ဝန်ခံပြောသဖြင့်ဖြစ်စေ၊
ယင်းသက်သေ အသီးသီးတို့က စာ ချုပ် ချုပ်ဆိုသူတို့၏
ရှေ့တွင် မှန် ကြောင်း၊ ဝန်ခံလက်မှတ်ရေး ထိုး ကြခြင်းကို
ဆိုလိုသည်ဟုအဓိပ္ပာယ် ဖွင့်ဆိုထားပေသည်။ *

မှန်ကန်ကြောင်းလက် မှတ်ရေးထိုးခြင်းအထမြောက်ရန်မှာ-
၁။ အနည်းဆုံးသက်သေနှစ်ဦးရှိရ မည်။
၂။ သက်သေတိုင်းက စာချုပ်ချုပ်ဆိုသူ
လက်မှတ်ရေးထိုးသည် ကို ဖြစ်စေ၊
အမှတ်အသားပြုသည်ကို ဖြစ်စေ တွေ့မြင်ရမည်။
သို့မဟုတ် စာချုပ်ချုပ်ဆိုသူက မိမိလက်မှတ်သို့မဟုတ်
အမှတ်အသားဖြစ် ကြောင်းဝန်ခံပြောဆိုချက်ကို ကြားသိ၍
ဆောင် ရွက်ခြင်းဖြစ်ရမည်။
၃။ သက်သေတိုင်းက စာချူပ် ချုပ် ဆိုသူ၏ ရှေ့တွင်
လက်မှတ်ရေးထိုး ရမည်ဖြစ်ပေသည်။

- ဒေါ်ဖွားသက်က အချင်းဖြစ် မြေနှင့်အိမ်ကို
ဦးစိုးအောင်အား
ပေးကမ်းသည့် စာချုပ်ချုပ် ဆိုကြောင်းနှင့်
စာချုပ်တွင် ၄င်း လက်မှတ်ရေးထိုးသည်ကို ဝန်ခံ သည်။
သို့ရာတွင်စာချုပ်ပါ သက်သေလူကြီးများမှာ နောက်မှ
၄င်း ၏မျက်ကွယ်တွင် လက်မှတ်ရေး ထိုးခြင်းဖြစ်၍
တရားမဝင်ကြောင်း အဆိုပြုထားသည်။
- သက်သေလူကြီးများက လည်းဒေါ်ဖွားသက်ရှေ့မှောက်တွင်
လက်မှတ်ရေးထိုးခြင်း မဟုတ်ကြောင်း ဝန်ခံကြသည်။
- ထိုအချက်ကို ဦးစိုး အောင်ကိုယ်တိုင်ကလည်း
မငြင်းဆိုပေ။
- စာချုပ်ကို မှတ်ပုံတင်ရာ တွင်လည်း
အသိသက်သေလူကြီး များက မှတ်ပုံတင်ရုံးသို့လိုက်ပါခဲ့ ခြင်း
မရှိပေ။ သက်သေလူကြီးများ လက်မှတ်ရေးထိုးပြီးဖြစ်၍
မှတ်ပုံတင်အရာရှိက တစ်ခါတည်းမှတ်ပုံတင်ပေးလိုက်သည်ဟု
ဦးစိုး အောင်ကထွက်ဆိုသည်။
- သက်သေခံဥပဒေပုဒ်မ ၇ဝတှငျ
အသိသက်သေလက်မှတ် ရေးထိုးထားသော
စာတမ်းအမှတ် အသားကို ချုပ်ဆိုသူကိုယ်တိုင်
ချုပ်ဆိုခဲ့ကြောင်း
ဝန်ခံချက်ဟုဖော် ပြထားရာ၊ ချုပ်ဆိုသူက ချုပ်ဆိုခဲ့ ကြောင်း
ဝန်ခံရုံမျှဖြင့် မလုံလောက် ချေ။ အသိသက်သေတိ့ု ကိုယ်တိုင်
ရှေ့တွင် လက်မှတ်ရေးထိုးထား သော
စာတမ်းအမှတ်အသားကို ချုပ်ဆိုပါသည်ဟု ဝန်ခံမှသာ
လုံလောက်သော ဝန်ခံချက်ဖြစ်သည်။

ယခုအမှုတွင်
- ပေးကမ်း ခြင်းစာချုပ်ကို စာချုပ်ချုပ်ဆိုသူ ဒေါ်ဖွားသက်က
အသိသက်သေများ ၏မျက်ကွယ်တွင် လက်မှတ်ရေး
ထိုးခဲ့သည်။
- ဦးစိုးအောင်က ဒေါ် ဖွားသက် လက်မှတ် ဖြစ်ပါသည် ဟု
ပြောသည်ကို ယုံကြည်၍ သက် သေများက ဒေါ်ဖွားသက်
မျက် ကွယ်တွင် လက်မှတ်ရေးထိုးပေးခဲ့ သည်။
ထို့ကြောင့်
- သက်သေ များသည် ဒေါ်ဖွားသက်က မိမိ လက်မှတ်
မှန်ကန်ကြောင်း၊ ပြောဆိုသဖြင့် လက်မှတ်ရေးထိုးပေးခဲ့ခြင်း
မဟုတ်သည့် အပြင် စာ ချုပ်ချုပ်ဆိုသူ ဒေါ်ဖွားသက်ရှေ့၌
လက်မှတ်ရေးထိုးခြင်းမဟုတ် သ ဖြင့်
ပေးကမ်းခြင်းစာချုပ်သည်
ပစ္စည်း လွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၃ပါ
ပြဋ္ဌာန်းချက်များနှင့် မညီညွှတ်ကြောင်း တွေ့ရသည်။

* စာချုပ်ချုပ်ဆိုသူက စာ ချုပ်ချုပ်ဆိုခြင်းကို ဝန်ခံသော် လည်း၊
စာချုပ်တွင် သက်သေ များက မှန်ကြောင်းနည်းလမ်း တ ကျ
လက်မှတ်ရေးထိုးထားခြင်း မရှိလျှင်
သက်သေခံ ဥပဒေ ပုဒ်မ-၇ဝပါ ပြဋ္ဌာန်းချက်အရ
ယင်း စာ ချုပ် အားတရားဝင် စာချုပ် အ ဖြစ် လက်မခံနိုင်ပေ။ *

သို့ဖြစ်၍
- ဒေါ်ဖွားသက် စွဲဆိုသည့်အတိုင်း နေအိမ်နှင့် မြေ
အပိုင်ပေးကမ်းခြင်း စာချုပ်အား ပယ်ဖျက်စေလိုမှုကို
ခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ပေသည်။

အထက်ပါ ဥပဒေ အ ချက်အလက်၊ စီရင်ထုံးများ အရ
စာချုပ်စာတမ်းများချုပ်ဆိုရာတွင် သက်သေအစုံအလင်ဖြင့်
စာချုပ် ချုပ်ဆို သူတို့ရှေ့မှောက်၌ အားလုံး ချုပ်ဆို
လက်မှတ်ရေးထိုး၊ လက်ဗွေ နှိပ်ခြင်းတို့ ပြုလုပ်မှသာ
တရားဝင် စာချုပ်ဖြစ်မည်ဖြစ်ကြောင်း
အကြံ ပြုရေးသားလိုက်ပါသည်။

Credit

04/09/2022

ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု အကြောင်းဖြစ်ပါတယ်

ပုဒ်မ-၄၀၆ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု။ ၃ နှစ်၊ ငွေ ဒဏ်၊ ၂ ရပ်လုံး။

ပုဒ်မ-၄၀၇ သယ်ယူပို့ဆောင်သူ၊ ကုန်ရုံမှူးက ကျူးလွန်ရင် ၇ နှစ် + ငွေဒဏ် ၂ ရပ်လုံး။

ပုဒ်မ-၄၀၈ စာရေး၊ အစေခံက ကျူးလွန်ရင် ၇ နှစ်၊ ငွေဒဏ် (၂)ရပ်လုံး။

ပုဒ်မ-၄၀၉ ပြည်သူ့၀န်ထမ်း၊ ဘဏ်လုပ်ငန်းရှင်၊ ကုန်သည်ပွဲစားကကျူးလွန်ရင် တစ်သက်တစ်ကျွန်း၊ ၁၀ နှစ်၊ ၂ ရပ်လုံး။

(ယုံကြည်အပ်နှံရေး) + (ဖောက်ဖျက်မှု) ၏ အဓိပ္ပာယ် (ပစ္စည်း၊ စီမံခန့်ခွဲခွင့်ကို အပ်နှံခံရခြင်း) (ပထမပိုင်း) +

မရိုးဖြောင့်သော သဘောဖြင့် အလွဲသုံးစားပြု။ မိမိပစ္စည်းအဖြစ်ပြောင်း၊ ဥပဒေ၊ ညွှန်ကြားချက် ပဋိညာဉ်ဖောက်ဖျက် ကျူးလွန်ခြင်း။ (ဒုတိယပိုင်း)

ဒီအမှုတွေမှာ ပစ္စည်း+စီမံခန့်ခွဲခွင့်ကို ရရှိလာတာဟာ ပထမပိုင်းဖြစ်တယ်။ အဲဒီ (ယုံအပ်)ကို ဖောက်ဖျက်ပြီး ပြုလုပ်တာ ဒုတိယပိုင်း ဖြစ်ပါတယ်။

အလွဲသုံးစားမှုတွေမှာ ပစ္စည်းကိုကောက်ရတာမျိုး၊ သဘောရိုးနဲ့လက်ထဲရောက်လာတာဖြစ်ပြီး၊ ယခုအမှုတွေမှာတော့ တစ်ဦးဦးက ယုံကြည်လို့ အပ်နှံလိုက်လို့ ပစ္စည်းစီမံခွင့်ရရှိလာတာ ဖြစ်ပါတယ်။ ပစ္စည်းရပုံချင်း မတူညီဘူး။

ဥပမာအမှုများ

၁။ Bကို ကား၀ယ်ဖို့ ငွေပေးလိုက်တယ်။ ကား၀ယ်မလာဘူး။ ဖဲရှုံးပြန်လာတယ်။

၂။ ရွှေစင်တစ်ကျပ်သားပေးပြီး ရွှေပန်းထိမ်မှာ ရွှေလက်ကောက်လုပ်ခိုင်းတယ်။ ကြေးဝါတစ်မတ်သားရောပြီး လက်ကောက် လုပ်ပေးတယ်။

၃။ A က B ထံ ငွေ၊ ပစ္စည်း၊ ကား၊ အိမ်၊ ဂရန်စာချုပ်စသည်တို့ အပ်နှံပြီး နိုင်ငံခြား အလုပ်သွားလုပ်တယ်။ ခရီးသွားတယ်။ ပြန်တောင်းတော့ B က ပစ္စည်းတွေ အလွဲသုံးစားလုပ်ထားတယ်။ ရောင်းသုံးထားတယ်။ သူ့နာမည် ပြောင်းထားတယ်။ သူ့ဆွေမျိုးမိတ်ဆွေတွေ ပေးထားတယ်။

၄။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင် (ကားဂိတ်) B ထံ A က ကုန်စည်တွေ နယ်ကိုပို့ဖို့အပ်ထားတယ်။ ဘယ်ကိုမှမပို့ဘဲ ရောင်းစားပစ်တယ်။

၅။ ကန်ထရိုက်တာ တိုက်ဆောက်ဆဲ အခန်းတွေကို ကြိုပွိုင့်နဲ့ရောင်းထားတယ်။ တိုက်ပြီးတော့ အခြားသူကို ထပ်ရောင်း ပြန်တယ်။ (ဦးကျော်ရွှေအမှု - ၁၉၉၅)

03/09/2022

ကာကွယ်ခုခံပိုင်ခွင့်

ခုတစ်လောမှာ ခိုးဆိုးလုယက်တွေ အဆမတန်မြင့်တက်လာလို့ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲ ၊ဘယ်လိုလက်နက်တွေဆောင်ထားသင့်သလဲ ဆိုပြီးလာမေးကြတာတွေရှိလာပါတယ်။

ဘယ်လိုအချိန်မျိုးမှာ ပြန်လည်ခုခံနိုင်လဲ👇👇
ကိုယ့်ပစ္စည်း ဒါမှမဟုတ် သူများပစ္စည်းကို ခိုးတာ၊လုယက်တာ၊အကျိုးဖျက်ဆီးတာ၊ပြစ်မှုကျူးလွန်ဖို့ကြံစည်ပြီးအိမ်ထဲဝင်လာတာမျိုးတွေမှာ ပစ္စည်း ဒါမှမဟုတ် လူ့ခန္ဓာကိုယ်မထိခိုက်အောင် မဆုံးရှုံးအောင် တားဆီးကာကွယ်နိုင်ပါတယ်ပြန်ခုခံနိုင်ပါတယ်။။ ရူးသွပ်နေသူက ကိုယ့်ကိုရန်ပြုတိုက်ခိုက်ရင်လည်းကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ အသက်နဲ့ ပစ္စည်းကိုမထိခိုက်ခင် ရဲတိုင်ဖို့အချိန်ရှိတယ်။ရဲလာတဲ့အထိလည်းမစိုးရိမ်ရသေးဘူးဆိုရင် ကာကွယ်ခုခံ( ပြန်လည်ခုခံတိုက်ခိုက်တာ) လုပ်လို့မရပါဘူး။ ရဲကိုတိုင်ဖို့ အချိန်မရှိတော့ဘူး ဆိုရင်ခုခံနိုင်ပါတယ်။

ပြန်မခုခံဘူးရင် သေနိုင်တယ်၊မခုခံရင် အပြင်းအထန်နာကျင်စေနိုင်ချေရှိတယ် ဆိုရင်ခုခံနိုင်တယ်။ မုဒိမ်းကျင့်ဖို့ ကျူးလွန်လာပြီဆိုရင်၊ လူကိုခိုးဖို့ပြန်ပေးဆွဲဖို့ သွေးဆောင်ခေါ်ဖို့ လုပ်လာပြီဆိုရင် ခုခံနိုင်ပါတယ်။

ဘယ်လောက်အချိန်ကာလထိခုခံနိုင်သလဲ👇👇

ဘေးအန္တရယ်ကျရောက်လာတာ၊ကျရောက်တော့မယ်လို့စိုးရိမ်ရတဲ့အချိန်ကစပြီးခုခံလို့ရပါတယ်။ အန္တရယ်ရှိနေသေးသရွေ့ခုခံလို့ရပါတယ်။ ဥပမာ။ ဒီလူက ကိုယ့်ကို လူသတ်ပစ္စည်းလုဖို့ကြံစည်ပြီး လက်နက်တခုခုနဲ့ရွယ်ပြီးလုယက်နေပြီဆိုကတည်းကခုခံလို့ရပါပြီ။ သူကိုယ့်ကိုအန္တရယ်ပြုနေသေးတဲ့အထိခုခံလို့ရပါတယ်။ သူက အန္တရယ်မပြုတော့ပဲ ထွက်ပြေးသွားပြီဆိုရင် ကာကွယ်ခုခံပိုင်ခွင့်ကာလပြီးဆုံးသွားပါပြီ။ ဒါကိုမှ ကိုယ်က သူ့ကိုလိုက်လံရန်ပြုနေမယ်ဆိုရင် ကိုယ်ကကာကွယ်ခုခံပိုင်ခွင့်ဘောင်ကျော်ပြီး ပြစ်မှုကျူးလွန်တဲ့ဘက်ကိုရောက်သွားပါပြီ။
ဥပမာ သူက ကိုယ့်ကို ဆဲဆိုပြီး လက်နဲ့ ပါးနားတွေရိုက်တယ်။ ကိုယ်က ပြန်ခုခံတယ်။အနားမှာရှိတဲ့ အရာတစ်ခုခုနဲ့ ကိုင်ရိုက်လိုက်တယ်။အဲဒီအခါမှာ သူက ကိုယ့်ကိုဆက်မလုပ်တော့ဘူးဆိုရင် ကာကွယ်ခုခံပိုင်ခွင့်ကာလပြီးပါပြီ၊ နောက်ထပ်ထပ်လုပ်ရင်ထပ်ခုခံ လို့ရပါတယ်။ ဒါပေမဲ့ သူက တစ်ချက်ထဲလက်နဲ့ရိုက်လိုက်တာကို ကိုယ်က အကြိမ်ကြိမ် ထိုးနှက်တာ၊မကျေနပ်လို့ ဓားနဲ့ထပ်ထိုးတာက ကာကွယ်ခုခံပိုင်ခွင့်ထဲမှာ မရှိတော့ပါဘူး။

လူတိုင်းဟာ မိမိရဲ့ ခန္ဓာကိုယ်နဲ့ ပစ္စည်းကို ကာကွယ်ဖို့အတွက်အခွင့်အရေးရှိပါတယ်။ ကာကွယ်ခုခံပိုင်ခွင့်အရပြုလုပ်သော ပြုလုပ်မှုဟာပြစ်မှုမမြောက်ပါဘူး။ ကာကွယ်ခုခံပိုင်ခွင့်ကိုတော့ စနစ်တကျသုံးဖို့လိုပါတယ်။မျက်စောင်းနဲ့ထိုးလို့ ဓားနဲ့ပြန်ထိုးလို့တော့မရပါဘူး။ ပူးတွဲပါ ပုံနဲ့စာက ၁၉၆၄ ခုနှစ်က စီရင်ဆုံးဖြတ်ခဲ့တဲ့ စီရင်ထုံးပါ။ ကြက်ခိုးတဲ့သူခိုးကို ဓားနဲ့ခုတ်လိုက်တဲ့အတွက် သူခိုးသေဆုံးခဲ့ပါတယ်။ ဒီနေရာမှာ ကာကွယ်ခုခံပိုင်ခွင့်ဘောင်ကို ကျော်လွန်သုံးစွဲတဲ့အတွက် လူသေမှုနဲ့ ထောင်ဒဏ်အပြစ်ပေးခဲ့တာဖြစ်ပါတယ်။ သေချာလေ့လာဖတ်ရှုကြည့်ပေးကြပါဦး

👉လက်နက်ကိုင်ဆောင်မှု အနေနဲ့ကတော့ ယေဘုယျအားဖြင့် အနိမ့်ဆုံးအရိုး +အသွား ၅လက်မကျော်တဲ့ ဓါးဦးချွန် ၊ အသွား၃လက်မကျော်တဲ့ မောင်းချဓါး စတာတွေကိုင်ဆောင်သွားတယ်ဆို လက်နက်ဥပဒေအရဖမ်းဆီးနိုင်ပါတယ်။ နိုင်ငံတော်က အမိန့်ကြော်ငြာစာနဲ့ ထပ်မံထုတ်ပြန်ထားတဲ့ ဓားအမျိုးအစားတွေ၊သေနတ်လှံစွပ်၊ဓားလွယ်၊ဓားမြှောင်၊လှံသွား၊လက်နက်လုပ်တဲ့အစိတ်အပိုင်း စတာတွေဆိုရင်တော့ ပြောစရာကိုမလိုတော့ပါဘူးနော်။

ဒါပေမဲ့ ဓား၊ပေါက်ပြား၊ဝက်အူလှည့် စတဲ့ချွန်ထက်တဲ့ လက်နက်ကိရိယာတွေကို အိမ်သုံးဖို့၊လယ်ယူသုံးဖို့၊စက်မှုသုံးဖို့ ရည်ရွယ်ချက်နဲ့ သယ်ဆောင်သွားလို့ စစ်ဆေးခံရရင်၊မေးမြန်းခံရရင် အိမ်သုံး၊ လယ်ယာသုံး၊ စက်မှုလက်မှုသုံးအတွက် ရည်ရွယ်ပြီး သယ်ဆောင်တဲ့အကြောင်းသက်သေခိုင်ခိုင်လုံလုံနဲ့ဖြေရှင်းနိုင်ရင်ပြစ်မှုမမြောက်ပါဘူး။ အသေးစိတ်ထပ်သိချင်ရင် လက်နက်များ ဥပဒေကို page မှာ တင်ထားပြီးပါပြီ။ ထပ်မံရှာဖွေဖတ်ရှုကြည့်ကြပါ။ အားလုံးပဲဘေးရန်ကင်းကြပါစေ

03/09/2022

#မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။ ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတောင်မရဘဲနဲ့ တရားစွဲထောင်ချခံရတာတွေကို မကြာခဏ တွေ့နေရပါတယ် ။ တစ်လင် တစ်မယားဥပဒေကြောင့် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေပါ လင်မယားကွာရှင်းရေးအခြေခံမူတွေ ၊ ဓမ္မသတ်ပါ ဓလေ့ထုံး တမ်းတွေကို ပစ်ပယ်လိုက်ရပြီလား ၊ အဲဒါတွေကို တစ်လင်တစ်မယားဥပဒေက လွှမ်းမိုးသွားပါ သလား ဆိုတာကို ဥပဒေဗဟုသုတအနေနဲ့ သိပါရစေ ။

မေးခွန်းမှာပါတဲ့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လက်ထပ်တယ်ဆိုလို့ရှိရင် ဘာအခမ်းအနားမှ မလိုဘူး ၊ ဥပဒေရဲ့ အခြေခံမူက နှစ်ဦးသဘောတူလို့ရှိရင် ရတယ် ။ လူသိရှင်ကြား ဖြစ်ရင်ရတယ်။ ပုဆိုးတန်းတင် အကြင် လင်မယား မြောက်တယ်။ တရားဝင်လင်မယား မြောက်တယ်လို့ ပြောတယ်။ ကွဲချင်တယ် ဆိုလို့ရှိရင်လည်း စာချုပ်စာတမ်း ချုပ်ဖို့မလို့ဘူး။ ဒါမှန်တယ်။ ဒါပေမဲ့ နှစ်ဦးသဘောတူဖြစ်ဖို့ကတော့ အဓိကပဲ ။ ဒါပေမဲ့ အသိ သက်သေ ခိုင်ခိုင်မာမာ ရှိဖို့တော့ လိုတယ်။ အသားကျပြီးတဲ့ မူရှိပေမယ့် တစ်လင်တစ်မယားဥပဒေလည်း ပေါ်လာရော.. နောက်အိမ်ထောင်ပြုတဲ့ အခါကျတော့ ကွာရှင်းပြီးဖြစ်ပါတယ်လို့ ပြောနေသည်တိုင်အောင် ပထမအိမ်ထောင်က တိုင်တန်းတဲ့ အမှုတွေဖွင့်တဲ့အခါ ထောင်တန်းကျတဲ့အမှုတွေ အများကြီးဖြစ်တယ်။ ဒါ့ကြောင့်မို့လို့လည်း ဒီမေးခွန်းဖြစ်လာရတာပါပဲ ။

အဲဒီတော့ တစ်လင်တစ်မယားဥပဒေကြောင့် မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ ဓမ္မသတ်ဥပဒေကို ပစ်ပယ်လိုက် ရပြီးလားလို့ မေးခွန်းကို ဖြေမယ်ဆိုရင် ဥပဒေရဲ့သဘောကတော့ အထူးဥပဒေ ပေါ်လာလို့ရှိရင် မူလဥပဒေကို အထူးဥပဒေက လွှမ်းမိုးတာပဲ ။ ဥပမာအားဖြင့် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ မယားအများအပြား ယူတဲ့ စနစ်ကို အရင်က ခွင့်ပြုတယ် တရားဝင်တယ်။ ပိတ်ပင်ထားချက်မရှိဘူး။ အခေါ်အဝေါ် အသုံးအနှုန်းတောင်မှ မယားကြီး ၊ မယားငယ်လို့ ခေါ်တဲ့ဟာတွေကို အဲဒီလိုမခေါ်နဲ့ ပထမမယား၊ ဒုတိယမယားလို့ခေါ်ပါလို့ စီရင်ထုံး တွေမှာ တိတိလင်းလင်း ပြဆိုထားတယ်။ ဒါပေမဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးတဲ့ ဥပဒေလည်း ပေါ်လာ ရော.. နောက်မိန်းမထပ်ယူတဲ့သူက ထောင်တန်းကျနိုင်တယ်။ ဒါ.. အထူးဥပဒေက ယေဘုယျဥပဒေကို သွားပြီး တော့ လွှမ်းမိုးတဲ့သဘောလို့ဆိုနိုင်ပါတယ်။

ဒီတော့ အထူးဥပဒေဘာတွေလဲလို့ knowledge အနေနဲ့သိအောင် အနည်းငယ်ပြောပြလိုပါတယ်။ ဥပမာအား ဖြင့် အသက်အာမခံငွေတွေ၊ ဘဏ်စုဆောင်းငွေတွေ ၊ ငွေစုလက်မှတ်တွေ အဲ့မှာ nominate လုပ်ထားတဲ့သူက နေပြီးထုတ်ခွင့်ရှိတယ် ။ အဲ့ဒါကြောင့်မို့လို့ မယားဖြစ်တဲ့သူနဲ့ အစ်မဖြစ်တဲ့သူနဲ့ .. မယားဖြစ်တဲ့သူနဲ့ .. အမေ ဖြစ်တဲ့ သူနဲ့ .. အဘွားဖြစ်တဲ့သူနဲ့.. အမှုတွေဖြစ်ကြလို့ရှိရင် သက်ဆိုင်ရာ အထူးဥပဒေမှာ ပြဋ္ဌာန်းတဲ့သူကိုပဲ ထုတ်ပေးလေ့ရှိတာကို တွေ့ရတယ်။ ဒါဆိုလို့ရှိရင် မေးခွန်းရှင်က ကွာရှင်းပြီးဖြစ်ရဲ့သားနဲ့ ကွားရှင်ပြီးဖြစ် ကြောင်း ထိန်ချန်ပြီးစွဲတဲ့ အမှုဖြစ်နေတယ်ဆိုလို့ရှိရင် စွပ်စွဲတဲ့သူကနေပြီးတော့ ပထမအိမ်ထောင် တိတိလင်း လင်း ကွားရှင်းပြီးတဲ့အကြောင်း သက်သေထူထောင်နိုင်လို့ရှိရင် တရားရုံးက ပြစ်မှုထင်ရှားစီရင်လို့ မရဘူးလို့ပဲ ကျွန်မအကြံပြုလိုပါတယ်။ သက်သေထင်ရှား ခိုင်ခိုင်မာမာပြဖို့တော့ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ စာချုပ်စာတမ်းမရှိလို့.. ဒါပေမဲ့ အခုခေတ်မှာကတော့ တစ်နဲ့ခနဲဆို အနိမ့်ဆုံးကတော့ တရားရုံးမှာ သွားပြီးတော့ လက်ထပ်ကြတာက များတယ်။

အဲဒီတော့ ကျွန်တော်အနေနဲ့ အကြံပြုချင်တာကတော့ ကွာရှင်းမယ်ဆိုရင်လည်း နှစ်ဦးသဘောတူကွာရှင်းမှတော့ တရားရုံးမှာ ကွာရှင်းစာချုပ် ချုပ်လိုက်တာကတော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီတစ်လင်တစ်မယားဥပဒေရှိလို့ ။ ဘာကြောင့်လဲဆိုတော့ ငယ်ရွယ်တဲ့သူတွေ ကလေးပြဿနာတွေရှိမယ်။ နောက်အိမ်ထောင်ပြုဖို့ လိုအပ်ကောင်း လိုအပ်မယ် ။ လိုအပ်လို့ရှိရင် ကင်းကင်းရှင်းရှင်း ဖြစ်ဖို့ကိုတော့ ကျွန်တော် ပြောချင်တာက ခိုင်မာတဲ့သက်သေခံချက်.. အကောင်းဆုံး သက်သေခံချက်ဆိုတာ ဘာလဲဆိုရင် ကွာရှင်း စာချုပ် နှစ်ဦးသဘောတူသွားချုပ်လိုက်တာက အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်အကြံပြုချင်ပါတယ် ။

CRD:ဒေါ်ခင်မေသန်း(တရားလွှတ်တော်ရှေ့နေ)

03/09/2022

အမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုရာ အကြမ်းဖက်မူတွေ နာကျင်စေ‌မူတွေ ဖြစ်တဲ့ အခါမှာတရားစွဲဆိုလေ့ရှိတဲ့ ဥပဒေ ပုဒ်မများ အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်

(၁) ရာဇသတ်ကြီးပုဒ်မ-၃၂၃
(အလိုအလျောက် နာကျင်စေမူ )

မိမိ အလိုအလျောက် နာကျင်စေမူအတွက် တရားစွဲဆိုလေ့ရှိတဲ့ ပုဒ်မဖြစ်ပါတယ်။အရပ်အခေါ်ကတော့ သာမန်နာကျင်စေမူလို့ ခေါ်ကြပါတယ်။

ဒီပုဒ်မရဲ့ ဆိုလိုရင်းကတော့ လူတစ်ယောက်နေ အခြားတစ်ယောက်ကို ကိုယ်အင်္ဂါ နာကျင်စေအောင်၊ အနာရောဂါစွဲကပ်အောင်၊ ချည်နဲ့အောင် ပြုလုပ်ရင်း ဒီပုဒ်မနဲ့ အကြုံး၀င်ပါတယ်။

လက်သီးဖြင့်ထိုးခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊
ဝါးလုံးဖြင့် ထိုးခြင်းများကို ဤ ပုဒ်မနဲ့ အရေးယူကြပါတယ်။ အန္တရာယ်များတဲ့ ဒဏ်ရာမျိုး မဟုတ်ပဲ
သာမန်နာကျင်စေမူတွေကို ဤပုဒ်မ အရ အရေးယူလေ့ရှိပါတယ်။

ဤပုဒ်မဟာ

-ရဲအရေးမပိုင်၍ တရားရုံးမှာ တိုင်တန်းရမည့် ပုဒ်မဖြစ်ပါတယ်

-တရားရုံးကို တိုင်ဖို့ မသိဖူး နားမလည်းဖူးဆိုလျှင်
နီးစပ်ရာရဲစခန်းရဲ့ အကူအညီကို ရယူနိုင်ပါတယ်
ရဲ‌တွေမှာ ကူညီရမယ့် တာ၀န်ရှိပါတယ်။

-ပြစ်ဒဏ်မှာ ၁နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

(၂) ရာဇသတ်ကြီးပုဒ်မ-၃၂၄
(လက်နက်ဖြင့် သာမန်နာကျင်စေမူ)

ဒီပုဒ်မကို အထက်က ပုဒ်မကဲ့လို့ သာမန်နာကျင်စေမူလို့ ခေါ်လိုရပါတယ်။
ဒါပေမဲ့ ကျူးလွန်သူ(တရားခံ)၏ လုပ်ဆောင်ပုံတွေ
ဖြစ်ပျက်ပုံတွေ၊ နာကျင်မူ ဖြစ်စေတာတွေ ကတော့ ကွဲပြားပါတယ်။

ဒီပုဒ်မဟာ သူတစ်ပါးကို ဘေးဖြစ်စေသော လက်နက်တို့၊ မီးတို၊ အဆိပ်တို့၊ စားလောင်စေသော အရာဝတ္ထု(ဥပမာ-အက်ဆစ်)ကဲ့သို့သော် အန္တရာယ်ဖြစ်စေတဲ့ အရာဝတ္ထုတွေ ၊ တိရိစ္ဆာန်တွေနဲ့ ဘေးဖြစ်အောင် ပြုလုပ်မူတွေ(ဥပမာ-ခွေးကိုက်အောင် ပြုလုပ်ခြင်း)တွေကို ဒီပုဒ်မနဲ့ အရေးယူပါတယ်။

ဤပုဒ်မဟာ

-ရဲအရေးပိုင်၍ နီးစပ်ရာ ရဲစခန်းမှာ တိုင်ကြားနိုင်ပါတယ်။

-ပြစ်မူထင်ရှားရင်း ထောင်ဒဏ် ၃နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမှာ ဖြစ်ပါတယ်။

(၃) ရာဇသတ်ကြီးပုဒ်မ-၃၂၅
(တုံးသောလက်နက်ဖြင့် အပြင်းအထန်း
နာကျင်စေမူ)

လူတစ်ယောက်အနေနဲ့ အခြားလူတစ်ယောက်ကို အပြင်းအထန်း နာကျင်စေအောင် ပြုလုပ်ရင်း အပြစ်ပေးတဲ့ ပုဒ်မဖြစ်ပါတယ်။

မျက်စိမမြင်‌‌တောအောင်၊ နားမကြားတောအောင်
ကိုယ်လက်အင်္ဂါ ချို့တဲအောင် ပြုလုပ်ရင်း
ဒီပုဒ်မနဲ့ အရေးယူနိုင်ပါတယ်။

-ရဲအရေးပိုင်၍ နီးစပ်ရာ ရဲစခန်းမှာ
တိုင်ကြားနိုင်ပါတယ်

-ပြစ်ဒဏ်ကတော့ ၇နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်ပါ ချမှတ်ပါတယ်။

ဤပုဒ်မနှင့် စပ်လျဉ်းပြီး စီရင်ထုံတစ်ခုမှာတော့ အခုလိုဖော်ပြပါတယ်။

"ပြစ်မူဆိုင်ရာဥပဒေပုဒ်မ ၃၂၅ အရ ပြစ်မူထင်ရှားပါက ထောင်ဒဏ်(၇)နှစ် အထိနှင့် ငွေဒဏ်ပါချမှတ်နိုင်သည်။ ထောင်ဒဏ်မပါပဲ ငွေဒဏ်သက်သက်
ချမှတ်ခြင်း မပြုနိုင်ချေ။
မိန်းမသားတစ်ဦးအပေါ် အနိုင်အထက်ပြု၍ ပြင်းထန်းသော ဒဏ်ရာရရှိသောအမူတွင် ဒဏ်ငွေအနည်းငယ်သာ ထပ်ရိုက်ခြင်းမှာလည်း မျှတမူရှိသည်ဟု ဆိုနိုင်မည် မဟုတ်ချေ။ နောင်တွင် ထိုသို့
ကျူးလွန်းမူများကိုလည်း ဟန်းတာနိုင်မည် မဟုတ်ချေ။" ဟု

မအုံးတင်နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်(၁၉၇၆ မတစ စာ-၁၄၃)
မှာတွေရပါတယ်။

(၄) ရာဇသတ်ကြီးပုဒ်မ-၃၃၄
(ဒေါသထွက်အောင် ပြုလုက်မူကြောင့် အပြင်းအထန် နာကျင်စေမူ)

‌ ဒေါသထွက်အောင် ပြုသူမှတစ်ပါး အခြားသူအား နာကျင်စေရန် မကြံရွယ်ဘဲ့နှင့် ရုတ်တရက် ဒေါသထွက်အောင် ပြုလုက်မူကြောင့် မိမိအလျောက် နာကျင်စေ‌တဲ့အခါ ဤပုဒ်မနဲ့
အရေးယူပါတယ်။

ရန်ဖြစ်စကားများရင်း ဒေါသထွက်တဲ့ အခါ နာကျင်စေအောင် ပြုလုပ်တဲ့အခါမှာဤပုဒ်မဖြင့် အရေးယူတာလို့ ဆိုလိုပါတယ်။

-ရဲအရေးမပိုင်၍ တရားရုံးမှာ တိုင်တန်းရပါမယ်။

-ကျေးအေးခွင့်ရှိတဲ့ပုဒ်မဖြစ်ပါတယ်

-ပြစ်ဒဏ်အနေနဲ့ကတော့ ၁လထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ကျပ်ငါးသောင်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်။


အထက်ပါပုဒ်မများ အားလုံးဟာ
အမျိုးသမီးတွေ ကျူးလွန်းခံရတဲ့အခါ တရားစွဲဆိုလေ့ရှိတဲ့ ပုဒ်မတွေဖြစ်ပြီး
ယောက်ျား၊ မိန်းမ မရွေး ဤဥပဒေများ၏ အကာအကွယ်ကို ခံစားနိုင်ပါတယ်။

ကိုးကား
-ရာဇသတ်ကြီးဥပဒေ
-ရာဇသတ်ကြီးစီရင်းထုံးများ
-ပြည်သူအတွက် ရာဇသတ်ကြီးအနှစ်ချုပ်နှင့်
-ဆရာကောင်းမြတ်သူ၏ ရေးသားဖော်ပြချက်များကို ကိုးကားပါသည်။

Address

Myitkyina

Telephone

+95662219191

Website

Alerts

Be the first to know and let us send you an email when Police Officer Hein Win Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category