
02/06/2023
🟢 ဘော်တွင်းသတ္တုလုပ်ကွက် မိုင်းတာဝန်ခံ နိုင်ငံခြားသား ရုတ်တရက် သေဆုံး
လွေးပို့ဆပေ၊ ဇွန်လ ၂ ရက်၊ နမ္မတူ
ရှမ်းမြောက် နမ္မတူမြို့ ဘော်တွင်း သတ္တုတွင်းရဲ့ မိုင်းတာဝန်ခံ နိုင်ငံခြားသား ရုတ်တရက် သေဆုံးသွားပြီး သတ္တုတွင်းမှ အာဏာပိုင်တွေက သတင်းကို အမှောင်ချထားတယ်လို့ သိရပါတယ်။
ဘော်တွင်းမိုင်းတာဝန်ခံ ဆန်ကော်ရန်ဆိုသူဟာ ပြီးခဲ့တဲ့ မေလ ၂၇ ရက် ညစာစားပွဲမှာ အရက်သောက်ရာကနေ ရှော့ပ်ဖြစ်ပြီး နှလုံးရပ် သေဆုံးသွားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်သိရှိတဲ့ အမည်မဖော်လိုသူတစ်ဦးက "သူတို့က ဖုံးကွယ်ထားတာလေ။ ဆေးရုံမှာတောင် ငါးရက်လောက် ကြာတယ်။ ဘော်တွင်းမှာဆို နိုင်ငံခြားသား ညအိပ်လို့ မရဘူး။ ကုမ္ပဏီက စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေနဲ့ ပိုက်ဆံပေး ပူးပေါင်းပြီးမှ နားလည်မှုနဲ့ လုပ်ကြတာလေ။ အမှန်တကယ်ဆို ဒီမှာနေခွင့်မရှိဘူး။အရင်က နိုင်ငံခြားသားတွေ လာလည်ရင်တောင် ချက်ချင်း ပြန်ရတာ။ ဒီမှာညအိပ်လို့ မရဘူး။ သူသေသွားတာ ဒီကလူတွေဘယ်သူမှ ဘာမှတောင် သိလို့မရဘူး။ စက်ရုံဖွင့်ပွဲ မရောက်ခင်က သူကဘာမှမဖြစ်ဘူး" လို့ ပြောပါတယ်။
မေလ ၂၇ ရက်က စက်ရုံဖွင့်ပွဲ ပြုလုပ်ပြီး ကုမ္ပဏီပိုင်ရှင်နဲ့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာနဲ့ ညစာစားပွဲ ပြုလုပ်ပြီး အဲဒီညမှာပဲ သေဆုံးသွားတယ်လို့ သူကဆက်ပြောပါတယ်။
နောက်ထပ် ဒေသခံတစ်ဦးက "ညနေပိုင်းက သူတို့စက်ရုံ ဖွင့်ပွဲပေါ့။ သူက အရက်သောက်ပြီးမှာ အိပ်ခန်းထဲ ဝင်နေတဲ့အချိန်မှာ သေသွားတယ်။ အရက်သောက်လို့ ရှော့ပ်ဖြစ်ပြီး သေတယ်လို့ပြောတာပဲ။ သတင်းကလည်း အတိအကျ မထွက်လာဘူး။ နိုင်ငံခြားသား တရားမဝင် လူတွေဆိုတော့ သတင်းကို သူတို့က ဖုံးထားတယ်။ ကျနော်တို့ မေးတာတောင် မပြောပြဘူး လို့ ပြောပါတယ်။
အဆိုပါ အမျိုးသားကို ဆေးရုံမှာ ဆေးစစ်ပြီးမှ မေလ ၃၁ ရက် မနက် ၉ နာရီက မီးသဂြိုလ်ပေးလိုက်တယ်လို့ ၎င်းကဆိုပါတယ်။
တရုတ်နိုင်ငံသားဖြစ်တဲ့ ဆန်ကော်ရန်ဆိုသူဟာ အသက် ၅၀ ကျော်ရှိပြီး ဘော်တွင်းမိုင်းမှာ အလုပ် လုပ်တာဟာ တစ်နှစ်ဝန်းကျင်ခန့်ရှိပြီး သူနဲ့အတူ အလုပ်လုပ်တဲ့ တရုတ်နိုင်ငံသားတွေလည်း ၈ ဦးခန့် ရှိတယ်လို့ သိရပါတယ်။
# Crd ရွှေဖီမြေ