05/06/2026
အီရွိုင်အိုလာ နဲ့ပြန်စပြီ… ပြီးရင်ကော
အီရွိုင်အိုလာဟာ နည်းပြကောင်းတစ်ယောက်ဖြစ်တယ်၊ ဘုန်းမောက်မှာလုပ်ပြခဲ့တာတွေကချီးကျူးစရာကောင်းတယ်။ တစ်ဖက်မှာ ဆလော့တ်နဲ့ ပြီးခဲ့တဲ့ရာသီ အနေအထားဟာ ဆိုးတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ကို အသည်းအသန်ယူပြီးရခဲ့တာက လွဲရင် ခြေစွမ်း၊ ရလဒ်၊ ပုံစံ၊ အသင်းတွင်းအနေအထား ဘာမှမကောင်းခဲ့ဘူး။ ဒါဆိုရင် ဆလော့တ်နေရာ အီရွိုင်အိုလာ ဝင်လာတာ ကောင်းတယ်ပေါ့။
ခက်တာက အဲ့လောက် ရှင်းရှင်းလင်းလင်းမတွေးနိုင်သေးတာပါပဲ။ အပေါ်ကပြောခဲ့တဲ့ အချက်နှစ်ချက်လုံးကို စိတ်ထဲမှာ တကယ်ယုံကြည်သည့်တိုင်၊ ပရီးမီးယားလိဂ်ဖလားကို ပထမရာသီမှာ ယူထားပြီး၊ ဒုတိယရာသီမှာအဆင်မပြေဖြစ်လိုက်တဲ့ ဆလော့တ်နေရာကို လဲမယ်။ ခေတ်သစ်တစ်ခုကို သူနဲ့စမယ်။ ကစားသမားအသစ်တွေနဲ့ ရေရှည်စီမံကိန်းရဲ့ အဓိကကျသူတစ်ဦးဖြစ်မယ်၊ ဆိုတာကတော့ အရိုးသားဆုံးပြောရရင် ဒွိဟဖြစ်လှပြီး၊ ဝိရောဓိများလွန်းလှပါတယ်။
အီရွိုင်အိုလာက နည်းပြကောင်းပါ။ ဒါပေမဲ့ အီရွိုင်အိုလာတွေအများကြီး လည်း မြင်ဖူးခဲ့ပါတယ်။ ဘရန်ဒန်ရော်ဂျာ၊ ဒေးဗစ်မိုယက်စ်၊ ဂရေဟမ်ကေပါ်တာ၊ နူနိုဆန်းတို့စ်၊ သောမတ်ဖရန့် စသဖြင့်ပေါ့။ သူတို့အားလုံးမှာ တူညီသော လမ်းကြောင်းရှိကြပြီး၊ ပရီးမီးယားလိဂ် အလယ်အလတ်အသင်းမှာ အစွမ်းပြတယ် ပြီးတော့ ပရီးမီးယားလိဂ်အသင်းကြီးဆီရောက်တယ်၊ ပြီးတော့….
ဒီလိုတွေးမိတာဟာ Hasty Generalization လို့ခေါ်တဲ့ ရှေ့ကကိစ္စတွေကြောင့် အခုလည်းဖြစ်မယ်လို့ ကောက်ချက်ချမိတဲ့ ယုတ္တိဗေဒအမှားလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပေမဲ့၊ ပရီးမီးယားလိဂ်မှာ အခုလို ရာထူးတက်သွားသူများရဲ့လမ်းကြောင်းဟာ လွတ်တဲ့သူမပေါ်သေးတဲ့ ကျိန်စာလိုဖြစ်နေတာလည်း အမှန်ပါပဲ။
ဘာပဲဖြစ်ဖြစ် နည်းပြကောင်းတစ်ယောက်မလို့ အောင်မြင်စေချင်တာမလို့ စောင့်ကြည့်ရမှာပါပဲ။