
25/07/2025
စစ်ကောင်စီနှင့် နီးစပ်သည့် လုပ်ငန်းရှင်များကို ပိတ်ဆို့အရေးယူမှု အမေရိကန် ရုပ်သိမ်း
…………
အမေရိကန်အစိုးရက မြန်မာစစ်ကောင်စီနှင့် နီးစပ်သည့် လုပ်ငန်းရှင်များအား ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းလိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ Office of Foreign Assets Control (OFAC) ဝက်ဘ်ဆိုက်တွင် ဇူလိုင် ၂၄ ရက်က ဖော်ပြထားသည်။
ပိတ်ဆို့အရေးယူမှုစာရင်းမှ ပယ်ဖျက်ခံရသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များတွင် KT Services & Logistics နှင့် ၎င်း၏တည်ထောင်သူ ဂျွန်နသန် မျိုးကျော်သောင်း၊ Myanmar Chemical and Machinery Co. Ltd (MCM Group) နှင့် ပိုင်ရှင် အောင်လှိုင်ဦး၊ Suntac Technologies နှင့် ပိုင်ရှင် စစ်တိုင်းအောင်နှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ တင်လတ်မင်း တို့ ပါဝင်ကြောင်း ဖော်ပြထားသည်။
၎င်းတို့နှင့် အဖွဲ့အစည်းများကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာ့ကာကွယ်ရေးကဏ္ဍနှင့် ဆက်နွှယ်မှု၊ အာဏာသိမ်းစစ်တပ်မှ အရာရှိကြီးများနှင့် နီးစပ်မှုတို့ကြောင့် သမ္မတဟောင်း ဂျိုးဘိုင်ဒင် အစိုးရလက်ထက် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပိတ်ဆို့အရေးယူခဲ့ခြင်း ဖြစ်သည်။
MCM Group ပိုင်ရှင်အောင်လှိုင်ဦးသည် ယူကရိန်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ၂၀၁၇ ခုနှစ်တွင် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။
ယူကရိန်းနိုင်ငံပိုင် Ukroboronprom နှင့် Ukrspecexport ကုမ္ပဏီများနှင့် မြန်မာစစ်တပ်ပူးတွဲ၍ BTR-4 အမျိုးအစား သံချပ်ကာယာဉ်များ၊ MMT-40 အမျိုးအစား အပေါ့စားတင့်ကားများနှင့် 2SIU အမျိုးအစား ဟောင်ဝစ်ဇာအမြောက်များ ထုတ်လုပ်ရေးစီမံကိန်းတွင် ဦးအောင်လှိုင်ဦး၏ MCM ကုမ္ပဏီ ပါဝင်ကြောင်း Justice For Myanmar (JFM) ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြသည်။
ဗြိတိန်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားနှစ်မျိုးလုံးခံယူခွင့်ရထားသူ မျိုးကျော်သောင်းမှာ ခရိုနီစီးပွားရေးလုပ်ငန်းရှင် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း၏ တပည့်ရင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ စစ်တပ်က လွှဲပြောင်းပိုင်ရှင်ပြုလုပ်သွားသော နိုင်ငံပိုင် ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ရခဲ့သူဖြစ်သည်။
စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လုပ်ငန်း၏ လက်ရှိထိပ်တန်းတာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ ထိုဗိုလ်အောင်ကျော်ဆိပ်ကမ်းကို ဦးပိုင်မှ သိမ်းယူခဲ့ပြီးနောက်၊ ဦးပိုင်မှတစ်ဆင့် မျိုးကျော်သောင်းလက်ထဲသို့ ရောက်ရှိအောင်ဆောင်ရွက်ခဲ့သူမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် ဆက်ဆံရေးကောင်းသော ဦးအောင်ကိုဝင်းဖြစ်ကြောင်း သိရှိရသည်။
Suntac ကုမ္ပဏီအုပ်စုနှင့် Yadanarpon Aviation Support ကုမ္ပဏီပိုင်ရှင်စစ်တိုင်းအောင်မှာ အာဏာရှင်သန်းရွှေစစ်အုပ်ချုပ်ုရေးခေတ် သစ်တောဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်ဘုန်း၏ သားဖြစ်သည်။
စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်မှုများကြောင့် Suntac ကုမ္ပဏီအုပ်စုမှာ ယခင်က အနောက်အုပ်စုနိုင်ငံများ၏ ဒဏ်ခတ်အရေးယူခြင်းခံရဖူးပြီး စစ်ကောင်စီလက်ထက်တွင် ဆက်လက်အရေးယူခံခဲ့ရသည်။
လက်နက်ပွဲစားတစ်ဦးဖြစ်သူ စစ်တိုင်းအောင်မှာ မက္ကဆီကိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်တစ်ဦးလည်းဖြစ်သည်ဟု သိရသည်။
လေယာဉ်ပစ္စည်းများ ဝယ်ယူရာခြင်း စစ်အုပ်စု၏ စစ်လက်နက်ထုတ်လုပ်ရေးတွင် စစ်တိုင်းအောင်နှင့် Suntac ကုမ္ပဏီတို့၏ ပါဝင်ကြောင်း Suntac ၏ ပါဝင်ပတ်သတ်နေကြောင်း JFM က ဆိုသည်။
ဒေါ်တင်လတ်မင်းမှာ ရွှေဗျိုင်းဖြူနှင့် Atom Myanmar ဆက်သွယ်ရေးကုမ္ပဏီပိုင်ရှင် သိန်းဝင်းဇော်၏ ဇနီးဖြစ်ပြီး၊ သိန်းဝင်းဇော်စီးပွားရေးပိတ်ဆို့ခံရမှုနောက်ပိုင်း သိန်းဝင်းဇော်၏ လုပ်ငန်းများကို ၎င်းနာမည်ဖြင့် လွှဲပြောင်းနာမည်ခံထားသူဖြစ်သည်။
ယခုကဲ့သို့ စစ်တပ်နှင့် ပတ်သက်သူများကို ပိတ်ဆို့မှုများ ရုပ်သိမ်းရခြင်းအကြောင်းရင်းကိုမူ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သမ္မတအိမ်ဖြူတော်တို့က ရှင်းလင်းပြောကြားခြင်းမရှိပေ။
သို့ရာတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် စစ်တပ်ပိုင်ကုမ္ပဏီများကိုမူ အမေရိကန်၏ ပိတ်ဆို့သည့် စာရင်းတွင် ဆက်လက်ထည့်သွင်းထားသည်။
စစ်တပ်၏ အဓိကစီးပွားရေးလုပ်ငန်းစုကြီးနှစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့သည်လည်း အမည်ပျက်စာရင်းတွင် ဆက်လက်ပါဝင်နေသည်။ အဆိုပါ လုပ်ငန်းကြီးများသည် သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ အရက်ချက်လုပ်ငန်း ၊ ဆိပ်ကမ်းနှင့် ခရီးသွားလာရေးလုပ်ငန်းများမှတစ်ဆင့် စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသည့် ရင်းမြစ်များဖြစ်သည်။
မြန်မာမှ တင်ပို့မည့် ကုန်ပစ္စည်းများအပေါ် အမေရိကန်က အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ကြေညာခြင်းအပေါ် လျှော့ချပေးရန် မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတ ဒေါ်နယ်ထရမ့်ထံ ဇူလိုင် ၁၁ ရက်နေ့တွင် စာရေးသားပေးပို့ခဲ့ရာတွင် အခွန်နှုန်းကို ၁၀ မှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ရန် အဆိုပြုခဲ့သည့်အပြင် ချမှတ်ထားသည့် အပြန်အလှန်စီးပွားရေးအကျိုးအမြတ်များအတွက် ပိတ်ဆို့မှုများကို ပြန်လည်စဉ်းစားရန်လည်း တိုက်တွန်းခဲ့သည်။
စစ်ကောင်စီနှင့် နီးစပ်သည့် လုပ်ငန်းရှင်များကို ပိတ်ဆို့အရေးယူမှု အမေရိကန် ရုပ်သိမ်း…………အမေရိကန်အစိုးရက မ...