
11/09/2023
"အာဆီယံထိပ်သီးအစည်းအဝေး ဘာစွမ်းခဲ့သလဲ"
----------------------------------
ရဲရင့်လှိုင်း
အာဆီယံထိပ်သီးအစည်းအဝေးကတော့ ပြီးသွားပါပြီ။ မြန်မာလူထုအများစုကတော့ "မျှော်လင့်ထားသလိုပါပဲ၊ ဘာမှမထူးပါဘူး"လို့ပဲ ပြောကြမှာပါ။ မြန်မာလူထုအများစုရဲ့အမြင်မှာ အာဆီယံဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် လုပ်နိုင်စွမ်း မရှိပါဘူး။ ဒီထင်မြင်ယူဆချက်နောက်ကွယ်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်လုပ်နိုင်အောင် စေ့ဆော်ပေးတဲ့ တွန်းအားမျိုး အာဆီယံမှာ မရှိဘူးဆိုတဲ့သဘောမျိုး တွဲပါနေတာကို သတိပြုမိမှာပါ။ မြန်မာ့အရေး မဖြေရှင်းနိုင်လို့ အာဆီယံမှာ ဘာမှနစ်နာစရာမရှိဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးလည်း သက်ရောက်နေပါတယ်။ ဒီအယူအဆက မှားပါတယ်။ ရှင်းအောင်ပြောပါမယ်။ မြန်မာ့အရေးကို ဦးဆောင်မဖြေရှင်းနိုင်တဲ့အတွက် အာဆီယံအဖွဲ့ကြီးမှာ နစ်နာရတာတွေ အများကြီး ရှိနေပါတယ်။
အခြေအနေတစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် မြန်မာ့အရေး ဖြေရှင်းနိုင်ရေးနဲ့ပတ်သက်ပြီးကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းကအာဆီယံအဖွဲ့ကြီးကို ဦးဆောင်ဖြေရှင်းခွင့် ပေးထားပါတယ်။ အာဆီယံအဖွဲ့ကြီးကလည်း ကမ္ဘာ့ရေးရာကိစ္စရပ်တွေမှာ သူတို့အဖွဲ့အစည်းဟာ ဗဟိုချက်မ၊ အဓိကအခန်းကဏ္ဍနေရာက ရှိရမယ်လို့ ကြွေးကြော်ကြိုးပမ်းနေတာပါ။ ဒါပေမယ့် အာဆီယံအဖွဲ့ကြီးရဲ့ ကြိုးပမ်းမှုတွေဟာ မြန်မာ့အရေးကြောင့် ခဲလေသမျှ သဲရေကျ ဖြစ်သွားရပါတယ်။
ဘာကြောင့် ဒီလိုပြောနိုင်ရတာလဲ။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အာဆီယံထိပ်သီးအစည်းအဝေးကို ကိုယ်တိုင်မတက်ရောက်ခဲ့ပါဘူး။ ဒုသမ္မတကင်မလာဟာရစ် (Kamala Harris) ကိုပဲ စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးကို ကိုယ်တိုင်တက်ရောက်မှာဖြစ်သလို အမေရိကန်-ဗီယက်နမ်ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက်အဆင့်ကို မြှင့်တင်ဖို့ ဗီယက်နမ်ကိုလည်း ကိုယ်တိုင်သွားရောက်မှာပါ။ သဘောကတော့ အာဆီယံထိပ်သီးအစည်းအဝေးဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အဖို့ အိန္ဒိယ၊ ဗီယက်နမ်ခရီးစဥ်တွေလောက် အရေးမပါဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ဒါဟာကမ္ဘာ့ရေးရာတွေမှာ ဗဟိုချက်မနေရာမှာ ရှိရမယ်ဆိုတဲ့ အာဆီယံရဲ့ ရည်မှန်းချက်ကို ထိခိုက်နစ်နာစေပါတယ်။ တရုတ်နိုင်ငံရဲ့သမ္မတရှီကျင့်ဖျင်ကလည်း အာဆီယံထိပ်သီးအစည်းအဝေးကို မတက်ရောက်ခဲ့ပါဘူး။ သံတမန်အခင်းအကျင်းမှာ အာဆီယံအဖွဲ့ကြီးအတွက် မျက်နှာမလှဖြစ်ရတဲ့ မြင်ကွင်းပါ။ အာဆီယံထိပ်သီးအစည်းအဝေးနဲ့အတူ အမေရိကန်၊ တရုတ်၊ ဂျပန်၊ ရုရှ စတဲ့ အဓိကမိတ်ဖက် (၈)နိုင်ငံနဲ့လည်း အရှေ့အာရှထိပ်သီးအစည်းအဝေး(East Asia Summit) ကျင်းပတာဖြစ်လို့ "အာဆီယံအဖွဲ့ကြီးဟာ ဒေသရဲ့ ဦးစားပေးလုပ်ငန်းအစီအစဥ်တွေကို သတ်မှတ်နိုင်စွမ်းမရှိဘူး" ဆိုတဲ့ပုံရိပ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါဟာ အာဆီယံအဖွဲ့ကြီးအတွက် အနုတ်လက္ခဏာပါ။
ဒေသတွင်းမှာလည်း အာဆီယံအဖွဲ့ကြီးအတွက် အနုတ်လက္ခဏာဆောင်တဲ့ဖြစ်ရပ်တွေကို ထင်ထင်ရှားရှား မြင်တွေ့နေရပါတယ်။ တီမောနိုင်ငံရဲ့ဖြစ်စဥ်က အထင်ရှားဆုံးပါ။ ပြောမယ်ဆိုရင် တီမောနိုင်ငံကို အာဆီယံအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်နိုင်ငံသစ်အဖြစ် လက်ခံမယ်ဆိုတာက မူသဘောအရ သဘောတူထားပြီးသားပါ။ ဒါပေမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် တစ်လအလို၊ ဒီနှစ် သြဂုတ်လမှာ တီမောနိုင်ငံဝန်ကြီးချုပ်က " အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးကို ဖြေရှင်းနိုင်စွမ်းမရှိခဲ့ရင် တီမောနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေးကို ပြန်စဥ်းစားရလိမ့်မယ်"လို့ လူသိရှင်ကြားရပ်တည်ပြောကြားခဲ့ပါတယ်။
ဒီဖြစ်စဥ်တွေက အာဆီယံအဖွဲ့ကြီးအပေါ် သက်ရောက်မှုဖြစ်စေခဲ့တာဟာ ထင်ရှားပါတယ်။ ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံက ထမ်းဆောင်ရမယ့် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံဆီ လွှဲပြောင်းပေးအပ်ခဲ့သလို မြန်မာ့အရေးဖြေရှင်းရေးနဲ့ ပတ်သက်ပြီး သုံးပွင့်ဆိုင်ယန္တရား( Troika mechanism )ကျင့်သုံးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပုံမှန်လုပ်ထုံးလုပ်နည်းကတော့ မြန်မာ့အရေး ဖြေရှင်းရေးကို အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံက တာဝန်ယူရမှာပါ။ ၂၀၂၄ ခုနှစ်မှာ အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌက လာအိုနိုင်ငံပါ။ သုံးပွင့်ဆိုင်ယန္တရားမှာတော့ အစဥ်အဆက်ဥက္ကဋ္ဌသုံးနိုင်ငံ (အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှား)က ပူးပေါင်းတာဝန်ယူကြရမှာပါ။
သုံးပွင့်ဆိုင်ယန္တရားရဲ့ရလဒ်ကတော့ မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးကို အခိုင်အမာယန္တရားတစ်ရပ်အဖြစ် ပီပီပြင်ပြင် ထွက်ပေါ်လာအောင် ဦးတည်ကြိုးပမ်းလာနိုင်ပါတယ်။ ဒီလိုဦးတည်ကြိုးပမ်းခဲ့ရင် အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်ကြိုးပမ်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုအားလုံးနဲ့ ထိတွေ့၊ ညှိနှိုင်း၊ ဆွေးနွေးရေးလုပ်ငန်းစဥ်တွေဟာအဆက်မပြတ် ဖြစ်ပေါ်လာနိုင်ပြီး ပိုခိုင်မာအားကောင်းလာနိုင်ပါတယ်။
ဒီလိုလုပ်တော့လည်း အကွဲကွဲအပြားပြားဖြစ်နေတဲ့ အာဆီယံအဖွဲ့ကြီးက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘာများထိထိရောက်ရောက် လုပ်နိုင်မှာလဲလို့ မေးစရာ ရှိပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ကြီးက ဘယ်လိုထိထိရောက်ရောက်လုပ်နိုင်မှာပါလို့ အာမခံဖို့ခဲယဉ်းပေမဲ့ " စစ်ကောင်စီရဲ့ တစ်ဖက်သတ်လုပ်ငန်းစဥ်တွေနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ကြီးက ဘယ်လိုမှထောက်ခံအတည်ပြုပေးမှာ မဟုတ်ဘူး"ဆိုတာကိုတော့ ရာနှုန်းပြည့် အာမခံချက်ပေးနိုင်နေပါပြီ။ ဒီအထဲမှာလည်း စစ်ကောင်စီက ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲလည်း ပါဝင်ပါတယ်။ ဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေး ပွဲအပြီးထုတ်ပြန်ခဲ့တဲ့ မြန်မာ့အရေးဆိုင်ရာ သီးခြားကြေညာချက်( Asean leaders’ review and decision on the implementation of the five-point consensus) မှာ အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ ရပ်ဆိုင်းပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။ ဒါဟာ စစ်ကောင်ရဲ့ တစ်ဖက်သတ်အကြမ်းဖက်လုပ်ရပ်တွေအပေါ် အာဆီယံအဖွဲ့ကြီးက ဘယ်လိုမှ မထောက်ခံနိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာပါ။
ချုပ်ပြောရရင် မြန်မာ့အရေးဖြေရှင်းနိုင်စွမ်းမရှိတာဟာ အာဆီယံအဖွဲ့ကြီးရဲ့ အရေးပါမှုအပေါ် ခြိမ်းခြောက်စိန်ခေါ်နေပါတယ်။ ဒါကြောင့် အာဆီယံအဖွဲ့ကြီးက မြန်မာ့အရေး ဖြေရှင်းနိုင်ရေးကို အားကြိုးမာန်တက်ဆောင်ရွက်လာမှာပါ။ ဒီလို ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာလည်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအပါအဝင် စစ်ကောင်စီရဲ့ တစ်ဖက်သတ်လုပ်ငန်းစဥ်တွေကို ဘယ်လိုမှ အတည်ပြုလက်ခံနိုင်စရာ အကြောင်းမရှိတော့ပါဘူး။ အာဆီယံအဖွဲ့ကြီးရဲ့ အနာဂတ်မြန်မာ့အရေးကြိုးပမ်းမှုတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေအပါအဝင် တိုင်းပြည်ရဲ့ အရေးပါတဲ့ အင်အားစုအားလုံးနဲ့ ထိတွေ့၊ ညှိနှိုင်း၊ ဆွေးနွေးရေးက ပင်မလုပ်ငန်းစဥ်အဖြစ် ပါဝင်လာတော့မှာပါ။ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ရလဒ်ကို တစ်ကြောင်းထဲပြောပါဆိုရင် "စစ်ကောင်စီရဲ့နိုင်ငံရေးလုပ်ငန်းစဥ်အားလုံးကို အမြစ်လှန်၊ ဖျက်ဆီးလိုက်ခြင်း"လို့ အခိုင်အမာ ပြောနိုင်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်ကို လှမ်းမြင်နေရပါပြီ။
ရဲရင့်လှိုင်း
REF: "Myanmar's Crisis Looms Over the ASEAN Summit”by Brian Harding: Jason Tower (United States Institute of Peace)