04/02/2026
#ရှာရုန်အရပ်ကအချစ်_သို့မဟုတ်_အချစ်သီချင်းများရဲ့အရှင်
********************************************
လူတိုင်းက အချစ်နဲ့ မကင်းကြပါဘူး။ ချစ်သူနှစ်ဦးကြားက နက်ရှိုင်းတဲ့ အချစ်မျိုးဆိုတာ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုပါပဲ။ မမြင်ရတဲ့ အချစ်၊ မြင်ရတဲ့ အချစ်၊ ဂန္ဓဝင်အချစ်၊ မြင်မြင်ချင်း ချစ်တဲ့ အချစ်စတဲ့ အချစ်နဲ့ ဆိုင်တဲ့ ဒဿနတွေကို လူတွေက အမျိုးမျိုး သတ်မှတ်ကြတယ်။ "အသဲကွဲရင် ကဗျာဆရာ ဖြစ်တယ်"လို့ ကျနော်တို့ ငယ်ငယ်က ကြားဖူးကြနိုင်တယ်။ ဒါပေမယ့် ကဗျာဆရာတိုင်းလည်း အသဲကွဲဖူးချင်မှ အသဲကွဲဖူးပါလိမ့်မယ်။ ဒါပေမယ့် အချစ်နဲ့ တွေ့ဆုံကြိမ်တိုင်းမှာတော့ လူအများစုက နူးညံ့ပြီး အနုပညာဆန်လာတာကတော့ တော်တော်များများ လက်ခံရမှာ ဖြစ်တယ်။ သမ္မာကျမ်းစာထဲမှာလည်း အချစ်နဲ့ ဆုံပြီး အနုပညာမြောက်သွားတဲ့ တနည်းအားဖြင့် ကဗျာဖြစ်သွားတဲ့ ကျမ်းတစ်စောင်ရှိပါတယ်။ အဲ့တာကတော့ ရှောလမုန်သီချင်းပဲ ဖြစ်ပါတယ်။
ရှောလမုန်သီချင်းဟာ သမ္မာကျမ်းစာထဲမှာ အခြားကျမ်းတွေနဲ့မတူဘဲ ထူးခြားတဲ့ အချစ်ကဗျာကျမ်းတစ်စောင်ဖြစ်ပါတယ်။ နောက်ခံသမိုင်းကြောင်းနဲ့ ပတ်ဝန်းကျင်အခြေအနေကို ပိုမိုနားလည်နိုင်ဖို့ ကျွန်တော်တို့ အသေးစိတ် လေ့လာဖို့ရန် လိုအပ်ပါတယ်။ ရေးသားသူနှင့် အချိန်ကာလကို ကျမ်းစာပညာရှင်အများစုက ဒီကျမ်းကို ရှောလမုန်မင်းကြီး ကိုယ်တိုင်ရေးသားခဲ့တယ်လို့ လက်ခံကြပါတယ်။
အချိန်ကာလအားဖြင့် ရှောလမုန်မင်းကြီး နန်းစံခဲ့တဲ့ ဘီစီ ၉၇၀-၉၃၀ ဝန်းကျင် (လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်) က ရေးသားခဲ့ခြင်း ဖြစ်နိုင်တယ်လို့ ကျမ်းပညာရှင်များက သုံးသပ်ကြပါတယ်။
ရှောလမုန်သီချင်းကို ရေးသားချိန်ဟာ ဣသရေလနိုင်ငံဟာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ငြိမ်းချမ်းသာယာနေတဲ့ကာလ၊ ပြီးတော့ နိုင်ငံရေးနှင့် စီးပွားရေး တရှိန်ထိုး တိုးတက်နေတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကဗျာထဲမှာ နံ့သာမျိုးတွေ၊ ရွှေငွေရတနာတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေအကြောင်း ပါဝင်နေတာဖြစ်ပါတယ်။
ရှောလမုန်သီချင်းကျမ်းစောင်ကို ဟေဗြဲဘာသာစကားအရ “အကောင်းမွန်ဆုံးသီချင်း” လို့ ဆိုထားပါတယ်။ ယုဒလူမျိုးတွေက “ ချီးမွန်းကိုးကွယ်ရာအကောင်းဆုံး၊ ဘုန်းတန်ခိုး ကြွယ်၀ဆုံး၊ တေးတကာတို့တွင် အမြင့်ဆုံး” လို့ သတ်မှတ်ကြတယ်။ တချို့သော ဂီတပညာရှင်များကလည်း ရှောလမုန်သီချင်းဟာ လေးနက်လွန်းတာကြောင့် သမ္မာကျမ်းစာထဲမှာ အနက်ပြန်ဆိုဖို့အတွက် ခက်ခဲနက်နဲဆုံး ဖြစ်တယ်လို့ ဆိုကြပြန်တယ်။ ဓမ္မဟောင်းကျမ်းထဲမှာ ဒီသီချင်းဟာ အနက်အဓိပ္ပါယ်ကို ဝှက်ထားတဲ့ နားလည်ရ အခက်ဆုံးကျမ်းဖြစ်တယ်လို့လည်း မှတ်ချက်ပြုကြပါတယ်။ချစ်ခြင်းမေတ္တာ၊ ကဗျာလင်္ကာနှင့် မနီးစပ်သူများအတွက် ခံစားတတ်ချင်မှ ခံစားတတ်ပါမယ်။
ကျမ်းစာပညာရှင်များက ချစ်ခြင်းမေတ္တာရသစာပေ (သို့) ပြဇာတ်တိုလို့ သတ်မှတ်လိုကြပါတယ်။ ဒါမှမဟုတ် “ထူးခြားလေးနက်သော ဇာတ်ထဲမှ မေတ္တာစကား” လို့ အမျိုးမျိုးအထွေထွေ သတ်မှတ်ကြပြန်တယ်။ စိတ်၀င်တစားအသေအချာ ဖတ်ရှုကြည်မယ်ဆိုရင် ဇာတ်လမ်းထဲမှာ အမှန်တကယ် မျှောပါသွားမှာ အသေအချာပါပဲ။ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းကို ရေးဖွဲ့ထားတာကြောင့် “တကယ့်ပြဇာတ်” လို့ဆိုရင် အကောင်းဆုံးနာမည်ဖြစ်ပါလိမ့်မယ်။
ရှောလမုန်မင်းကြီး ငယ်ရွယ်နုပျိုတဲ့ အသက်အပိုင်းအခြားအတွင်းမှာ ရေးသားခဲ့တဲ့ ကျမ်းတစ်စောင်အဖြစ် သိရသလို သူ့ရဲ့ ပညာရည် မွန်းတည့်ချိန်မှာ သုတ္တံကျမ်းကို စီရင်ရေးသားခဲ့ပြီး ဘ၀နေညိုချိန်တွေမှာ ဒေသနာကျမ်းကို ရေးသားခဲ့ကြောင်းကိုလည်း ဗဟုသုတအဖြစ် မှတ်ယူရပါတယ်။
ဒီကျမ်းစာထဲ ဖိုမ သံယောဇဉ် ညှိတွယ်ပုံကို ချီးမွမ်းဖော်ကျူးထားတာ တွေ့ရသလို ရှောလမုန်မင်းလက်ထက် ပထ၀ီမြေပုံကိုကြည့်လျှင် တိုင်းသူပြည်သားများသည် တစုတစည်းတည်းနေထိုင်ကြကြောင်း တွေ့ရပါတယ်။ ဝင်္ကဝုတ္ထိအလင်္ကာ၊ ဥပမာအလင်္ကာ၊ ရူပကအလင်္ကာ၊ အတ္တိသယဝုတ္ထိအလင်္ကာစတဲ့ အလင်္ကာမြောက် ရေးဖွဲ့မှုတွေကိုလည်း တပါတည်း လေ့လာခံစားနိုင်တဲ့ ကျမ်းတစောင်လည်း ဖြစ်နေပါတယ်။
ဇာတ်ကောင်များနဲ့ နေရာဒေသကို ကြည့်မယ်ဆိုရင် အခန်းကြီး ၁ မှာ အဓိကအားဖြင့် ဇာတ်ကောင်သုံးမျိုးကို တွေ့ရပါတယ်။
ပထမ တစ်ဦးကတော့ ရှုလမ္မိတ်အမျိုးသမီးဖြစ်ပြီး သူမဟာ ကျေးလက်ဒေသက ဆင်းရဲတဲ့ မိန်းကလေးတစ်ဦးဖြစ်ကာ နေလောင်ထားတဲ့ အသားအရေရှိပါတယ်။
ဒုတိယ တစ်ဦးကတော့ ရှောလမုန်မင်းကြီးဖြစ်ပါတယ်။ ရှင်ဘုရင်အဖြစ်ရော၊ သိုးထိန်းတစ်ဦးအဖြစ်ပါ တင်စားဖော်ပြခံရသူပါ။
နောက်ဆုံးဇာတ်ဆောင်တွေကတော့ ယေရုရှလင်မြို့သမီးကညာများ ဖြစ်ပါတယ်။ နန်းတော်ထဲက အမျိုးသမီးများ သို့မဟုတ် နန်းတွင်းသူများကို ဆိုလိုပါတယ်။
ဇာတ်လမ်းရဲ့ ဇာတ်ကွက်များအနေနဲ့က ယေရုရှလင်နန်းတော်နဲ့ ရှုလမ္မိတ်မိန်ကလေးရဲ့ နေရပ်ဖြစ်တဲ့ တောတောင်ဒေသ-ဧရှေင်ဂေဒီ စမ်းရေတွင်းအနီးတို့ကို ဆက်စပ်ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
အဲ့ဒီ့ခေတ်ရဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေးနောက်ခံများအရ အခန်းကြီး ၁ ထဲက အချက်အချို့ရဲ့ သမိုင်းဝင်အဓိပ္ပာယ်တွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။
နေလောင်ထားသောအသားအရေ (ငယ် - ၅-၆)ထဲမှာ ဖော်ပြခြင်းဟာ ထိုခေတ်က အသားဖြူခြင်းဟာ ချမ်းသာကြွယ်ဝပြီး အလုပ်မလုပ်ရတဲ့ အထက်တန်းလွှာရဲ့ လက္ခဏာဖြစ်ပါတယ်။ ရှုလမ္မိတ်မိန်ကလေးက သူမဟာ "မည်းသော်လည်း လှသည်" လို့ ပြောခြင်းဟာ သူမဟာ စပျစ်ခြံထဲမှာ အလုပ်ကြမ်းလုပ်ရသူဖြစ်ကြောင်း ဖော်ပြနေတာပါ။
နမ်းခြင်းနဲ့ အချစ် (ငယ် - ၂) စပ်ဆိုင်ပုံကိုလည်း ဖော်ပြထားပါသေးတယ်။ ရှေးဟောင်းအရှေ့အလယ်ပိုင်း ယဉ်ကျေးမှုမှာ နမ်းခြင်းဟာ နက်ရှိုင်းတဲ့ ချစ်ခြင်းနဲ့ သစ္စာရှိခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ "သင်၏မေတ္တာသည် စပျစ်ရည်ထက် သာ၍ကောင်း၏" ဆိုတာက ကာမဂုဏ်ထက် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ကျေနပ်မှုကို ပိုမိုဖော်ပြလိုတာဖြစ်ပါတယ်။
နံ့သာဆီ (ငယ် - ၃)လို့ ဥပမာအလင်္ကာပေးဖွဲ့နွဲ့ခြင်းသဘောဟာ ထိုခေတ်က နံ့သာဆီဆိုတာ အလွန်တန်ဖိုးကြီးပြီး ဂုဏ်သိက္ခာကို ကိုယ်စားပြုပါတယ်။ နာမည်ကောင်းရှိသူတစ်ဦးကို "နံ့သာဆီမွှေး" နဲ့ တင်စားလေ့ရှိပါတယ်။
ရောလမုန် သီချင်း အခန်းကြီး ၁ ထဲမှာ အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်မျိုးကို တွေ့ရှိရပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း ကျမ်းပညာရှင်များက အခန်းကြီး ၁ ကို အမြင်နှစ်မျိုးနဲ့ ကြည့်ကြပါတယ်။ ပထမအမြင်ကတော့ စာပေအမြင်ဖြစ်ပါတယ်။ စာပေအမြင်အားဖြင့် ကြည့်လျှင် ယောက်ျားတစ်ဦးနဲ့ မိန်းမတစ်ဦးကြားက စင်ကြယ်ပြီး နက်ရှိုင်းတဲ့ အိမ်ထောင်ရေးအချစ်ကို ဂုဏ်ပြုခြင်းအနှစ်သာရကို မြင်တွေ့ရပါတယ်။
ဒုတိယအမြင်ကတော့ ဝိညာဉ်ရေးအမြင်ပဲ ဖြစ်ပါတယ်။ ဓမ္မဟောင်းကာလမှာ ဘုရားသခင်နဲ့ ဣသရေလလူမျိုးတို့ရဲ့ ဆက်ဆံရေး၊ ဓမ္မသစ်ကာလမှာ ခရစ်တော်နဲ့ အသင်းတော်တို့ရဲ့ ချစ်ခြင်းမေတ္တာအဖြစ် ပုံဆောင်ခြင်းလို့ သုံးသပ်ကြပါတယ်။
ရှောလမုန်သီချင်း အခန်းကြီး ၁ ဟာ "အသားရောင် သို့မဟုတ် လူမှုအဆင့်အတန်းထက် ချစ်ခြင်းမေတ္တာက ပိုမိုအရေးကြီးကြောင်း" ကို ဖော်ပြထားတဲ့ ရှေးဟောင်း အချစ်ကဗျာတစ်ပုဒ်ဖြစ်သလို နန်းတွင်းယဉ်ကျေးမှုနဲ့ ကျေးလက်သဘာဝအလှတရားတို့ကို ပေါင်းစပ်ထားတဲ့ သမိုင်းဝင်အနုပညာ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။
ရှောလမုန်သီချင်း အခန်းကြီး ၂ ဟာ အခန်းကြီး ၁ ထက်စာရင် ပိုမိုနူးညံ့ပြီး သဘာဝအလှတရားတွေကို အသုံးချပြီး အချစ်ရဲ့ အဓိပ္ပာယ်အနှစ်သာရကို ဖော်ကျူးထားတာ တွေ့ရပါတယ်။ ဒီအခန်းရဲ့ သမိုင်းနောက်ခံနဲ့ တင်စားချက်တွေကို အသေးစိတ် လေ့လာကြည့်မယ်ဆိုရင် အခန်းကြီး ၂ ရဲ့ အစမှာ အမျိုးသမီးက မိမိကိုယ်ကို နှိမ့်ချပြီး တင်စားပြောဆိုထားတဲ့ နာမည်ကြီး ပန်းနှစ်မျိုး ပါဝင်ပါတယ်။
ပထမတစ်မျိုးက ရှာရုန်အရပ်၌ ပွင့်တဲ့ နှင်းဆီပန်းပဲ ဖြစ်ပါတယ်။ ရှာရုန်အရပ်ဟာ အစ္စရေးနိုင်ငံ အနောက်ဘက် ကမ်းခြေတစ်လျှောက်မှာရှိတဲ့ မြေဩဇာကောင်းတဲ့ လွင်ပြင်တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ ပွင့်တဲ့ပန်းဟာ အလွန်ထူးခြားတဲ့ ရှားပါးပန်းမျိုး မဟုတ်ဘဲ လွင်ပြင်မှာ အလေ့ကျပေါက်တဲ့ သာမန်တောပန်းတစ်မျိုးကို ဆိုလိုတာပါ။
နောက်တစ်မျိုးကတော့ ချိုင့်ဝှမ်းမှာ ပွင့်တဲ့ နှင်းပန်းဖြစ်ပါတယ်။ ဒါဟာလည်း မြင့်မြတ်တဲ့ နေရာမှာရှိတာမဟုတ်ဘဲ နိမ့်ကျတဲ့ ချိုင့်ဝှမ်းထဲမှာ ပေါက်တဲ့ပန်းကို ဆိုတာပါ။ ဆိုလိုရင်းအနှစ်သာရအရ သူမဟာ မိမိကိုယ်ကို နန်းတွင်းသူတွေလို အလှပြင်ထားသူမဟုတ်ဘဲ သဘာဝအတိုင်း ပေါက်ရောက်တဲ့ တောပန်းလေးတစ်ပွင့်လိုသာ သဘောထားကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။
အခန်းကြီး ၂ ငယ် - ၁၁ မှ ၁၃ အထိမှာ ပါဝင်တဲ့ ဖော်ပြချက်တွေဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ ရာသီဥတုအကူးအပြောင်းကို ဖော်ပြနေပါတယ်။
ဆောင်းရာသီကာလကုန်ဆုံးခြင်းဆိုတာ ပါလက်စတိုင်းဒေသမှာ ဆောင်းရာသီဟာ မိုးရွာတဲ့ရာသီဖြစ်ပါတယ်။ "မိုးအေးကုန်ပြီ၊ မိုးစဲပြီ" လို့ ပြောတာဟာ အခက်အခဲကာလတွေ ကုန်ဆုံးပြီး အချစ်တွေပွင့်လန်းမယ့် အချိန်ရောက်ပြီလို့ ဆိုလိုတာပါ။
ချိုးငှက်သံ နဲ့ ခိုင်းနှိုင်းဖော်ကျူးခြင်းအရ ဆောင်းရာသီကုန်ဆုံးခြင်းနှင့်အတူ နွေဦးဟာ မကြာမီ ရောက်လာတော့မယ်ဆိုတဲ့ နိမိတ်ပါပဲ။ ချိုးငှက်တွေဟာ နွေဦးမှာ ပြန်ရောက်လာတတ်တဲ့ ငှက်တွေဖြစ်လို့ ဒါဟာ အသက်တာသစ်နဲ့ ပျော်ရွှင်ခြင်း နိမိတ်လက္ခဏာတစ်ခုအဖြစ် ဖော်ပြထားပါတယ်။
အခန်းငယ် - ၁၅ မှာပါတဲ့ "စပျစ်ဥယျာဉ်ကို ဖျက်ဆီးသော မြေခွေးငယ်များ" ဆိုတာဟာ သမိုင်းကြောင်းအရရော၊ တင်စားချက်အရပါ အလွန်အရေးကြီးပါတယ်။
အဓိပ္ပာယ်ကတော့ စပျစ်ခြံရှင်တွေဟာ စပျစ်သီးတွေ မှည့်ခါနီးအချိန်မှာ မြေခွေးငယ်တွေကို အမြဲသတိထားရပါတယ်။ သူတို့က စပျစ်နွယ်ပင်ရဲ့ အမြစ်တွေကို တူးဆွပြီး ဖျက်ဆီးတတ်လို့ပါ။
ထိုကဲ့သို့ ဖွဲ့နွဲ့ခြင်းအရ အချစ်ရေး (သို့မဟုတ်) ဝိညာဉ်ရေးရာမှာ ကြီးမားတဲ့ ပြဿနာတွေထက် "သေးငယ်တဲ့ အပြစ်တွေ၊ သေးငယ်တဲ့ နားလည်မှုလွဲတာတွေ" က ဆက်ဆံရေးကို ပိုမိုပျက်စီးစေနိုင်ကြောင်း သမိုင်းဝင် သတိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။
အခန်းငယ် - ၄ မှာပါတဲ့ "ပွဲတော်အိမ်" နဲ့ "ချစ်ခြင်းမေတ္တာတည်းဟူသော အောင်လံ" ဆိုတာဟာ ရှေးခေတ်မင်းညီမင်းသားတွေရဲ့ ဧည့်ခံပွဲ ထုံးစံကို ဖော်ပြတာပါ။
ရှေးခေတ်မှာ စစ်တပ်တွေဟာ သူတို့ ဘယ်သူ့ဘက်ကလဲဆိုတာ သိအောင် အောင်လံကို လွှင့်ထူလေ့ရှိပါတယ်။
ဒီနေရာမှာတော့ ရှင်ဘုရင်က သူမကို သူ့လူအဖြစ်၊ သူ့အချစ်တော်အဖြစ် လူပုံအလယ်မှာ ဂုဏ်ပြုချီးမြှောက်ပြီး အကာအကွယ်ပေးထားတယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
ဝိညာဉ်ရေးရာ ရှုထောင့်အရ ဓမ္မပညာရှင်တွေက အခန်းကြီး ၂ ကို အောက်ပါအတိုင်း မြင်ကြပါတယ်။
ခရစ်တော်ကို ရှာရုန်နှင်းဆီပန်းကဲ့သို့ လှပပြီး ချိုင့်ဝှမ်းထဲက နှင်းပန်းကဲ့သို့ နှိမ့်ချသူအဖြစ် သုံးသပ်ရှုမြင်ကြသလို အသင်းတော်ကိုလည်း ဆူးပင်အလယ်က နှင်းပန်းလိုပဲ လောကကြီးအလယ်မှာ ထူးခြားစွာ ရွေးချယ်ခံရသူအဖြစ် သုံးသပ်ကြပါတယ်။
အခန်းကြီး ၁ နဲ့ ၂ ထဲမှာ အမျိုးသား နဲ့ အမျိုးသမီးဆိုတဲ့ လူနှစ်ဦးရဲ့ ချစ်မေတ္တာ နက်ရှိုင်းပုံ အနှစ်သာရကို ရှုမြင်ခဲ့ရသလို ဘုရားသခင်နဲ့ ဣသရေလလူမျိုးကြား စပ်ဆိုင်ပုံ၊ ခရစ်တော်နဲ့ အသင်းတော်ကြား ခွဲခြားမရပုံကိုလည်း မြင်တွေ့နားလည်နိုင်ကြောင်း ဖော်ပြအပ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
#ဉာဏဉာဏ်
ကိုးကား-
၁) Exposition on the Song of Songs By William of Saint Thierry
၂) A Commentary on the Book of Canticles or The Song of Songs by Roland E. Murphy, 0. Carm