25/09/2025
" #ယနေ့ခေတ်လူငယ်နှင့်အသင်းတော်"
===========================
The power of youth is the common wealth for the entire world. The faces of young people are the faces of our past, our present and our future. No segment in the society can match with the power, idealism, enthusiasm, and courage of the young people.
(Kailash Satyarthi)
လူငယ်တို့၏ စွမ်းပကားသည် ကမ္ဘာကြီး၏ ကြွယ်ဝပြည့်စုံမှု ဖြစ်သည်။
လူငယ်များ၏ ဖြစ်တည်မှုက ကျွန်ုပ်တို့၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ဖြစ်တည်မှု ပြယုဂ် ပေတည်း။ လူမှုအဖွဲ့အစည်း၏ မည်သည့် ကဏ္ဍမျှ လူငယ်၏ စွမ်းပကား၊ စိတ်ကူးစိတ်သန်း၊ စိတ်အားထက်သန်မှု၊ သတ္တိ တို့နှင့် ယှဉ်နိုင်ခြင်းမရှိပါ။ (ခဲလက်(ရှ) စက်ရာသီ )
၁။ လူငယ်သည် ဘုရားသခင်အတွက် အထူးအရေးကြီးသော ပုဂ္ဂိုလ်များ (VVIP) ဖြစ်သည်။
“Before I formed you in the womb I knew you, before you were born I set you apart; I appointed you as a prophet to the nations. Alas, Sovereign Lord,” I said, “I do not know how to speak; I am too young. But the Lord said to me, “Do not say, ‘I am too young.’ You must go to everyone I send you to and say whatever I command you. (Jeremiah 1:5-7)
"သင့်ကို အမိဝမ်းထဲ၌ ငါ မဖန်ဆင်း မှီ သင်ကို ငါသိပြီ။
မဖွားမှီကပင် သင့်ကို ငါသန့် ရှင်းစေ၍ လူအမျိုးမျိုးတို့ အဖို့ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မှု၏။
ငါကလည်း အို အရှင်ထာဝရဘုရား ကျွန်ပ်သည် မဟော မပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏ ဟု လျောက်လျှင် ....ထာ၀ရဘုရားကလည်း...
အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏ဟု မပြောနှင့်။
အကြင်သူရှိရာသို့ သင့်ကို ငါစေလွတ်၏၊ ထိုသူရှိရာသို့ သင်သွားရမည်။
အကြင်စကားကို ငါမှာထား၏၊ ထိုစကားကို သင် ဆင့်ဆိုရမည်။"
(ယေရမိ ၁: ၅-၇)
Don’t let anyone look down on you because you are young,
but set an example for the believers in speech, in conduct, in love, in faith and in purity. (1 Timothy 4:12 )
"သင်၏ အသက်အရွယ် နုပျိုသည် ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံ ပြုမှုခြင်း၊ သူတပါးကို ချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်း အရာမှာ ယုံကြည်သော သူတို့အား ပုံသက်သေ ကို ပြလော့။ ( ၁တိ ၄:၁၂ )
၂။ အသင်းတော်အတွင်းရှိ လူငယ်အုပ်စုများ
၂၀၂၃ ခုနှစ်တွင် မြန်မာ နှစ်ခြင်းအသင်းတော်များအတွင်း လူငယ် ဟူသော အသက် အုပ်စုတွင် ထည့်သွင်းရေတွက်နိုင်သော အသက် အုပ်စု (၃) ဖွဲ့ရှိပါသည်။
(က) လူငယ် သက်ကြီးအုပ်စု
Generation Y (သို့) Millennials 1981 မှ 1996 တွင်း မွေးဖွားခဲ့သူများ (ယခု 2023 တွင် 27 မှ 42 ပြည့်ပြီး သူများ)
အသင်းတော်တွင်းရှိ ယခင် အသက်အုပ်စုများ ( Baby Boomers နှင့် GX) ကို IT ၌ ဦးဆောင်နေသူများ၊ သမာရိုးကြလုပ်ငန်းများထက် အသစ်သော အသက်မွေးဝမ်းကြောင်း စီးပွားရေးလုပ်ငန်းများ၌ လုပ်ကိုင်နေကြပြီး လုပ်ငန်း ပြောင်းလွယ်သူများ၊ အသင်းတော်၏ ငွေကြေးကဏ္ဍ၌ အရေးကြီးသူများ ဖြစ်သည်။
(ခ) လူငယ် သက်ငယ်အုပ်စု
Generation Alpha ( 2010 နောက်ပိုင်းတွင် မွေးဖွားခဲ့သူများ၊ 2023 တွင် 13 နှစ် ပြည့်သူများ)
IT ကမ္ဘာတွင် ပျော်မွေ့နေပြီဖြစ်၍ smartphones များကို ကျွမ်းကျင်ပိုင်နိုင်သူများ ဖြစ်သည်။ အလုပ်အဆင်ပြေရန်Technologies ကို အသုံးချလိုခြင်းမဟုတ်၊ နေ့စဉ် အသက်တာ၏ အစိတ်အပိုင်း တခုအဖြစ် ရှင်သန်နေသူများ ဖြစ်သည်။ အစဉ်အလာ တန်ဖိုးများမှ ခွဲထွက်လာခဲ့သော မိသားစုများ ( single-parent household, a multiracial household, or a household in which gender roles were blurred) အတွင်း ကြီးပြင်းလာခဲ့သူများ ဖြစ်သည်။
(ဂ) လူငယ် သက်လတ်အုပ်စု
1997 မှ 2009 အတွင်း မွေးဖွားခဲ့သူများ ဖြစ်၍ 2023 တွင် 26 မှ 14 နှစ်အတွင်းရှိ လူငယ်များကို Generation Z (Gen Z) , iGen, Postmillennial နှင့် Centennials ဟူ၍ သတ်မှတ်ကြသည်။ Gen Zer များသည်;
၁ ) သူတပါးအတွက် လွန်စွာ စဉ်းစားပေးတတ်သူ
၂) မတူကွဲပြားသော လူအဖွဲ့ အစည်း များကို လက်ခံသူ
၃) လူမှုရေးကောင်းပြီး ပူးပေါင်းလုပ်ဆောင်တတ်သူ
၄) စံ တန်ဖိုး နှင့် ပါတ်သက်၍ ပြောင်းလည်း လက်ခံနိုင်သူ
၅) ရိုးသားဖြောင့် မှတ်၍ အာဏာရှင် မဆန်သော ခေါင်းဆောင်မှုပုံစံကို နှစ်သက်သူ
၆) Digital နှင့် ဖက်၍ ကြီးပြင်းခဲ့သောကြောင့် Social media နှင့် texts ဖြင့် ပေါင်းသင်းဆက်ဆံမှု၊ နေ့စဉ် အသက်တာဆိုင်ရာ လုပ်ငန်းများလုပ်ရန် အားသန်သူ ( အားသာချက်..ဗဟုသုတ ကြွယ်ဝ ..အားနည်းချက် .. လူမှုဆက်ဆံရေး ညံ့)
၇) ငွေကြေးနှင့် ပါတ်သက်၍ သတိထား သုံးစွဲတတ်သူ
၈ ) “loneliest generation" တကိုယ်တည်း ပျော်မွေ့တတ်သူ ဖြစ်၍ စိတ်ပိုင်းဆိုင်ရာ ပြဿနာများသူ ( Social media ၏ စံများနှင့် မိမိကိုယ်ကို နိုင်းယှဉ် လျက် စံမမှီ ဟု ထင်ပြီး စိတ်ပျက်အားငယ်သူ)
၉) အမှတ်တံဆပ်ဗဟိုပြု တန်ဖိုးထားမှု (Branded Oriented) ကို အလွန်အမင်း နှစ်သက်သူ
၁၀) နိုင်ငံရေးရာများတွင် ပါဝင်ရောယှက်မှု ပြုရန် ဆန္ဒရှိသူ
( racial, ethnic minorities နှင့် the LGBTQI+ အစရှိသော ကိစ္စများကို စိတ်ဝင်စား)
၁၁) ၁၀ ဦးတွင် ၉ ဦးသည် Online Gamer များအဖြစ် ဝါသနာရှိသူ များဖြစ်ပါသည်။
၃။ အသင်းတော်များအတွင်း လူငယ်များ ပါဝင်ပတ်သက်မှု
ခရစ်ယာန် အသင်းတော်များအတွင်းသို့ လူငယ်များပါဝင်လာကြခြင်း မှာ ;
(က) မိဘ (သို့) အုပ်ထီမ်းသူများကြောင့် အသင်းတော်များတွင် ပါဝင်ကြခြင်း
(ခ) သူငယ်ချင်းမိတ်ဆွေများနှင့် ပါတ်သက်၍ အသင်းတော်များတွင် ပါဝင်ကြခြင်း
(ဂ) Social Media မှ တဆင့် မိမိနှစ်သက်သော အသင်းတော်များတွင် ပါဝင်ကြခြင်း
(ဃ) လုပ်ငန်းခွင် အနေအထားနှင့် အဆင်ပြေသင့်လျှော်သောကြောင့် ပါဝင်ကြခြင်း ဟူ၍ နည်းလမ်း (၄) သွယ်ရှိပါသည်။
၄။ အသင်းတော်များတွင် ပါဝင်ခြင်းကြောင့် လူငယ်များအတွက် ဖြစ်တည်နိုင်သော ကောင်းကျိုး ရလဒ်များ
အသင်းတော်၏ အစီအစဉ်များတွင် ပုံမှန် ပါဝင်လှုပ်ရှားကြသောလူငယ်များ အနေဖြင့် အောက်ပါ အကျိုးရလဒ်များကို မလွဲမသွေ ရရှိကြမည်ဖြစ်သည်။
(က) အသက်တာ၏ စံပြုပုဂ္ဂိုလ်များ တွေ့ရှိ သင်ယူနိုင်ခြင်း
မိဘများထက် သက်ရွယ်တူ အုပ်စုတွင်းရှိသူများ နှင့် ပို၍ရင်းနှီးကျွမ်းဝင်စွာ ပေါင်းသင်းဆက်ဆံလိုသူများဖြစ်ရာ မိမိအသက်တာအတွက် စံပြုပုဂ္ဂိုလ် (Role Models and Mentors) များအား အသင်းတော်တွင်းရှိ လူငယ်ကဏ္ဍ ဦးဆောင် ဦးရွက်ပြုသူ (သို့) အသင်းတော်၏ ဦးဆောင်သူများ ထံမှ တွေ့ရှိ သင်ယူနိုင်ပါသည်။
(ခ) တန်ဖိုးရှိသော လူငယ်လူကောင်းများဖြစ်လာ နိုင်ခြေများခြင်း
ခေတ်ရေစီးကြောင်းအတွင်းသို့ အလိုက်သင့် မျောပါသွားနိုင်သော အနေအထားတွင် လူငယ်တစ်ဦး သတိပြုဆင်ခြင်သင့်သော စုံစမ်းသွေးဆောင်မှုများကို ဘာသာတရား၏ အဆုံးအမ စံ တန်ဖိုးများဖြင့် တားဆီးကာကွယ်နိုင်သော အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။
(ဂ) လူမှုရေးနှင့် ပေါင်းသင်းဆက်ဆံရေး စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခြင်း
သက်တူရွယ်တူများနှင့် ပါဝင် ရောယှက်လျက် အတွေ့အကြုံရှိသော ခေါင်းဆောင်များ၏ ဦးဆောင်မှု ပြုပေးခြင်းကြောင့် လူမှုပေါင်းသင်းဆက်ဆံမှုဆိုင်ရာ ပင်ကိုယ်အရည် အသွေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခွင့် ရှိပါသည်။ သင်တန်းများ၊ မိတ်သဟာယ အစီအစဉ်များ၊ သာသနာရေးဆိုင်ရာ ခရီးစဉ်များကလည်း ဤ မိတ္တဗလ စွမ်းရည်မြင့်မားလာအောင် များစွာ အထောက်အကူပေးပါသည်။ ကမ္ဘာလောက ကြီးထဲတွင် အသင်းတော်သည် လူငယ်များအတွက် အလုံခြုံဆုံးသော နေရာတခု အဖြစ် တည်ရှိနေပါသေးသည်။
(ဃ) အသိဉာဏ်ဖွံ့ဖြိုးမှုဆိုင်ရာ စွမ်းရည်များ တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်း
သမ္မာကျမ်းစာကို အခြေပြုသော ဘာသာရေးဆိုင်ရာ သင်ခန်းစာများကို ထဲထဲဝင်ဝင် လေ့လာသင်ကြားခွင့် ရခြင်းကြောင့် မှန်၏/မှား၏ လုပ်သင့်/မသင့် စသော စာရိတ္တကောင်း ဖွံ့ဖြိုးမှု ဆိုင်ရာ အခွင့်အလမ်းများ ရရှိနိုင်ပါသည်။
(င) တာဝန်သိတတ်မှုနှင့် ဝန်ဆောင်မှုပေးခြင်း စွမ်းရည်များ တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်း
အဖွဲ့အစည်းတခုအတွင်းတွင် အဖွဲ့ဝင် တစ်ယောက်အဖြစ် ပါဝင်ရခြင်းနှင့် အဖွဲ့ဝင် တစ်ယောက်၏ တာဝန်များကို ပေးအပ်ခြင်းခံရပြီး မိမိနှင့် သက်ဆိုင်သော တာဝန်များကို ကျေပွန်စွာ လုပ်ဆောင်ရခြင်း၊ အခြားအဖွဲ့၀င်များနှင့် အတူတကွ တာဝန်တရပ် ပြီးဆုံးအောင် စုပေါင်းလုပ်ဆောင်ရသော ဝတ္တရား ရှိခြင်းက လူငယ်တစ်ဦးအတွက် တာဝန်သိတတ်မှုနှင့် သူတပါးအတွက် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ စွမ်းရည်များ တိုးတက်လာအောင် လုပ်ဆောင်ခွင့် ရရှိစေပါသည်။
(စ) တစ်ဦးခြင်းစီ၏ ပင်ကိုယ်စွမ်းရည်ကို သတိပြုစေလျက် သာ၍တိုးတက်လာအောင် လုပ်ဆောင်ခွင့်ရှိခြင်း
အသင်းတော်တွင်း အမှုတော်မြတ် များကို ပါဝင်လုပ်ဆောင်ခွင့်ရစဉ်တွင် မိမိတို့၏ ကိုယ်ပိုင် ပင်ကိုယ်စွမ်းရည်များ ကို သတိပြုမိလျက် ထိုအစွမ်းအစများကို အသုံးချခွင့် နှင့် ပိုမှိုတိုးတက်များပြားလာအောင် ထပ်မံသင်ကြား ခံယူခွင့်တို့ ရရှိနိုင်ပါသည်။
၁) တာဝန်ယူတတ်ခြင်းနှင့် တာဝန်ခံတတ်ခြင်း ကို သိရှိလာခြင်း
၂) ပြသနာ ဖြေရှင်းခြင်းရာ စွမ်းရည်များ ကို သင်ယူလေ့လာခြင်း
၃) မိမိကိုယ်မိမိ ယုံကြည် စိတ်ချခြင်း (confidence) ဖြစ်တည်လာနိုင်ခြင်း
၄) ဘက်လိုက်ခြင်းမရှိသော မွန်မြတ်ကောင်းမွန်သည့် ပေါင်းသင်းဆက်ဆံရေး တည်ဆောက် တတ်ခြင်း
၅) ဦးဆောင်ခွင့်ရခြင်းနှင့် ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်း ကို သင်ယူလေ့လာလုပ်ဆောင်နိုင်ခြင်း
၆) သက်ရွယ်တူ နှင့် အခြားသော ခရစ်ယာန်များ အတွက် စံနမှုနာ ကောင်းများအဖြစ် အသက်ရှင်နေထိုင်ပြရန် အခွင့်အလမ်းရှိခြင်း တို့ ဖြစ်ပါသည်။
၅။ လူငယ်များ ပါဝင်တက်ရောက်သင့်သော အသင်းတော်
သခင်ယေရှုခရစ်တော် ကိုယ်တော်တိုင် တည်ထောင်ခဲ့သော အသင်းတော် (မသဲ ၁၆:၁၈) သည် ယနေ့ ခေတ်လူငယ်များ အတွက် ဝိညာဉ်ရေးရာ အဟာရ ဖြည့်တင်းပေးရမည့် မရှိမဖြစ် အရေးကြီးသော နေရာဌာန ဖြစ်သည်။ အသင်းတော်သည် မိမိသဘော မိမိဆောင်သည့်နေရာမဟုတ်၊ ဘုရားအလိုတော် ပြီးပြည့်စုံဖို့ရာ အမှုတော်ဆောင်ရမည်. အဖွဲ့အစည်း ဖြစ်သည်။ အနာဂါတ် သာသနာအတွက် လူငယ်များကို ပြုစု ပျိုးထောင်နိုင်သော အသင်းတော် ဖြစ်နိုင်ရန် အောက်တွင် ဆက်လက် ဖော်ပြမည့် အရည်အချင်းတို့ ရှိရန် အထူးလိုအပ်ပါသည်။
(က) ရိုးသား ဖြောင့်မှတ် မှန်ကန်သော အသင်းတော်
အသင်းတော်ကို ဦးဆောင်သူများမှ အစ အငယ်ဆုံးသော အသင်းသူ/သား ထိတိုင် ရိုးသား ဖြောင့်မှတ်မှန်ကန်သူ ဖြစ်ရန် ကြိုးစားနေသူများ ဖြစ်သင့်သည်။ နေ့စဉ်အသက်တာနှင့် အသင်းတော်၏ အမှုတော်မြတ်တို့ကို လုပ်ဆောင်စဉ်တွင် ဘုရားအလိုတော်အတိုင်း အသက်ရှင်နိုင်ရန် ကြိုးစားလုပ်ဆောင်သူများ ဖြစ်ဖို့လိုသည်။ အခွင့်အရေး နှင့် ကြောက်ရွံ့မှုများ ကြောင့် အဆင်ပြေသလို အရောင်ပြောင်း တတ်သူများ မဖြစ်သင့်။ အသင်းတော်၏ အမှုတော်မြတ် အားလုံးသည် နှုတ်ကပါတ်တော် အပေါ်တွင်သာ တည်ဆောက်ထားရမည်။
(ခ) ကြောင်သူတော် ( hypocrisy) စိတ်နေစိတ်ထားနှင့် ဖြစ်တည်မှု ကင်းသော အသင်းတော်
မိမိ၏ အားနည်းချက်ကို မမြင်တတ်ဘဲ သူတပါးကို လမ်းညွန် သွန်သင်တတ်သူသည် ဟန်ဆောင်သူ သက်သက်ဖြစ်သည်။ ငါတကောကော၍ မိမိအလိုဆန္ဒကိုသာ အတည်ပြုလိုသောကြောင့် လိမ်ညာလှည့်ဖျားရင်း လက်တလုံးခြား လုပ်တတ်သူတို့ နေရာယူထားသော အသင်းဖြစ်လျင် လူငယ်များကို စံလွဲ လမ်းလွဲ ဖြစ်အောင် ပြုစုသော နေရာဖြစ်သွားလိမ့်မည်။
(ဂ) အလိုတော်ကို အစဉ် ရှာဖွေသော အသင်းတော်
ဘာသာရေး ဆန်လွန်းခြင်း နှင့် လောကီအဖွဲ့အစည်းပုံစံ ဆန်လွန်းခြင်း ဟူသော အစွန်းနှစ်ပါးကင်း၍ ခေတ်စနစ်တခုအတွင်း ရေလိုက်ငါးလိုက် အသက်ရှင်ရပ်တည်နေသော အသင်းတော် မဟုတ်ဘဲ ထိုခေတ် စနစ်၏ စိန်ခေါ်ချက်များကို အလိုတော်နှင့်အညီ တုန့်ပြန်နိုင်သော အသင်းတော်ဖြစ်ရန် လိုအပ်သည်။ ပြီးပြည့်စုံခြင်းထက် အလိုတော်ကို သိကာ ကြိုးစားနေသော အသင်းတော်ဖြစ်ရန် လိုအပ်သည်။
(ဃ) ကူညီမစ တတ်သော အသင်းတော်
အသင်းသူအသင်းသားများက အသင်းတော်အတွက် ဖြစ်တည်နေသကဲ့သို့ အသင်းတော်သည်လည်း အသင်းသူအသင်းသားများကို ကူညီမစ ထောက်ပံ့တတ်သော အသင်းတော်ဖြစ်ရမည်။ လူငယ်များကို အစဉ်စိတ်ဝင်စားလျက် ခေတ်စနစ်အရ လိုအပ်လာသော အရာခပ်သီမ်းအတွက် အထောက်အကူဖြစ်မည့် အရာအားလုံးကို ရှာဖွေ ဖန်တီး ကူညီမစ ရန် ဝန်မလေးသော အသင်းတော် ဖြစ်ရန် လိုအပ်သည်။
(င) စီရင်တတ်ခြင်း နည်းသော အသင်းတော်
အပြစ်မြင်တတ်ခြင်းမှာ လူ့သဘာဝ ဖြစ်သော်လည်း အားနည်းချက်များကို နားလည်ပေး၍ လိုအပ်သော ထောက်ပံ့မှုကို ပြုတတ်မှသာ လူငယ်များကို ပြုစုပျိုးထောင်နိုင်သော အသင်းတော် ဖြစ်လိမ့်မည်။ မတူကွဲပြားမှု များပြားလှသော ဤအနေအထားတွင် နှုလုံးသားကြီးကြီးနှင့် ကိုယ်ချင်းစာနာလျက် စီရင်ခြင်းထက် ဂရုပြုခြင်းအမှုကို ပို၍ လုပ်ဆောင်တတ်သော အသင်းအဖွဲ့ ဖြစ်ရန် လိုအပ်သည်။
(စ) ခွင့်လွတ်တတ်သော အသင်းတော်
အသင်းတော်သည် စည်းမျဉ်းစည်းကမ်းတို့ဖြင့် စနစ်တကျ ဖွဲ့စည်းထားသကဲ့သို့ ပျောက်သော သိုးများကို အစဉ်ပြန်လည် ရှာဖွေ ပြုစုပျိုးထောင်ခြင်း၌ စိတ်ဝင်စားမှုရှိဖို့ လိုအပ်ပါသည်။ အမှားမကင်းသူများနှင့် ဖွဲ့စည်းထားသော အစုအဝေး ဖြစ်သောကြောင့် အမှားပြုသူကို နားလည်ပေးတတ်ရုံမက အမှားပြုမိခြင်းကို ခွင့်လွတ်လျက် ပြန်လည်လက်ခံတတ်သော အသင်းတော်ဖြစ်ဖို့လိုသည်။
(ဆ) တိုက်တွန်း ခွန်အားဖြည့်ခြင်း (inspire) ပြုတတ်သော အသင်းတော်
ခက်ခဲဆိုးယုတ်သော နေ့ရက်များအတွင်း စိတ်ဓါတ်ကျ လမ်းပျောက်နေသော လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ၊ ဝိညာဏ စသော ဘက်ပေါင်းစုံမှ တိုက်တွန်း ခွန်အားဖြည့် လမ်းညွန်တတ်သော အသင်းတော်ကို ယနေ့ခေတ် ခရစ်ယာန်လူငယ်များ အထူးလိုအပ်နေပါသည်။
(ဇ) မေတ္တာဖြင့် ဂရုပြုတတ်သော အသင်းတော်
Love is Caring ဟူသော စကားနှင့်အညီ ဘုရားကို ချစ်သော ဘုရား၏ အမှုတော်မြတ်ကို မြတ်နိုးသော အလိုတော်ကို ဆောင်ရန် ကြိုးစားနေသော အသင်းတော်သည် မိမိအသင်းတော်တွင် ပါဝင်ပါတ်သက်သော လူငယ်များအတွက် လိုအပ်သော ဂရုပြုခြင်း အမှုတော် မြတ်ကို အစဉ်လုပ်ဆောင်နေပါမည်။ မိမိ အသင်းတော်ရှိ လူငယ်များကို ထိရောက်သော ဂရုပြုခြင်း အမှုတော်မြတ် မပြုနိုင်ခဲ့ပါက မိမိအသင်းတော်တွင် အနာဂါတ်ဆိုသည်မှာ မသေချာတော့ဘဲ ပျောက်ဆုံးသွားဖို့ရန် ရာခိုင်နှုန်းများကြောင်း သဘောပေါက် နားလည်ထားရမည့် သစ္စာတရားတခု ဖြစ်ပါသည်။ လမ်းကြောင်းလွဲနေသော လူငယ်များအတွက် တည့်မှတ်ခြင်းသို့ ရောက်အောင် မေတ္တာဖြင့် အစဉ် ဆွဲဆောင် သီမ်းသွင်းစည်းရုံးနိုင်သူများ ဖြစ်ရပါမည်။
(ဈ) နွေးထွေးလှိုက်လှဲစွာ ကြိုဆို တတ်သော အသင်းတော်
မိတ်ဆွေသစ်သည် ရွှေ၊ မိတ်ဟောင်းသည် ငွေ ဟူသော စကားရပ်နှင့်အညီ မိမိအသင်းတော်ရှိ လူငယ်များကို ချစ်မြတ်နိုးလျက် အစဉ်ကြိုဆိုလက်ခံ၍လူငယ်တဦးခြင်းစီ၏ ပကတိ ဖြစ်တည်မှုကို နားလည်လက်ခံ ပေးသော အသင်းတော် ဖြစ်ရမည်။ လူငယ်များ၏ ကွဲပြားသော တန်ဖိုးနှင့် ထူးခြားသော စိတ်ကူးစိတ်သန်းကို ကြိုဆိုနေရာပေးတတ်ရပါမည်။ သူတို့၌ တည်ရှိနေသော စွမ်းရည်များကို သတိပြုတတ်ပြီး အသင်းတော်၏ လိုအပ်သော နေရာများတွင် ထိုစွမ်းရည်များကို ထုတ်ဖော် သုံးစွဲနိုင်သော အခွင့်အလမ်းများ ဖန်တီးပေးရပါမည်။
(ည) ညီညွတ်ခြင်း စိတ်သဘောကို တန်ဖိုးထားသော အသင်းတော်
ငါတကောကောတတ်သူများကို ပြုပြင်လျက် ကွဲပြားခြားနားမှုထဲတွင် ညီညွတ်ခြင်း စိတ်သဘောကို ရှာဖွေ တန်ဖိုးထားတတ်သော အသင်းတော် ဖြစ်ရပါမည်။ မျိုးရိုး၊ ပညာ၊ ငွေကြေး၊ ကျားမ ဖြစ်တည်မှု စသော အကြောင်း တရားများကို ရှင်းလင်းပြတ်သားစွာ သဘောပေါက်နားလည်ပြီး ဘုရားသခင်၏ သဏ္ဍန်တော်နှင့်အညီ တန်းတူညီမျှ ဖန်ဆင်းထားသော လူကို "လူလို " မြင်နိုင် လက်ခံနိုင်သော ခွဲခြားဆက်ဆံတတ်သည် လူ့သဘာဝလောကထဲမှ ဘုရားစံညီ အဖွဲ့အစည်းတခု ဖြစ်နိုင်ရပါမည်။
၆။ နုနှယ်ပျိုမြစ်သော နေ့ရက်များအတွက် ကျေးဇူးတော်ချီးမွမ်းရင်း အနာဂတ်အတွက် ပြင်ဆင်ကြပါစို့......
"The best preparation for the future is a well-spent today." (John Dewey)
အနာဂါတ်အတွက် အကောင်းဆုံးပြင်ဆင်ခြင်း ဆိုသည်မှာ "ယနေ့" ကို အကျိုးရှိစွာ အသုံးချခဲ့ခြင်းဖြစ်သည်။
Ecclesiastes 11:9-10
Young people, enjoy your youth.
Be happy while you are still young. Do what you want to do, and follow your heart's desire.
But remember that God is going to judge you for whatever you do.
Don't let anything worry you or cause you pain. You aren't going to be young very long.
" အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့၊ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိ လော့။
ကိုယ်အလိုရှိရာ လမ်းနှင်.၊ ကိုယ့် ဉာဏ် ပြသော လမ်းသို့ လိုက်လော့။
သို့ရာတွင် ထိုအမှုအလုံးစုံတို့ကို ဘုရားသခင် စစ်ကြော၍ သင့်ကို အပြစ်ပေးတော်မှု မည်ဟု အောက်မေ့လော့ ။
သို့ဖြစ်၍၊ စိတ်ညှိုးငယ်ခြင်း အကြောင်းနှင့် ကိုယ်ဆင်းရဲခြင်း အကြောင်းကို ပါယ်ရှားလော့။
အသက်ငယ်ခြင်းအရာနှင့် အရွယ် ပျိုခြင်း အရာသည် အနတ္တဖြစ်၏။" (ဒေသနာ ၁၁: ၉ )
မည်သည့်ခက်ခဲခြင်းမျိုးကိုမဆို ဘုရားရှင်နှင့်အတူ လက်တွဲလျက်ကျော်လွားမှု ပြုနိုင်ဖို့ အလိုတော်ရှိပါသည်။ ဘုရားရှင်အတွက် တန်ဖိုးကြီးသော လူငယ်များ ဘေးလွတ်လုံခြုံလျက် အလိုတော်ဆောင်နိုင်သူများဖြစ်ဖို့ရန် ဘုရားရှင်နှင့် လုံးဝ မိတ်သဟာယ မပြတ်ပါနှင့်။
သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆက်လက်လမ်းပြ သွန်သင်ပါစေ...အာမင်။
#မေတ္တာဖြင့်...
ိုးသီဟ_ပိုးကရင်ဓမ္မတက္ကသိုလ်