PDF Insight

PDF Insight လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေး ဖြစ်ပေါ်တိုးတက်မှုများကို သိရှိရန် PDF Insight စာမျက်နှာကို ဖတ်ပါ။
(2)

06/09/2026

"စစ်အုပ်စုရဲ့ ရက် ၁၀၀ အတွင်း ပြည်သူတို့ရဲ့ အထွေထွေကျပ်တည်းမှု"

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

“အာဏာရပါတီဆိုတာ တကယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ပါတီကို ဆိုလိုတာလား?”ကြံ့ခိုင်ရေးပါတီရဲ့ ပါတီညီလာခံ ရွှေ့ဆိုင်းလိုက်ခြင်းကို...
05/09/2026

“အာဏာရပါတီဆိုတာ တကယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ပါတီကို ဆိုလိုတာလား?”

ကြံ့ခိုင်ရေးပါတီရဲ့ ပါတီညီလာခံ ရွှေ့ဆိုင်းလိုက်ခြင်းကို “ကိုယ်စားလှယ်များ ခရီးစရိတ်သက်သာစေရန် လွှတ်တော်အစည်းအဝေးရက်နဲ ချိန်ညှိခြင်း” ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းဖြင့် ကြည့်မယ်ဆိုရင် ဒီကိစ္စဟာ ပါတီတစ်ခုရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုပဲ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအောက်မှာ ကြံ့ခိုင်ရေးပါတီရဲ့ အခန်းကဏ္ဍက သာမန်နိုင်ငံရေးပါတီတစ်ခုထက် ပိုမိုကျယ်ပြန့်နေပါတယ်။ ဒါကြောင့် ညီလာခံရွှေ့ဆိုင်းမှုကို စရိတ်နဲ့ အချိန်ညှိနှိုင်းမှုအဖြစ်သာ မမြင်ဘဲ ပါတီအတွင်း အာဏာဖွဲ့စည်းပုံ ပြန်လည်ညှိနှိုင်းနေတဲ့ လက္ခဏာရှိ၊ မရှိ ဆိုတဲ့ နိုင်ငံရေးအမြင်ဖြင့် ကြည့်ဖို့လိုလာပါတယ်။

ဒီနေရာမှာ အဓိကမေးခွန်းက -

ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ အာဏာဖွဲ့စည်းပုံအသစ်မှာ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်ပိုင်နိုင်ငံရေးအာဏာနဲ့ မင်းအောင်လှိုင်ရဲ့ အာဏာဗဟိုကြား နယ်နိမိတ် ဘယ်လောက်အထိ ကျန်ရှိသေးသလဲ ဆိုတာ ဖြစ်ပါတယ်။

ညီလာခံရွှေ့ဆိုင်းမှုက ဘာကို ပြောနေသလဲ

ကြံ့ခိုင်ရေးပါတီဘက်က ညီလာခံရွှေ့ဆိုင်းရခြင်းမှာ ကိုယ်စားလှယ်တွေရဲ့ ခရီးစရိတ်၊ နေပြည်တော်မှာ စောင့်ဆိုင်းရမယ့် အချိန်နဲ့ လွှတ်တော်အစည်းအဝေးရက်တွေကို ချိန်ညှိဖို့ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

ပါတီတာဝန်ရှိသူ ဘူးလက်လှဆွေကလည်း ပါတီတွင်း CEC ရာထူးနေရာလုပွဲကြောင့် ညီလာခံရွှေ့ဆိုင်းရတယ်ဆိုတဲ့ ထင်ကြေးတွေကို ငြင်းဆိုထားပါတယ်။

ဒါကို လုံးဝမဖြစ်နိုင်တဲ့ အကြောင်းပြချက်လို့ သတ်မှတ်ဖို့ မလိုပါဘူး။ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ အစည်းအဝေးရက်တွေကို ချိန်ညှိတာ၊ ကိုယ်စားလှယ်တွေရဲ့ စရိတ်နဲ့ ခရီးသွားလာရေးကို ထည့်တွက်တာဟာ သဘာဝကျတဲ့ အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်ကို ပိုပြီး စိတ်ဝင်စားစရာ ဖြစ်စေတာက ညီလာခံမှာ CEC ကို ပြန်လည်ဖွဲ့စည်းဖို့ ရှိနေခြင်း၊ ပါတီထိပ်ပိုင်းရာထူးတွေနဲ့ ပတ်သက်ပြီး အတွင်းပိုင်းညှိနှိုင်းမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

အဲဒီအချက်နှစ်ခုကို ပေါင်းကြည့်ရင် ညီလာခံရွှေ့ဆိုင်းမှုဟာ အာဏာပြဿနာရဲ့ အကြောင်းရင်းဖြစ်တယ်လို့ မပြောနိုင်သေးပေမယ့် ပါတီအတွင်း အာဏာချိန်ခွင်လျှာ ပြန်ညှိနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတယ် ဆိုတာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။

တကယ့်ပြဿနာက ဥက္ကဋ္ဌရာထူးမဟုတ်ဘဲ CEC ရဲ့ အင်အားချိန်ခွင်လျှာ

လက်ရှိသတင်းတွေအရ ခင်ရီကို ပါတီဥက္ကဋ္ဌအဖြစ် ဆက်ထားဖို့ သဘောတူညီမှုရှိနေတယ်ဆိုတဲ့ သတင်းလည်း ရှိပါတယ်။

တစ်ဖက်မှာလည်း မင်းအောင်လှိုင်နဲ့ နီးစပ်သူတွေဖြစ်တဲ့ အောင်လင်းဒွေး၊ သက်ပုံ၊ တေဇကျော် စတဲ့ စစ်ဗိုလ်ချုပ်ဟောင်းများ CEC အတွင်း ဝင်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီနေရာမှာ “ဘယ်သူက ဥက္ကဋ္ဌဖြစ်မလဲ” ဆိုတာထက် ပိုအရေးကြီးတာက CEC အတွင်း ဘယ်အင်အားစုက အများစုဖြစ်လာမလဲ ဆိုတာပါ။

အကြောင်းက ပါတီတစ်ခုရဲ့ တရားဝင်ခေါင်းဆောင်တစ်ဦး ရှိနေရုံနဲ့ ပါတီအတွင်း လက်တွေ့အာဏာကို သူတစ်ဦးတည်းက အပြည့်အဝ ကိုင်ထားနိုင်တယ်လို့ မဆိုနိုင်ပါဘူး။

ဥက္ကဋ္ဌက ခင်ရီပဲ ဖြစ်နေနိုင်ပါတယ်။

ဒါပေမယ့် CEC အတွင်း မင်းအောင်လှိုင်ဘက်က သြဇာရှိသူတွေ အင်အားအလွန်အမင်း တိုးလာရင် ပါတီရဲ့ အဓိကဆုံးဖြတ်ချက်တွေမှာ သြဇာချိန်ခွင်လျှာက ပြောင်းသွားနိုင်ပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေကို -

“ခင်ရီနဲ့ မင်းအောင်လှိုင် ဘယ်သူဥက္ကဋ္ဌဖြစ်မလဲ”

ဆိုတဲ့ ရာထူးလုပွဲအဖြစ်သာ ကြည့်မယ့်အစား -

“ပါတီအတွင်း ဆုံးဖြတ်ပိုင်ခွင့်ရဲ့ အလေးချိန်က ဘယ်ဘက်ကို ရွေ့နေသလဲ”
ဆိုတာကို ကြည့်ဖို့လိုပါတယ်။

စစ်တပ်အတွင်းက စီနီယာစနစ်နဲ့ နိုင်ငံရေးအာဏာစနစ် ထိတွေ့လာတဲ့အခါ
ဒီအခြေအနေမှာ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုက စစ်တပ်အတွင်းက စီနီယာစနစ် ဖြစ်ပါတယ်။

လက်ရှိ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ပိုင်းမှာ မင်းအောင်လှိုင်ထက် စစ်တက္ကသိုလ်အပတ်စဉ်အရ ဝါရင့်သူတွေ ရှိနေပါတယ်။

စစ်တပ်အတွင်းမှာ အသက်၊ ရာထူးနဲ့ စစ်တက္ကသိုလ်အပတ်စဉ်တွေဟာ အာဏာဆက်ဆံရေးမှာ အရေးပါတဲ့ အချက်တွေ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အဲဒီစနစ်ဟာ နိုင်ငံရေးပါတီထဲကို ရောက်လာတဲ့အခါ အတူတူပဲ အလုပ်လုပ်မယ်လို့ မဆိုနိုင်ပါဘူး။

ဒီနေရာမှာ အာဏာပုံစံနှစ်ခု ထိတွေ့လာပါတယ်။

တစ်ဖက်မှာ စစ်တပ်ခေတ်ဟောင်းက စီနီယာမှုနဲ့ အတွေ့အကြုံ။

တစ်ဖက်မှာ လက်ရှိအာဏာဗဟိုကို ထိန်းချုပ်ထားသူနဲ့ နီးစပ်မှု။

အဲဒီနှစ်ခုဟာ တစ်ထပ်တည်းမဖြစ်တဲ့အချိန်မှာ ပါတီအတွင်း အာဏာချိန်ခွင်လျှာက ပိုရှုပ်ထွေးလာနိုင်ပါတယ်။

ဒါကြောင့် လက်ရှိဖြစ်ရပ်ကို ပုဂ္ဂိုလ်ရေးရာထူးလုပွဲတစ်ခုအဖြစ်သာ မြင်မဲ့အစား စစ်တပ်က ဆင်းသက်လာတဲ့ အာဏာဖွဲ့စည်းပုံတစ်ခုအတွင်း မျိုးဆက်နဲ့ သစ္စာခံမှုအပေါ် အခြေခံသည့် အင်အားစုများ ပြန်လည်နေရာချထားနေခြင်း အဖြစ်ပါ စောင့်ကြည့်ရန်လိုပါတယ်။

ရွေးကောက်ပွဲအနိုင်ရသော်လည်း ပါတီအာဏာက ဘယ်လောက်ရှိသလဲ

ဒီအချက်ကတော့ ကြံ့ခိုင်ရေးပါတီရဲ့ အဓိကဝိရောဓိကို ပိုမိုရှင်းလင်းစေပါတယ်။

အချက်အလက်တွေအရ ရွေးကောက်ပွဲအပြီး ကြံ့ခိုင်ရေးပါတီဟာ လွှတ်တော်အတွင်း အင်အားရလာပေမယ့် ပါတီဥက္ကဋ္ဌကို သမ္မတအဖြစ် တင်မြှောက်နိုင်ခြင်း မရှိခဲ့သလို အစိုးရအဖွဲ့အတွင်းမှာလည်း ပါတီကိုယ်စားပြုသူ အနည်းစုသာ ပါဝင်လာခဲ့ပါတယ်။

ဒါဟာ နိုင်ငံရေးပါတီတစ်ခုအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ဝိရောဓိတစ်ခုပါ။
ရွေးကောက်ပွဲမှာ အနိုင်ရတယ်။

ဒါပေမယ့် နိုင်ငံရေးအာဏာကို အပြည့်အဝ မကိုင်နိုင်ဘူး။

ဒီနေရာမှာ မေးခွန်းက “ကြံ့ခိုင်ရေးပါတီ အာဏာရသလား၊ မရဘူးလား” ဆိုတာထက် -

“အာဏာရတယ်ဆိုတာ ဘယ်အဆင့်အထိလဲ”
ဆိုတာ ဖြစ်ပါတယ်။

လွှတ်တော်ထဲမှာ အင်အားရှိခြင်းနဲ့ နိုင်ငံတော်ရဲ့ အဓိကဆုံးဖြတ်ချက်တွေကို လွတ်လပ်စွာ ချမှတ်နိုင်ခြင်းဟာ တူညီတဲ့အရာ မဟုတ်ပါဘူး။

ဒါကြောင့် ကြံ့ခိုင်ရေးပါတီအတွက် အခုအချိန်မှာ အကြီးမားဆုံးပြဿနာဟာ ရွေးကောက်ပွဲအနိုင်ရရေး မဟုတ်တော့ဘဲ အနိုင်ရပြီးနောက် လက်တွေ့အာဏာကို ဘယ်လောက်အထိ ကိုင်တွယ်နိုင်သလဲ ဆိုတာ ဖြစ်လာပါတယ်။

ခင်ရီရဲ့ ကတိတွေနဲ့ လက်တွေ့အာဏာကြားက ကွာဟချက်

ဒီဝိရောဓိကို ခင်ရီရဲ့ ရွေးကောက်ပွဲကာလ ကတိတွေနဲ့ လက်တွေ့အခြေအနေကို နှိုင်းယှဉ်ရင် ပိုမြင်သာပါတယ်။

ရွေးကောက်ပွဲကာလမှာ ကြံ့ခိုင်ရေးပါတီဘက်က နိုင်ငံ့ဝန်ထမ်းတွေအတွက် ခရီးသွားလာခွင့်၊ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ လယ်သမားတွေရဲ့ ကြွေးမြီပြဿနာတွေကို ဖြေရှင်းပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒါပေမယ့် အစိုးရအဖွဲ့ထဲ ပါဝင်လာပြီးနောက် နိုင်ငံ့ဝန်ထမ်းတွေကို ကိုယ်ရေးကိုယ်တာခရီးစဉ်အတွက် မီးရထားနဲ့ လေယာဉ်လက်မှတ်ခ ကင်းလွတ်ခွင့်ပေးနိုင်မလားဆိုတဲ့ မေးခွန်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနက မပေးနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီကိစ္စဟာ လက်မှတ်ခ အခမဲ့ရမရဆိုတဲ့ ကိစ္စတစ်ခုတည်း မဟုတ်ပါဘူး။

ပိုအရေးကြီးတာက -

ပါတီက ပြည်သူကို ကတိပေးနိုင်တဲ့ နိုင်ငံရေးအာဏာနဲ့ အာဏာရလာပြီးနောက် အဲဒီကတိကို အကောင်အထည်ဖော်နိုင်တဲ့ လက်တွေ့အာဏာ တူညီရဲ့လား ဆိုတာ ဖြစ်ပါတယ်။
မတူဘူးဆိုရင် ပါတီရဲ့ နိုင်ငံရေးယုံကြည်စိတ်ချရမှုက ထိခိုက်နိုင်ပါတယ်။

ထိုအခြေအနေမှာ ပါတီအတွင်း မေးခွန်းတစ်ခု ပေါ်လာနိုင်ပါတယ် -

“အာဏာရပါတီဖြစ်ပေမယ့် ဘာကြောင့် ကိုယ်ပိုင်ကတိတွေကို ကိုယ်တိုင် အကောင်အထည်မဖော်နိုင်တာလဲ”
ဒီမေးခွန်းက ပါတီနဲ့ အာဏာဗဟိုကြား နယ်နိမိတ်ကို ပိုပြီး ထင်ရှားစေပါတယ်။

ဒီဟာဟာ မင်းအောင်လှိုင်နဲ့ ကြံ့ခိုင်ရေးပါတီကြား “ပဋိပက္ခ” လား
ဒီအချက်မှာ သတိထားရပါမယ်။

လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရ “မင်းအောင်လှိုင်နဲ့ ကြံ့ခိုင်ရေးပါတီကြား ပွင့်ပွင့်လင်းလင်း ပဋိပက္ခဖြစ်နေပြီ” လို့ သတ်မှတ်တာထက်
နှစ်ဖက်အကျိုးစီးပွားတွေ ထိတွေ့နိုင်တဲ့ နေရာတွေ ပေါ်လာနေပြီ ဆိုတာပါ။

အဲဒီနေရာတွေက -

• CEC ဖွဲ့စည်းပုံ
• ပါတီထိပ်ပိုင်းရာထူးခွဲဝေမှု
• ပါတီအတွင်း မင်းအောင်လှိုင်နဲ့ နီးစပ်သူတွေရဲ့ အင်အားတိုးလာမှု
• လက်ရှိပါတီခေါင်းဆောင်ဟောင်းတွေရဲ့ သြဇာ
• ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပါတီရရှိတဲ့ အစိုးရအာဏာပမာဏ
• ပါတီက ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်နိုင်မှု
တို့ ဖြစ်ပါတယ်။

ဒီအချက်တွေမှာ အကျိုးစီးပွားချင်း မတူညီမှုတွေ ပိုမိုထင်ရှားလာရင်သာ နောက်ပိုင်းမှာ ပဋိပက္ခအဖြစ် ပြောင်းလဲလာနိုင်ပါတယ်။

ဒါကြောင့် လာမယ့်ကာလမှာ ညီလာခံကျင်းပမယ့်ရက်ထက် CEC ရဲ့ ဖွဲ့စည်းပုံ ကို ပိုပြီး စောင့်ကြည့်သင့်ပါတယ်။

အထူးသဖြင့် -

၁။ ခင်ရီရဲ့ ရာထူးသာမက လက်တွေ့ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်ကျန်မလဲ။
၂။ မင်းအောင်လှိုင်နဲ့ နီးစပ်သူတွေ CEC ထဲမှာ ဘယ်လောက်အထိ အင်အားရလာမလဲ။
၃။ ပါတီခေါင်းဆောင်ဟောင်းတွေရဲ့ အင်အား ဘယ်လောက်လျော့သွားမလဲ။
၄။ ပါတီရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ အာဏာဗဟိုရဲ့ ဆုံးဖြတ်ချက်တွေကြား ဘယ်လောက်အထိ ကွာဟချက်ရှိလာမလဲ။
၅။ ပါတီက ပြည်သူကို ပေးထားတဲ့ ကတိတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် နိုင်ငံရေးအာဏာ ရှိ၊ မရှိ။
ဒီအချက်တွေကသာ လာမယ့်ကာလမှာ တကယ့်အာဏာချိန်ခွင်လျှာကို ဖော်ပြပေးနိုင်ပါလိမ့်မယ်။

ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲအပြီးမှာ တကယ်တမ်း ကိုယ်ပိုင်နိုင်ငံရေးအာဏာ ရရှိလာတဲ့ပါတီလား၊ ဒါမှမဟုတ် လက်ရှိအာဏာဗဟိုရဲ့ နိုင်ငံရေးအာဏာကို ဆက်လက်တည်မြဲစေဖို့ အသုံးပြုနေတဲ့ နိုင်ငံရေးယန္တရားတစ်ခုလား။

ဒီမေးခွန်းရဲ့ အဖြေဟာ ခင်ရီ ဥက္ကဋ္ဌဆက်ဖြစ်မဖြစ်နဲ့ မဆုံးဖြတ်နိုင်ပါဘူး။

CEC ထဲမှာ ဘယ်သူတွေ အင်အားရလာသလဲ၊ ဘယ်သူတွေက ဆုံးဖြတ်ချက်တွေကို တကယ်ချမှတ်နိုင်သလဲ၊ ပါတီက အာဏာဗဟိုကို ဘယ်လောက်အထိ လွတ်လပ်စွာ ဆုံးဖြတ်နိုင်သလဲ ဆိုတာတွေကသာ အဖြေကို ဖော်ပြပါလိမ့်မယ်။

အဲဒီအဖြေကပဲ ကြံ့ခိုင်ရေးပါတီရဲ့ အနာဂတ်ဟာ ကိုယ်ပိုင်နိုင်ငံရေးပါတီတစ်ခုအဖြစ် ဆက်ရွေ့မလား၊ ဒါမှမဟုတ် အာဏာဗဟိုနဲ့ ပိုမိုနီးကပ်တဲ့ နိုင်ငံရေးယန္တရားတစ်ခုအဖြစ် ဆက်ရွေ့မလားဆိုတာကို ပိုမိုရှင်းလင်းစွာ ပြသနိုင်ပါလိမ့်မယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

"အီဂေါ်စစ်တမ်းနဲ့ မျက်မှောက်နိုင်ငံရေး"မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေအပေါ် မြန်မာနိုင်ငံသားတွေက ရှင်းရှင်း...
03/09/2026

"အီဂေါ်စစ်တမ်းနဲ့ မျက်မှောက်နိုင်ငံရေး"

မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေအပေါ် မြန်မာနိုင်ငံသားတွေက ရှင်းရှင်းလင်းလင်း သိမြင်ကြပေမယ့် ပြည်ပနိုင်ငံကြီးအချို့နဲ့ အိမ်နီးချင်းတချို့ကတော့ အကျိုးစီးပွားတွေ၊ ပထဝီနိုင်ငံရေးတွေ ဦးစားပေးဖြစ်နေလို့ ခုထိ ဝေဝေဝါးဝါး ပြောဆို၊ ဥပက္ခာပြုထားကြတာ ဖြစ်တယ်။

အဲဒါကို သူတို့အတွက် အခွင့်ကောင်းလို့ ယူဆတဲ့ မအလအုပ်စုဟာ နိုင်ငံတကာအားကိုးရလိုရငြား လှည့်လည် လိမ်ညာဖြီးဖျန်း သွားလာနေကြတာ တွေ့ရတာပါပဲ။ ဒါပေမယ့် ကမ္ဘာ့အာဏာရှင်အုပ်စုတွေရဲ့ ဝန်ရိုးတန်းအင်အားတွေကပဲ သူ့ကို (မယုံမရဲ) လက်ခံပေးနေတာပါ။

သူတို့ကတော့ SCO ဆိုလည်း တက်လိုက်ချင်တာပဲ။ အာရှအလယ်ပိုင်းနိုင်ငံတွေနဲ့ ရုရှားပဲ သီးသန့်ပါဝင်ခွင့်ရှိတဲ့ အစည်းအဝေးမှာတောင် ဇွတ်လေ့လာသူအဖြစ် တက်ပါရစေလို့ လုပ်နေသေးတာ။

ဒါပေမယ့် ဘယ်နိုင်ငံသွားသွား ဘာအကူအညီမှ မယ်မယ်ရရ အာမခံချက်ရှိရှိ မရလို့ နောက်ဆုံးမှာ ပြည်ပမှ ထောက်ပံ့ငွေ၊ ချေးငွေများကို အားကိုးနေမှာ မဟုတ်ဘူးလို့ ပြောင်ထုတ်ပြောလာရတဲ့အဆင့် ရောက်လာပါတယ်။

မဲမသမာမှုကြောင့် အာဏာသိမ်းရပါတယ်ဆိုပြီး မင်းအောင်လှိုင် အကြိမ်တစ်ထောင်လောက် နေရာတကာမှာ ပြောခဲ့တာကို အခု ငရဲခွေး ရဝဥက ပြင်ဦးလွင်စစ်တက္ကသိုလ်က အခမ်းအနားတစ်ခုမှာ “တိုင်းပြည်ဆူပူအုံကြွမှုနှင့် မင်းမဲ့ဆန်သော လုပ်ရပ်များကြောင့် တိုင်းပြည်ပြိုကွဲမည့် အခြေအနေ ဖြစ်ပေါ်ခဲ့သဖြင့် စစ်တပ်က အာဏာသိမ်းခဲ့ရတာဖြစ်ကြောင်း” ဆိုပြီး ပြောင်းလဲပြောဆိုခဲ့တာ ဖြစ်တယ်။

အဲတော့ ဒါက ဦးနေဝင်းတို့၊ သန်းရွှေကြီးတို့လိုပဲ နောက်ဆုံးတော့ “အာဏာလိုချင်လို့ အာဏာသိမ်းတာကွ” ဆိုတဲ့ ဘူတာကိုပဲ ပြန်ရောက်တာပါပဲ။

အဲတော့ အခု ဘာလုပ်သလဲ။ ဗြောင်ကျကျ စစ်သားဆွဲတာတွေကို ဆက်လုပ်လာတာဖြစ်တယ်။ စစ်ရေးမှာ ထည့်မလောက်ဖြစ်နေတဲ့ စစ်သားတွေနေရာမှာ မြို့ရော တောရော တွေ့သမျှလူငယ်တွေကို မတရားဖမ်းဆီးပြီး စစ်ထဲထည့်နေတာ ဖြစ်တယ်။

ဒီအလုပ်ကို ရန်ကုန်လို နေရာမှာတောင် ဗြောင်ကျကျ ကျူးလွန်လာနေကြတာ ဖြစ်တယ်။ မအလတပ်ဟာ ဘယ်လောက်အထိ ပြုန်းတီးသွားပြီလဲဆိုတာ အခု စစ်မှုထမ်းလူငယ်တွေက စစ်တပ်ရဲ့ ၈၅ ရာခိုင်နှုန်းလောက်အထိ ရှိလာတာကို ကြည့်ရင် သိနိုင်ပါတယ်။

“ပေါ်တာဆွဲ ဖမ်းဆီးတယ်” လို့ သုံးနေကြတာက အကြောင်းအရာကို ပေါ့သွားစေပါတယ်။ တကယ်တော့ ပေါ်တာမဟုတ်ပါဘူး။ သူတို့ကိုယ်စား အသေခံပေးဖို့ အတင်းအကြပ် စစ်သားဆွဲတာပါ။

မြန်မာ့သမိုင်းထဲက မင်းဆိုးမင်းညံ့စာရင်းဝင် အဖနဲ့အကိုကို သတ်ပြီး မင်းဖြစ်တဲ့ နရသူတို့၊ ဟံသာဝတီပါမင်းလို့ ခေါ်တဲ့ မဟာဓမ္မရာဇာဓိပတိတို့တောင် အာဏာတည်မြဲဖို့ ပြည်သူတွေရဲ့ အသက်သွေးနဲ့ စတေးတာ မလုပ်ခဲ့ကြပါဘူး။ မင်းအောင်လှိုင်ကတော့ မြန်မာ့သမိုင်းတစ်ခုလုံးမှာ အဆိုးတကာ့ ထိပ်ခေါင်ဘွဲ့ ပေးရမယ့်သူပါပဲ။

မအလ ဘာကြောင့် အာဏာမြဲနေပါသလဲ

အဓိကတော့ ခေတ်အဆက်ဆက် တသွေးတသံတမိန့်နဲ့ အောက်ခြေတွေကို အသေခံခိုင်း၊ အပေါ်ဆင့်တွေကိုတော့ အဆင့်ဆင့် မက်လုံးပေးတာ၊ အကျိုးစီးပွားခံစားခွင့်တွေနဲ့ အပေါ်ယံအားဖြင့် တသားတည်းဖြစ်နေတဲ့ စစ်တပ်ရှိနေလို့ပါ။

သူ့ကိုနိုင်ဖို့ဆိုရင် သူ့လိုတော့ လိုက်လုပ်စရာ မလိုပါဘူး။ သူ့လောက် လူမများလဲ ရပါတယ်။ တော်လှန်ရေးတပ်ဟာ တော်လှန်ရေးတပ်နဲ့တူတဲ့ တည်ဆောက်ပုံ၊ ဖွဲ့စည်းပုံ၊ ဦးဆောင်မှုပေးပုံတွေ ရှိရင် ရပါပြီ။

အခု ငါးနှစ်လောက်ကြာတဲ့အခါမှာတော့ တိုင်းရင်းသားများနဲ့ မြေပြန့်အင်အားစုတွေအကြား တစုတစည်းတည်းသော ဖွဲ့စည်းပုံမျိုးအောက်ကို ရောက်အောင် စုစည်းနိုင်ခဲ့ပါပြီ။ ဒါက အလွန်အရေးကြီးတဲ့ အချိုးအကွေ့ပါ။

ဒီအခြေအနေကို ဆရာကြီး ဇော်ဝေစိုးက SCEF ဖွဲ့စည်းတာနဲ့ပတ်သက်လို့ The Diplomat စာစောင်မှာ ဆောင်းပါးတစ်စောင် ရေးသားခဲ့ပါတယ်။ အဲဒါ အခြေအနေမှန်တွေပါ။ ထုံးစံအတိုင်း ကန့်ကွက်တာ၊ ဝေဖန်တာ တချို့ရှိပါတယ်။

အဲဒီတစ်ယောက်နှစ်ယောက်က US base ပုဂ္ဂိုလ်တွေပါပဲ။ ကိုယ့်ဖာသာကိုယ် ထင်တလုံးဖြစ်လေ အမြင်တွေစောင်းလေပါပဲ။ မိုင် ရှစ်ထောင်၊ တစ်သောင်းလောက်ကနေ တိမ်သလ္လာဖုံးနေတဲ့ မျက်လုံးတွေနဲ့ လှမ်းပြီး ဝေဖန်တာတွေက မြေပြင်အခြေအနေနဲ့တော့ အတော်ကွဲနေတာ ဖြစ်တယ်။

အီဂေါ်ဗလာစီဗစ်ရဲ့ စစ်တမ်း

တစ်နေ့ကပဲ မြန်မာ့အရေးတစ်လျှောက်လုံး လေ့လာနေခဲ့တဲ့ အီဂေါ်ဗလာစီဗစ်က စစ်တမ်းတစ်ခု ဖော်ပြလာတာ တွေ့ရတယ်။

အဲဒီစစ်တမ်းက လက်ရှိ နွေဦးတော်လှန်ရေးမှာ ပါဝင်နေသူ အောက်ခြေနဲ့ အလယ်အလတ်အဆင့်တွေကို မေးထားတာပါ။ မေးခွန်းတွေက များပါတယ်။
လက်တွေ့လဲကျတယ်။ အဖြေတွေက စိတ်ဝင်စားစရာကောင်းတယ်။ အဆိုးမြင်ဆရာတွေ ပြောတာနဲ့ တခြားစီပါပဲ။

ဒီမှာတော့ အရေးကြီးတာတချို့ပဲ ဖော်ပြပါမယ်။

လက်ရှိတော်လှန်ရေးမှာ မတူညီတဲ့ အစိတ်အပိုင်းတွေကို တစ်နိုင်ငံလုံးအဆင့်မှာ ညီညွတ်ပြီး ထိရောက်တဲ့ အင်အားတရပ်အဖြစ် လုံလောက်စွာ ပေါင်းစည်းနိုင်တာ မရှိသေးပါဘူး။

အဲဒီကနေ ထွက်ပေါ်လာတဲ့ မေးခွန်းက “လက်ရှိအချိန်တွင် တော်လှန်ရေးကို ဦးဆောင်ရန် တာဝန်ရှိသည်ဟု မည်သည့်အဖွဲ့အစည်းများ သို့မဟုတ် အင်စတီကျူးရှင်းများကို မြင်ကြသနည်း” ဆိုတာပါပဲ။

ဖြေဆိုသူတွေအနေနဲ့ တစ်ခုထက်ပိုပြီး ရွေးချယ်နိုင်တာပါ။ အများဆုံးရွေးချယ်ခံရတဲ့ အဖွဲ့ကတော့ အသစ်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးကောင်စီ (SCEF) ဖြစ်တယ်။

ဖြေဆိုသူ ၂၂၀ ဦးအနက် ၁၅၁ ဦး၊ သို့မဟုတ် ၆၈.၆ ရာခိုင်နှုန်းက SCEF ကို ရွေးချယ်တာ ဖြစ်ပါတယ်။ ဒီနောက်ကတော့ NUG ကို ၆၄.၅ ရာခိုင်နှုန်းနဲ့ ရွေးချယ်တာ တွေ့ရတယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနဲ့ ၎င်းတို့၏ ခေါင်းဆောင်မှုကို ၅၉.၉ ရာခိုင်နှုန်းနဲ့၊ ပြည်နယ်၊ ဒေသ၊ တိုင်းရင်းသားနှင့် ဖက်ဒရယ်ယူနစ်ဆိုင်ရာ ဖွဲ့စည်းပုံများကိုလည်း ၄၈.၂ ရာခိုင်နှုန်းက အရေးကြီးသော ခေါင်းဆောင်မှုအလွှာတစ်ခုအဖြစ် မြင်ကြတာ တွေ့ရပါတယ်။

လက်ရှိတော်လှန်ရေးမှာ တစ်နိုင်ငံလုံးအဆင့် အသိအမှတ်ပြုနိုင်တဲ့ ခေါင်းဆောင်မှုဖွဲ့စည်းပုံ ရှိသလားလို့ မေးရာမှာ ၇၀ ရာခိုင်နှုန်းခန့်က တစ်မျိုးမဟုတ်တစ်မျိုးသော အမျိုးသားအဆင့် ဦးဆောင်မှုဖွဲ့စည်းပုံ ရှိနေတယ်လို့ အသိအမှတ်ပြုကြတာ ဖြစ်တယ်။

ဘာမှ အသိအမှတ်ပြုနိုင်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ဖွဲ့စည်းပုံ မရှိဘူးလို့ ပြောသူက ၂၂ ရာခိုင်နှုန်းပဲ ရှိတာ တွေ့ရတယ်။

ဖြေဆိုသူတွေရဲ့ စိုးရိမ်မှုက ခေါင်းဆောင်မှု မရှိဘူးဆိုတာထက် ပေါင်းစည်းမှု မလုံလောက်တာ၊ တာဝန်ခွဲဝေမှု မရှင်းလင်းတာနဲ့ အချင်းချင်း ပူးပေါင်းညှိနှိုင်းမှု အားနည်းတာတွေပါပဲ။

ယုံကြည်မှုနဲ့ ခေါင်းဆောင်မှု

ယုံကြည်မှုနဲ့ပတ်သက်ရင်တော့ ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းက အဓိကတော်လှန်ရေးခေါင်းဆောင်မှု အဖွဲ့အစည်းတွေကို ယုံကြည်မှု မြင့်မားတယ် ဒါမှမဟုတ် အလွန်မြင့်မားတယ်လို့ ဖြေကြတယ်။

၄၈ ရာခိုင်နှုန်းက ယုံကြည်မှု ရောနှောနေတယ် ဒါမှမဟုတ် မသေချာဘူးလို့ ဖြေကြတယ်။ ယုံကြည်မှု နည်းတယ် ဒါမှမဟုတ် လုံးဝမရှိဘူးလို့ ဖြေသူက ၁၂ ရာခိုင်နှုန်းသာ တွေ့ရတာ ဖြစ်တယ်။

တနည်းအားဖြင့် ပြောရရင် ခေါင်းဆောင်မှုရဲ့ တရားဝင်မှု ပြိုလဲသွားတဲ့ အခြေအနေမရှိသလို ခြွင်းချက်မရှိ အပြည့်အဝ ယုံကြည်မှုရှိနေတဲ့ အခြေအနေလည်း မဟုတ်ဘူးလို့ ဆိုနိုင်တာပါ။

ဒီအဖြေတွေအပေါ် အီဂေါ်ရဲ့ သုံးသပ်ချက်က အလွန်ကောင်းမွန်ပါတယ်။ သူ့သုံးသပ်ချက်က တော်လှန်ရေးခေါင်းဆောင်မှုအဖွဲ့အစည်းတွေရဲ့ တရားဝင်မှုနဲ့ ရည်ရွယ်ချက်ကို တစ်ဘက်မှာထားပြီး သူတို့ရဲ့ လက်တွေ့လုပ်ဆောင်နိုင်မှုနဲ့ ရလဒ်ဖော်ဆောင်နိုင်မှုကို တစ်ခြားတစ်ဘက်မှာ ခွဲခြားကြည့်ခဲ့ပုံရကြောင်း၊ အဖွဲ့အစည်းတွေကို အခြေခံအားဖြင့် လက်ခံကြပေမယ့် ဘယ်လောက်ထိ ရောက်စွာ လုပ်ဆောင်နိုင်သလဲဆိုတာကိုတော့ ဝေဖန်ကြတာ ဖြစ်ကြောင်း ဆိုထားပါတယ်။

တကယ်လို့ ဖြေဆိုသူတွေဟာ လက်ရှိတော်လှန်ရေး ခေါင်းဆောင်မှုဖွဲ့စည်းပုံကို အခြေခံအားဖြင့် ငြင်းပယ်နေကြတာဆိုရင် ယုံကြည်မှုနည်းခြင်း ဒါမှမဟုတ် လုံးဝမရှိခြင်းဟာ အခုထက် အများကြီးပိုပြီး မြင့်မားနေသင့်ပြီး လက်ရှိအဖွဲ့အစည်းတွေကို ဖြိုဖျက်ပစ်ဖို့ တောင်းဆိုမှုတွေလည်း ပိုပြင်းထန်နေမှာ ဖြစ်ကြောင်း အီဂေါ်ဗလာစီဗစ်က ထောက်ပြထားတာပါ။

နောက်ဆုံးမှာ သူဆိုလိုတာက ပိုမိုရှင်းလင်းတဲ့ တာဝန်ယူမှုလမ်းကြောင်းများ၊ ပူးတွဲနိုင်ငံရေးစစ်ရေး ဦးစားပေးချက်များ၊ စုပေါင်းဆုံးဖြတ်ချက်ချမှု၊ တကယ်အကောင်အထည်ဖော်တဲ့ သဘောတူညီချက်များနဲ့ အချိန်ကိုက် ပေါင်းစည်းညှိနှိုင်းထားတဲ့ လှုပ်ရှားမှုတွေ ဖြစ်ကြောင်း သူက ဖွင့်ဆိုထားတာပါ။

SCEF ရဲ့ အရေးပါမှု

အီဂေါရဲ့ SCEF ဘာကြောင့် အရေးကြီးသလဲဆိုတဲ့ နောက်ထပ်ရှင်းလင်းချက်တစ်ပိုင်းကိုတော့ စာရှည်မှာမို့ မဖော်ပြတော့ပါဘူး။

ရှာဖတ်ကြည့်ကြမယ်ဆိုရင်တော့ အခြေအနေတစ်ခုလုံးကို ပိုပြီး ခြုံငုံသိမြင်နိုင်စေမှာ ဖြစ်တယ်။

ဘာဖြစ်ဖြစ် အဆိုးမြင်နေမယ့်သူတွေ၊ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်လိုသူတွေအဖို့ကတော့ အီဂေါ်အဖေ ရှင်းပြလည်း သဘောပေါက်မှာ မဟုတ်ဘူး။
တော်လှန်ရေးဆိုတာတွေရဲ့ အစိတ်အပိုင်း အတော်များများဟာ ရန်သူက သင်ကြားပေးတာပါ။ ရန်သူ့ခြေလှမ်းတွေအပေါ်ကနေ အမြတ်ထုတ်ယူတတ်ဖို့၊ ရှေ့ရေးမှာ ကြုံရမှာတွေကို ကြိုမြင်ဖို့က အရေးကြီးတာပါ။

SCEF ပေါ်လာတာဟာလည်း တိုင်းရင်းသားတွေရော မြေပြန့်နေသူတွေရော နှစ် ၇၀ လောက် အတွေ့အကြုံတွေပေါ်က အခြေခံလာတာ ဖြစ်တယ်။

ဒါက ရေရှည် လက်နက်ကိုင်လာဖူးသူတွေ ခံစားသိရှိနိုင်တာ ဖြစ်ပေမယ့် အရင်ကလည်း မယ်နယ်ပလောတို့ ဘာတို့ ရှိခဲ့ဖူးတာပဲဆိုပြီး ဘေးထိုင်ဘု ပြော ဆရာအကြီးအသေးတွေကတော့ ပိုတယ်လို့ ဆိုမှာပါပဲ။

အခြေအနေတွေ၊ ခေတ်တွေ၊ စုဖွဲ့ပုံတွေ၊ ပါဝင်တဲ့ လက်နက်ကိုင်အင်အား အချိုးအစားတွေ၊ အောင်မြင်နိုင်မယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတွေ၊ လက်တွေ့ စစ်မြေပြင်အောင်မြင်မှုတွေ၊ ရန်သူဘက်က အဖက်ဖက် ယိုယွင်းလာမှုတွေ စသဖြင့် ဘာမှတူမနေပါဘူး။

အပေါ်က အမေးအဖြေတွေထဲမှာပါသလို ဒီလိုအောင်မြင်တဲ့ အခြေအနေတွေကို ဆက်လက်ထိန်းသိမ်းပြီး လက်တွေ့နယ်ပယ်ပေါင်းစုံမှာ အထိရောက်ဆုံး ဆောင်ရွက်နိုင်ဖို့ကသာ အရေးကြီးဆုံးလို့ ဆိုရမှာ ဖြစ်ကြောင်းပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

“စစ်သင်္ဘောများ တိုက်ခိုက်ခံရခြင်း၊ စစ်တပ်ရေကြောင်းထောက်ပို့စနစ် ပြိုလဲလာမှု”ဒီနှစ်အတွင်း စစ်ကောင်စီရဲ့ ရေယာဉ်တွေ မြစ်ကြ...
02/09/2026

“စစ်သင်္ဘောများ တိုက်ခိုက်ခံရခြင်း၊ စစ်တပ်ရေကြောင်းထောက်ပို့စနစ် ပြိုလဲလာမှု”

ဒီနှစ်အတွင်း စစ်ကောင်စီရဲ့ ရေယာဉ်တွေ မြစ်ကြောင်းအတိုင်း အထက်ပိုင်းကို တက်လာတာနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကို အစကနေ ပြန်ကြည့်မယ်ဆိုရင် ဖြစ်ရပ်တစ်ခုချင်းစီ သီးခြားဖြစ်နေတာမဟုတ်ဘဲ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ ပုံရိပ်တစ်ခုကို မြင်ရပါတယ်။ အထူးသဖြင့် ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ကြောင်းတွေမှာ စစ်ကောင်စီဘက်က ရေယာဉ်အုပ်စုကြီးတွေ အသုံးပြုပြီး အထက်ပိုင်းဒေသတွေကို ထောက်ပံ့ရေးလုပ်ဖို့ ကြိုးစားလာတဲ့အချိန်တိုင်း လမ်းတစ်လျှောက်မှာ ဖိအားပေးခံရတာ၊ တိုက်ခိုက်ခံရတာတွေ ဆက်တိုက်ဖြစ်လာတာကို တွေ့ရပါတယ်။

ဇူလိုင်လအစမှာ မုံရွာဘက်ကနေ ချင်းတွင်းမြစ်အတိုင်း အထက်ဘက်ကို ရေယာဉ်အုပ်စု စတင်တက်လာပါတယ်။ အဲဒီအုပ်စုမှာ ရေယာဉ် စုစုပေါင်း ၄၆ စီးလောက် ပါဝင်ပြီး ကုန်တင်ရေယာဉ်တွေ အများစု ပါပါတယ်။ အဲဒီထဲက ၂၆ စီးလောက်ကတော့ ချင်းတွင်းမြစ်အတိုင်း ကနီ၊ မင်းကင်းဘက်ကို ဆက်ပြီး တက်လာခဲ့ပါတယ်။ ရေယာဉ်အရေအတွက် အဲဒီလောက်များတာကို ကြည့်ရင် ဒီခရီးစဉ်ဟာ သာမန်သယ်ယူပို့ဆောင်ရေးခရီးစဉ်မဟုတ်ဘဲ စစ်ကောင်စီရဲ့ အထက်ပိုင်းတပ်တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အစုလိုက်အပြုံလိုက် ပို့ဆောင်ဖို့ ကြိုးစားတာလို့ မြင်နိုင်ပါတယ်။

ဇူလိုင် ၆ ရက် မနက်ပိုင်းမှာ ကနီဘက်ကို ရောက်လာတဲ့အချိန်မှာ တိုက်ခိုက်မှုတွေ စတင်ဖြစ်လာပါတယ်။ နောက်တစ်နေ့ ဇူလိုင် ၇ ရက်မှာတော့ အခြေအနေက ပိုပြီး ထင်ရှားလာပါတယ်။ ရေယာဉ်အုပ်စုထဲက သယ်ယူပို့ဆောင်ရေးရေယာဉ် ၃ စီးဟာ FPV Drone နဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်ခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်မှာလည်း ချင်းတွင်းမြစ်ပေါ်က tug boat တစ်စီး ထပ်ပြီး တိုက်ခိုက်ခံရပါတယ်။ အဲဒီရေယာဉ်က ထိမှန်ခဲ့ပေမယ့် ဆက်လက်သွားလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်တွေကို ပြန်စဉ်းစားတဲ့အခါ ရေယာဉ်တစ်စီးချင်းစီ ဘာဖြစ်သွားလဲဆိုတာကိုပဲ အာရုံစိုက်လို့ မရပါဘူး။ အဓိကက ရေယာဉ်အုပ်စုကြီးတစ်ခု မြစ်ကြောင်းအတိုင်း အထက်ဘက်ကို တက်လာတဲ့အခါ လမ်းတစ်လျှောက်မှာ အမြဲတမ်း သတိထားနေရတဲ့အခြေအနေ၊ ဖိအားပေးခံနေရတဲ့အခြေအနေ ဖြစ်လာတာပါ။

ဩဂုတ်လထဲမှာတော့ မန္တလေးကနေ ဧရာဝတီမြစ်အတိုင်း အထက်ဘက်ကို တက်လာတဲ့ ရေယာဉ်အုပ်စု မှာ ရေယာဉ် ၁၅ စီးလောက် ပါဝင်ပြီး အဲဒီအုပ်စုမှာ တိုက်ခိုက်ရေးရေယာဉ်တွေ၊ ကုန်တင်ရေယာဉ်တွေ၊ bulk carrier တွေနဲ့ သဲစုပ်ရေယာဉ်တွေ ပါဝင်ပါတယ်။ ဩဂုတ် ၂၃ ရက်မှာ သပိတ်ကျင်းဘက် ဟန်သာရွာအနီးကို ရောက်လာတဲ့အချိန် ရေယာဉ်အုပ်စုဟာ တိုက်ခိုက်ခံရပြီး ရေယာဉ်တစ်စီး မီးလောင်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီမှာတင် ရပ်မနေဘဲ အထက်ဘက်ကို ဆက်တက်လာခဲ့ပါတယ်။ နောက်တစ်နေ့ ဩဂုတ် ၂၄ ရက် မနက်အစောပိုင်းမှာ ရွှေကူဘက်ကို ရောက်တဲ့အခါ ထပ်မံတိုက်ခိုက်ခံရပါတယ်။ အဲဒီတစ်ကြိမ်မှာ ရေယာဉ် ၅ စီးလောက်ကို တိုက်ခိုက်ခဲ့ပြီး ရေယာဉ် ၂ စီး မီးလောင်ကာ နစ်မြုပ်သွားခဲ့ပါတယ်။

ဒီနေရာမှာ အရင်ဖြစ်ရပ်တွေနဲ့ မတူတဲ့အချက်တစ်ခုကို တွေ့ရပါတယ်။ ရေယာဉ်အုပ်စုဟာ အထက်ဘက်ကို ဆက်တက်နိုင်သေးပေမယ့် လမ်းတစ်လျှောက်မှာ ရေယာဉ်တွေ ထိခိုက်ပျက်စီးပြီး ဆုံးရှုံးလာတာကြောင့် မူလအင်အားနဲ့ ဆက်သွားဖို့ ပိုခက်လာပါတယ်။ တော်လှန်ရေးဘက်က ကြည့်ရင် ဒါဟာ ရေယာဉ်တစ်စီးကို ဖျက်ဆီးလိုက်တာထက် ပိုကျယ်ပြန့်တဲ့ သက်ရောက်မှုရှိတဲ့ ဖြစ်စဉ်လို့ မြင်ရပါတယ်။

ဩဂုတ် ၂၈ ရက်မှာလည်း ကသာ–ရွှေကူဘက်အတွင်း ရေယာဉ်အုပ်စု ထပ်မံတိုက်ခိုက်ခံရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရေယာဉ်တစ်စီးရဲ့ ကိုယ်ထည် ထိခိုက်ပြီး မောင်းနှင်လို့ မရတော့တဲ့အခြေအနေကို ရောက်သွားပါတယ်။ အဲဒီရေယာဉ်ကို အုပ်စုနဲ့အတူ ဆက်မခေါ်နိုင်တော့ဘဲ သီးခြားထားခဲ့ရပြီး နောက်တစ်နေ့မှာ အဲဒီရေယာဉ်ကို ဝင်ရောက်သိမ်းယူနိုင်တဲ့ အခြေအနေအထိ ရောက်လာပါတယ်။ စက်တင်ဘာ ၂ ရက် မနက်အစောမှာ စစ်သင်္ဘောတွေဟာ ရွှေကူကနေ ဗန်းမော်မြို့ကို ဒုတိယအကြိမ် ထပ်မံထွက်ခွာလာခဲ့ပြီး KIA ရဲ့တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁ စီးနစ်မြုပ်ကာ ၂ စီး ပျက်စီးခဲ့ပါတယ်။ အဲဒီလို အထိအခိုက်အပျက်အစီးရှိလာတဲ့ အခြေအနေမှာ စစ်သင်္ဘော ၂ စီးဟာ အလံဖြူထောင်ကမ်းကပ် ခဲ့တာလို့ သိရပါတယ်။ “ထူးခြားချက်တခုပြောချင်တာက အဲဒီ အလံဖြူထောင်တဲ့လူတချို့ ကျနော်တို့ လက်ထဲရောက်ပါပြီ။ ဒီလောက်ပဲ ပြောနိုင်ပါအုံးမယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။

ဒီဖြစ်ရပ်ကတော့ အရင်က တွေ့ခဲ့ရတဲ့ ပုံစံနဲ့ နည်းနည်းကွာပါတယ်။ အရင်တုန်းက တိုက်ခိုက်ခံရပြီး ထိခိုက်တာ၊ မီးလောင်တာ၊ နစ်မြုပ်တာတွေကို အဓိကတွေ့ရပေမယ့် ဒီတစ်ကြိမ်မှာတော့ တိုက်ခိုက်ခံရပြီး မောင်းလို့မရတော့တဲ့ ရေယာဉ်တစ်စီးကို နောက်ဆုံးမှာ သိမ်းယူနိုင်တဲ့အခြေအနေအထိ ရောက်လာတဲ့အပြင် စစ်သင်္ဘော ၂ စီး အလံဖြူထောင် ကမ်းကပ်ခဲ့တဲ့ဖြစ်စဉ်က တော်လှန်ရေးအင်အားစုတွေအတွက် တိုက်ပွဲအောင်မြင်မှုရရှိတာထက် ပိုမိုပြီး စစ်ကောင်စီဘက်က ရေကြောင်းကာကွယ်ရေးနဲ့ ထောက်ပံ့ရေးအခြေအနေ ဘယ်လောက်အထိ အားနည်းလာသလဲဆိုတာကို ပြသ နေတယ်လို့ ပြောနိုင်ပါတယ်။

ဒီလိုဖြစ်စဉ်တွေဟာ စစ်ကောင်စီရဲ့ အင်အားကို တိုက်ရိုက်ထိခိုက်စေတဲ့အပြင် သူတို့ရဲ့ အုပ်ချုပ်ရေးနဲ့ ထောက်ပံ့ရေးစနစ်အပေါ် ယုံကြည်မှုကိုပါ လျော့ကျစေနိုင်ပါတယ်။ ရေကြောင်းကို အသုံးပြုပြီး ပစ္စည်းပို့နိုင်မှ အထက်ပိုင်းတပ်တွေကို ထိန်းထားနိုင်မယ့် အခြေအနေမှာ၊ လမ်းတစ်လျှောက် အကြိမ်ကြိမ် တိုက်ခိုက်ခံရတာတွေ ဖြစ်လာရင် ပို့ဆောင်ရေးအချိန်ကြာလာမယ်၊ ကုန်ကျစရိတ်တက်လာမယ်၊ ပစ္စည်းရောက်ရှိမှု မသေချာတော့ဘူးဆိုတဲ့ ပြဿနာတွေ တဖြည်းဖြည်း ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် ဒီနှစ်အတွင်း ချင်းတွင်းကနေ ဧရာဝတီအထိ ဖြစ်လာတဲ့ ဖြစ်စဉ်တွေကို ဆက်စပ်ကြည့်မယ်ဆိုရင် ရေကြောင်းဟာ စစ်ကောင်စီအတွက် ထောက်ပံ့ရေးအတွက် အရေးကြီးတဲ့ လမ်းကြောင်းတစ်ခုဖြစ်သလို၊ တစ်ဖက်မှာလည်း တိုက်ခိုက်ခံရနိုင်တဲ့ အားနည်းချက်ရှိတဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာနေပါတယ်။ ရေယာဉ်အုပ်စုကြီးတွေကို လမ်းတစ်လျှောက် ထပ်ခါထပ်ခါ ဖိအားပေးနိုင်လာတာ၊ ရေယာဉ်တွေ မီးလောင်ပျက်စီးပြီး နစ်မြုပ်သွားတာ၊ နောက်ဆုံးမှာ ရေယာဉ်တစ်စီးကို သိမ်းယူနိုင်တဲ့အပြင် စစ်သင်္ဘော ၂ စီးဟာ အလံဖြူထောင် ကမ်းကပ်ခဲ့တဲ့ဖြစ်စဉ်က ရေကြောင်းလုံခြုံရေးအတွက် စိန်ခေါ်မှုက တဖြည်းဖြည်း ကြီးလာနေတယ်ဆိုတာကို ပြနေပါတယ်။

အခြေအနေတွေက ရေယာဉ် ဘယ်နှစ်စီး ပျက်စီးသွားလဲ၊ အလံဖြူထောင်လက်နက်ချသွားလဲ ဆိုတာတင် မဟုတ်တော့ပဲ ဒီလို ရေကြောင်းလမ်းကြောင်းတွေကို ဆက်ပြီး ဖိအားပေးနိုင်မယ်ဆိုရင် စစ်ကောင်စီရဲ့ အထက်ပိုင်းထောက်ပံ့ရေးစနစ်အပေါ် ဘယ်လောက်အထိ သက်ရောက်လာနိုင်မလဲဆိုတာက ပိုအရေးကြီးတဲ့ အခြေအနေဖြစ်ပါတယ်။ အခုတွေ့မြင်နေရတဲ့ ဖြစ်စဉ်တွေအရတော့ တော်လှန်ရေးဘက်က မြစ်ကြောင်းတွေကို အာရုံစိုက်ပြီး စစ်ကောင်စီရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ထိခိုက်အောင် လုပ်ဆောင်နိုင်လာတဲ့ အခြေအနေတစ်ခုကို ပြနေပါတယ်။ ဒီအကျိုးသက်ရောက်မှုက အချိန်တိုအတွင်း ဖြစ်ပေါ်လာတာမဟုတ်ဘဲ ဖြစ်စဉ်တွေ ထပ်မံစုစည်းလာတာနဲ့အမျှ နောက်ပိုင်းမှာ ပိုပြီး ထင်ရှားလာနိုင်ပါတယ်။

ကျွန်တော်တို့အနေနဲ့လည်း ဖြစ်စဉ်တစ်ခုချင်းစီကို သီးခြားကြည့်တာထက် အားလုံးကို ဆက်စပ်ပြီး သုံးသပ်ဖို့ လိုပါတယ်။ ရေယာဉ်တစ်စီး ပျက်စီးသွားတာက သတင်းတစ်ပုဒ်ဖြစ်ပေမယ့်၊ ရေကြောင်းတစ်လျှောက် အုပ်စုကြီးတွေ ထပ်ခါထပ်ခါ ဖိအားပေးခံနေရတာကတော့ စနစ်တစ်ခုလုံးရဲ့ အားနည်းချက်ကို ပြသတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီအချက်ကို နားလည်မှသာ လက်ရှိဖြစ်စဉ်တွေရဲ့ အဓိပ္ပာယ်နဲ့ တော်လှန်ရေးအပေါ် သက်ရောက်နိုင်မယ့် အလားအလာကို ပိုမိုရှင်းလင်းစွာ မြင်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

02/09/2026

"စစ်ကောင်စီရေယာဉ်များ တိုက်ခိုက်ခံရခြင်း"

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

“လူထုမနစ်နာဖို့ ပိုအရေးကြီးတယ်”“မည်သည့်ကိစ္စမဆို လူထုနစ်နာမှု အနည်းဆုံးဖြစ်စေမည့် နည်းလမ်းကိုသာ ရွေးချယ်လုပ်ဆောင်ကြ”တိုက...
31/08/2026

“လူထုမနစ်နာဖို့ ပိုအရေးကြီးတယ်”

“မည်သည့်ကိစ္စမဆို လူထုနစ်နာမှု အနည်းဆုံးဖြစ်စေမည့် နည်းလမ်းကိုသာ ရွေးချယ်လုပ်ဆောင်ကြ”

တိုက်ပွဲတစ်ပွဲကို အနိုင်ရတာဟာ အောင်မြင်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ ရည်မှန်းချက်တစ်ခုကို ပြည့်မြောက်အောင် လုပ်နိုင်တာလည်း အရေးကြီးပါတယ်။ ဒါပေမယ့် အဲဒီအောင်မြင်မှုရဲ့ နောက်ကွယ်မှာ လူထုဘဝတွေ နစ်နာခဲ့ရင် အဲဒါကို “အောင်မြင်မှု” လို့ ခေါ်လို့ရပါဦးမလား။

ဒီအတွက် မေးခွန်းတစ်ခုက။

“အနိုင်ရပြီးတဲ့နောက် ဘာတွေကျန်ခဲ့လဲ”။

မြေပြင်မှာ ရလဒ်တစ်ခုရခဲ့ပေမယ့် လူထုဘဝတွေ နစ်နာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ကျေးရွာတစ်ရွာမှာ မိမိတို့ရဲ့ လုပ်ရပ်ကြောင့် လူထုနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။

အဲဒီအချိန်မှာ “ကျွန်တော်တို့ ရည်ရွယ်တာ မဟုတ်ဘူး” လို့ ပြောရုံနဲ့ မလုံလောက်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ လုပ်ရပ်တစ်ခုရဲ့ တန်ဖိုးကို ရည်ရွယ်ချက်တစ်ခုတည်းနဲ့ မတိုင်းတာနိုင်လို့ပါ။ ရလဒ်နဲ့ အကျိုးဆက်ကိုပါ ကြည့်ရပါမယ်။

ဒါကြောင့် “မည်သည့်ကိစ္စမဆို လူထုနစ်နာမှု အနည်းဆုံးဖြစ်စေမည့် နည်းလမ်းကိုသာ ရွေးချယ်လုပ်ဆောင်ကြ” ဆိုတဲ့ စကားဟာ သာမန်မှာကြားချက်တစ်ခု မဟုတ်ပါဘူး။ တကယ်တော့ အဲဒီစကားထဲမှာ အဖွဲ့အစည်းတစ်ခု ဘယ်လိုရပ်တည်သင့်သလဲဆိုတဲ့ အခြေခံအမြင်တစ်ခု ပါနေတယ်။

လူထုကို မထိခိုက်အောင် စဉ်းစားတာ ဘာကြောင့် အရေးကြီးတာလဲ

လူထုဆိုတာ တိုက်ပွဲပြီးမှ ပြန်စဉ်းစားရမယ့် အရာမဟုတ်ဘူး။ လူထုက အဲဒီတိုက်ပွဲရဲ့ အပြင်ဘက်မှာလည်း မရှိဘူး။

တစ်ဖက်မှာ ကိုယ့်ရည်မှန်းချက်ရှိမယ်။ တစ်ဖက်မှာ မြေပြင်အခြေအနေရှိမယ်။ အဲဒီနှစ်ခုကြားမှာ လူထုရဲ့ဘဝတွေ ရှိနေတယ်။

ဒါကြောင့် ဆုံးဖြတ်ချက်တစ်ခုချတိုင်း “ဒါလုပ်လို့ရမလား” ဆိုတာနဲ့တင် မပြီးပဲ “ဒါလုပ်လိုက်ရင် လူထုအပေါ် ဘာသက်ရောက်မလဲ” ဆိုတာကိုပါ တွေးရပါမယ်။

တစ်ခါတလေ အလုပ်တစ်ခုကို လုပ်နိုင်တာနဲ့ လုပ်သင့်တာဟာ မတူဘူး။ လုပ်နိုင်လို့ လုပ်တာထက် လုပ်နိုင်ပေမယ့် မလိုအပ်ဘဲ မလုပ်ဘူး၊ လုပ်ရမယ်ဆိုရင်လည်း ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်တယ်ဆိုတဲ့ စိတ်ဓာတ်က ပိုအရေးကြီးပါတယ်။

ဒါဟာ စည်းကမ်းရှိတာ ဖြစ်တယ်။ အင်အားရှိတာထက် အင်အားကို ဘယ်လိုသုံးလဲက ပိုအရေးကြီးပါတယ်။

အဖွဲ့အစည်းတစ်ခုရဲ့ တကယ့်ခိုင်မာမှု

အဖွဲ့အစည်းတစ်ခု ခိုင်မာတယ်ဆိုတာ လက်နက်နဲ့ လူအင်အားကောင်းတာတစ်ခုတည်း မဟုတ်ဘူး။

ကိုယ့်အင်အားကို ကိုယ်ထိန်းနိုင်တာ၊ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ကို ကိုယ်တွက်နိုင်တာ၊ ကိုယ့်အမှားကို ကိုယ်ဝန်ခံပြီး ပြင်နိုင်တာတွေကလည်း ခိုင်မာမှုရဲ့ အစိတ်အပိုင်းတွေပါပဲ။

တိုက်ပွဲတစ်ပွဲမှာ အနိုင်ရဖို့ လေ့ကျင့်ရေးလိုတယ်။ အဖွဲ့အစည်းတည်ငြိမ်ဖို့ အုပ်ချုပ်ရေးလိုတယ်။ ရဲဘော်တွေ ရေရှည်ရပ်တည်နိုင်ဖို့ သက်သာချောင်ချိရေးလိုတယ်။ အခက်အခဲတွေကြားမှာ မယိုင်လဲဖို့ စိတ်ဓာတ်လိုတယ်။

ဒါတွေအားလုံး မရှိဘဲ တစ်ခုတည်းနဲ့ အဖွဲ့အစည်းတစ်ခုကို ရေရှည်မတည်ဆောက်နိုင်ဘူး။
ဒါကြောင့် တိုက်ပွဲပြီးရင် “ဘယ်လောက်အောင်မြင်လဲ” ဆိုတာထက် “ဘာတွေမှားခဲ့လဲ” ကိုလည်း မေးဖို့လိုတယ်။

အနိုင်အရှုံးထက် ပိုအရေးကြီးတဲ့ AAR

ဒီနေရာမှာ After Action Review (AAR) ဆိုတာ တိုက်ပွဲပြီးလို့ “နိုင်တယ်၊ ရှုံးတယ်” လို့ စာရင်းပိတ်လိုက်တာမျိုး မဟုတ်ဘဲ ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်ကြည့်တာပါ။

ဘာတွေကောင်းခဲ့လဲ။

ဘာတွေမှားခဲ့လဲ။

ဘာကြောင့်မှားခဲ့လဲ။

ဘယ်နေရာမှာ ပိုကောင်းအောင် လုပ်နိုင်ခဲ့လဲ။

နောက်တစ်ကြိမ်ဆို ဘာကို ပြောင်းရမလဲ။

ဒီမေးခွန်းတွေကို မေးရဲဖို့လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ အမှားမလုပ်တဲ့အဖွဲ့အစည်းဆိုတာ မရှိသလောက်ပါပဲ။ တကယ်အရေးကြီးတာက အမှားကို နောက်တစ်ကြိမ် ထပ်မလုပ်အောင် သင်ယူနိုင်သလား ဆိုတာပါ။

အမှားတစ်ခုကို ဖုံးထားလိုက်ရင် အဲဒီအမှားက ပျောက်သွားတာမဟုတ်ဘူး။ နောက်တစ်နေရာမှာ ပုံစံတစ်မျိုးနဲ့ ပြန်ပေါ်လာနိုင်တယ်။

အမှားကို ရိုးရိုးသားသား ပြန်ကြည့်ပြီး သင်ခန်းစာယူနိုင်ရင် အဲဒီအမှားဟာ နောက်တစ်ကြိမ်အတွက် အတွေ့အကြုံဖြစ်လာတယ်။

AAR ရဲ့ ရည်ရွယ်ချက်က ဘယ်သူ့ကို အပြစ်ပေးဖို့ဆိုတာမျိုးမဟုတ်ဘဲ နောက်တစ်ကြိမ်မှာ ပုံစံတူအမှား ထပ်မဖြစ်အောင် အဖွဲ့အစည်းက သင်ယူနိုင်ဖို့ ဖြစ်ပါတယ်။

ဒါကြောင့် AAR ဆိုတာ အစည်းအဝေးတစ်ခုထက် ပိုတယ်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တဲ့ မှန်တစ်ချပ် လို့ ပြောလို့ရတယ်။

လူထုယုံကြည်မှုဆိုတာ ရေရှည်အင်အားတစ်ခု

တိုက်ပွဲတွေက တစ်နေ့မှာ ပြီးသွားမယ်။ ဒါပေမယ့် လူထုနဲ့ အဖွဲ့အစည်းကြားက ဆက်ဆံရေးကတော့ တိုက်ပွဲပြီးတာနဲ့ မပြီးသွားဘူး။

လူထုက မှတ်ထားတတ်တယ်။

ဘယ်သူက သူတို့ကို နားလည်ပေးခဲ့လဲ။ ဘယ်သူက သူတို့ရဲ့ နစ်နာမှုကို ထည့်စဉ်းစားခဲ့လဲ။ ဘယ်သူက ကိုယ့်ရည်မှန်းချက်အတွက် သူတို့ဘဝကို လျစ်လျူရှုခဲ့လဲ။

ဒါကြောင့် ရေရှည်တည်တံ့ချင်တဲ့ အဖွဲ့အစည်းတစ်ခုအတွက် လူထုယုံကြည်မှု ဆိုတာ လက်နက်တစ်ခုလို မမြင်ရပေမယ့် အရေးကြီးတဲ့ အင်အားတစ်ခု ဖြစ်လာတယ်။

ယုံကြည်မှုကို အမိန့်ပေးပြီး ရယူလို့မရဘူး။ လုပ်ရပ်နဲ့ပဲ တည်ဆောက်ရတယ်။ ပြီးတော့ တစ်ခါတည်းနဲ့လည်း မပြီးဘူး။ နေ့တိုင်း၊ ဆုံးဖြတ်ချက်တိုင်း၊ လုပ်ဆောင်ချက်တိုင်းမှာ ပြန်တည်ဆောက်နေရတာမျိုးဖြစ်ပါတယ်။

လူထုကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စဉ်းစားတာဟာ အားနည်းလို့ မဟုတ်ဘူး။ ကိုယ့်အင်အားကို ကိုယ်ထိန်းနိုင်တဲ့ စည်းကမ်းရှိလို့ ဖြစ်တယ်။ အဲဒီစည်းကမ်းကပဲ အချိန်ကြာလာတဲ့အခါ လူထုယုံကြည်မှုအဖြစ် ပြောင်းလဲလာနိုင်တယ်။

အောင်မြင်မှုဆိုတာ တိုက်ပွဲတစ်ပွဲကို နိုင်လိုက်တာတစ်ခုတည်း မဟုတ်ဘူး။

ကိုယ့်ရည်မှန်းချက်ကို မမေ့ဘဲ လူထုကိုလည်း မမေ့ဘဲ ကိုယ့်အင်အားကို အသုံးချနိုင်သလို ကိုယ့်အင်အားကို ထိန်းနိုင်တာ။

အောင်မြင်တဲ့အချိန်မှာ ကိုယ့်အားသာချက်ကို သိသလို ရှုံးနိမ့်တဲ့အချိန်မှာ ကိုယ့်အမှားကို ဝန်ခံနိုင်တာ။

ဖြစ်ပြီးသမျှကို ပြန်ကြည့်ပြီး “နောက်တစ်ကြိမ် ဒီထက်ပိုကောင်းအောင် ဘာလုပ်မလဲ” လို့ မေးခွန်းထုတ်နိုင်တာ။

အဲဒါတွေကသာ အဖွဲ့အစည်းတစ်ခုရဲ့ ခိုင်မာမှုကို ပြသပါတယ်။

နောက်ဆုံးမှာ လူတွေမှတ်မိမှာက တိုက်ပွဲဘယ်နှစ်ပွဲနိုင်ခဲ့လဲဆိုတာတစ်ခုတည်း မဟုတ်ပဲ အောင်မြင်မှုတွေကြားမှာ လူထုကို ဘယ်လောက်ထိ ထည့်စဉ်းစားပေးခဲ့လဲ ဆိုတာကိုလည်း မှတ်မိနေကြလိမ့်မယ်။

အဲဒီအတွက် မည်သည့်ကိစ္စမဆို လူထုနစ်နာမှု အနည်းဆုံးဖြစ်စေမယ့် နည်းလမ်းကို ရွေးချယ်လုပ်ဆောင်နိုင်ခြင်းဟာ အဖွဲ့အစည်းတစ်ခုရဲ့ အားနည်းချက်မဟုတ်ပါဘူး။ ကိုယ့်အင်အားကို ကိုယ်ထိန်းနိုင်ခြင်း၊ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ကို ကြိုတင်စဉ်းစားနိုင်ခြင်းနဲ့ လူထုအပေါ် တာဝန်ယူနိုင်ခြင်းတို့ဟာ ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုရဲ့ အခြေခံလက္ခဏာတွေ ဖြစ်ပါတယ်။

Photo Credit - Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

"စစ်တောင်းမြစ် အနောက်ဘက်ခြမ်း လမ်းဟောင်းဘက်တွေအထိ တော်လှန်ရေးတပ်တွေက စစ်ဆင်ရေးတွေ ထိုးဖောက်လုပ်နေပါတယ်။"အထူးတိုင်းစစ်ဌာန...
29/08/2026

"စစ်တောင်းမြစ် အနောက်ဘက်ခြမ်း လမ်းဟောင်းဘက်တွေအထိ တော်လှန်ရေးတပ်တွေက စစ်ဆင်ရေးတွေ ထိုးဖောက်လုပ်နေပါတယ်။"

အထူးတိုင်းစစ်ဌာန
တိုင်းကွပ်ကဲရေးမှူး
ရဲဘော်အောင်စံရှား

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

27/08/2026

"စစ်တပ်ရေယာဉ်များ တိုက်ခိုက်ခံရမှု"

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

“အသက်နဲ့ ဘဝတွေကို ဘယ်သူ့အတွက်ပေးဆပ်နေကြတာလဲ”“တိုက်ပွဲမှာ ကျဆုံးခဲ့ပေမယ့် တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့တောင် မရေးရဲတဲ့ဘဝတွ...
25/08/2026

“အသက်နဲ့ ဘဝတွေကို ဘယ်သူ့အတွက်ပေးဆပ်နေကြတာလဲ”

“တိုက်ပွဲမှာ ကျဆုံးခဲ့ပေမယ့် တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့တောင် မရေးရဲတဲ့ဘဝတွေ။”

ကျောက်ဖြူတိုက်ပွဲအတွင်း အငြိမ်းစားဗိုလ်မှူးချုပ် ကျော်အောင်ရဲ့သားဖြစ်သူ ဗိုလ်မှူး ဒေါက်တာ လင်းထက်ကျော်အောင် သေဆုံးခဲ့ပါတယ်။ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ သိရပေမယ့် မိသားစုကတော့ “၉၆ ပါးရောဂါ” နဲ့ သေဆုံးတယ်ဆိုပြီး နာရေးကြော်ငြာ ထည့်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဇာတိမြေကို အလောင်းပြန်မသယ်နိုင်ဘဲ ကျောက်ဖြူမှာပဲ သင်္ဂြိုဟ်ခဲ့ရပါတယ်။

ဒါဟာ လူတစ်ယောက်ရဲ့ သေဆုံးမှုတစ်ခုတည်း မဟုတ်ပါဘူး။ စစ်ကောင်စီတပ်အတွင်းက အသက်တွေ၊ ဘဝတွေ၊ မိသားစုတွေရဲ့ အနာဂတ်တွေကို ဘယ်သူ့အတွက် ပေးဆပ်နေကြရတာလဲ ဆိုတဲ့ မေးခွန်းကို ပြန်မေးရမယ့် အဖြစ်အပျက်တစ်ခုပါ။

ရှေ့တန်းမှာ သေဆုံးနေကြတာ အောက်ခြေစစ်သားတွေပဲ မဟုတ်တော့ပါဘူး။ ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ တပ်မမှူး၊ စကခမှူးနဲ့ ဗိုလ်မှူးချုပ်အဆင့်အထိ ကျဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေ တိုးလာနေပါတယ်။

ဒါဆို ဒီအသက်တွေကို ဘာအတွက် ပေးဆပ်နေကြတာလဲ။ ပြည်သူနဲ့ နိုင်ငံအတွက်လား၊ ဒါမှမဟုတ် အာဏာကို ဆက်ဆုပ်ကိုင်ထားချင်တဲ့ လူနည်းစုအတွက်လား။

တော်လှန်ရေးကာလ ငါးနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ အကျအဆုံးတွေဟာ သိသိသာသာ များပြားလာပါတယ်။ လေ့လာချက်တွေအရ တပ်သားသစ်ရရှိမှုထက် ပြုန်းတီးမှုက ပိုများနေပြီး တပ်ရင်းတွေမှာ မူလဖွဲ့စည်းပုံအင်အား မပြည့်တော့တဲ့ အခြေအနေတွေလည်း ရှိလာနေပါတယ်။

IJBS ရဲ့ လေ့လာချက်အရ တပ်ရင်းတစ်ရင်းရဲ့ မူလဖွဲ့စည်းပုံအင်အားဟာ ၈၅၇ ဦးခန့်ရှိခဲ့ပေမယ့် အခုအခါ ၂၀၀ ဦးဝန်းကျင်သာ ရှိအောင် ကျားကန်ထားရပြီး တကယ့်မြေပြင်စစ်ထွက်အင်အားက ဒီထက်တောင် နည်းပါးနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ တိုက်ပွဲမှာ စစ်သားတွေ သေဆုံးတာတစ်ခုတည်းကြောင့် ဖြစ်လာတဲ့ အခြေအနေမဟုတ်ပါဘူး။ လူသစ်စုဆောင်းရခက်လာတာ၊ ပြုန်းတီးမှုများလာတာ၊ တပ်တွင်းက အရာရှိနဲ့ စစ်သည်တွေရဲ့ မကျေနပ်မှုတွေ၊ ထွက်ခွာလိုစိတ်တွေပါ ပေါင်းစပ်လာနေတာ ဖြစ်ပါတယ်။

အထူးသဖြင့် အခုအချိန်မှာ အောက်ခြေစစ်သားတွေပဲ မဟုတ်တော့ဘဲ အရာရှိကြီးတွေပါ စစ်မြေပြင်မှာ ကျဆုံးလာတာက ပိုပြီး သတိထားစရာ ဖြစ်လာပါတယ်။

ရခိုင်စစ်မြေပြင်ကိုပဲ ကြည့်မယ်ဆိုရင် တပ်မ (၁၁) နည်းဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်မျိုးအောင်၊ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုး၊ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းနဲ့ ဗိုလ်မှူးကြီး မင်းမင်းထွန်းတို့လို အရာရှိကြီးတွေ ကျဆုံးခဲ့ပါတယ်။

တစ်ဖက်မှာလည်း စကခ (၁၅) မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ စကခ (၉) မှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ နပခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့လို အရာရှိကြီးတွေ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီအခြေအနေကို ကြည့်ရင် အခုဖြစ်နေတဲ့ အကျအဆုံးဟာ အောက်ခြေစစ်သားတွေရဲ့ ပြဿနာတစ်ခုတည်း မဟုတ်တော့ဘဲ တပ်ရဲ့ အလယ်အလတ်နဲ့ အထက်ပိုင်းခေါင်းဆောင်မှုအဆင့်အထိ ရိုက်ခတ်လာနေတဲ့ အခြေအနေ လို့ မြင်နိုင်ပါတယ်။

အရာရှိကြီးတစ်ဦး ကျဆုံးသွားတာဟာ လူတစ်ဦးဆုံးရှုံးတာတင် မဟုတ်ပါဘူး။ သူနဲ့အတူ အတွေ့အကြုံ၊ ကွပ်ကဲမှုနဲ့ ခေါင်းဆောင်မှုတစ်စိတ်တစ်ပိုင်းပါ ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။

အောက်ခြေစစ်သားတွေ အများအပြားကျဆုံးပြီး တပ်ရင်းတွေ အင်အားမပြည့်တော့တဲ့အပြင် အရာရှိကြီးတွေပါ ဆက်တိုက်ကျဆုံးလာရင် တပ်တစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ ရေရှည်ရပ်တည်နိုင်မှုအပေါ် ဖိအားက ပိုများလာမှာပါ။

ဒါပေမယ့် ဒီနေရာမှာ စစ်ရေးအင်အားနဲ့ ကိန်းဂဏန်းတွေထက် ပိုအရေးကြီးတဲ့ မေးခွန်းတစ်ခုက-

“မင်းတို့ရဲ့ အသက်နဲ့ ဘဝတွေကို ဘာအတွက် ပေးဆပ်နေကြတာလဲ”

စစ်သားတစ်ယောက်မှာ မိဘရှိပါတယ်။ ဇနီးရှိပါတယ်။ သားသမီးရှိပါတယ်။ သူသေဆုံးသွားတဲ့အခါ အသက်တစ်ချောင်းတည်း ဆုံးရှုံးသွားတာ မဟုတ်ပါဘူး။ သူ့မိသားစုရဲ့ အနာဂတ်တစ်ခုလုံးလည်း ထိခိုက်သွားပါတယ်။

ဒါဆို အဲဒီအသက်ကို စွန့်လွှတ်ရတဲ့အကြောင်းရင်းက ဘာလဲ။ ပြည်သူနဲ့ နိုင်ငံအတွက်လား၊ ဒါမှမဟုတ် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားချင်တဲ့ လူနည်းစုအတွက်လား။

ကိုယ့်ရဲဘော်တွေ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေတယ်။ အရာရှိကြီးတွေပါ ကျဆုံးနေတယ်။ တပ်ရင်းတွေ အင်အားမပြည့်တော့ဘူး။ လူသစ်ရဖို့လည်း ခက်လာတယ်။

ဒီလိုအခြေအနေမှာ “ဒီစစ်ပွဲကို ဘာကြောင့် ဆက်တိုက်နေရတာလဲ” ဆိုတာ ပြန်စဉ်းစားသင့်တဲ့အချိန် ရောက်နေပါပြီ။

စစ်ပွဲဆိုတာ တစ်နေ့တော့ ပြီးသွားမှာပါ။ အာဏာဆိုတာလည်း အမြဲတမ်း မတည်မြဲပါဘူး။ ဒါပေမယ့် ဆုံးရှုံးသွားတဲ့ အသက်ကိုတော့ ပြန်ယူလို့မရတော့ပါဘူး။

ဒါကြောင့် ရှေ့တန်းမှာ အသက်နဲ့ ဘဝကို ပေးဆပ်နေကြတဲ့ စစ်သားတစ်ယောက်ချင်းစီအနေနဲ့ ကိုယ့်ကိုယ်ကို မေးကြည့်သင့်ပါတယ်—

“ငါ ဘယ်သူ့အတွက် အသက်ပေးနေတာလဲ။
ငါသေသွားရင် ငါ့မိသားစု ဘာကျန်ခဲ့မလဲ။
ဒီအသက်နဲ့ တကယ်ထိုက်တန်တဲ့အရာက ဘာလဲ။”

နောက်ဆုံးမှာ သမိုင်းက အာဏာရှင်တစ်စုရဲ့ ပလ္လင်ကိုပဲ မှတ်ထားမှာ မဟုတ်ပါဘူး။ ဘယ်သူက ဘယ်ဘက်မှာ ရပ်ခဲ့သလဲ၊ ဘယ်သူက ဘာကိုရွေးချယ်ခဲ့သလဲ ဆိုတာကိုပဲ မှတ်ထားမှာပါ။

အသက်မဆုံးရှုံးခင် ပြန်စဉ်းစားဖို့ အချိန်ရှိနေသေးတယ်။
သမိုင်းမမှားခင် မှန်ကန်တဲ့ရွေးချယ်မှု လုပ်ဖို့လည်း အချိန်ရှိနေသေးတယ်။

ဘာကြောင့်လဲဆိုတော့ အာဏာရှင်တစ်စုရဲ့ အာဏာက တစ်နေ့မှာ ပြောင်းလဲသွားနိုင်ပေမယ့်၊ မိမိစွန့်လွှတ်လိုက်ရတဲ့ အသက်နဲ့ ပြိုကွဲသွားတဲ့ မိသားစုဘဝကိုတော့ ဘယ်အရာကမှ ပြန်ယူပေးနိုင်တော့မှာ မဟုတ်လို့ပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

Address

Sagaing

Alerts

Be the first to know and let us send you an email when PDF Insight posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share