Ai Car Rental

Ai Car Rental travel & transport

12/12/2025

#လက်ဖွဲ့လယ်မှ ထန်းခြောက်ပင်
------------------------

ပတ္တမြားရောင် ရွဲလုံးကြီးများသည် ကျီးအာချုံ တက်သော ကုက္ကိုလ်ပင်ကြီး ထက်တွင် တွဲရရွဲ ဆွဲလျက်ရှိ နေကြသည်။

ရီးကျီးဒန်သည် နွားစာစဉ်းဓားကို နန်းတိုင်ပေါ် မမြှောက်သေးပဲ တစ်အောင့်တစ်နား မော့ကြည့်လိုက်၏။ စိမ်းအိုရောင်တောမှ ကျီးအာသီးများကို ထင်းခနဲ မြင်လိုက်ရ၏ ဤသည်မှာ တမင်နားခြင်း မဟုတ်။ တမင်မော့ခြင်းလည်း မဟုတ်။ ရွာတောင်ပိုင်းဆီမှ စည်စည် စည်စည် အသံများ ကြားလိုက်သလို ရှိသောကြောင့် နားစွင့်ခြင်း ဖြစ်သည်။ သို့နားစွင့်ခိုက်တွင် ခေါင်းမော့ လိုက်မိသည့်အတွက် ကျီးအာသီးများကို မြင်ရခြင်း ဖြစ်ပေသည်။ ထိုခဏဝယ် ရီးကျီးဒန် အသိအာရုံသည် လျှပ်တစ်ပြက် တောက်ပ သွားလေ၏။

”မသိသူတွေ အတွက်တော့ ငါ့အိမ်၊ ငါ့ယာ၊ ငါ့ဥစ္စာ၊ ငါ့မယားဆိုတဲ့ အယူမှား အမြင်မှားကြီး ဖုံးလွှမ်း နေတာကိုး။ ဒီအခါ ကျီးအာသီးမှည့်ကြီး နီရဲဝင်းဖန့် နေသလို နှစ်သက်စရာကြီးပေါ့။ သိသူတွေကတော့ ဒီလှပနီရဲမှု အောက်မှာ မည်းမှောင်နေတဲ့ အသား ရှိပါကလားဆိုတာ သိသလို၊ ဘယ်ဥစ္စာမှ ငါ့ဟာမဟုတ် ငါမဟုတ်ဆိုတာ သိကြတယ်။ သိကြတဲ့အတွက် အတ္တ နည်းတယ်၊ မာနဒေါသ နည်းတယ်။ ဒါကြောင့် ဖြူစင်ကြတယ်”

ရွာဦးကျောင်း ဆရာတော်၏ ဆုံးမစကား တစ်ပုဒ်က ခေါင်းထဲတွင် လက်ခနဲ ပေါ်လာသည်။ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရင်ထဲ ငြိမ့်ခနဲ ချမ်းမြေ့ လိုက်ရသည်။ သို့ကြောင့် နွားစာစဉ်းရန် ညာဘက်က ဓားကို မြှောက်လိုက်လျှင် ဘယ်ဘက်လက်က ကောက်ရိုး ထိုးသွင်းသော နန်းတိုင်ခွကြားထဲသို့ ဓားခုတ်ချက် မိရုံကလေး အစွန်းထွက်အောင် ကောက်ရိုးဆုပ်ကို တွန်းပေးလိုက်သည်။ တစ်ချက်သာ ခုတ်ရသေး၊ သဲ့ခနဲ ကြားရသည်။ ရီးကျီးဒန် ဆိုင်းလိုက်ရ ပြန်သည်။ နားစွင့်ရ ပြန်သည်။

လူ့ရွာ လူ့ဒေသ လူတောထဲ နေလျှင် ဤနှယ် နားစွင့်ရသည်မှာ ရီးကျီးဒန်တို့ ထုံးစံ။ ကိုယ်နှင့် မဆိုင်သည်ကို နောက်ထား။ မည်သူနှင့် မည်ဝါ ရန်ဖြစ်သည့် အသံနည်း။ မီးထင်း ကိစ္စလော။ နာရေးလော။ မီးထင်းကိစ္စ ဆိုသော် ဆွဲရလွဲရမည်။ နာရေးဆိုသော် ချက်ချင်းသွားရမည်။ ကမ္မဌာန်းကောင် ပြင်ဆင်ရေး ကိစ္စတွင် နားလည်သူ ရှိချေက မထောင်းတာ။ ထိုအခါ ကာယကံရှင်ကို အားပေး စကားပြောရုံ တရားပြရုံသာ။

နားလည်သူ မရှိချေက ခက်သည်။ လူများသည် နာရေးကိစ္စတွင် အစွဲအလမ်း ကြီးဆဲ၊ ယုန်ထင်ကြောင်ထင် ရှိကြဆဲ။ ထို့ကြောင့် ရီးကျီးဒန်မှာ နွားစာမျှသော် ဖြောင့်ဖြောင့် မစဉ်းရ။ နားစွင့်လိုက်၊ တစ်ချက် နှစ်ချက် ခုတ်လိုက်နှင့် ဖင့်နွဲနေသည်။

”ဟယ် စိတ်ထင်လို့ ထင်ပါရဲ့”

အတွေးဖြင့် စိတ်တုံးတုံး ချကာ လေးငါးချက် ဆက်ကာ ဆက်ကာ ခုတ်လိုက်သောအခါ၊ အသံသည် ပို၍ ကျယ်လောင် လာ၏။ သဲ့သဲ့မျှ မဟုတ်။ စီခနဲ ညံခနဲ ဖြစ်သည်။

တဖောင်းဖောင်း နွားစာစဉ်းသံက ရပ်သွားပြန်သည်။ သည်တစ်ခါတော့ ဟုတ်သည်။ မိန်းမနှစ်ယောက် ရန်ဖြစ်သံ။ ဒေါသဖက်သော အသံကျယ်ကြီးဖြင့် လုပြောနေသည်။ ထိပါးပုတ်ခတ် နေကြသည်။

”ဘယ်သူတွေပါလိမ့်”

တွေးနေဆဲ စွာစွာ စွာစွာနှင့် နောက်ထပ် အသံတစ်သံ တိုးလာပြန်သည်။

”ချောစိန်၊ ညည်း မတရား မပြောနဲ့။ ညည်း ပြောတာ လွန်ပြီနော်။ ရီးကျီးဒန့် မျက်နှာကြောင့် ငါ သည်းခံနေတာ”

”အလိုလေး ချောစိန် ဆိုပါလား”

ထရိုးထစဉ်သာ ဆိုပါက ဒူးက အကြောတွေ ဆိုင်းနေမည်။ စုတ်တသပ်သပ်ဖြင့် ဖြည်းညင်းစွာ ထမည်။ ယခုသော်ကား တစ်စုံတစ်ယောက်က ချိုင်းကြားမှ ကိုင်လျက် တအားဆွဲမ လိုက်သည့်အလား ရီးကျီးဒန် စန့်ခနဲ ထပြီး ဖြစ်သွား၏။ မတ်ခနဲ ရပ်ပြီး ဖြစ်နေချေပြီ။

”တကတည်းတော် အရေးထဲမှာ”

စန့်ခနဲ မတ်ခနဲ ထသလို ထမိပြီးသည်နှင့် တစ်ပြိုင်နက် ခြေထောက်များကလည်း အိမ်ဝိုင်း အပြင်ဘက်သို့ လှမ်းပြီး ဖြစ်သွားသည်။ သို့သော် နန်းတိုင်ခွ တစ်ဖက်နှင့် ထဘီနားနှင့် ငြိနေသည်။

တုံ့ခနဲ ဆောင့်ဆွဲခံရသလို ဖြစ်သွားသဖြင့် စိတ်မရှည် လက်မရှည် ရေရွတ်လိုက်ကာ အသံလာရာသို့ အသော့နှင်လာ၏။ ရန်ပွဲဟူသည် စောစော ဖျန်ဖြေနိုင်လေ ကောင်းလေ ဖြစ်၏။ ဒေါသ ဖြစ်လာကြပြီ ဆိုလျှင် ကြီးသည် ငယ်သည် မရွေး၊ မှားသည် မှန်သည် မတွက်၊ တစ်ဖက်လူထက် ကြောရေးကို ဦးတည်တော့သည်။

သည်မှတစ်ဆင့် တက်သော် ဖေတွေ မောင်တွေနှင့် ဆဲပြီ ဆိုပြီ။ ထိုမှတစ်ဆင့် တိုးပါးမှု တစ်ဖက်လူ အသည်းကို ထိရေးအတွက်၊ ငယ်ကျိုးငယ်နာတွေ ဖော်တော့သည်။ သူ့အမျိုးထဲတွင် အနူ ရှိတာရော၊ ကိုယ့်အမျိုးထဲတွင် လင်ကောင် မပေါ်တာရော။ ထိုအခါ လက်ပါ လာပြီ။ သတ်ကြ ပုတ်ကြ၊ ရိုက်ကြ နှက်ကြလျှင် နှစ်လင်သား၊ မောင်ကြီး မောင်ငယ်နှင့် ဆွေမျိုးတွေ အကုန်ပါ လာမည်။ သို့သော် ပြေးမှ ပြေးမှ…။

ရီးကျီးဒန် လှမ်းကြည့် လိုက်သည်။

”ဘယ်သူပါလိမ့်”

မချောစိန်တို့ အိမ်ဝိုင်းရှေ့တွင် မိန်းမတစ်ယောက်။ ထဘီကို နောက်တို ရှေ့ရှည်အောင် လက်တစ်ဖက်ကို တင်ပေါ် ဖိအုပ်လျက်၊ လက်တစ်ဖက်ကို ထောင်လိုက် ထိုးလိုက်နှင့် ရန်တွေ့နေသည်။ သို့သော် မည်သူဟု ရီးကျီးဒန် မသဲကွဲသေး။ ရန်ထောင်နေသော ထိုမိန်းမအား ခွေးသုံးကောင်က ဟောင်နေ၏။ ကလေးတွေ ကလည်း ဝိုင်းကြည့်နေသေး။ ကလေးအုပ်၏နောက် မလှမ်းမကမ်းတွင်ကား မိန်းမကြီးငယ် အချို့က ရန်ပွဲ ကို အကဲခတ်ရင်း တီးတိုး တီးတိုး ပြောနေကြ၏။

ထိုမိန်းမနှင့် ရီးကျီးဒန် နီးလာပြီ။

မျက်ခွံကို ရှုံ့ပြီး ကြည့်သော်ငြား သူ့ရုပ်ကို ရီးကျီးဒန် မဖမ်းနိုင်။ အသံကို ကျက်မိရန် ကြိုးစားပေမဲ့ မမှတ်မိ။

”ဟဲ့ ဘာဖြစ်ကြတာလဲ”

ရီးကျီးဒန်အသံ ကြားလျှင် ထိုမိန်းမ အရှိန်တန့် သွား၏။ ရီးကျီးဒန်ကို လှည့်ကြည့်၏။

”သြော် တောင်ဖျားက ဆွဲမိကိုး”

ဆွဲမိသည် ဆင်းရဲ၏။ သို့တစေ စွာ၏။ ကြက်ခေါင်းဆိတ် မခံ။ ကိုယ်ကျင့်တရား ကောင်းသည်။

”ဆွဲမိ ဘာဖြစ်တာလဲ”

”ဘာဖြစ်ရမလဲ ရီးကျီးဒန်ရဲ့”

ဒေါသသည် ရီးကျီးဒန်ဘက်သို့ လှည့်လာ၏။ သို့သော် ရီးကျီးဒန် သည်းခံပါသည်။ ခွင့်လွှတ်ပါသည်။ ကျီးအာသီးကို ပတ္တမြားလုံးကြီး ထင်နေသည့် အရွယ် မဟုတ်လား။

”မိန်းကလေးရယ် အရီး လာတာက အရီးသမီးကို ဆုံးမရအောင်၊ ဖျန်ဖြေရအောင် လာတာပါ”

ဆွဲမိသည် တင်တခြမ်းပေါ် ဆွဲတင်ထားသော ထဘီစကို လျှောချလိုက်၏ မည်းနက်သော ချေးကြောင်းတွေ အရစ်ထနေသော ဒူးခေါက်ခွက်သည် ပုန်းကွယ်သွား၏။

”ကျုပ်တို့ ထန်းပင်တွေပေါ့တော်။ ကျုပ်တို့ကလည်း ထန်းလျှော် အသုံးလိုလို့ သွားတော့ ငုံးငုံးတိုနေပြီ။ သူတို့ ချိုင်မယ်ဆိုလည်း စောစောက ကြိုပြီး အသိပေးထားရင် ကျုပ်တို့ အလုပ်ပျက်ခံပြီး မသွားပါဘူး။ အခုတော့ သူတို့ ကြိုမပြောလို့ ချိုင်မယ့်လူ ငှားရတယ်။ မချိုင်ဖြစ်တော့ တောင်းပန်လွှတ်ရတယ်။ အဲဒါကြောင့် ဒါလောက်တော့ အသိပေးဖို့ ကောင်းတဲ့အကြောင်း လာပြောတော့...”

”အင်း အင်း သူက ဘာပြန်ပြောလဲ”

”ပြောနိုင်ဘူးတဲ့၊ ကိုယ့်လယ်ထဲမှာ ရှိတဲ့ ထန်းပင်။ ကိုယ် ချိုင်ချင် ချိုင်မယ်၊ လှဲပစ်ချင် လှဲပစ်မယ် ဘာဖြစ်လဲတဲ့ ကဲ ကောင်းသလား”

”ဟုတ်တယ်လေ ကိုယ့်လယ်ထဲ ရှိနေတာ ဘယ်သူ့ဆီ သံတော်ဦး တင်ရဦးမှာလဲ ဟင်”

မချောစိန်သည် အိမ်ပေါ်မှ ဆင်းလာကာ ပြောရင်းဆိုရင်း ဝိုင်းဝ ရောက်လာလေသည်။

ရီးကျီးဒန် မချောစိန်ကို တစ်ချက်စိုက်ကြည့် လိုက်သည်။ မချောစိန်မှာ မိခင်၏ အကြည့်ကို နားမလည် သဘောမပေါက်။

”တော် စကားပြောတာ ကြည့်ပြောနော်”

”ကြည့်ပြောတာပဲ”

”သွားစမ်း သွားစမ်း”

ရီးကျီးဒန် မချောစိန်ကို တွန်းလွှတ်သည်။ ဆွဲမိဘက်သို့ လှည့်၍လည်း တောင်းပန်သည်။

”ဆွဲမိ ပြန်တော့နော်၊ ဒီကောင်မ မသိလို့ ပြောတာပါ။ အရီး သူ သဘောပေါက်အောင် ရှင်းပြမယ်၊ ဆုံးမမယ် ဟုတ်လား”

ဆွဲမိ ခေါင်းညိတ်၍ မပြီးသေး၊ မချောစိန် ရှေ့တိုးလာ၏။

”အမေက ဘာပြုလို့ တောင်းပန် နေရတာလဲ”

”ငါ ဖိနပ်နဲ့ ပါးရိုက်လိုက်ရ… တယ်”

ဒါပဲ ပြောပါသည်။ ရှေ့မဆက်ပါ။

ရှေ့မဆက်ခြင်းမှာ ရိုက်မည်ရွယ်ရန် အတွက် ဖိနပ်ကုန်းချွတ် လိုက်သောကြောင့် ဖြစ်သည်။ သို့သော် ရီးကျီးဒန် ခြေထောက်တွင် ဖိနပ်မပါ။ ကလေးတွေ ဝါးခနဲ ဝိုင်းရယ်ကြသည်။ ခပ်လှမ်းလှမ်းမှ အကဲခတ် နေသူများလည်း ရီးကျီးဒန် အမှားကို ပြုံးနေကြသည်။

”တောင်းပန်သင့်လို့ တောင်းပန် ရတာပေါ့ဟဲ့။ ဒီထန်းပင်တွေကို ဘယ်သူစိုက်သလဲ နင် သိလား ဘယ်သူ ပိုင်သလဲကော အဲဒါ သိလား”

ထိုသို့ မေးလိုက်သည့် အတွက် မချောစိန် ဝေတေတေ ဖြစ်သွား၏။ ရီးကျီးဒန်ကို ပြန်ကြည့်နေ၏။

”ငါ့ကို ငရဲကြီးအောင် မလုပ်နဲ့၊ သွား အိမ်ထဲကို သွား... ငါ လာခဲ့မယ်။ ရှင်းပြီးလည်း ပြမယ်”

သည်တစ်ခါ တွန်းလွှတ်သော အခါတွင်မူ မချောစိန် ပေတေတေ ကတ်တတ်တတ် လုပ်မနေတော့ပါ။ အိမ်ဘက်သို့ တုံ့နှေးစွာ လျှောက်သွားသဖြင့် ရီးကျီးဒန်သည် ဆွဲမိကို ထပ်မံ တောင်းပန်ကာ သမီးနောက်သို့ လိုက်ပါလာခဲ့၏။

”အမေကြီး”

မြေးတို့သည် အိမ်ရှေ့ကွပ်ပျစ်ပေါ်မှ ကွက်ကြည့် ကွက်ကြည့် လုပ်နေခဲ့ကြရာ သူတို့အနားသို့ ရီးကျီးဒန် ရောက်လာသည့်အတွက် ဝမ်းသာအားရ ဆီးကြိုကြ၏။ မချောစိန်တို့အိမ်မှာ မြေစိုက် လေးပင်တဲကြီး ဖြစ်သည်။ တဲထဲတွင် အိုး လုပ်လက်စတွေ၊ တိုက်သွင်းရန် အသင့်ဖြစ်နေသော အိုးတွေနှင့် ရှုပ်ပွနေလိမ့်မည်။

သို့ကြောင့် ရီးကျီးဒန်က ကွပ်ပျစ်ပေါ်မှာပင် မြေးများ၏ ဘေး၌ ဝင်ထိုင်လိုက်သည်။ မြေးမိန်းကလေးများ ထဲတွင် အကြီးဆုံးဖြစ်သော မိမိကြီးသည် အငယ်ဆုံးမောင်ကလေး မောင်ထွေးကို ထမင်းခွံ့နေရာမှ ဘွားအေထိုင်ရန် တစ်ဖက်သို့ တိမ်းပေး၏။ မောင်ထွေးက ဘွားအေကို လာဖက်၏။ သူ့ပါးစပ်တွင် ပဲကြီးဟင်း ခြောက်ခြောက်ချက် (ဆီပြန်)များ ပေနေရာ မိမိကြီးက လှမ်းဆွဲယူထား၏။

”ဟဲ့ ငတက်ပြားမ”

နို့ညှာမ မိမိထွေးကို ရီးကျီးဒန် ပေးထားသော အနွတ္တအမည် ဖြစ်ပေ၏။။ မိမိထွေးသည် ပဲကြီးဟင်း ပေနေသော လက်ငါးချောင်းကို လျှာဖြင့် လျက်နေရာက မျက်လုံး ပေကလပ် ပေကလပ်ဖြင့် မော့ကြည့်၏။

”နန်းတိုင်နားမှာ အမေကြီး ဆေးလိပ် ရှိတယ်၊ သွားယူပေးစမ်း”

သည်လိုတော့လည်း ငတက်ပြားမသည် ဖင်ပေါ့၏။ ဂျီရိပတ္တ များမနေဘဲ ကွပ်ပျစ်ပေါ်မှ ခုန်ချ၏။ ထိုအခါ ရီးကျီးဒန်က ထပ်မှာ၏။

”ကောင်းကောင်း ကိုင်ခဲ့နော်၊ အခေါင်းထွက်ပြီး 'ကာ'ကုန်ရင် ပေါင်တွင်းကြော အပြတ်ပဲ”

သည်နောက် တဲတွင်းသို့ လှမ်းကြည့်လိုက်ရာ ဖင်ထိုင်ခုံ တစ်ခုဖြင့် ထရံကွယ် အဝတွင် ထိုင်နေသော မချောစိန်ကို မြင်ရ၏။

”ဆွဲမိနဲ့ ညည်းနဲ့ ဖြစ်တဲ့ကိစ္စမှာ ညည်း အလွန်၊ ညည်း အမှား”

”တော်”

မျက်လုံးပြူးကြီးဖြင့် မော့ကြည့်လိုက်သော 'တော်'မှာ ဘာဖြစ်လို့လဲ အမေဟူသော အမေးကို ဆောင်၏။

”ညည်းယောက်ျား ထွန်းရကလည်း ဘာမှ မပြောဘူးလား”

”ဘာပြောရမလဲ အမေရ”

”အဲဒီ ထန်းပင်တွေပေါ့ဟဲ့ အနာမရဲ့”

”ဟင့်အင်း မပြောပါဘူး”

”ညည်းယောက္ခမတွေ ကတော့ ပြောဖို့ ကောင်းပါတယ်အေ”

ဆွဲမိနှင့် စကားများစေသော ထန်းပင်များမှာ မများလှပေ။ ဟိုတစ်ပင် သည်တစ်ပင် စုပေါင်းလိုက်ပါမှ ခြောက်ပင်သာ ရှိသည်။ ထိုခြောက်ပင်သည် ကိုထွန်းရ၊ မချောစိန်တို့၏ လယ်ပွဲထဲတွင် ရှိနေ၏။ သို့သော် ထိုလယ်နှင့် ရာဇဝင်ကို ကိုထွန်းရလည်း သိပ်မသိ။ မချောစိန်မူ ဝေးစွခြောက်ပါး။

ကိုထွန်းရနှင့် မချောစိန်တို့ မင်္ဂလာဆောင်တွင် ကိုထွန်းရ မိဘများက လက်ဖွဲ့သော မများလှသည့် လယ်ကလေး တစ်ဧက။ သို့ တစ်ဧကပေမဲ့ ရာဇဝင်ရှိသည့် ထန်းပင်ခြောက်ပင် ပါလာသော တစ်ဧက။

”အမေကြီး ရော့”

ငတက်ပြားမ ပြန်ရောက်လာကာ ပြောင်းဖူးဖက်ဆေးလိပ် တစ်ဝက်ကျော်ကို လှမ်းပေးသည်။ အလွန် သောက်ကောင်းသည့် အနေအထားမို့ အခေါင်း မထွက်စေရန် မှာလိုက်သည်။ မှာလိုက်ခါမှ အခေါင်းထွက်လာသော ကြောင့်လည်း ခပ်လှမ်းလှမ်းမှ ပေးခြင်းဖြစ်၏။ ရီးကျီးဒန် ဆေးလိပ်ကို ငုံ့မကြည့်အား။ မချောစိန် လှမ်းပေးသော မီးခတ်ဖြင့် ညှိရင်း စကားကို ဆက်သည်။

”ဒီထန်းပင်တွေ ပါတဲ့ လယ်ပွဲဟာ ညည်းတို့လက်ထဲ ရောက်လာတာ ခြောက်နှစ်ကျော် ခုနစ်နှစ် ရှိပြီပဲ။ ညည်း မသိတာကတော့ ညည်း အသုံးမကျလို့ပဲ။ မေးရ စမ်းရတယ်ဟဲ့”

လယ်ထဲတွင် ထန်းပင်တွေ ရှုပ်နေသည် ထင်သော်ငြား လှဲဖြိုပစ်ရန် မချောစိန် မတိုက်တွန်းမိ။ သို့ကြောင့် စကားစပ်မိ၍ မသိ။

”အဲဒီထန်းပင်က ထခိုင်တွေ ထလက်တွေကို ညည်းတို့ အမြဲပဲ ချိုင်ယူသလား”

မချောစိန် ခဏတော့ စဉ်းစားကြည့်သေး၏။ စဉ်းစားပေမဲ့ အဖြေမှာ ”မသိ” ဟူ၍သာ ဖြစ်၏။

”အဲဒီလယ်ကို ထွန်းရအဘိုးများ လက်ထက်ကတည်းက သူများဆီက အပေါင်ခံခဲ့ကြတာအေ့။ မူရင်းပိုင်ရှင်ကတော့ အမေလည်း မသိဘူး။ ထွန်းရအဘိုးရဲ့အဖေများကလည်း ရှိလို့တော့ မဟုတ်ဘူး။ ခဏတစ်ဖြုတ် ဆိုပြီး အပေါင်ခံရင်းက တစ်နှစ် လုပ်စားမိတော့ ရေမိုးမှန်တာနဲ့ ကြုံသွားတာကိုး။ နှမ်းကလည်း ရ၊ စပါးကလည်းရနဲ့ ထုတ်ချေးထားတဲ့ ငွေတောင် ကျေသလောက် ဖြစ်သွားသတဲ့”

”အမေ့ ဘယ်သူပြောလဲဟင်”

”လူပြော သူပြောပေါ့အေ။ ဒါနဲ့ မူလပိုင်ရှင်ကလည်း တစ်နှစ် ကြာလို့လည်း မရွေးနိုင်၊ နှစ်နှစ် ကြာလို့လည်း မရွေးနိုင် ဖြစ်ပြန်တော့ အတိုးလည်း တက်လာပြန်တာပေါ့။ အဲဒီလို တစ်ဖက်လူမှာ ငွေကြေး မချောင်လည်တာ အကြောင်းပြုပြီး ခင်ဗျားတို့ အခုလို ပေါင်ထားတာ အတိုးတက်တာနဲ့ နစ်နာလှပါပြီ၊ ဒါကြောင့် ရောင်းပါလို့ သွားပြောသတဲ့”

အငယ်ကလေးက တစ်စုံတစ်ရာ ပူဆာနေသည်။ သို့သော် အကြီးမသည် အမေနှင့် အမေကြီးတို့ စကားကောင်းကောင်း ပြောနိုင်စေရန် ကလေးကို ချော့ခေါ်ကာ လွတ်ရာသိ့ ထွက်သွားသည်။

”ဟိုကလည်း ဘိုးဘွားအမွေ ဆိုတော့ ကိစ္စပြတ် မလုပ်ရဲဘူးပေါ့။ ဒါကြောင့် မရောင်းဘူးဆိုတော့ ဒါဖြင့် ငွေထပ်ယူပြီး စာချုပ်အသစ် ပြန်ချုပ်ပါဆိုပြီး အတိုးအရင်း ပေါင်းရယ်၊ 'ထပ်ငွေ' ရယ် ပေါင်းပြီး စာချုပ်အသစ် ချုပ်ပြန်တာပေါ့”

”ထပ်ငွေ ဟုတ်လား အမေ”

”ဒါပေါ့အေ၊ ထပ်ပြီးပေးတဲ့ငွေဟာ ထပ်ငွေပေါ့”

”ကျုပ် ကြားဖူးတဲ့ ထပ်ငွေဆိုတာ ထပ်ပြီးယူတာ ဆိုပါတော့။ ဟိုဘက်ရွာက အဘသိန်းတို့၊ အဘဦးတို့ ထပ်ငွေ ရလာပြန်ပြီ ဆိုတာလေ။ ကျုပ် ငယ်ငယ်တုန်းက အမေတို့ပဲ ပြောတာကော”

ရီးကျီးဒန် ပြုံးလိုက်ရပါသည်။

”ကောင်မ၊ ဒါတော့လည်း မှတ်မိသားပဲ။ ဒါလည်း မထူးပါဘူးအေ။ ရီးသိန်းတို့၊ ရီးဦးတို့ မိဘများက တစ်ချိန်က 'ရည်တတ်' ခဲ့သတဲ့”

”ဘယ်သူက မရယ်တတ်လို့လဲ အမေရယ်”

”ကြေးရည်တတ်၊ လူရည်တတ် ဆိုတာ လူချမ်းသာကို ပြောတာဟဲ့။ အဲ သူတို့လက်ထက် ကျတော့ လယ်တွေကို ပေါင်ရတော့တာပေါ့။ နောက်ဆုံး ပေါင်စရာလယ်တွေ ကုန်တဲ့အခါမှာ သူတို့ရဲ့လယ်တွေ အပေါင်ခံထားတဲ့ လူတွေဆီ သွားပြီး 'ထပ်ငွေ' တောင်းပြန်တာပေါ့။ ငါးရာနဲ့ ပေါင်တဲ့ လယ်တွေအတွက် တစ်ရာ ထပ်ပြီးပေးရင် ခြောက်ရာ ဖြစ်သွားတာပေါ့အေ။ ညည်းပြောတဲ့ ထပ်ငွေက အဲဒါ မဟုတ်လား”

မချောစိန် ခေါင်းညိတ်ပြသော်လည်း မေးစရာ မကုန်သေး။

”ထပ်ငွေ မပေးဘူး ဆိုပါတော့ အမေရယ်၊ ဘာလုပ်မလဲဟင်”

”အဲဒီလယ်ကို လိုချင်တဲ့လူ ဘယ်သူရှိသလဲ လိုက်ရှာတာပေါ့အေ။ နောက်ယူမယ့်လူကို ရွေးရမယ့် ငွေထက် ပိုပေးရင် ရွေးပြီး ပြန်ပေါင် ပြန်တာပေါ့။ ပိုတာကလေး ထိုင်ပြီး စားပြန်တာပေါ့”

”သြော်... သြော်”

”ဒါနဲ့ ထွန်းရအဘိုးများ လက်ထက်ကျတော့ ထွန်းရအဘိုး အလိုသာဆိုရင် လယ်ကို ရောင်းပစ်မှာ။ လူက ယစ်ထုပ်ကိုး။ ဒါပေမဲ့ အပေါင်စာချုပ်တွေ၊ ဂရန်တွေကို အမယ်ကြီးက လုံအောင် သိမ်းထားတော့ လယ်ကို မပေါင်သာ မရောင်းသာဘူး။ လယ်ပေါင်တာ၊ ရောင်းတာက ဂရန်ပါမှ ဖြစ်တာကိုးအေ့။ အဲဒါကြောင့် အသိသက်သေနဲ့ စာချုပ်ချုပ်ရင် ဖြစ်တဲ့အလုပ်၊ ဂရန်တွေ ဘာတွေ မပါဘဲနဲ့ ဖြစ်တဲ့အလုပ်ကို လုပ်တော့တာပေါ့”

”ဘာအလုပ်လဲ အမေ”

”အဲဒီလယ်ပွဲထဲက ထန်းပင်တွေကို ရောင်းစားခဲ့တာပေါ့အေ။ တစ်ပင်ကို တစ်ကျပ်ခွဲဆိုလား နှစ်ကျပ် မတ်တင်းနဲ့ ဆိုလား”

”ဟင်…”

”မဟင်နဲ့ မကြီးစာ၊ အဲဒီ ထွန်းရအဘိုးများ လက်ထက်တုန်းက ပုဆိုးတစ်ထည်မှ သုံးမူး။ ထားပါတော့အေ ပြားလေးဆယ်”

”ဟယ်”

”ထန်းရည် တစ်မြူမှ နှစ်ပြား ဆိုတော့လည်း ထန်းပင်တစ်ပင် တစ်ကျပ်ခွဲပဲ ထား၊ ခြောက်ပင်ကို ကိုးကျပ်ဆိုတော့ သောက်ပါလေ့အေ။ အဲဒီလိုနဲ့ပဲ လယ်ကိုတော့ ကိုယ် ပိုင်ပြီး လယ်ထဲက ထန်းပင်ကို သူများ ပိုင်ခဲ့တာကလား”

ဤအချက်ကို မချောစိန် သဘောမပေါက်ပေ။ သဘောမပေါက်သည့် အလျောက်လည်း မအီမလည် ဆိုမိ၏။

”ကျုပ်တော့ သဘောမပေါက်ပါဘူးတော်၊ ဒီမြေကို ဝယ်နိုင်မှ ဒီမြေထဲက သစ်ပင်ကို ပိုင်မှာပေါ့။ ဒီမြေထဲက သစ်ပင်ကို ကွက်ပြီး ဝယ်တာဆိုတော့”

မချောစိန် စကားပြတ်သွားသော်ငြား ရီးကျီးဒန် ဆေး အဖွာမပျက်၊ စကားအဆက်ကို စောင့်နေသည်။

”ကဲ အမေရယ် အဲဒီထန်းပင်တွေက ထန်းသီးတွေ မှည့်လို့ ကြွေကျရော ဆိုပါတော့ လယ်ရှင်က မရဘူးလား”

”မရဘူး”

”ဟင်”

”မဟင်နဲ့အေရဲ့၊ ဒါဟာထုံးစံပဲ။ လယ်ရှင်ကလည်း သြော်… ဒီထန်းပင်ဟာ ငါ မပိုင်ပါလားလို့ သိထားတဲ့အတွက် သူ့လယ်ထဲကို ကြွေကျလာတဲ့ ထန်းဦးမှည့်ကို ဘယ်လောက်မှ အဖိုးမတန်ပေမဲ့ မယူဘူး။ လယ်ထဲက ကောက်ပြီး ထန်းပင်ရင်းမှာ ပုံထားတာ”

”ကိုယ် မပိုင်တဲ့ အပင်က ထန်းလက်ခြောက်တွေ ကိုယ့်လယ်ထဲ ကျတော့၊ အောက်က အပင်တွေ ပျက်မကုန်ဘူးလား အမေ”

”ပျက်တယ်လေ၊ ပျက်ပေမဲ့ ဒီထန်းပင်တွေဟာ ကိုယ့်ပယောဂကြောင့်ပဲ သူများက ပိုင်သွားတယ်။ ဒါကြောင့် ဒါကို အထူးအထွေ ပြောမနေကြတော့ဘူး”

”အဲဒီလိုဆို အဲဒီထန်းပင်တွေ ကျုပ်တို့နဲ့ မဆိုင်ဘူးပေါ့”

ရီးကျီးဒန် လက်ဝါးဖြင့် ရွယ်လိုက်သည်။

”ဟယ် ကောင်မ၊ ထန်းလက်ခြောက်ကလေးတောင် မဆိုင်ပါဘူး ဆိုနေမှဟာကို”

”ဒါပေမဲ့ အမေရယ် ထန်းလက်ခြောက်ကိုတော့ ကျုပ်တို့ အမြဲတမ်းယူပြီး မီးစိုက် နေကြတာပဲဟာကို”

မချောစိန် က ခေါင်းကလေး ပုထားရာက တဖြည်းဖြည်း ရှည်လာရင် စောဒက တက်ပေသည်။

”အဲဒါမှ စည်းပေါက်တာ၊ သစ္စာပျက်တာအေ့၊ တို့အဖေများ လက်ထက်အထိကိုပဲ စည်းကမ်းကြီး ခဲ့သေးတယ်။ သစ္စာကြီး ခဲ့သေးတယ်။ ဒါကြောင့်လည်း မြေပေါ်က သစ်ပင်ကို ရောင်းလည်း ဝယ်၊ ပေါင်လည်း အပေါင်ခံ ခဲ့တာပေါ့”

မချောစိန် ခေါင်းညိတ် နေမိ၏။

”ညည်းတို့လိုသာစိတ်မျိုး မွေးကြမယ်ဆိုရင် သူများ မြေပေါ်မှာ ရှိနေမယ့် သစ်ပင်ကို ဘယ်သူက အပေါင်ခံမှာလဲ၊ ဘယ်သူက ဝယ်မှာလဲ။ ဒါပေမဲ့ ပိုင်ရှင်ကလည်း မရိုင်းပါဘူး။ သူ့သစ်ပင် ရှိနေတဲ့ မြေကွက် ပိုင်ရှင်ကိုလည်း ထန်းဆိုရင် လိုတဲ့အခါ ချိုင်ယူပါ၊ သရက်ဖြင့်လည်း ခူးစားပါ ပြောပါတယ်၊ ပေးပါတယ်”

”သြော်... သြော်”

”ညည့်ယောကျ်ား ထွန်းရလည်း ဒီလက်ဖွဲ့ လယ်ပွဲထဲက ထန်းပင်တွေကို ဆွဲမိတို့ ပိုင်တယ်ဆိုတာ သိခဲ့ပါလိမ့်မယ်။ ဒါကြော်င့လည်း ထန်းရွက် အသုံးလိုတဲ့အခါမှာ ဆွဲမိတို့ဆီမှာ ခွင့်တောင်းပြီး ချိုင်ယူတာပဲ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ သူလည်း ပြောဖို့ မေ့သွားတာလား ဘာလား တစ်ခုခုပဲ”

”ကျုပ်ကတော့ သိပါဘူး အမေရာ”

”ထွန်းရ မပြောမိတဲ့ အချိန်ကျမှပဲ တိုက်တိုက်ဆိုင်ဆိုင် ဆွဲမိတို့ကလည်း ထန်းပင်တက်မယ့်လူ ငှားပြီး သွားချိုင်သတဲ့။ ညည်းပဲ ကိုယ်ချင်းစာ ကြည့်ပေါ့။ သူတို့မှာ လူလည်း ငှားရသေးတယ်။ ချိုင်စရာ မရှိလို့ တောင်းပန်လည်း လွှတ်ရသေးတယ်။ ညည်းကလည်း မတော်မလှမ်း ပြောလွှတ်တယ် ဆိုတော့”

”မသိလို့ပါ အမေရယ်၊ ခုတော့ သိပါပြီ။ ဆွဲမိကိုလည်း တောင်းပန်ပါ့မယ်”

ထန်းရွက် အမိုးသည် ကြွက်ပေါလှသည်မှ အပ နွေရာသီတွင် အေး၏။ ထန်းလက် ဝမ်းသားလျှော်၊ ကျောသားလျှော်နှင့် စောင်းသားလျှော်တို့သည် တုပ်နှောင်ရာတွင် အသုံးဝင်သည်နှင့်အမျှ ခိုင်လည်း ခိုင်ခံ့၏။ ထန်းလက် ဝမ်းတွင်းသား ဖြစ်သော ထန်းအူလျှော်လည်း 'ကြက်ချေးစု' လိမ်ရန် ကောင်းသည်သာ။

တစ်ပင်လုံးတွင် ပစ်စရာ မရှိသလောက် အသုံးဝင်သော ထန်းပင်မျှသာ မဟုတ်။ တစ်နှစ်တစ်ခါ သီးရန် မသေချာသော သရက်။ တစ်ဖန် သီးသော်လည်း လူကြိုက်သော အသီး ဖြစ်ချင်မှ ဖြစ်သော သရက် စသည်တို့မှာလည်း အပင်တည်သော မြေကို ပိုင်သူက တခြား၊ အပင်ကို ပိုင်သူက တခြား ရှိတတ်၏။

ဤဓလေ့ကို နမော်နမဲ့ သဘောထားမိသော မချောစိန်တို့ အရွယ်များ ကြားတွင် မဖြစ်သင့်သော မပြေလည်မှုများ ပေါ်ပေါက် လာရသည်။ သို့သော် သိမှီနားလည်သော ရီးကျီးဒန်တို့ အရွယ်တွေ ရှိကြသေးသည့်အတွက် ချစ်စရာ ကောင်းသော ဓလေ့၊ မြတ်နိုးဖွယ် ဖြစ်သော စည်းစောင့်မှုကလေး တစ်ခုမှာ မှေးမှိန်ရာမှ ပြန်လည်လှပ လာခဲ့ရပေပြီ။ ဤသို့ဖြင့် လက်ဖွဲ့ လယ်ပွဲမှ ထန်းခြောက်ပင် အရေးသည် ဖြေရှင်းခဲ့ရ၏။

”နောက်ကို နမော်နမဲ့ မနေနဲ့အေ့။ ထွန်းရကိုလည်း မေး၊ သူ့မိဘကိုလည်း မေး၊ ငါ့ကိုလည်း မေး။ တော်ကြာ ရွာထဲမှာ ညည်းတို့ လူကြီး ဖြစ်လာတော့မှ ဘာမှမသိရင်...”

”ဟုတ်ကဲ့အမေ၊ ကျုပ် နောက်ကို မေးပါ့မယ်”

ရီးကျီးဒန် ပြန်ရန် ဟန်ပြင်လျှင် မချောစိန်လည်း ထရပ်ကာ ဝိုင်းဝသို့ ရောက်အောင် လိုက်လာပြီးမှ အကြီးမခေါ်သံ ကြားရ၍ လှည့်ပြန်သွား၏။

နွားများသည် ရီးကျီးဒန်ကို မျှော်စောင့် နေကြ၏။ နားရွက်စွင့်ကာ၊ ခေါင်းထောင်ကာ၊ မျက်လုံးပြူးကာ ကြည့်နေကြ၏။ သူတို့အတွက် ကောက်ရိုးစဉ်း၍ မပြီးသေး၊ စဉ်းရဦးမည်။ နန်းတိုင်ဘေးတွင် ထိုင်ရန် ဟန်ပြင်ဆဲ ကျီးအာသံများ ကြားရ၏။ အသံလာရာသို့ မော့ကြည့်သောအခါ ကုက္ကိုလ်ပင် အထက်ရှိ ကျီးအာသီးများကို ထိုးဆွနေသော ကျီးကန်းများ။

အပြင်ပန်း လှရွဲသလောက် အတွင်းသား မှောင်မည်းနေသော ကျီးအာသီးကို မလှမပ တွေ့ရ၏။ အချို့လည်း မြေပေါ်တွင် မလှမပ ပေါက်ကွဲကာ ပြန့်ကြဲ နေကြ၏။ သို့သော် ရီးကျီးဒန်သည် ကျီးများကို 'ရွှေး'ခနဲ 'ရွှေး'ခနဲ အော်ဟစ်ရင်း လက်ယမ်းဝှေ့ မောင်းနှင်ပစ် နေမိလေ၏။

---------------------
#ဆင်ဖြူကျွန်းအောင်သိန်း

12/12/2025

Check out SL Electronic’s video.

17/02/2025

Address

Sanchaung

Website

Alerts

Be the first to know and let us send you an email when Ai Car Rental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share