13/05/2026
တပ်ကုန်းတွင် ဆိုင်ကယ်လဲကျသွားချိန် တွဲကားတက်ကြိတ်သဖြင့် ဆိုင်ကယ်မောင်းသူ သေဆုံး
DVB
နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ မောင်းလာတဲ့ဆိုင်ကယ် လဲကျသွားတာကို တွဲကားတစီးက တက်ကြိတ်လို့ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသား သေဆုံးသွားပါတယ်။
မေ ၁၃ ရက် မနက် ၁၁ နာရီလောက်က တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၂၄၉ မိုင် ၆ ဖာလုံနဲ့ ၇ ဖာလုံကြားမှာ ပျဉ်းမနားဘက်ကနေ တပ်ကုန်းမြို့ဘက်ကို အမျိုးသား တယောက်တည်း မောင်းလာတဲ့ ဆိုင်ကယ် ရုတ်တရက် တိမ်းစောင်းသွားချိန် အနောက်ကနေ ပါလာတဲ့ တွဲကားက တက်ကြိတ်တာကြောင့် ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသား သေဆုံးသွားတာ လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးသူက ပြောပါတယ်။
တွဲကား တက်ကြိတ်မိတာကြောင့် ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတာလို့ ဆိုပါတယ်။
“လမ်းအနိမ့်ကနေ အမြင့်ပေါ်ကို လှမ်းတက်တဲ့အချိန် ဆိုင်ကယ်က လဲကျသွားတာ။ လဲကျနေတဲ့ ဆိုင်ကယ်သမားကို တွဲကားက တက်ကြိတ်တာ။”
သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက နေပြည်တော် တပ်ကုန်းမြို့ ခုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ တွဲကားယာဉ်မောင်း ဦးသန့်ဇင်ထွန်းကို ရဲတွေက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မေ ၁၂ ရက် မနက်ပိုင်းကလည်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ နန်းသြရွာရှေ့မှာ ယာဥ် ၃ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့လို့ လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
Photo: ယာဥ်တိုက်မှုကို ကူညီဆောင်ရွက်ပေးသူ
#တပ်ကုန်း #ယာဉ်တိုက်မှု