Western News

Call Directions Contact the business

Western News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Western News, Media/News Company, Myo Thu Gyi ward, Main Road, Sittwe.

Western News is a regional media based in Rakhine, covering mainly Western Myanmar
https://western-news.com/
https://www.youtube.com/
https://t.me/TheWesternNews
https://www.instagram.com/thewestern_news/ Western News သတင်းဌာနသည် မတရားမှုများနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများကို သတင်းမီဒီယာဂုဏ်သိက္ခာနှင့် အညီ စောင့်ကြည့် စုံစမ်းဖော်ထုတ်တင်ပြသည့် မြန်မာနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။

ပြည်သူအသံများကို သတင်းပညာအရည်အသွေးနှင့်အညီ ရုပ်သံ၊ သတင်း၊ ဆောင်းပါးများကို ထုတ်လုပ်ရန် သတင်းစာပညာရပ်ကို စိတ်ပါဝင်စားသည့် လူငယ်များက တည်ထောင်ပြီး၊ မတူညီကွဲပြားခြားနားမှုကို တန်ဖိုးထား၊ လေးစားသည့်မူဖြင့်ရပ်တည်သည်။

■ “ကိုယ်ဝန်နဲ့ ဈေးဝယ်လာတဲ့ အမျိုးသမီးက AA တပ်ဖွဲ့ဝင် ဖြစ်နိုင်မှာလား” - ကိုဝေဟင်အောင် မေးခွန်းထုတ်(သေဆုံးဒဏ်ရာရသူများထဲတ...
29/09/2026

■ “ကိုယ်ဝန်နဲ့ ဈေးဝယ်လာတဲ့ အမျိုးသမီးက AA တပ်ဖွဲ့ဝင် ဖြစ်နိုင်မှာလား” - ကိုဝေဟင်အောင် မေးခွန်းထုတ်

(သေဆုံးဒဏ်ရာရသူများထဲတွင် မွတ်ဆလင် အများအပြားပါဝင်)

Western News| စက်တင်ဘာ ၂၉

ရခိုင်ပြည်၊ ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ရှိ အိန္ဒိယဈေး လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံး၊ ဒဏ်ရာရရှိသူများမှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များသာဖြစ်ပြီး AA တပ်၏ ယမ်းတိုက်ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခြင်းဖြစ်သည်ဟု အကြမ်းဖက် စစ်ကောင်စီ လော်ဘီများမှ လူမှုကွန်ရက်စာမျက်နှာများနှင့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေနေသည့် ပြောဆိုချက်များကို စစ်ဘေးရှောင်အရေး ကူညီနေသူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝေဟင်အောင်က ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်များ ထိခိုက်သေဆုံးခဲ့မှုကို ထောက်ပြကာ ပြန်လည်တုံ့ပြန်ထားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်က ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ရှိ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ၅၀ ဦး သေဆုံးပြီး ၆၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအနက် အနည်းဆုံး ၂၂ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိထားသည်။

ယင်းထိခိုက်သေဆုံး၊ ဒဏ်ရာရသူများထဲတွင် မွတ်ဆလင်များလည်း အများအပြား ပါဝင်နေပြီး အရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီနှင့် ၎င်းတို့၏ လော်ဘီများမှ လူမှုကွန်ရက်စာမျက်နှာများနှင့် တယ်လီဂရမ်ချန်နယ်များတွင် လေကြောင်းတိုက်ခိုက်မှုမဟုတ်ဘဲ AA တပ်၏ ယမ်းတိုက်ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်းနှင့် သေဆုံး၊ ဒဏ်ရာရရှိသူများမှာ AA တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သတင်းမှား ဖြန့်ဝေနေကြခြင်းဖြစ်သည်။

ယင်းပြောဆိုချက်များကို တုံ့ပြန်ရာတွင် ကိုဝေဟင်အောင်က ကိုယ်ဝန် ၉ လရှိသည့် အမျိုးသမီးတစ်ဦး ဈေးဝယ်ရန် ထွက်လာစဉ် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့်ဖြစ်စဉ်ကို ထောက်ပြခဲ့သည်။

“ပိုက်သည်ရပ်ကွက်ကပဲ ကိုယ်ဝန် ၉ လနဲ့ အမျိုးသမီးတစ်ယောက်။ နာမည်က ခင်မာနွယ်၊ အသက်က ၃၂ နှစ်။ ဈေးဝယ်ဖို့ ထွက်လာတဲ့အချိန်မှာ ဗုံးကြဲခံရတာနဲ့ သွားတိုးတာ။ သူ့ခန္ဓာကိုယ်မီးလောင်နေရင်းနဲ့ ကလေးငယ်ကို မွေးဖွားခဲ့တယ်။ မိခင်ရော၊ ကလေးငယ်ရော မီးပုံထဲမှာ သေသွားခဲ့ရပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် သေဆုံးသူများအတွင်း ကလေးငယ်များ ပါဝင်နေခြင်းကို ထောက်ပြပြီး ၎င်းတို့မှာ AA တပ်ဖွဲ့ဝင်များဖြစ်သည်ဟု စစ်လော်ဘီများ ပြောဆိုနေခြင်းကို ပြန်လည်မေးခွန်းထုတ်ခဲ့သည်။

“အခုနက ကျနော်ပြောတဲ့အထဲမှာပါတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်။ ကိုယ်ဝန်ကြီးနဲ့ ဈေးဝယ်လာရင်း ဗုံးကြဲခံရလို့ သေဆုံးသွားတယ်။ သူက AA တပ်ဖွဲ့ဝင် ဖြစ်နိုင်မှာလား။ ပြီးတော့ အခု သေဆုံးထဲမှာ စာရင်းကြည့်လိုက်ရင်လည်း အနည်းဆုံး ၇ ယောက်လောက် ကလေးငယ်တွေပဲ ဖြစ်ပါတယ်။ ဒီကလေးငယ်တွေက AA တပ်ဖွဲ့ဝင် ဖြစ်နိုင်မှာလား။ ဒါကိုလည်း စဉ်းစားစေချင်တယ်။ ပြောရရင် စစ်ကောင်စီက ဆင်သေကို ဆိတ်သားရေနှင့်ဖုံးဖို့ ကြိုးစားတာပဲဖြစ်ပါတယ်။ သူတို့အမှားကို ဖုံးကွယ်ဖို့အတွက် အခြားတစ်ဘက်ကို လက်ညိုးထိုးတာပဲ ဖြစ်ပါတယ်” ဟု ကိုဝေဟင်အောင်က ပြောသည်။

ကျောက်တော်အိန္ဒိယဈေးဖြစ်စဉ်တွင် သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများမှာ ဈေးသည်များ၊ ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာများနှင့် ကုန်တင်ကုန်ချလုပ်သားများပဲဖြစ်ကြောင်း ဒေသခံပြည်သူတစ်ရပ်လုံးက ပြောဆိုကြသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်မည်၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရေး ကြိုးပမ်းမည်ဟု ပြောဆိုနေသော်လည်း အခြားတစ်ဘက်တွင် လူသတ်ဖြတ်နေကြောင်း ကိုဝေဟင်အောင်က ဝေဖန်ထောက်ပြသည်။

“စစ်ကောင်စီဟာ အမြဲတမ်း ရှေ့စကားနဲ့ နောက်စကားနဲ့ မညီတဲ့ အရူးတစ်ယောက်နဲ့ တူပါတယ်။ အမှန်က ငြိမ်းချမ်းရေး လုပ်မယ်လို့ ပြောရင် ငြိမ်းချမ်းရေးမှာ လုပ်ရမယ့် အဆင့်တွေရှိပါတယ်။ ဥပမာ ငြိမ်းချမ်းရေး လိုလားတဲ့ သွင်ပြင်လက္ခဏာတွေ ပြရမယ်။ ငြိမ်းချမ်းရေးနဲ့ လျော်ညီတဲ့ လုပ်ရပ်တွေကို ပြရမယ်။ အခုက အဲလိုမဟုတ်ဘူး။ နိုင်ငံရေးအရ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးနဲ့ကာပြီးတော့ နောက်မှာ လူသတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်” ဟု ကိုဝေဟင်အောင်က ပြောသည်။

ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား ဖြစ်စဉ်တွင် သေဆုံးသူ ၅၀ ဦး၊ ဒဏ်ရာရရှိသူ ၆၀ ဦးအထိ ရှိလာသည့်အပြင် မင်းပြားမြို့နယ် စွန်ရဲကျေးရွာနှင့် သံတွဲမြို့နယ် ငပလီကမ်းခြေတို့တွင်လည်း ထိုနေ့အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၉ ဦး ထပ်မံဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၁ ရက်မှ ၂၈ ရက်အထိ ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၆၁ ဦး သေဆုံးခဲ့ရပြီး ၉၇ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း Western News မှတ်တမ်းများအရ သိရသည်။

ပုံစာ - စစ်ကောင်စီ လေကြောင်းဗုံးကြဲ၍ ထိခိုက်ပျက်စီးမှုမြင်ကွင်းနှင့် သေဆုံးသူများထဲတွင် မိသားစုဝင်များ ပါဝင်သွား၍ ကျန်ရစ်ခဲ့သူများ ငိုကြွေးနေကြစဉ်။ (ဓါတ်ပုံ - AA Info DesK)

#ရခိုင်ပြည် #လေကြောင်းဗုံးကြဲခံရ #အရပ်ပြည်သူများ #အစုလိုက်အပြုံလိုက်သေဆုံး #အကြမ်းဖက်စစ်ကောင်စီ #စစ်ရာဇဝတ်မှုကျူးလွန်ခြင်း #နိုင်ငံတကာမှအရေးယူပေးရန်လိုအပ်နေ

■ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် စက်တင်ဘာလအတွင်း ရခိုင်တွင် အရပ်သား အနည်းဆုံး ၆၁ ဦးသေဆုံးပြီး...
29/09/2026

■ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် စက်တင်ဘာလအတွင်း ရခိုင်တွင် အရပ်သား အနည်းဆုံး ၆၁ ဦးသေဆုံးပြီး ၉၇ ဦးဒဏ်ရာရ

Western News| စက်တင်ဘာ ၂၉

၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၈ ရက်အထိ ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၆၁ ဦး သေဆုံးပြီး ၉၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Western News မှ စုစည်းထားသည့် မှတ်တမ်းများအရ သိရသည်။

စက်တင်ဘာလအတွင်း အရပ်သားထိခိုက်သေဆုံးမှုများသည် လကုန်ပိုင်းတွင် သိသိသာသာ မြင့်တက်လာခဲ့ပြီး စက်တင်ဘာလ ၂၈ ရက် ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား လေကြောင်းတိုက်ခိုက်မှုသည် အဆိုပါကာလအတွင်း အရပ်သားအသေအပျောက် အများဆုံးဖြစ်စဉ် ဖြစ်လာခဲ့သည်။

စက်တင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်တွင် ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားသို့ စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်က ပေါင် ၅၀၀ ဗုံးနှစ်လုံး အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ယနေ့ စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းအထိ စာရင်းအရ ဈေးသည်များ၊ ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာများနှင့် ကုန်တင်ကုန်ချလုပ်သားများအပါအဝင် အရပ်သား ၄၉ ဦး သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအနက် အနည်းဆုံး ၂၂ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုနေ့တွင်ပင် မင်းပြားမြို့နယ် စွန်ရဲကျေးရွာနှင့် သံတွဲမြို့နယ် ငပလီကမ်းခြေတို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား ၉ ဦး ထပ်မံဒဏ်ရာရရှိခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

ထို့ကြောင့် စက်တင်ဘာ ၂၈ ရက် တစ်ရက်တည်းတွင် ရခိုင်ပြည်အတွင်း အရပ်သား ၄၉ ဦး သေဆုံးပြီး ၆၇ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်ပြီး စက်တင်ဘာလ ၁၇ ရက်မှ ၂၇ ရက်အထိ ၁၁ ရက်တာ ကာလအတွင်းမှာလည်း ရခိုင်ပြည် အမ်း၊ အဉ္ဇနပူရ (မင်းပြား)၊ ဂွ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနီ (ပေါက်တော)၊ ရသေ့တောင်၊ သံတွဲနှင့် မြောက်ဦးမြို့နယ်တို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အရပ်သား ၆ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူ ၆ ဦးထဲက ၂ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျကျေးရွာမှ ဦးအောင်သန်းမောင် အသက် ၇၆ နှစ်နှင့် ဦးမောင်မြကြည် အသက် ၅၇ နှစ်တို့ဖြစ်ပြီး စက်တင်ဘာလ ၂၃ ရက်က လေကြောင်းဗုံးကြဲခံရ၍ သေဆုံးသွားကြခြင်းဖြစ်သည်။

ကျန် ၄ ဦးမှာ ရသေ့တောင်မြို့နယ် ဇီးကိုင်းကျေးရွာမှ ဒေါ်အေးနုဖြူ အသက် ၇၂ နှစ်နှင့် ဒေါ်မရွှေတင် အသက် ၄၂ နှစ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းကျေးရွာမှ ဦးစောသိန်း အသက် ၅၅ နှစ်နှင့် ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာမှ အမျိုးသမီး ၁ ဦး တို့ဖြစ်သည်။

ဒဏ်ရာရရှိသူ ၁၆ ဦးမှာ သံတွဲ ၁ ဦး၊ ပုဏ္ဏားကျွန်း ၁ ဦး၊ ပေါက်တော ၁ ဦး၊ မင်းပြား ၁ ဦး၊ ဂွမြို့နှင့် ကျိန္တလီ ၅ ဦး၊ ကျောက်တော် ၇ ဦး တို့ဖြစ်ကြသည်။

အဆိုပါ ၁၁ ရက်တာကာလအတွင်း လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် လူနေအိမ်များအပြင် စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

စက်တင်ဘာလ ပထမနှစ်ပတ်အတွင်းလည်း ရခိုင်ပြည်ရှိ ပုဏ္ဏားကျွန်း၊ သံတွဲ၊ ဂွနှင့် စစ်တွေမြို့နယ်တို့တွင် လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့သည်။

စက်တင်ဘာ ၁၃ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူများမှာ စေတီရင်းကျေးရွာမှ ဒေါ်စိုးစိုးနှင့် ရသေ့တောင်မြို့မှ ဦးမိုးမိုးတို့ ဖြစ်ကြသည်။

စက်တင်ဘာ ၁၁ ရက်တွင် ဂွမြို့နယ် ကျိန္တလီမြို့ကို ညပိုင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အသက် ၈၁ နှစ်အရွယ် ဦးဦးကျော်ခိုင် သေဆုံးပြီး ဦးချစ်စမ်းမောင် အသက် ၄၉ နှစ် ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အတွင်း ပုဏ္ဏားကျွန်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၈ ရက်တွင် စစ်တွေမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ဆရာတစ်ဦးနှင့် ကျောင်းသား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၇ ရက်တွင် သံတွဲမြို့ အမှတ် (၈) ရပ်ကွက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၈၀ အရွယ် ဒေါ်သန်းသန်းကြွယ် သေဆုံးပြီး အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၄ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ယာချောင်းကျေးရွာ၌ လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

စက်တင်ဘာလအတွင်း ရရှိထားသည့် ဖြစ်စဉ်မှတ်တမ်းများကို ရက်အလိုက် စုစည်းတွက်ချက်ပါက ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၁၆ ရက်အထိ အရပ်သား အနည်းဆုံး ၆ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်အထိ ၁၁ ရက်တာကာလအတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ စက်တင်ဘာ ၂၈ ရက် တစ်ရက်တည်းတွင် ၄၉ ဦး သေဆုံးပြီး ၆၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် စက်တင်ဘာ ၁ ရက်မှ ၂၈ ရက်အထိ ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများနှင့် ဆက်စပ်၍ အရပ်သား အနည်းဆုံး ၆၁ ဦး သေဆုံးပြီး ၉၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရရှိထားသည့် ဖြစ်စဉ်မှတ်တမ်းများကို စုစည်းတွက်ချက်ထားမှုအရ သိရသည်။

အဆိုပါစာရင်းသည် စက်တင်ဘာလ ၂၈ ရက်အထိ ရရှိထားသော သတင်းအချက်အလက်များနှင့် ဖြစ်စဉ်မှတ်တမ်းများကို အခြေခံ၍ လက်လှမ်းမီသလောက် စုစည်းထားခြင်းဖြစ်၍ မြေပြင်အချက်အလက်များမှာ ယခုစာရင်းထက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။

ပုံစာ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီတွင် ကျောက်တော်မြို့ရှိ အိန္ဒိယဈေးကို အကြမ်းဖက် စစ်ကောင်စီ မြန်မာစစ်တပ်မှ ပေါင် ၅၀၀ ဗုံး အနည်းဆုံး နှစ်လုံးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများစွာ သေဆုံးခဲ့ကြရသည်။ (ဓါတ်ပုံ - AA Info Desk)

#ရခိုင်ပြည် #လေကြောင်းဗုံးကြဲခံရ #အရပ်ပြည်သူများ #အစုလိုက်အပြုံလိုက်သေဆုံး #အကြမ်းဖက်စစ်ကောင်စီ #စစ်ရာဇဝတ်မှုကျူးလွန်ခြင်း #နိုင်ငံတကာမှအရေးယူပေးရန်လိုအပ်နေ

■ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တွင် စစ်ကောင်စီက နေရာ ၄ ခုမှ ထိုးစစ်ကြီးဆင်နွှဲခဲ့သော်လည်း တပ်လန်ကာ စစ်ရှုံးတပ်အဖြစ်သို့ ရောက်...
29/09/2026

■ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တွင် စစ်ကောင်စီက နေရာ ၄ ခုမှ ထိုးစစ်ကြီးဆင်နွှဲခဲ့သော်လည်း တပ်လန်ကာ စစ်ရှုံးတပ်အဖြစ်သို့ ရောက်ရှိသွားကြောင်း AA ပြော

Western News| စက်တင်ဘာ ၂၉

ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်က စက်တင်ဘာ ၄ ရက်နေ့၌ နေရာ ၄ ခုမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ကြီး ဆင်နွှဲခဲ့သော်လည်း အာရက္ခတပ်တော် (AA) ၏ ခုခံစစ်နှင့် တန်ပြန်ထိုးစစ်များကြောင့် တပ်လန်ခဲ့ပြီး စစ်ရှုံးတပ်အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ULA/AA က ယမန်နေ့ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့သည် ရခိုင်ဒေသအပါအဝင် အနည်းဆုံး စစ်မျက်နှာပြင် ၇ ခု၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အချို့စစ်မျက်နှာပြင်များတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ပြောသည်။

အဆိုပါ တိုက်ပွဲများအနက် စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် စက်တင်ဘာ ၄ ရက်က စစ်ကောင်စီတပ်က နေရာ ၄ ခုမှ ထိုးစစ်ကြီးဆင်နွှဲခဲ့သော်လည်း ယခုအချိန်တွင် မြေပြင်ထိုးစစ်များ၌ အထိအခိုက်အကျအဆုံးများစွာဖြင့် တပ်လန်ခဲ့ကာ စစ်မျက်နှာအသစ်၌လည်း ထပ်မံရှုံးနိမ့်၍ “စစ်ရှုံးတပ်” အဖြစ်သို့ ရောက်ရှိလျက်ရှိသည် ဟု ULA/AA က ပြောဆိုထားခြင်းဖြစ်သည်။

မြေပြင်စစ်ရေးတွင် အာရက္ခတပ်တော်၏ ခုခံစစ်နှင့် တန်ပြန်ထိုးစစ်များကို မကျော်လွှားနိုင်သည့် စစ်ကောင်စီတပ်သည် စစ်မြေပြင်အရှုံးများကို အရပ်သားပြည်သူများအပေါ် လွှဲချသည့်ပုံစံဖြင့် အရပ်ဘက်ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်နေသည်ဟု ဆိုသည်။

အထူးသဖြင့် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဈေးများနှင့် လူနေထူထပ်သည့် ကျေးရွာ၊ ရပ်ကွက်များအပြင် သာသနိကအဆောက်အအုံများနှင့် ရှေးဟောင်းအမွေအနှစ် သမိုင်းဝင်နေရာများကိုပါ လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ULA/AA က ပြောသည်။

ယင်းအခြေအနေ၏ နောက်ဆက်တွဲအဖြစ် ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်တွင် ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားတို့ကို စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄၉ ဦး သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူများအနက် ပြင်းထန်ဒဏ်ရာရရှိသူ ၂၂ ဦးထက်မနည်း ရှိနေသည်။

ထို့အပြင် စက်တင်ဘာ ၂၈ ရက်တစ်ရက်တည်းတွင် မင်းပြားမြို့နယ် စွန်ရဲကျေးရွာနှင့် သံတွဲမြို့နယ် ငပလီကမ်းခြေတို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခုနှစ်အတွင်း ရခိုင်ဒေသ၌ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ဆက်တိုက်ရှိခဲ့ကြောင်း ULA/AA က ပြောသည်။

ဇန်နဝါရီ ၂၀ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာရှိ စစ်သုံ့ပန်းစခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၁ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာရှိ စစ်ဘေးရှောင်စခန်းနှင့် ဈေးအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ်သား ၁၇ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း၊ မတ်လ ၈ ရက်တွင် အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ အကျဉ်းထောင်စခန်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် အကျဉ်းသား ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

အလားတူ ဩဂုတ် ၁၃ ရက်တွင် ဂွမြို့နယ် ကျိန္တလီမြို့ပေါ်ရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဩဂုတ် ၂၄ ရက်တွင် ပလက်ဝမြို့နယ် စိမ်းညှင်းကျေးရွာကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီသည် မြေပြင်စစ်မျက်နှာများတွင် ထိုးစစ်များ ဆင်နွှဲသော်လည်း တပ်လန်ကာ အရှုံးများဖြင့် ရင်ဆိုင်နေရပြီး အပြစ်မဲ့ အရပ်သားများနေထိုင်ရာ နေရာများအပေါ် အငြိုးအတေးထားကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမိန့်ပေးသူများ၊ အမိန့်လိုက်နာ၍ ပစ်ခတ်တိုက်ခိုက်သူများ၊ ပါဝင်ပတ်သက်သူများနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများအားလုံးကို အထူးမှတ်တမ်းတင်ထားပြီး “တူညီပြီး ထိုက်တန်သော တုံ့ပြန်မှုမျိုးကို မနှေးမကြာအချိန်အတွင်း လက်တုံ့ပြန်သွားမည်” ဟု ULA/AA က ကြေညာထားသည်။

#ရခိုင်ပြည် #လေကြောင်းဗုံးကြဲခံရ #အရပ်ပြည်သူများ #အစုလိုက်အပြုံလိုက်သေဆုံး #အကြမ်းဖက်စစ်ကောင်စီ #စစ်ရာဇဝတ်မှုကျူးလွန်ခြင်း #နိုင်ငံတကာမှအရေးယူပေးရန်လိုအပ်နေ

■ ကျောက်တော်လေကြောင်းတိုက်ခိုက်မှုအတွက် တာဝန်ခံမှုရှိရမည်ဟု အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR တောင်းဆိုWestern News| စက...
29/09/2026

■ ကျောက်တော်လေကြောင်းတိုက်ခိုက်မှုအတွက် တာဝန်ခံမှုရှိရမည်ဟု အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR တောင်းဆို

Western News| စက်တင်ဘာ ၂၉

ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၄၉ ဦး သေဆုံးပြီး ၆၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ ASEAN Parliamentarians for Human Rights (APHR) က ယနေ့ စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည်။

ကျောက်တော်မြို့ရှိ အိန္ဒိယဈေးကို စစ်ကောင်စီတပ်က ဗုံးအနည်းဆုံး ၂ လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး သေဆုံးဒဏ်ရာရသူများအတွင်း ဈေးသည်များ၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာများ ပါဝင်သည်ဟု APHR က ပြောသည်။

ထိုတိုက်ခိုက်မှုအတွက် တာဝန်ခံမှုရှိစေရန်နှင့် စစ်တပ်၏ အကြမ်းဖက်မှုများ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်များ အဆုံးသတ်ရန် APHR က တောင်းဆိုထားသည်။

“စစ်ကောင်စီဟာ မြေပြင်မှာ နယ်မြေထိန်းချုပ်နိုင်ခြင်းမရှိတာကြောင့် နိုင်ငံတစ်ဝန်း လူနေထူထပ်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို အားကိုးအသုံးပြုနေပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး မြန်မာစစ်ကောင်စီအနေနဲ့ တာဝန်ခံမှုရှိရမယ်” ဟု အင်ဒိုနီးရှားလွှတ်တော်အမတ်နှင့် APHR ဥက္ကဋ္ဌ Mercy Chriesty Barends က ပြောကြားထားသည်။

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုသည် မြန်မာစစ်တပ်၏ အရပ်သားများအပေါ် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် ဖြစ်စဉ်များထဲမှ နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်ဟုလည်း APHR က ဖော်ပြသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်တွင် ကျောက်တော်မြို့နယ်အတွင်းရှိ စာသင်ကျောင်း ၂ ကျောင်းကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျောင်းသား ၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု APHR က ဆိုသည်။

ထို့အပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် မြောက်ဦးပြည်သူ့ဆေးရုံကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် အနည်းဆုံး ၃၃ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ အချက်အလက်များအရ မြန်မာနိုင်ငံတစ်ဝန်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၉၈၂ ဦး သေဆုံးခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် သေဆုံးသူ ၆၄၁ ဦးရှိခဲ့သဖြင့် တိုးမြင့်လာသည်ဟု APHR က ဖော်ပြသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ပြီး လူပေါင်း ၅ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု APHR က ဆိုသည်။

ယင်းအနက် ရခိုင်ပြည်တွင် နေရပ်စွန့်ခွာသူ လူပေါင်း ၅ သိန်းနီးပါးရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်တော်တိုက်ခိုက်မှုနှင့်ပတ်သက်၍ အာဆီယံနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသရွေ့ စစ်ကောင်စီ၏ နိုင်ငံရေးကိုယ်စားလှယ်များကို ယခုနှစ် နိုဝင်ဘာလတွင် မနီလာ၌ ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မပြုရန် APHR က တောင်းဆိုထားသည်။

ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မင်းအောင်လှိုင်အား နိုင်ငံတော်အဆင့် ခရီးစဉ်များနှင့် ဂုဏ်ပြုဧည့်ခံမှုများမှတစ်ဆင့် နိုင်ငံရေးအရ အသိအမှတ်ပြုမှု ပေးအပ်ခြင်းကို ရပ်တန့်ရန်၊ ကုလသမဂ္ဂ၏ Credentials Committee အနေဖြင့် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂကိုယ်စားပြုနေရာ ရယူရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုကို ပယ်ချရန်လည်း တောင်းဆိုထားသည်။

နိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာစစ်တပ်ထံ လက်နက်၊ လေယာဉ်ဆီနှင့် စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးအသုံးပြုနိုင်သည့် ပစ္စည်းများ ထောက်ပံ့ပေးနေမှုကို ရပ်တန့်ပြီး ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်နှင့် နိုင်ငံတကာတရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ထောက်ခံရန်လည်း APHR က တောင်းဆိုထားသည်။

ကျောက်တော်နှင့် ရခိုင်ပြည်တစ်ဝန်းရှိ လေကြောင်းတိုက်ခိုက်မှုခံရသူများထံ လူသားချင်းစာနာမှုဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ရောက်ရှိနိုင်ရေး ခွင့်ပြုပေးရန်လည်း APHR က တိုက်တွန်းထားသည်။

ပုံစာ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီတွင် ကျောက်တော်မြို့ရှိ အိန္ဒိယဈေးကို အကြမ်းဖက် စစ်ကောင်စီ မြန်မာစစ်တပ်မှ ပေါင် ၅၀၀ ဗုံး အနည်းဆုံး နှစ်လုံးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများစွာ သေဆုံးခဲ့ကြရသည်။ (ဓါတ်ပုံ - AA Info Desk)

#ရခိုင်ပြည် #လေကြောင်းဗုံးကြဲခံရ #အရပ်ပြည်သူများ #အစုလိုက်အပြုံလိုက်သေဆုံး #အကြမ်းဖက်စစ်ကောင်စီ #စစ်ရာဇဝတ်မှုကျူးလွန်ခြင်း #နိုင်ငံတကာမှအရေးယူပေးရန်လိုအပ်နေ #အာဆီယံကအရေးယူပေးရန် #တောင်းဆို

■ ကျောက်တော်ဈေး လေကြောင်းတိုက်ခိုက်မှု  တာဝန်ရှိသူများကို လက်တုံ့ပြန်မည်ဟု AA ကြေညာWestern News | စက်တင်ဘာ ၂၉ရခိုင်ပြည်၊...
29/09/2026

■ ကျောက်တော်ဈေး လေကြောင်းတိုက်ခိုက်မှု တာဝန်ရှိသူများကို လက်တုံ့ပြန်မည်ဟု AA ကြေညာ

Western News | စက်တင်ဘာ ၂၉

ရခိုင်ပြည်၊ ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီး လေကြောင်းတိုက်ခိုက်ခံရမှုကို အာရက္ခတပ်တော် (AA) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး တိုက်ခိုက်မှုတွင် တိုက်ရိုက်တာဝန်ရှိသူများနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများကို ထိရောက်သည့် လက်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်နှင့် ၁၂ နာရီ ၁၄ မိနစ်တွင် ဂျက်တိုက်လေယာဉ်တစ်စီးက ကျောက်တော်မြို့ အများပြည်သူသွားလာနေသည့် အိန္ဒိယဈေးအနီးဝန်းကျင်နှင့် ကစ္ဆပနဒီတံတားအနီးဝန်းကျင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လမ်းသွားလမ်းလာများ၊ ဈေးရောင်းဈေးဝယ်သူများနှင့် ကုန်တင်ကုန်ချလုပ်သားများအပါအဝင် အရပ်သားပြည်သူ ၄၉ ဦး သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့သည် ဟု ULA/AA က ထုတ်ပြန်ထားသည်။ ဒဏ်ရာရသူများအနက် ၂၂ ဦးထက်မနည်းမှာ ပြင်းထန်ဒဏ်ရာရရှိထားသည် ဟုလည်း ဖော်ပြထားသည်။

ကျောက်တော်ဈေး လေကြောင်းတိုက်ခိုက်မှုကို ဖော်ပြရာတွင် ULA/AA က လူအများသွားလာနေသည့် ဈေးနှင့် အရပ်သားများရှိရာနေရာကို “တမင်တကာ၊ ရည်ရွယ်ချက်ရှိရှိ” ဗုံးကြဲတိုက်ခိုက်ခြင်းဟု သတ်မှတ်ပြောဆိုထားသည်။

ထုတ်ပြန်ချက်တွင် ယခုနှစ်အတွင်း ရခိုင်ပြည်၌ ဖြစ်ပွားခဲ့သည့် အခြားလေကြောင်းတိုက်ခိုက်မှုများကိုလည်း ဖော်ပြထားသည်။ ဇန်နဝါရီ ၂၀ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာရှိ အာရက္ခတပ်တော် စစ်သုံ့ပန်းစခန်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၁ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာရှိ စစ်ဘေးရှောင်စခန်းနှင့် ဈေးအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၁၇ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ် ၈ ရက်တွင် အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ အာရက္ခတပ်တော် အကျဉ်းထောင်စခန်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် အကျဉ်းသား ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ULA/AA က ဖော်ပြထားသည်။

ထို့အပြင် သြဂုတ် ၁၃ ရက်က ဂွမြို့နယ် ကျိန္တလီမြို့ပေါ်ရပ်ကွက်များကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သြဂုတ် ၂၄ ရက်က ပလက်ဝမြို့နယ် စိမ်းညှင်းကျေးရွာကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်အတွင်း မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်များအပါအဝင် ရခိုင်ဒေသရှိ ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုများကြောင့် အရပ်သား ၆ ဦး သေဆုံးကာ ၂၆ ဦးထက်မနည်း ဒဏ်ရာရရှိပြီး လူနေအိမ် ၅၅ လုံးထက်မနည်း ပျက်စီးခဲ့သည်ဟု ULA/AA က ဆိုသည်။

စက်တင်ဘာ ၂၈ ရက်တွင် ကျောက်တော်အပြင် မင်းပြားမြို့နယ် စွန်ရဲကျေးရွာနှင့် သံတွဲမြို့နယ် ငပလီကမ်းခြေတို့ကိုလည်း လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး အရပ်သား ၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ULA/AA ၏ ထုတ်ပြန်ချက်အတွင်း အထက်ပါဖြစ်စဉ်များအလိုက် ဖော်ပြထားသည့် သေဆုံးသူနှင့် ဒဏ်ရာရသူစာရင်းများကို စုစုပေါင်းတွက်ချက်ပါက သေဆုံးသူ ၂၁၅ ဦးနှင့် ဒဏ်ရာရသူ ၁၈၉ ဦး ရှိသည်။ ယင်းစာရင်းတွင် စက်တင်ဘာ ၂၈ ရက် ကျောက်တော်ဈေး လေကြောင်းတိုက်ခိုက်မှုတစ်ခုတည်းမှ သေဆုံး ၄၉ ဦးနှင့် ဒဏ်ရာရ ၅၈ ဦး ပါဝင်သည်။

ULA/AA က လူနေထူထပ်သည့် ဈေးများ၊ စာသင်ကျောင်းများ၊ အရပ်သားပြည်သူများနှင့် အိုးအိမ်အဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ချက်တွင် စွပ်စွဲထားပြီး ယင်းဖြစ်စဉ်များတွင် တိုက်ရိုက်တာဝန်ရှိသူများနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများကို မှတ်တမ်းတင်ထားကြောင်း ဆိုသည်။

အဆိုပါ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများအပေါ် ထိရောက်သည့် လက်တုံ့ပြန်မှုများကို မနှေးမကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ULA/AA က ကြေညာထားသည်။

ပုံစာ-ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ရှိ လူစည်ကားသည့် အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲခဲ့စဉ်၊

#ကျောက်တော် #ကျောက်တော်မြို့ #ကျောက်တော်ဈေး #အိန္ဒိယဈေး #ကစ္ဆပနဒီတံတား #ရခိုင်ပြည် #ရခိုင် #အာရက္ခတပ်တော် #ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် #လေကြောင်းတိုက်ခိုက်မှု #လေကြောင်းဗုံးကြဲမှု #အရပ်သားသေဆုံးမှု #အရပ်သားထိခိုက်မှု #ကျောက်တော်လေကြောင်းတိုက်ခိုက်မှု #ရခိုင်စစ်ရေး #အရပ်သားကာကွယ်ရေး #လူ့အခွင့်အရေး #လက်တုံ့ပြန်မှု #စက်တင်ဘာ၂၈ #စက်တင်ဘာ၂၉_၂၀၂၆

BREAKING NEWS■ ကျောက်တော်ဗုံးကြဲခံရမှုတွင် အရပ်သားသေဆုံး ၄၁ ဦးအထိ ရှိလာနေWestern News | စက်တင်ဘာ ၂၈ရခိုင်ပြည်၊ ကျောက်တော...
28/09/2026

BREAKING NEWS
■ ကျောက်တော်ဗုံးကြဲခံရမှုတွင် အရပ်သားသေဆုံး ၄၁ ဦးအထိ ရှိလာနေ

Western News | စက်တင်ဘာ ၂၈

ရခိုင်ပြည်၊ ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ရှိ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို ယနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ယနေ့ ညပိုင်း သတင်းရေးသားနေချိန်အထိ အရပ်သားသေဆုံးသူ စုစုပေါင်း ၄၁ ဦးအထိ ရှိလာကြောင်း ကနဦးစုံစမ်းသိရသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် အစောပိုင်းက အရပ်သားသေဆုံးသူ ၃၃ ဦးရှိခဲ့သော်လည်း ထပ်မံရှာဖွေစစ်ဆေးမှုများအရ သေဆုံးသူအရေအတွက်မှာ ၄၁ ဦးအထိ တိုးလာခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများလည်း ရှိနေပြီး ထိခိုက်သေဆုံးသူအရေအတွက်မှာ ဆက်လက်ပြောင်းလဲနိုင်ကြောင်း သိရသည်။

စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ဦးဝေဟင်အောင်က အစောပိုင်းတွင် တွေ့ရှိခဲ့သည့် အလောင်း ၃၃ လောင်းအပြင် ထပ်မံရှာဖွေတွေ့ရှိသည့် အလောင်းများရှိကြောင်း ပြောသည်။

လူမှုကယ်ဆယ်ရေးများ လုပ်ကိုင် ဆောင်ရွက်နေသူ ဦးဝေဟင်အောင်က “အရင်က တွေ့ရှိခဲ့တဲ့ အလောင်း ၃၃ လောင်းရှိတယ်။ အခု ထပ်ပြီးရှာဖွေတွေ့ရှိတာတွေ ရှိပါတယ်။ စုစုပေါင်း သေဆုံးသူ ၄၁ဦး ရှိပါပြီ။ တချို့က မီးလောင်ပျက်စီးပြီး ဝေခွဲမရတာတွေလည်း အများကြီးရှိနေသေးတယ်” ဟု ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုသည် နေ့လယ်ပိုင်း ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာများ စည်ကားနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဂျက်တိုက်လေယာဉ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ကြောင်း ဦးဝေဟင်အောင်က ပြောသည်။

“ဒီနေ့ ကျောက်တော်မြို့ကို နေ့လည် ၁၂ နာရီခန့် ဂျက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့တယ်။ အပျက်အစီး အထိအခိုက် တော်တော်များပါတယ်” ဟု ၎င်းက ပြောသည်။

အိန္ဒိယဈေးအတွင်း ဆိုင်ကယ်၊ ကားများနှင့် လောင်စာဖြစ်စေနိုင်သည့် ပစ္စည်းများ၊ ကုန်ပစ္စည်းများ သိုလှောင်ထားသည့် ဆိုင်များရှိနေခြင်းကြောင့် ဗုံးကြဲတိုက်ခိုက်မှုနောက်ပိုင်း မီးလောင်မှုမှာ ပြင်းထန်ခဲ့ကြောင်း ဦးဝေဟင်အောင်က ဆက်လက် ပြောသည်။

“ဈေးဖြစ်တော့ လောင်စာတွေရှိတယ်။ ဆိုင်ကယ်တွေ၊ ကားတွေရှိတယ်။ ဈေးတွေသိုလှောင်ထားတာတွေ အများကြီးရှိနေတယ်။ အဲ့ဒါတွေက လောင်စာအဖြစ် ပြောင်းလဲသွားတယ်။ မီးက အရမ်းပြင်းတယ်။ အခုလောလောဆယ်တော့ မီးက ထိန်းလို့ရသွားပြီ။ မီးကြွင်းမီးကျန်လောက်ပဲ ကျန်တော့တယ်” ဟု ၎င်းက ဆိုသည်။

အိန္ဒိယဈေးသည် ကျောက်တော်မြို့နယ်အတွင်းရှိ ပြည်သူများသာမက အနီးအနားမြို့နယ်များမှ ပြည်သူများပါ လာရောက်ဈေးရောင်းဈေးဝယ်ကြသည့် အဓိကဈေးတစ်ခုဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားချိန်တွင် လူစည်ကားနေသည့်အချိန်ဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် သံတွဲမြို့နယ်၊ ငပလီမြို့ကိုလည်း ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ငပလီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို လက်ရှိထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားခြင်းမရှိသေးဘဲ နောက်ထပ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဟု AA က ဆိုသည်။

AA ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်အထိ ၁၁ ရက်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သား ၂၂ ဦး သေဆုံးဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅၅ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို ဆက်လက်ရှာဖွေကယ်ဆယ်နေဆဲဖြစ်ပြီး ယနေ့ ညပိုင်းအထိ သေဆုံးသူ စုစုပေါင်း ၄၁ ဦးအထိ ရှိလာကြောင်း သိရသည်။

ပုံစာ-ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ရှိ လူစည်ကားသည့် အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲခဲ့စဉ်၊ ဓါတ်ပုံ-ONN

#ကျောက်တော် #ကျောက်တော်မြို့ #အိန္ဒိယဈေး #ကစ္ဆပနဒီတံတား #ရခိုင် #ရခိုင်ပြည် #လေကြောင်းတိုက်ခိုက်မှု #လေကြောင်းဗုံးကြဲ #ဂျက်တိုက်လေယာဉ် #အရပ်သားသေဆုံးမှု #အရပ်သားထိခိုက်မှု #ငပလီ #သံတွဲ #စစ်ဘေးရှောင် #ကယ်ဆယ်ရေး

■ မင်းအောင်လှိုင်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ သေဆုံးရုပ်အလောင်းများ (ဓာတ်ပုံသတင်း)ဓာတ်ပုံများကို Western News ၏ တယ်လီ...
28/09/2026

■ မင်းအောင်လှိုင်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ သေဆုံးရုပ်အလောင်းများ (ဓာတ်ပုံသတင်း)
ဓာတ်ပုံများကို Western News ၏ တယ်လီဂရမ်တွင်ကြည့်ရှုရန်-
https://t.me/TheWesternNews/30934?single

Western News | စက်တင်ဘာ ၂၈

ရခိုင်ပြည်၊ ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ရှိ လူစည်ကားသည့် အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို ယနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃၃ ဦး သေဆုံးပြီး ၃၆ ဦးအထိ ဒဏ်ရာရရှိထားကြောင်း ကနဦးသိရသည်။

အာရက္ခတပ်တော် (AA) ၏ နောက်ဆက်တွဲထုတ်ပြန်ချက်အရ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၃ ဦး သေဆုံးပြီး ၃၆ ဦးအထိ ဒဏ်ရာရရှိထားကာ မီးလောင်ပျက်စီးနေသည့်နေရာများအတွင်း အလောင်းများ ရှိနေသေးသဖြင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း ဆိုသည်။

စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ကိုဝေဟင်အောင်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ကြောင်း ပြောသည်။

“ဒီနေ့ ကျောက်တော်မြို့ကို နေ့လည် ၁၂ နာရီခန့် ဂျက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့တယ်။ အပျက်အစီး အထိအခိုက် တော်တော်များပါတယ်။ ကနဦးအချက်အလက်အရတော့ သေဆုံးသူ ၃၃ ဦးနဲ့ ဒဏ်ရာ ၃၆ ဦး ရှိပါတယ်။ မီးပုံထဲမှာ အလောင်းတချို့ ရှိနေသေးတယ်။ အသေအပျောက်က ထပ်တိုးလာနိုင်သေးတယ်” ဟု ကိုဝေဟင်အောင်က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားချိန်သည် နေ့လယ်ပိုင်းဖြစ်သဖြင့် အိန္ဒိယဈေးတွင် ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာများ စည်ကားနေသည့်အချိန်ဖြစ်ပြီး ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ၎င်းက ပြောသည်။

“နေ့လယ်ဘက်ဆိုတော့ အိန္ဒိယဈေးမှာက နယ်ဘက်ကသူတွေ ဈေးဝယ်နေတဲ့အချိန်နဲ့ တိုးသွားတာပေါ့လေ။ ဗုံးကြဲချိန်နဲ့ လူအသွားအလာများနေချိန်နဲ့ ဖြစ်သွားတော့ အသေအပျောက် တော်တော်များပါတယ်” ဟု ကိုဝေဟင်အောင်က ဆက်လက်ပြောသည်။

အိန္ဒိယဈေးသည် ကျောက်တော်မြို့နယ်အတွင်းရှိ ပြည်သူများသာမက အနီးအနားမြို့နယ်များမှ ပြည်သူများပါ လာရောက်ဈေးရောင်းဈေးဝယ်ကြသည့် အဓိကဈေးတစ်ခုဖြစ်သည်။

အလားတူ ယနေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် သံတွဲမြို့နယ်၊ ငပလီမြို့ကိုလည်း ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။ ငပလီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို လက်ရှိထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားခြင်းမရှိသေးဘဲ နောက်ထပ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဟု AA က ဆိုသည်။

AA ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်အထိ ၁၁ ရက်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သား ၂၂ ဦး သေဆုံးဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅၅ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းရှိ မြို့များထဲတွင် ပါဝင်ပြီး ရခိုင်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို ဆက်လက်ရှာဖွေကယ်ဆယ်နေဆဲဖြစ်သဖြင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း သိရသည်။

ပုံစာ-ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ရှိ လူစည်ကားသည့် အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲခဲ့စဉ်၊ ဓါတ်ပုံ-ONN

#မင်းအောင်လှိုင် #ကျောက်တော် #အိန္ဒိယဈေး #ကစ္ဆပနဒီတံတား #ရခိုင် #ရခိုင်ပြည် #လေကြောင်းတိုက်ခိုက်မှု #လေကြောင်းဗုံးကြဲ #ဂျက်တိုက်လေယာဉ် #အရပ်သားသေဆုံးမှု #အရပ်သားထိခိုက်မှု #ငပလီ #သံတွဲ #စစ်ဘေးရှောင် #ကယ်ဆယ်ရေး

28/09/2026

■ လူစည်ကားတဲ့ ကျောက်တော်မြို့ဈေး လေကြောင်းဗုံးကြဲခံရ၊ အရပ်သား ၇၀ နီးပါး သေဆုံးဒဏ်ရာရ (ရုပ်သံ)

Western News| စက်တင်ဘာ ၂၈

ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ လူစည်ကားတဲ့ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးကို ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား ၃၃ ဦး သေဆုံးကာ ၃၆ ဦး ဒဏ်ရာရရှိထားကြောင်း ကနဦးသတင်းအရ သိရသည်။

အဆိုပါထိခိုက်သေဆုံးမှုစာရင်းသည် ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် အိန္ဒိယဈေးသည် ကျောက်တော်မြို့နယ်အတွင်းသာမက အနီးအနားမြို့နယ်များမှ ပြည်သူများပါ လာရောက်ဈေးရောင်းဈေးဝယ်ကြသည့် လူစည်ကားသော ဈေးတစ်ခုဖြစ်သည်။

#ကျောက်တော် #အိန္ဒိယဈေး #ရခိုင် #လေကြောင်းတိုက်ခိုက်မှု #အရပ်သားသေဆုံးမှု #အရပ်သားထိခိုက်မှု #စစ်ပွဲ #လေကြောင်းဗုံးကြဲ #ကစ္ဆပနဒီတံတား

■ ကျောက်တော်ဈေး ဗုံးကြဲခံရမှုတွင် သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရသူ ၃၆ ဦးအထိ တိုးလာနေ (မီးပုံထဲတွင် အလောင်းများရှိနေသေး၍ သေဆု...
28/09/2026

■ ကျောက်တော်ဈေး ဗုံးကြဲခံရမှုတွင် သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရသူ ၃၆ ဦးအထိ တိုးလာနေ

(မီးပုံထဲတွင် အလောင်းများရှိနေသေး၍ သေဆုံးသူအရေအတွက် ထပ်တိုးနိုင်)

Western News| စက်တင်ဘာ ၂၈

ရခိုင်ပြည်၊ ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ရှိ အိန္ဒိယဈေးနှင့် ဈေးအနီး ကစ္ဆပနဒီတံတားပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရရှိသူ ၃၆ ဦးအထိ ရှိလာကြောင်း ကနဦး စုံစမ်းသိရသည်။

ယနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဈေးနှင့် တံတားပေါ်ရှိ အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူ ကိုဝေဟင်အောင်က ပြောသည်။

“ဒီနေ့ ကျောက်တော်မြို့ကို နေ့လည် ၁၂ နာရီခန့် ဂျက်လေယဥ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့တယ်။ အပျက်အစီး အထိအခိုက် တော်တော်များပါတယ်။ ကနဦး အချက်အလက်အရတော့ သေဆုံးသူ ၃၃ ဦးနဲ့ ဒဏ်ရာ ၃၆ ဦး ရှိပါတယ်။ မီးပုံထဲတွင် အလောင်းတချို့ရှိနေသေးတယ်။ အသေအပျောက်က ထပ်တိုးလာနိုင်သေးတယ်" ဟု ၎င်းက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားချိန်မှာ နေ့လယ်ပိုင်းဖြစ်သဖြင့် အိန္ဒိယဈေးတွင် ဈေးရောင်းဈေးဝယ်သူများနှင့် လူသွားလူလာများပြားနေသည့်အချိန်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"နေ့လယ်ဘက်ဆိုတော့ အိန္ဒိယဈေးမှာက နယ်ဘက်က သူတွေ ဈေးဝယ်နေတဲ့အချိန်နဲ့ တိုးသွားတာပေါ့လေ။ ဗုံးကြဲချိန်နဲ့ လူအသွားအလာများနေချိန်နဲ့ ဖြစ်သွားတော့ အသေအပျောက် တော်တော်များပါတယ်” ဟု ကိုဝေဟင်အောင် ဆက်လက်ပြောကြားခဲ့သည်။

ကနဦးသတင်းများအရ အဆိုပါလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးဒဏ်ရာရသူ ၁၀ ကျော်ရှိနိုင်ကြောင်း သိရသော်လည်း နောက်ပိုင်း စုံစမ်းသိရှိချက်များအရ သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရသူ ၃၆ ဦးအထိ ရှိလာခြင်းဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထပ်မံစိစစ်မှုများ ဆောင်ရွက်နေဆဲဖြစ်သဖြင့် ထိခိုက်သေဆုံးသူ အရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း သိရသည်။

ကျောက်တော်မြို့အပြင် ယနေ့ စက်တင်ဘာ ၂၈ ရက်အတွင်း မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် သံတွဲမြို့နယ်များတွင်လည်း လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

#အကြမ်းဖက်စစ်ကောင်စီ #လေကြောင်းဗုံးကြဲနေ #ပေါင်၅၀၀ဗုံးအသုံးပြု #ရခိုင်ပြည်သူများသေဆုံးနေ #အရပ်သားပြည်သူများ #အပြစ်မဲ့ပြည်သူများ #စစ်ရာဇဝတ်မှုကျူးလွန်ခြင်း

■ မလေးရှား လန်ကပ်ထိန်းသိမ်းရေးစခန်းမှ မြန်မာ ၈၉ ဦးကို စက်တင်ဘာ ၃၀ ရက်တွင် ပြန်ပို့မည်ဟု စစ်ကောင်စီပြော Western News| စက်...
28/09/2026

■ မလေးရှား လန်ကပ်ထိန်းသိမ်းရေးစခန်းမှ မြန်မာ ၈၉ ဦးကို စက်တင်ဘာ ၃၀ ရက်တွင် ပြန်ပို့မည်ဟု စစ်ကောင်စီပြော

Western News| စက်တင်ဘာ ၂၈

မလေးရှားနိုင်ငံ လန်ကပ် (Langkap) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၈၉ ဦးကို စက်တင်ဘာ ၃၀ ရက်တွင် မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ စစ်ကောင်စီသံရုံးက ယနေ့ စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ၈၉ ဦးကို မြန်မာ့လေကြောင်း 8M-502 ခရီးစဉ်ဖြင့် စက်တင်ဘာလ ၃၀ ရက်တွင် ကွာလာလမ်ပူမှ ရန်ကုန်သို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

မလေးရှားရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသားများကို စက်တင်ဘာလအတွင်း ဆက်တိုက်ပြန်လည်ပို့ဆောင်နေပြီး စက်တင်ဘာ ၃ ရက်မှ ၂၅ ရက်အတွင်း မြန်မာနိုင်ငံသား ၈၁၂ ဦးကို လေကြောင်းခရီးစဉ်များဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း စစ်ကောင်စီသံရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းကာလအတွင်း Kemenyan၊ Beranang၊ Tanah Merah၊ Pekan Nanas နှင့် Semenyih လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများမှ ပြန်လည်ပို့ဆောင်မည့် မြန်မာနိုင်ငံသားစာရင်းများကို စစ်ကောင်စီသံရုံးက ရက်အလိုက် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၁၇ ရက်တွင် Kemenyan Camp နှင့် Beranang Camp တို့မှ မြန်မာနိုင်ငံသား ၆၂ ဦးကို ပြန်လည်ပို့ဆောင်မည့်စာရင်းကို ထုတ်ပြန်ခဲ့သည်။

ထို့အပြင် မလေးရှားရှိ ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး သတ်မှတ်ပြစ်ဒဏ်များကို ကျခံပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်ရန် အခက်အခဲရှိနေသည့် စိစစ်အတည်ပြုထားသော မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ပြန်လည်ပို့ဆောင်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းထားကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ၁,၄၇၆ ဦးကို မူလအားဖြင့် ဩဂုတ် ၂၇ နှင့် ၂၈ ရက်များတွင် ပြန်လည်ပို့ဆောင်ရန် စီစဉ်ခဲ့သော်လည်း မလေးရှားဘက်က ရက်ရွှေ့ရန် အကြောင်းကြားခဲ့သဖြင့် စက်တင်ဘာ ၂၈ နှင့် ၂၉ ရက်များသို့ ပြန်လည်သတ်မှတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

ယင်းအစီအစဉ်သည် ၂၀၂၁ ခုနှစ်က မလေးရှားရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၁,၀၈၆ ဦးကို လူသားချင်းစာနာမှုအခြေခံဖြင့် စစ်ကောင်စီရေတပ်သင်္ဘောများအသုံးပြု၍ ပြန်လည်ပို့ဆောင်ခဲ့သည့် အစီအစဉ်နောက်ပိုင်း မလေးရှားမှ မြန်မာနိုင်ငံသားများကို အစုလိုက်အပြုံလိုက် ပြန်လည်ပို့ဆောင်ရန် ထပ်မံညှိနှိုင်းလာခြင်းဖြစ်သည်။

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသူများအနက် လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုများနှင့် တရားမဝင်နေထိုင်မှုများကြောင့် ထိန်းသိမ်းခံရသူများ ပါဝင်ပြီး စစ်ကောင်စီသံရုံးနှင့် ကောင်စစ်ဝန်ရုံးများက သက်ဆိုင်ရာနိုင်ငံသားများအတွက် ကောင်စစ်ဝန်ရေးရာ အကူအညီများပေးနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

တစ်ဖက်တွင် မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ရေးနှင့်ပတ်သက်၍ UNHCR က အဆိုပါအစီအစဉ်တွင် ပါဝင်ခြင်းမရှိကြောင်း ပြောထားပြီး မြန်မာနိုင်ငံအတွင်း ပဋိပက္ခနှင့် လုံခြုံရေးအခြေအနေများ ဆက်လက်ရှိနေသဖြင့် ပြန်လည်သွားရောက်မည့်သူများ၏ လုံခြုံရေးနှင့် အကာအကွယ်ဆိုင်ရာ အခြေအနေများကို ထည့်သွင်းစဉ်းစားရန် တိုက်တွန်းထားသည်။
မလေးရှားဘက်ကမူ ပြန်လည်ပို့ဆောင်မှုများသည် ဆန္ဒအလျောက်ဖြစ်ကြောင်း ပြောထားသည်။

ထို့အပြင် မလေးရှားရှိ ထိန်းသိမ်းရေးစခန်းများမှ ပြန်လည်ပို့ဆောင်မည့် မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များထံ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသူများရှိနိုင်သဖြင့် ထိုသို့ ငွေကြေးတောင်းခံမှုများနှင့်ပတ်သက်၍ သတိထားကြရန် စစ်ကောင်စီသံရုံးက ထုတ်ပြန်ချက်များတွင် သတိပေးထားသည်။

လက်ရှိတွင် လန်ကပ် (Langkap) ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၈၉ ဦးကို စက်တင်ဘာ ၃၀ ရက်တွင် 8M-502 ခရီးစဉ်ဖြင့် ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားပြီး မလေးရှားရှိ အခြားလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

Ref: စစ်ကောင်စီသံရုံး၊ ကွာလာလမ်ပူ / စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန / Reuters

#အကြမ်းဖက်စစ်ကောင်စီ #မလေးရှား #ရွှေ့ပြောင်းမြန်မာများ #မြန်မာအလုပ်သမားများ #နေရပ်ပြန်ပို့မည် #စစ်မှုထမ်းဥပဒေ #လုံခြုံရေးစိုးရိမ်ရ #အတင်းအကျပ်ပို့ဆောင်ခြင်း

Address

Myo Thu Gyi Ward, Main Road
Sittwe
07011

Telephone

+959420295411

Website

Alerts

Be the first to know and let us send you an email when Western News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Western News:

Shortcuts

Share