24/04/2024
ဧပြီ ၂၃၊ ၂၀၂၄ ခုနှစ်။
UN လူ့အခွင့်အရေးကော်မရှင်နာ၏ ပြောကြားချက်အား တုန့်ပြန်မှတ်ချက်ပြုခြင်း
လွန်ခဲ့သော ဧပြီ ၁၉၊ ၂၀၂၄ ခုနှစ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာ Volker Türk မှ ရက္ခိုင်ပြည် စစ်ရေး၊ နိုင်ငံရေး နှင့် အသိုင်းအဝိုင်းများကြား ဆက်ဆံရေး အခြေအနေများနှင့် ဆက်စပ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပါဝင်သော အချက်များမှာ အချက်အလက်အားဖြင့် မှားယွင်းနေခြင်း၊ ဘက်လိုက်သော စွပ်စွဲချက်များအပြင် အဖြစ်မှန်ကို ဖုံးကွယ်ရန် ကြိုးစားခြင်းများနှင့် ပြည့်နှံ့နေပါသည်။
အဆိုပါ ပြောကြားချက်များထဲမှ
အဓိကထား ထောက်ပြလိုသည့်အချက်များမှာ-
၁။ “ရက္ခိုင်ပြည်သည် အဖွဲ့အစည်းများစွာပါဝင်သည့် စစ်မြေပြင် ပြန်ဖြစ်လာပြီး၊ အရပ်သားများမှာ ကြီးမားသော ဆုံးရှုံးမှုကို ပေးဆပ်နေရပြီး၊ ‘မူဆလင်များ’ သည် ပို၍ အန္တရာယ်ကျရောက်နေသည်”
အထက်ပါ ပြောကြားချက်ထဲတွင် ‘အဖွဲ့အစည်းများစွာ’ ဟူသည်ကို ကော်မရှင်နာအနေဖြင့် ပို၍ ထင်ရှားစွာ ဖော်ပြရန် လိုအပ်ပါသည်။ ယခင်စစ်ပွဲများတွင် မိမိတို့ အာရက္ခတပ်တော် နှင့် စစ်ကောင်စီတပ်တို့ကြားသာ ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မူများသည်။ သို့သော် ယခုတစ်ကြိမ်တွင် စကစအာဏာပိုင်များ၏ ပြဿနာဖန်တီးမှုကြောင့် မူဆလင်အစွန်းရောက် အဖွဲ့များဖြစ်သော ARSA (Arakan Rohingya Salvation Army), ARA (Arakan Rohingya Army), RSO (Rohingya Solidarity Organization) အပြင် တခြားသော မူဆလင်လက်နက်ကိုင်များ ခေါင်းထောင်ပေါ်ထွက်လာပြီး၊ အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးပါသည်။
တဖက်တွင် စစ်ပွဲ၏ ဒါဏ်ကို ခံစားရသူများထဲတွင် မူဆလင်အသိုင်းအဝိုင်းကိုသာ ပိုအလေးပေးဖော်ပြထားခြင်းသည်လည်း တခြားသော ဒုက္ခခံစားနေကြရသူများအား လှစ်လျှူရှုရာ ရောက်ပါသည်။ မိမိတို့၏ မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ တကျော့ပြန်စစ်ပွဲများ စတင်သည်မှ မတ် (၂၁) ရက်နေ့အထိ စစ်ပွဲကြောင့် သေဆုံးသူ (၁၇၉)၊ ဒါဏ်ရာရာသူ(၄၆၈) ဦးတို့ထဲတွင် မူဆလင်အသိုင်းအဝိုင်းထဲမှ ၂၅ ရာခိုင်နုန်းအောက်တွင်သာရှိပြီး၊ ရက္ခိုင်နှင့် တခြားလူမျိုးစုများမှ ၇၀ ရာခိုင်နုန်းအထက်ရှိပါသည်။ ဤသည်မှာ စစ်ကောင်စီမှ မူဆလင်များထက် ရက္ခိုင်လူမျိုးများကို ဦးတည်တိုက်ခိုက်နေခြင်းကြောင်း ဖြစ်ပါသည်။ ထိုနည်းအတူပင် ‘၁၀၂၇ အော်ပရေးရှင်း’ စတင်သည်မှ ယခုဘူးသီးတောင်နယ်တိုက်ပွဲမပြင်းထန်မှီ အချိန် မတ် (၂၁) ရက်နေ့အထိ တိုက်ပွဲများကြောင်းထွက်ပေါ်ခဲ့သော စစ်ဘေးဒုက္ခသည် (IDP) အရေအတွက် သုံးသိန်း (၃၀၀,၀၀၀)ကျော်တွင် မူဆလင် အရေအတွက် ၁၅ ရာခိုင်နန်းသာ ပါဝင်ပြီး ၈၅ ရာခိုင်နှန်းမှာ ရက္ခိုင်လူမျိုးများနှင့် မူဆလင်မဟုတ်သော ကျန်ဒေသခံလူမျိုးများသာဖြစ်ပါသည်။ ထို့ကြောင့် ကုလကော်မရှင်နာ၏ ထိုကဲ့သို့ ညွန်းဆိုချက်သည် မြေပြင်ပကဓိအခြေအနေ၊ အချက်အလက်များနှင့် လွဲချော်နေပြီး၊ တဖက်သက် ဘက်လိုက်မှုသာ ဖြစ်နေပါသည်။
၂။ “ပို၍ အခြေအနေဆိုးနေသည်မှာ မူဆလင်များအား ၂၀၁၇ တွင် အဖွဲ့အစည်းတစ်ခုတည်းမှသာ ဦးတည် တိုက်ခိုက်ပြီး၊ ယခုအချိန်တွင်တော့ မူဆလင်များအား သတ်ဖြတ်ခဲ့သော မှတ်တမ်းရှိသည့် လက်နက်ကိုင်အုပ်စုနှစ်ခုကြားတွင် ပိတ်မိနေပေသည်။ ကျနော်တို့အနေဖြင့် မူဆလင်များကို နောက်တစ်ကြိမ် ဦးတည် တိုက်ခိုက်မှုကို ခွင့်မပြုနိုင်ပေ”
ကုလကော်မရှင်နာ၏ အထက်ပါ ဖော်ပြချက်တွင် ‘လက်နက်ကိုင် အုပ်စုနှစ်ခု’ ဟူသည် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စစ်အာဏာရှင်ဆန့်ကျင်တိုက်ပွဲဝင်နေသော မိမိတို့ အာရက္ခတပ်တော် နှင့် တစ်ကမ္ဘာလုံးနှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအား ဖိနှိပ်သတ်ဖြတ်နေသော ဖက်စစ် ‘စစ်ကောင်စီတပ်’ တို့ကို ရည်ညွန်းသည်ဟု ထင်ရပါသည်။ မိမိတို့ အာရက္ခတပ်တော် နှင့် ဖက်စစ်စစ်တပ်အား ထိုကဲ့သို့ ‘ကျင့်ဝတ်ဂုဏ်သိက္ခာအရ’ တစ်တန်းတည်းထား ပြောကြားခြင်းသည် လွန်စွာ လွဲမှားသော စဥ်းစားချက်ဖြစ်သည်။ အကြမ်းဖက် စစ်ကောင်စီသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက ရက္ခိုင်လူမျိုးများအပါအဝင် မိမိတို့ဒေသရှိ မူဆလင်များကို လူမျိုးရေး၊ ဘာသာရေးအရ ပစ်မှတ်ထားက အပြစ်မဲ့ပြည်သူများအား ရာထောင်ချီအောင် သတ်ဖြတ်ခဲ့သော
အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုကဲ့သို့ သတ်ဖြတ်မှုများထဲတွင် ၂၀၁၇ ခုနှစ်တွင် အဆိုးရွှားဆုံးဖြစ်ခဲ့ပြီး၊ ယနေ့တိုင် ‘နိုင်ငံတကာရာဇဝတ်ရုံး’ (ICJ) တွင် ‘လူမျိုးတုံးသတ်ဖြတ်မှု’ စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ လက်ရှိကာလတွင်လည်း ICJ မှ ချမှတ်ထားသော ‘ကြားဖြတ်အမိန့်များ’ (provisional measures) ကို လိုက်နာရန် ပျက်ကွက်နေသည့်အပြင် မူဆလင်များအား ပစ်မှတ်ထား သတ်ဖြတ်နေဆဲလည်းဖြစ်သည်။
တဖက်တွင် မိမိတို့ အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်ရှိ လူမျိုး၊ ဘာသာ အုပ်စုတိုင်းကို အကာအကွယ်ပေးရန် ရပ်တည်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ မည်သည့် အပြစ်မဲ့ မူဆလင်အရပ်သားကိုမျှ ရည်ရွယ်ချက်ရှိရှိ ဦးတည်သတ်ဖြတ်ခဲ့ခြင်း မရှိပေ။ ယခုနှင့် နောက်နောင်တွင်လည်း မူဆလင်များအပါအဝင် ရက္ခိုင်ပြည်တွင်း ပြည်သူများအားလုံးကို ထိရောက်စွာ အကာအကွယ်ပေးသွားမည်လည်း ဖြစ်သည်။
ထို့အပြင် ကုလကော်မရှင်နာ၏ အထက်ပါ ပြောကြားချက်ထဲတွင် ARSA, ARA, RSO ကဲ့သို့ အစွန်းရောက် မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ အပြစ်မဲ့ ရက္ခိုင်၊ မူဆလင် နှင့် လူနည်းစု ပြည်သူများအား သတ်ဖြတ်မူများ ဆက်တိုက်ကျူးလွန်နေသည်ကို ဖော်ပြမထားသည်မှာ အံ့ဩဖွယ်ဖြစ်သော လိုအပ်ချက်ဖြစ်ပါသည်။ ရက္ခိုင်ပြည်မြောက်ဖက်၊ ဘူးသီးတောင်မြို့နယ် နှင့်မောင်တောမြို့နယ် ဆက်စပ်နယ်မြေတဝိုက်၏လက်ရှိအခြေနေမှာ ARA, ARSA, RSO တို့အပြင် တစ်ခြားသော ဒေသခံလက်နက်ကိုင် မူယစ်ဂိုဏ်များမှ အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ အမြဲဖြစ်ပျက်နေပြီ ဒေသတွင်းတည်ငြိမ်မှုကိုခြိမ်းခြောက်လျှက်ရှိနေပါသည်။
၃။ “စစ်ကောင်စီသည် မူဆလင်လက်နက်ကိုင် (သို့) ရွာသားများကို ရက္ခိုင်အိမ်၊ အဆောက်အုံ (သို့) ရွာအားများ မီးရှို့ရန် တွန်းအားပေးသည်ဟု တချို့ရေးသားချက်များမှ ဆိုသည်။ တဖက်တွင် ရက္ခိုင်လူမျိုးရွာသားများသည်လည်း ထိုကဲ့သို့ပင် မူဆလင်ရွားများကို မီးရှို့ခြင်းအားဖြင့် တုန့်ပြန်သည်ဟု စွပ်စွဲပြောဆို ကြသည်”
ကုလကော်မရှင်နာ၏ အထက်ပါ ပြောကြားချက်သည် အမှား နှင့် အမှန် ကို ရှုပ်ထွေးစေပါသည်။ မူဆလင်လက်နက်ကိုင်များ၊ ရွာသားများကို ရက္ခိုင်လူမျိုးများ၏ အိမ်၊ အဆောက်အအုံ နှင့် ရွားများကို စစ်ကောင်စီအာဏာပိုင်များမှ မီးရှို့ရန် တိုက်တွန်းပြောကြားချက်မှာ မှတ်တမ်းတင်ထားချက်များအရ မှန်ကန်ရုံမျှမက ဧပြီ ၁၈-၁၉ ရက်နေ့တွင် အစွန်းရောက် မူဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သော ARSA, ARA, RSO တို့၏ ရောယှက်ရှုပ်ထွေးနေသော တပ်ဖွဲ့ဝင်များနှင့် အမာခံအဖွဲ့ဝင်များမှ MSF ရုံးအပါအဝင် ဘူးသီးတောင်မြို့ပေါ်ရှိ ရက္ခိုင်အိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခြင်း နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ဂိုဒေါင်များအား ဖောက်ထွင်းလုယက်ခိုးယူခြင်းတို့မှာ ထင်ရှားသော သက်သေဖြစ်ပေသည်။ ယင်းမတိုင်ခင် ဧပြီ ၁၂ ရက်နေ့တွင် ဘူးသီးတောင်မြို့ပေါ်၌ အပြစ်မဲ့ ရက္ခိုင်လူငယ် နှစ်ဦးကို လည်လှီးသတ်ဖြတ်ခံခဲ့ရသည် ဖြစ်ရပ်တို့ကို ဖော်ပြထားခြင်းလည်း မရှိပေ။ တဖက်တွင် ရက္ခိုင်လူမျိုးများမှ မူဆလင်ရွာများကို မီးရှို့တုန့်ပြန်ခဲ့သည်ဟူသည့် ဖြစ်ရပ်မှာလည်း မည်သည့် နေရာမှာမျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ၊ သက်သေ အထောက်အထားမရှိဘဲ ကော်မရှင်နာ၏ စိတ်ကူးယဥ် မှားယွင်းစွာ ပြောဆိုခဲ့ခြင်းသာ ဖြစ်ပေသည်။
၄။ "ကော်မရှင်နာမှ သတင်းတု နှင့် ဝါဒဖြန့်မူများသည် ကြီးမားစွာဖြစ်ပေါ်နေပြီး၊ ‘အစ္စလာမ်မစ် အစွန်းရောက်များ’ မှ ဟိန္ဒီ နှင့် ဗုဒ္ဓဘာသာဝင်များကို ဓါးစာခံဖမ်းထားတယ် ဟူသည့် ကိစ္စအား ရည်ညွန်းပြောဆိုခဲ့သည်။ အဆိုပါ ပြောကြားချက်သည် ၂၀၁၂ ခုနှစ် အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှု နှင့် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများကို ဆိုးရွားပြင်းထန်သော တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေခဲ့သော အမုန်းစကားမျိုး ဖြစ်သည်ဟု ဆိုသည်။”
ကော်မရှင်နာ၏ အထက်ပါ ပြောကြားချက်သည် ၂၀၁၂ နှင့် ၂၀၁၇ အကြမ်းဖက်မူ ပဋိပက္ခအခြေအနေများ နှင့် ယခုလက်ရှိ အခြေအနေများကို အတူတူဖြစ်နေသည်ဟု မှားယွားစွာ ယုံကြည်မှုများမှ မြစ်ဖျားခံလာပုံရပါသည်။ အခြေအနေအမှန်ကို နားလည်ရန် လိုအပ်သည်မှာ ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုများ ဖြစ်ရသည်မှာ ယခု အကြမ်းဖက်စစ်ကောင်စီဖြစ်သော မြန်မာစစ်တပ်မှ ရက္ခိုင်ပြည်ရှိ မတူညီသော လူမျိုး၊ ဘာသာများကြား ရန်တိုက်ကာ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးဖမ်းခဲ့သောကြောင်းဖြစ်ပါသည်။ သို့သော် မိမိတို့ ULA အစိုးရအနေဖြင့် ၂၀၁၉ ခုနှစ် အုပ်ချုပ်ရေးယန္တယားများကို စတင်ထူထောင်သည်မှစ၍ ဒေသတွင်း မတူညီသော လူမျိုး၊ ဘာသာများကြား လူမူသဟဇာတဖြစ်စေသော လှုပ်ရှားမှုများပြုလုပ်ခြင်း၊ အုပ်ချုပ်ရေး ယန္တယားအတွင်း ဒေသခံမူဆလင်များအား ပါဝင်စေခြင်း၊ နှင့် ကိုဗစ်-၁၉ (Covid-19) နှင့် မိုခါဆိုင်ကလုန်း (Mocha Cyclone) ကဲ့သို့ အရေးပါ် ကျန်းမာရေး၊ သဘာဝဘေးကာလများတွင်ပါ ကျောသားရင်သား မခွဲခြားဘဲ ကူညီကယ်ဆယ်ခြင်း တို့ကို တစိုက်မက်မက် လုပ်ဆောင်ခဲ့ပေသည်။ ထို့ကြောင့် ယခု ကာလတွင် စစ်ကောင်စီ နှင့် အစွန်းရောက် အကြမ်းဖက် မူဆလင်အုပ်စုများမှ မည်သို့ပင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်သော လှုံဆော်အကြမ်းဖက်မူများကို ဦးတည်ပြုလုပ်နေပါစေ ၎င်းတို့ ရည်မှန်းအချက်အတိုင်း အထ မမြောက်လာနိုင်သေးခြင်းဖြစ်ပေသည်။
အထက်ပါ ကုလကော်မရှင်နာ၏ ပြောကြားချက်ထဲတွင် ဖော်ပြထားသော ဘူးသီးတောင်မြို့ထက်တွင် ဟိန္ဒီနှင့် ဗုဒ္ဓဘာသာဝင်များကို အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး ARSA, ARA ကဲ့သို့ အကြမ်းဖက်အုပ်စုများမှ ပြန်ပေးဆွဲ ဓါးစာခံပြုလုပ်ထားသည့် လုပ်ရပ်သည် အလွန်တရာ အကျဥ်းတန်သော လုပ်ရပ်ဖြစ်ပါသည်။ ကုလလူ့အခွင့်အရေးကော်မရှင်နာ အနေဖြင့် အထက်ပါ လူပေါင်း ၂၀၀၀ ကျော်၏ အသက်ကို ငဲ့ညာသော စကား တစ်ခွန်းမှ မပြောခဲ့ခြင်းသည် လွန်စွာ ကိုယ်စားစာနာမူအားနည်းသော ခွဲခြားဆက်ဆံသော လုပ်ရပ်ဖြစ်ပါသည်။
၅။ နိဂုံးချူပ်အနေဖြင့် ပြောကြားလိုသည်မှာ လက်ရှိကာလ ရက္ခိုင်ပြည် စစ်ရေး၊ နိုင်ငံရေးအခြေအနေများသည် အလွန်တရာ အတိမ်းအစောင်းမခံနိုင်သော ကာလဖြစ်သည့်အတွက်၊ ပြည်တွင်း၊ ပြည်ပ မှ သက်ဆိုင်သူများအနေဖြင့် မြေပြင်အခြေအနေမှန်များကို သတိထား ဆင်ခြင်သုံးသပ်ရန် ရေးကြီးပါသည်။ မလိုလားအပ်သော ပြောဆိုရေးသားချက်များကြောင်း ပြည်သူလူထုကြားတွင် ပွတ်တိုက်မူများဖြစ်ပေါ်လာပါက သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ တာဝန်ယူ၊ တာဝန်ခံရမည်လည်း ဖြစ်ပေသည်။
ကုလကော်မရှင်နာ၏ အထက်ပါ ပြောကြားချက်များသည် မူဆလင် နှင့် မူဆလင်မဟုတ်သော အသိုင်းအဝန်းကြားတွင် ပို၍ အထင်မြင်လွှဲမှားမှုများ ၊ အမုန်းတရားများကို ဖြစ်စေသည့်အပြင် နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင် ရက္ခိုင်လူ့အဖွဲ့စည်းအား ချို့နှိမ့်ဆက်ဆံစေသော အမြင်များကို ဖြစ်စေပါသည်။ ထို့အပြင် အာရက္ခတပ်တော်မှဦးဆောင်ပါဝင်နေသော နိုင်ငံအနှံ စစ်အာဏာရှင် တိုက်ဖျက်ရေး အခန်းကဏ္ဍအားလည်း သေးသိမ်မှေးမှိတ်သွားအောင် လုပ်ဆောင်ရာ ရောက်ပြီး တစ်နိုင်ငံလုံး၏ စစ်အာဏာရှင် လက်မှ လွှတ်မြောက်ရေးကြိုးဖမ်းမူကိုလည်း ထိခိုက်စေနိုင်ပါသည်။
ထို့ကြောင့် အာရက္ခပြည်သူများ၏ ကောင်းကျိုးကို စိတ်ရင်း စေတနာအမှန်ဖြင့် ဆောင်ရွက်လိုသည်ဆိုပါက မိမိတို့ ULA အစိုးရအဖွဲ့နှင့် အပြုသဘောဆောင် ချိတ်ဆက်လုပ်ဆောင်ရန် အရေးကြီးပါသည်။ မိမိတို့ အစိုးရအဖွဲ့အနေဖြင့်လည်း အာရက္ခဒေသတွင်း မည်သည့် လူမျိုး၊ ဘာသာဝင် နောက်ခံရှိသည်ဖြစ်စေ ခွဲခြားဆက်ဆံခြင်း မပြုလုပ်ဘဲ ကာကွယ်စောင့်ရှောင်သွားမည်ဖြစ်ပါကြောင်း သတင်းစကားပါးအပ်ပါသည်။