28/07/2026
ကိုးကန့်နယ်၏ နိုင်ငံရေးနောက်ခံသမိုင်း
အခန်း(၁)၊ တတိယပိုင်း
28 July 2026 (ရိုးမအသံ၊ ဆောင်းပါး)
အေဒီ၁၆၄၄ခုနှစ်သည် မင်တရုတ်အင်ပါယာ ပျက်စီးသောနှစ် ဖြစ်သည်။ မင်တရုတ်အင်ပါယာသည် ပြည်တွင်း၌ ပုန်ကန်မှုများ ပေါ်ပေါက်လာမှုကို နှိမ်နင်းရသကဲ့သို့ မန်ချူး(Qing)တို့၏ ကျူးကျော်မှုကိုလည်း ခုခံခဲ့ရသဖြင့် စားနပ်ရိက္ခာ မလုံလောက်မှု၊ ဘဏ္ဍာရေးဆုတ်ယုတ်မှု၊ စစ်သည်အင်အား လျော့နည်းမှုမှာ များစွာဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် အေဒီ ၁၆၄၄ ခုနှစ်၊ ဧပြီလ (၂၅)ရက်တွင် မင်မင်းဆက်ကို ပုန်ကန်သူများ ဖြစ်ကြသော လီဇီချန်(Li Zicheng)နှင့် ကျန်းရှန်ဇောင် (Zhang Xianzhong)တို့ ဦးဆောင်သည့် တော်လှန်ရေးတပ်ကြီးသည် ပီကင်းမြို့တော်သို့ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ရာ မင်ဧကရာဇ်ဖြစ်သူ ချုံကျန်း(Chongzhen)မှာ မိမိကိုယ်ကိုယ် ကြိုးဆွဲချကာ အဆုံးစီရင်ခဲ့ပြီး မင်တရုတ်အင်ပါယာပါ ပြိုကျသွားခဲ့ရသည်။
ထိုသို့ မင်တရုတ်အင်ပါယာ ပြိုကျသွားမှု၏ နောက်ကွယ်တွင် မင်တရုတ်စစ်တပ်၏ စစ်သူကြီးဖြစ်သူ ဝူဆန်ကွေ့(Wu Sangui)၏ အခန်းကဏ္ဍမှာ အရေးပါခဲ့သည်။ သူသည် မင်မင်းဆက်ကို ပုန်ကန်သူများ ဖြစ်ကြသော လီဇီချန်(Li Zicheng)နှင့် ကျန်းရှန်ဇောင်(Zhang Xianzhong)တို့ ဦးဆောင်သည့် တော်လှန်ရေးတပ်ကြီးအပေါ် သစ္စာခံခြင်းမပြုခဲ့ပေ။ ထို့အတူ မင်ဧကရာဇ် ချုံကျန်း(Chongzhen)၏ အမိန့်ကိုလည်း နာခံခြင်းမရှိဘဲ မန်ချူး (Qing)တို့ထံ သစ္စာခံကာ ၎င်းတို့၏တပ်များကို မဟာတံတိုင်းအား ဖြတ်ကျော်ခွင့်ပြုခဲ့သည်။ ထို့နောက် မန်ချူး (Qing)တို့၏ သစ္စာခံဖြစ်လာသော စစ်သူကြီးဖြစ်သူ ဝူဆန်ကွေ့(Wu Sangui)သည် မန်ချူး(Qing)တပ်များနှင့်အတူ လီဇီချန်(Li Zicheng)နှင့် ကျန်းရှန်ဇောင်(Zhang Xianzhong)တို့ ဦးဆောင်သည့် တော်လှန်ရေးတပ်ကြီးကိုပါ နှိမ် နင်းတိုက်ခိုက်ပေးခြင်းဖြင့် မင်တရုတ်အင်ပါယာအစား မန်ချူး(Qing)အင်ပါယာကို ပေါ်ထွန်းလာစေခဲ့ပေသည်။
သို့သော် ပီကင်းနေပြည်တော်ကို ဗဟိုပြုထားသည့် မင်တရုတ်မင်းဆက် ပျက်စီးခဲ့စေကာမူ မင်မင်းဆက် အနွယ်ဝင်များဖြစ်သော ဟုန်ကွမ်းဧကရာဇ်(Hongguang)၊ လုံးဝူဧကရာဇ်(Longwu)၊ ရှောက်ဝူဧကရာဇ်(Shaowu) တို့သည် တောင်ပိုင်းမင်အင်ပါယာ၏ ဧကရာဇ်များအဖြစ် ကြိုးစား၍ မန်ချူး(Qing)တပ်များကို ခုခံခဲ့ကြသည်။ သို့သော် အောင်မြင်မှုမရခဲ့ဘဲ မန်ချူး(Qing)တပ်များ၏ တိုက်ခိုက်ချေမှုန်းခြင်းကိုသာ ခံခဲ့ကြရပြီး တောင်ပိုင်းမင်အင်ပါယာသည်လည်း အေဒီ ၁၆၄၄ ခုနှစ်မှ အေဒီ ၁၆၄၇ ခုနှစ်အတွင်း ထပ်မံပြိုကွဲခဲ့ရသည်။ ထိုပြိုကွဲမှုဖြစ်ပွားချိန်တွင် မင် အင်ပါယာအပေါ် သစ္စာခံသူများက မင်မင်းဆက်အနွယ်ဝင်ဖြစ်သူ ကွေ့မင်းသား(Prince of Gui)ဘွဲ့ခံ ကျူးချန်ရင်း (Zhu Changying)၏ သားတော်ဖြစ်သူ ကျူးယိုလန်း(Zhu Youlang)ကို ရုံလီဧကရာဇ်(Yongli)အဖြစ် တင်မြှောက်လိုက်သည့်အခါ မန်ချူး(Qing)တပ်များ၏ မြားဦးမှာ သူ့ထံသို့ လှည့်လာခဲ့သည်။ ထိုမြားဦးကို ဦးဆောင်လာသူမှာ စစ်သူကြီးဝူဆန်ကွေ့(Wu Sangui) ဖြစ်ပေသည်။
မင်တရုတ်အင်ပါယာ ပြိုကွဲပျက်စီးနေချိန်သည် မြန်မာပြည်၌ ညောင်ရမ်းမင်းဆက်မှာ အင်အားကောင်းစွာ ပေါ်ထွန်းနေချိန်ဖြစ်သည်။ ဘုရင့်နောင်မင်း၏ သားတော်တစ်ပါးဖြစ်သူ ညောင်ရမ်းမင်း(အေဒီ၁၅၉၉- ၁၆၀၅)သည် အင်းဝကိုပြန်၍ ဗဟိုပြုကာ ညောင်ရမ်းခေတ်ကို ပြန်လည်တည်ထောင်ခဲ့သည်။ ထိုမင်းလက်ထက်တွင် အရှေ့ မြောက်ဘက်ရှိ ဗန်းမော်၊ မိုးမိတ်၊ သီပေါ၊ သိန္နီ စသည့်သျှမ်းပြည်တို့ကိုလည်းကောင်း၊ မြောက်ဘက်ရှိ မိုးကောင်း၊ မိုးညှင်းစသည့် သျှမ်းပြည် တို့ကိုလည်းကောင်း မင်တရုတ်အင်ပါယာ၏ သြဇာအောက်မှ ပြန်လည်သိမ်းသွင်းခဲ့သည်။ ထို့အတူ အရှေ့တောင်ဘက်ရှိ ညောင်ရွှေ၊ မိုးနဲစသည့် သျှမ်းပြည်တို့ကို ပြန်လည်သိမ်းသွင်းနိုင်သကဲ့သို့ သူ၏ သားတော်ဖြစ်သူ အနောက်ဘက်လွန်မင်း(အေဒီ ၁၆၀၅- ၁၆၂၈) လက်ထက်တွင် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ယွန်း သျှမ်းပြည်ဖြစ်သော ဇင်းမယ်(ချင်းမိုင်> Chiang Mai)ပြည်အထိ ပြန်လည်သိမ်းပိုက်ခဲ့သည်။ အနောက်ဘက်လွန် မင်းသည် နောင်တွင် သာလွန်မင်း (အေဒီ၁၆၂၉-၁၆၄၈)ဟု ထင်ရှားလာမည့် ညီတော်သတိုးဓမ္မရာဇာကို ကျိုင်းတုံနယ်၊ ကျိုင်းရုံးကြီး(ဆစ်ဆောင်ပန္နား)နယ်၊ ကျိုင်းခေါင်း(လက်ရှိ လာအိုနိုင်ငံရှိ Xieng Chouang)နယ်အထိ ချီတက်သိမ်းယူထားစေခဲ့သည်။ ဤအခြေအနေကို ကြည့်လျှင် မင်အင်ပါယာထံ အချိန်အခါအရ ပဏ္ဏာဆက်ကြရသည့် သျှမ်းပြည်များအပါအဝင် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံအတွင်းရှိ သျှမ်းပြည်များမှာ အင်းဝကို ဗဟိုပြုထားသည့် ညောင်ရမ်းမင်းဆက်အပေါ် ပြန်လည်သစ္စာခံကြရသည်ကို တွေ့ရသည်။ ထိုသစ္စာခံမှုများကပင် မင်အင်ပါယာ၏ အထိမ်းအကွပ်မရှိတော့ဘဲ တစစပြိုကွဲလာနေမှုကို ဖော်ပြနေပါသည်။
သို့သော် ညောင်ရမ်းမင်းဆက်၏ စစ်ရေး၊ နိုင်ငံရေးဩဇာကို အမြင့်ဆုံး တည်ဆောက်နိုင်မှုသည်လည်း သာလွန်မင်းလက်ထက်အထိသာ ရှိခဲ့သည်။ သာလွန်မင်းနတ်ပြည်စံပြီးနောက် နန်းတက်လာသော သားတော် ပင်းတလဲမင်း(အေဒီ၁၆၄၈-၁၆၆၁)လက်ထက်တွင် နိုင်ငံသည် ပြည်ပကျူးကျော်စစ် များကြောင့် ပြည်တွင်းမငြိမ်သက်မှုမှာ အဆိုးဝါးဆုံးဖြစ်လာခဲ့သည်။ ထိုကဲ့သို့သော ပြည်ပ ကျူးကျော်စစ်ကို အစပြုခဲ့သူမှာ တောင်ပိုင်းမင်အင်ပါယာ ဘွဲ့ခံ၍ မန်ချူး(Qing)တပ်များကို ပြန်လည်တိုက်ခိုက်နေသူ ရုံလီဧကရာဇ်(Yongli)ဖြစ်ပေသည်။ ရုံလီဧကရာဇ် (Yongli)သည် မန်ချူး(Qing)တပ်များ၏ ထိုးစစ်ကြောင့် ယူနန်နယ်အတွင်း ဆုတ်ခွာလာရပြီး ယခင်မင်အင်ပါယာ၏ သြဇာခံပြည်ထောင်များ ဖြစ်ခဲ့သော မိုင်းမော(Mueng Mao)၊ စည်ခွင်(Mueng Kwng)၊ သိန္နီ၊ ကိုင်းမား(Gengma)၊ ကျိုင်းရုံးကြီး(Xishuangbanna)စသည့် သျှမ်းပြည်များထံသို့ ပဏ္ဏာဆက်သရန် တောင်းခံလာခဲ့ရာ ပင်းတလဲမင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရတော့သည်။
ကနဦးတွင် ပင်းတလဲမင်းသည် ရုံလီဧကရာဇ်(Yongli)၏ ကျူးကျော်မှုကို ခုခံရန် သိန္နီ၊ မိုင်းမော(Mueng Mao)နှင့် ကျိုင်းရုံးကြီး(Xishuangbanna)သို့ တပ်များပို့၍ ထိပ်တိုက်ရင်ဆိုင်စေခဲ့သည်။ ရုံလီဧကရာဇ်(Yongli)အနေဖြင့် မန်ချူး(Qing)တပ်များကို ခုခံရသကဲ့သို့ ပင်းတလဲမင်း၏ အင်းဝမှစေလွှတ်လိုက်သော မြန်မာတပ်များကို ပြန်လည်ခုခံနေရလျှင် စစ်နှစ်ဘက်ညှပ်ခံရမည့်ဘေးကို တွေးဆမိခဲ့ဟန်တူပါသည်။ ထို့အတူ အင်အားကြီးမားသော မန်ချူး(Qing)တပ်များ၏ ထိုးစစ်ကို ရေရှည်တွင် ခုခံနိုင်ရန် ခက်ခဲသည်ဟူ၍လည်း သိမြင်ခဲ့ဟန်တူပါသည်။ ထို့ကြောင့် ပင်းတလဲမင်း၏ လက်အောက်ခံဖြစ်သူ ဗန်းမော်စော်ဘွားကတဆင့် ဆက်သွယ်၍ ပင်းတလဲမင်း၏ ညောင်ရမ်း နိုင်ငံတော်(အင်းဝ)အတွင်း နိုင်ငံရေးခိုလှုံခွင့်ကို တောင်းခံခဲ့ရသည်။ ဤသို့ဖြင့် ပင်းတလဲမင်း၏ ခွင့်ပြုချက်အရ ရုံလီဧကရာဇ်(Yongli)သည် နောက်လိုက်(၇၀၀)ကို ခေါ်ဆောင်ကာ ဗန်းမော်စော်ဘွား၏ အကူအညီဖြင့် မြန်မာပြည်အတွင်း ဝင်ရောက်ခိုလှုံခဲ့ပြီး စစ်ကိုင်းမြို့ရှိ ဆင်များရှင်စေတီ၏ အနောက်ဘက်တွင် သီးသန့်နေရာချထားကာ နေထိုင်ခွင့်ရရှိခဲ့သည်။
ထိုကဲ့သို့ ဖြစ်ပျက်နေသည့်အချိန်တွင် ကိုးကန့်နယ်၏ နယ်ရှင်ဖြစ်လာမည့်သူများ၏ ဘိုးဘေးဖြစ်သူ ရန် ကောင်းရွယ်မှာ ယူနန်ပြည်နယ်အတွင်းရှိ ရွှင်နင်မြို့(Shunning)မြို့သို့ ရောက်ရှိနေပါသည်။ သူသည် မင်မင်းဆက် အပေါ် အလွန်သစ္စာရှိသူဖြစ်ပြီး မင်ဧကရာဇ်အပေါ် သစ္စာခံသော တပ်ဖွဲ့များနှင့်အတူ နန်ကျင်းမြို့တော်မှ ယူနန်ပြည်နယ်၊ တာလီမြို့တော်အထိ လိုက်ပါလာခဲ့သူ ဖြစ်ပါသည်။ သို့သော် တာလီမြို့တော်မှ ရွှင်နင်မြို့(Shunning)မြို့သို့ ရောက်သောအခါ လက်ဖက်ခြောက်ကုန်သည်၏ သမီးဖြစ်သူနှင့် လက်ထပ်ပြီးနောက် ရုံလီဧကရာဇ်(Yongli) နောက်သို့ ဆက်မလိုက်တော့ပါချေ။ သူတို့ဇနီးမောင်နှံတွင် ယန်ယင်းနှင့် ယန်ကျင်းဟူသော သားနှစ်ယောက် ထွန်း ကားခဲ့သည်။ ရန်ကောင်းရွယ်သည် သားနှစ်ယောက် အရွယ်ရောက်သည်အထိပင် မင်ဧကရာဇ်အပေါ် သစ္စာရှိခဲ့ ဟန်တူပါသည်။ သားများအပေါ်တွင်လည်း မင်ဧကရာဇ်အပေါ် သစ္စာရှိရန် ဆိုဆုံးမပေလိမ့်မည်။ ထို့ကြောင့်ပင် သားဖြစ်သူ ယန်ယင်းနှင့် သူ၏ဇနီးတို့မှာ မင်ဧကရာဇ်အပေါ် သစ္စာရှိသူများအဖြစ် မန်ချူး(Qing)တပ်များ၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံရသည့်အခါ သား(၃)ယောက်ကို ခေါ်ဆောင်ကာ သိန္နီစော်ဘွားနယ်ဖြစ်သော ကိုးကန့်ဒေသသို့ တိမ်းရှောင်လာခဲ့ရပေသည်။ ၄င်းသားသုံးယောက်၏ အမည်များမျာ ယန်ဖူချိုင်၊ ယန်စိန်းချိုင်နှင့် ယန်ကောင်းချိုင် တို့ ဖြစ်ကြသည်။ ထိုသား(၃)ဦးအနက် ယန်စိန်းချိုင်သည် စွမ်းရည်သတ္တိနှင့် ပြည့်စုံပြီး ကိုးကန့်နယ်အတွင်း ယန် မိသားစု အုပ်ချုပ်ရေးကို စတင်ခဲ့သူအဖြစ် ထင်ရှားလာခဲ့ပါသည်။
ယခုအပတ်တွင် ကိုးကန့်နယ်ရှင်မိသားစု၏ ကနဦးဖြစ်သော ယန်ကောင်ရွယ်၏ ရုံလီဧကရာဇ်(Yongli) နှင့်အတူ နန်ကျင်းမှ ယူနန်နယ်အထိ လိုက်ပါလာခဲ့ပုံကို ဖော်ပြလိုက်ပါသည်။ ထိုသို့ဖော်ပြရာတွင် အဓိကလိုအပ်သော မင်အင်ပါယာပြိုကွဲမှုအခြေအနေနှင့် ညောင်ရမ်းခေတ်၊ အင်းဝနိုင်ငံ(မြန်မာပြည်) အတွင်းသို့ ရုံလီဧကရာဇ်(Yongli) ဝင်ရောက်ခိုလှုံလာပုံကိုပါ သိမြင်သာအောင် တွဲဖက်ဖော်ပြ လိုက်ပါသည်။ လာမည့်အပတ်အတွင် ရုံလီဧကရာဇ် (Yongli)၏ ကံကြမ္မာ၊ မင်တရုတ်တပ်ဖွဲ့နှင့် မန်ချူး(Qing)တပ်ဖွဲ့တို့၏ ပဋိပက္ခဇုံအတွင်း ရောက်ရှိသွားခဲ့သည့် ညောင်ရမ်းခေတ်နှင့် ကိုးကန့်နယ်တွင် ယန်မိသားစု အင်အားကြီးမားလာပုံကို ဆက်လက်ဖော်ပြ ပေးသွားပါမည်။ ။
********************************************************
ကိုးကန့်နယ်၏ နိုင်ငံရေးနောက်ခံသမိုင်း အခန်း(၁)၊ ပထမပိုင်း နှင့် ဒုတိယပိုင်းအား ပြန်လည်ဖတ်ရှုလိုပါက အောက်ပါလင့်ခ်ထဲသို့ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
အခန်း(၁)၊ ပထမပိုင်း
https://www.facebook.com/share/p/1EuiE6S2oM/
အခန်း(၁)၊ ဒုတိယပိုင်း
https://www.facebook.com/share/p/1ByR7fNFCM/
Maha SiLa Vilavong
(Maha SiLa Vilavongသည် သျှမ်းနိုင်ငံရေးသမိုင်းဆိုင်ရာ မှတ်တမ်းများကို ရေးသားလျက်ရှိသည့် သမိုင်းသုတေသီ တစ်ဦးဖြစ်ပါသည်။)
ကျမ်းကိုး-
1. ကျော်သက်၊ ဒေါက်တာ။ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း(ဒုတိယအကြိမ်)။ ၂၀၁၅။ ရတနာပုံစာအုပ် တိုက်။ ရန်ကုန်။
2. ခွန်လှိုင်း။ ကိုးကန့်သမိုင်းထဲက ယန်မျိုးနွယ်(မထင်မရှား နယ်စပ်ဒေသတစ်နေရာကို ကာကွယ်ခဲ့သူများ)။ (Yang Li(Jackie Yang) THE HOUSE OF YANG: GUARDIANS AN UNKNOWN FRONTIER)။ ရန်ကုန်၊ ယဉ်မျိုးစာပေ။ ၂၀၁၆။
3. ထွန်းညို၊ ဦး၊ မဟာစည်သူ။ တွင်းသင်းတိုက်ဝန်။ မဟာရာဇဝင်သစ်၊ (ညောင်ရမ်းဆက်) တတိယတွဲ။ ဒုတိယအကြိမ်။ ၂၀၀၆။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။
4. Dardess, John W, Ming Chian, 1368-1644, Rowman & Littlefield Publishers, Inc, 2012.
5. Jeremiah Jenne, The Refugee Emperor, LOS ANGELES REVIEW BOOK, CHINA CHANNEL, 2019.
6. Lin Tiejun 林鐵鈞 (1992). "Nanming 南明", in Zhongguo da baike quanshu 中國大百科全書, Zhongguo lishi 中國歷史 (Beijing/Shanghai: Zhongguo da baike quanshu chubanshe), Vol. 2, 726.
7. Myint Myint Kyu, The Rise of the Chinese Minority the New Neo-Liberal State?, 2016.
8. Sai Kham Mong, KOKANG AND KACHIN IN THE SHAN STATE( 1945- 1960), Bangkok: Institute of Asian Studies, Chulalongkorn University, 2025.
9. Sai Kham Mong, Selected Writings of Sai Kham Mong, Volume- I, Tri Awards Co., Ltd, 2023.
10. Sai Aung Tun, HISTORY OF THE SHAN STATE: FROM ITS ORIGINS TO 1962, SILKWORM BOOKS, 2009.
11. Scott. J. George, GAZETTEER OF UPPER BURMA AND THE SHAN STATE, Part- I, Vol- I, Superintendent, Government Printing Press, 1901.
12. Scott. J. George, GAZETTEER OF UPPER BURMA AND THE SHAN STATE, Part- II, Vol- I, Superintendent, Government Printing Press, 1901.
13. Zhiding Hu & Victor Konrad (2017): In the Space between Exception and Integration: The Kokang Borderlands on the Periphery of China and Myanmar, Geopolitics, DOI: 10.1080/14650045.2017.1306777