15/12/2025
ရှမ်းပြည်နယ်လွှတ်တော် (PR)မဲဆန္ဒနယ်အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်သော
ခွန်ဆောင်းရွှေ အကြောင်း တစ်စေ့တစ်စောင်း
*******
ခွန်ဆောင်းရွှေသည် အသက်(၁၇)နှစ်ကတည်းကပင် ၂၀၀၉ ခုနှစ်၌ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)တွင် အောက်ခြေဝန်ထမ်းဘဝမှ စတင်ဝင်ရောက်ခဲ့ပြီး အမျိုးသားရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့်သူ ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်မှ စတင်၍ နိုင်ငံရေးဆိုင်ရာဘာသာရပ်နှင့် အတွေ့အကြုံတို့ကို လေ့လာဆည်းပူးခဲ့ပြီး ၂၀၁၂ ခုနှစ်မှ စတင်ကာ ပအိုဝ်းဒေသတွင် နိုင်ငံရေးဆိုင်ရာအမြင်ဖွင့်သင်တန်းတို့ကို အခြားလုပ်ဖော်ကိုင်ဖက်နှင့်အတူ ကျယ်ပြန့်စွာ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။
ခွန်ဆောင်းရွှေသည် ၂၀၁၃ ခုနှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာန၊ ဌာနခေါင်းဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာန ဌာနမှူးအဖြစ်လည်းကောင်း စီမံခန့်ခွဲရေးနှင့် လေ့ကျင့်ပညာရေးတာဝန်တို့ကို စိတ်ပါဝင်စားစွာ ထမ်းဆောင်ခဲ့ပါသည်။ ဌာနမှူးအဖြစ် ဦးဆောင်တာဝန်ယူဆောင်ရွက်ခဲ့သော အချိန်ကာလတွင် လူငယ်လူရွယ်ပေါင်း (၂၀,၀၀၀)ဦးခန့်ကို နိုင်ငံရေးဆိုင်ရာအသိပညာပေးသင်တန်းတို့ကို ဦးဆောင်ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။
လေ့ကျင့်ပညာရေးနှင့် အမျိုးသားရေးလုပ်ငန်းတို့ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ပအိုဝ်းအမျိုးသားညီလာခံ၌ ညီလာခံကိုယ်စားလှယ်တို့၏ နှစ်သက်ထောက်ခံမှုဖြင့် ခွန်ဆောင်းရွှေကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်((PNO)ပါတီ၏ ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခဲ့ပါသည်။ အရည်အချင်းနှင့် အတွေ့အကြုံ ရင့်ကျက်လာမှုတို့ကြောင့် ၂၀၁၉ ခုနှစ်တွင် ခွန်ဆောင်းရွှေကို အတွင်းရေးမှူးအထောက် အကူပြုအဖွဲ့ဝင်အဖြစ်သော်လည်းကောင်း၊ ၂၀၂၀ ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ်သော်လည်းကောင်၊ ၂၀၂၂ ခုနှစ်တွင် ပါတီ၏ အတွင်းရေးမှူး(၄)နှင့် ဗဟိုဌာနချုပ်ရုံး တာဝန်ခံအဖြစ်သော်လည်းကောင်း ပိုမိုကြီးမားလာသော အမျိုးသားရေးတာဝန်နှင့် ပါတီတာဝန်တို့ကို အဆင့်ဆင့် တာဝန်ပေးအပ်လာခဲ့ပါသည်။ အဆင့်ဆင့်သော ပါတီတာဝန်တို့ကို ထမ်းဆောင်ခဲ့ရာတွင် အသက်အရွယ်အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည်သာမက လက်ရှိတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၏ အတွင်းရေးမှူးတာဝန်တို့ကို ထမ်းဆောင်သည့်သူများအနက် ခွန်ဆောင်းရွှေသည် အသက်အရွယ် အငယ်ဆုံးပင် ဖြစ်ပါသည်။ ထိုသို့ လူငယ်တစ်ဦးအနေဖြင့် ပါတီအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေသည်မှာ လူငယ်ထုများအတွက် အားကျဖွယ်နှင့် ဂုဏ်ယူဖွယ် အလွန်ကောင်းလှပါသည်။
ပအိုဝ်းလူငယ်ရေးရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခြင်း
ခွန်ဆောင်းရွှေသည် ပအိုဝ်းလူငယ်ကွန်ယက်(PYN) ဖွဲ့စည်းပုံရေးဆွဲရာတွင် ပါဝင်သူ တစ်ဦး ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပအိုဝ်းလူငယ်ကွန်ယက်(PYN) ညီလာခံ၌ ပအိုဝ်းလူငယ်ကွန်ယက်(PYN)၊ ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူတစ်ဦး ဖြစ်ပါသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ခြင်း
ခွန်ဆောင်းရွှေသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ကျင်းပပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁-ရာစုပင်လုံ) (၄)ကြိမ်စလုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၏ ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီး နိုင်ငံရေးကဏ္ဍတွင် တာဝန်ယူဆွေးနွေးရန် ပါတီ၏ တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူတစ်ဦး ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင် (NCA)၏ လုပ်ငန်းစဉ်အရ ကျင်းပပြုလုပ်သည့် လူမျိုးအလိုက် အမျိုးသား နိုင်ငံရေးဆွေးနွေပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “ပအိုဝ်း” လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြိုညှိနှိုင်ရေးကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အမျိုးသားရေးအကျိုးစီးပွားတို့အတွက် ရှေးရှုကာ အကြိုညှိနှိုင်းဆွေးနွေးပွဲ တွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ထိုမှတစ်ဆင့် အကြိုညှိနှိုင်းဆွေးနွေးပွဲမှ ဖွဲ့စည်းခဲ့သည့် “ပအိုဝ်း” လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကော်မတီနှင့် လုပ်ငန်းကော်မတီတို့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး ဒေသအလိုက် အကြိုဆွေးနွေးပွဲတို့တွင်လည်း ပြင်းပြသော နိုင်ငံရေးစိတ်ပါဝင်စားမှုနှင့် ယုံကြည်မှုတို့ဖြင့် ထပ်မံပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ကျင်းပပြုလုပ်ခဲ့သည့် “ပအိုဝ်း” လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ တွင် မှတ်တမ်းကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁-ရာစု ပင်လုံ)သို့ စာတမ်းများ တင်သွင်းနိုင်ရန်အတွက် စာတမ်းပြုစုရေးကော်မတီအဖွဲ့ဝင်အဖြစ်လည်း ဆက်လက်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းတွင် တစ်ဖက်တစ်လှမ်းမှ ပါဝင်ဆောင်ရွက်ခြင်း
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈-ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ(၄၅)ဦးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီမှ ပြည်သူ့ လွှတ်တော် ဦးခွန်မောင်သောင်းသည် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီမှ ပြည်သူ့လွှတ်တော် ဦးခွန်မောင်သောင်း၏ အထောက်အကူပြုလုပ်ငန်းများကို ခွန်ဆောင်းရွှေမှ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် ခွန်ဆောင်းရွှေသည် လွှတ်တော်ပြင်ပဖြစ်သော ငြိမ်းချမ်းရေး ညီလာခံတို့တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ဖက်ဒရယ်နှင့် ဒီမိုကရေစီဆိုင်ရာကိစ္စရပ်များကို ပါတီကိုယ်စားလှယ်တစ်ဦးအဖြစ် တင်ပြဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။ သို့ဖြစ်ရာ ခွန်ဆောင်းရွှေသည် ဖွဲ့စည်းပုံအခြေခံဥ ပဒေပြင်ဆင်ရေးလုပ်ငန်းတို့နှင့် ကျွမ်းဝင်ရင်းနှီးထားပြီးသူ ဖြစ်ကြောင်း ကောက်ချက်ချရပါသည်။
တက္ကသိုလ်ကျောင်းသားဘဝ လှုပ်ရှားမှု
ခွန်ဆောင်းရွှေသည် ၂၀၀၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တောင်ကြီးတက္ကသိုလ်(အဝေးသင်)ကို တက်ရောက်ခဲ့ပြီး B.A.(Eco)ဖြင့် ဘွဲ့ရရှိခဲ့ပါသည်။ တက္ကသိုလ်တက်ရောက်နေစဉ်ကာလတွင် တောင်ကြီး တက္ကသိုလ်(အဝေးသင်) ပအိုဝ်းကျောင်းသား/သူအဖွဲ့ အလုပ်အမှုဆောင်(EC)အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲတို့ကို တက္ကသိုလ် အတွင်းနှင့် တောင်ကြီးမြို့ပေါ်ခန်းမတို့တွင် ကျင်းပသွားနိုင်ရန် အခြားအလုပ်အမှုဆောင် (EC)တို့နှင့်အတူ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲ၏ ရည်ရွယ်ချက်များကိုလည်း ဦးဆောင်ချမှတ်ရေးဆွဲ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အလုပ်အမှုဆောင်အဖွဲ့(EC)ကို ခိုင်မာစွာ ရေရှည်ဖွဲ့စည်းသွားနိုင်ရေးအတွက် အခြားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက် လာခဲ့ပါသည်။
ဒိန်းမတ်နိုင်ငံ ဒေသန္တရအစိုးရရွေးကောက်ပွဲကို သွားရောက်လေ့လာခြင်း
ခွန်ဆောင်းရွှေသည် နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတများ ရရှိနိုင်ရန်အလို့ငှာ ၂၀၁၇ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ဒေသန္တရအစိုးရ ရွေးကောက်ပွဲတွင် DIPD ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အခြားနိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေး ဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့်အတူ သွားရောက်လေ့လာခဲ့ပါသည်။
ခြုံငုံသုံးသပ်ချက်
အချုပ်အားဖြင့် ဆိုရသော် ခွန်ဆောင်းရွှေသည် အသက်ငယ်ရွယ်စဉ်ကတည်းကပင် အဖွဲ့အစည်းတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ရသည့်အတွက်ကြောင့် အဖွဲ့အစည်း ဆိုင်ရာနှင့် လူထုဆက်ဆံရေးဆိုင်ရာ ဘဝအတွေ့အကြုံတို့ကို ငယ်ရွယ်စဉ်ကတည်းကပင် ရရှိထားခြင်း၊ နိုင်ငံရေးပါတီတွင် အချိန်ကြာမြင့်စွာ တာဝန်အမျိုးမျိုးတို့ကို အဆင့်ဆင့် ထမ်းဆောင်ခဲ့ရသည့်အတွက် နိုင်ငံရေးဆိုင်ရာအသိပညာနှင့် အတွေ့အကြုံများ ရရှိထားခြင်း၊ နိုင်ငံ့အတွက် အရေးကြီးလျက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းတို့နှင့် ကျွမ်းဝင်ရင်းနှီးထားပြီးသူဖြစ်ခြင်း၊ တက္ကသိုလ်ကျောင်းသားဘဝကတည်းကပင် ကျောင်း သားခေါင်းဆောင်တာဝန်နှင့် ပအိုဝ်းလူငယ်ကွန်ယက်(PYN)တွင် ဗဟိုကော်မတီအဖွဲ့ဝင် တာဝန်တို့ကို ထမ်းဆောင်ခဲ့ရသဖြင့် လူငယ်ရေးရာနှင့် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တို့ကို သိကျွမ်းနားလည်သဘောပေါက်ခြင်း၊ လေ့ကျင့်ပညာပေးရေးဌာနမှူး၊ အတွင်းရေးမှူးအထောက်အကူပြုအဖွဲ့ဝင်၊ ပါတီအတွင်းရေးမှူး(၄)နှင့် ဗဟိုဌာနချုပ်ရုံး တာဝန်ခံတာဝန်တို့ကို ထမ်းဆောင်ခဲ့ရခြင်းတို့ကြောင့် ပြည်သူ့စီမံခန့်ခွဲရေး၊ အဖွဲ့အစည်း ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ မူဝါဒချမှတ်ရေးနှင့် ခေါင်းဆောင်မှုဆိုင်ရာအရည်အချင်းများ ရရှိထားခြင်းတို့ကြောင့် ခွန်ဆောင်းရွှေသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သွားရန်မှာ အလွန်သင့်လျော်လျက် ရှိသည့် လူငယ်တစ်ဦးပင် ဖြစ်ပါကြောင်း မဲဆန္ဒရှင်မိဘပြည်သူလူထုတို့အား တင်ပြအသိပေးရင်း နိဂုံးချုပ်အပ်ပါသည်။
“တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးဖို့ ‘နဂါး’မဲကို ပေးကြစို့”