06/05/2026
ESL ဆရာ/ဆရာမတွေအတွက် ထိရောက်တဲ့ သင်ခန်းစာပြင်ဆင်မှုပုံစံ - ARC Model
ဘာသာစကားသင်ကြားရေး (ESL) မှာ သင်ခန်းစာတစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာ စနစ်တကျ ခွဲခြမ်းစိတ်ဖြာပေးတဲ့ ARC Model အကြောင်းကို မျှဝေပေးချင်ပါတယ်
ARC ဆိုတာ ဘာလဲ?
ARC ဆိုတာ အောက်ပါ အချက် (၃) ချက်ကို အတိုကောက် ခေါ်တာ ဖြစ်ပါတယ်
👉 A (Authentic Use): ဘာသာစကားကို ပုံသေမဟုတ်ဘဲ လက်တွေ့ဘဝမှာလို လွတ်လွတ်လပ်လပ် အသုံးပြုခြင်း
👉 R (Restricted Use): သတ်မှတ်ထားတဲ့ ပုံစံ ဒါမှမဟုတ် ဝါကျတည်ဆောက်ပုံအတွင်းကနေ ကန့်သတ်ချက်နဲ့ လေ့ကျင့်ခြင်း
👉 C (Clarification and Focus): သင်ခန်းစာရဲ့ အဓိကအချက် (သဒ္ဒါ၊ ဝေါဟာရ ) ကို ရှင်းလင်းသင်ပြခြင်းနဲ့ အာရုံစိုက်ခြင်း
ARC ကို အသုံးပြုပြီး သင်ခန်းစာ ပုံစံထုတ်နည်း (၃) မျိုးကိုကြည့်ရအောင်
👉 ၁။ CRRA ပုံစံ (Teach-Test ပုံစံ)
ဒါကတော့ ဆရာတွေကြားမှာ ရေပန်းစားတဲ့ PPP (Presentation-Practice-Production) နဲ့ ဆင်တူပါတယ်
အရင်ဆုံး ရှင်းလင်းသင်ပြတယ် (C)
ပြီးရင် သတ်မှတ်ပုံစံအတိုင်း လေ့ကျင့်ခန်း လုပ်ခိုင်းတယ် (R)
နောက်ဆုံးမှ လက်တွေ့အခြေအနေတွေမှာ လွတ်လပ်စွာ အသုံးပြုခိုင်းတယ် (A)
အားသာချက်: ကျောင်းသားတွေအတွက် အသစ်ဖြစ်နေတဲ့ သင်ခန်းစာတွေကို သင်ကြားပေးဖို့ အကောင်းဆုံးဖြစ်ပါတယ်
👉 ၂။ RCR ပုံစံ (Inductive Pattern)
အရင်ဆုံး လေ့ကျင့်ခန်းတစ်ခု ပေးလုပ်ကြည့်တယ် (R)
ပြီးမှ ဘယ်နားမှာ အမှားတွေရှိလဲ၊ ဘာကြောင့်လဲဆိုတာကို ပြန်ရှင်းပြတယ် (C)
ပြီးရင် ဒုတိယအကြိမ် ပြန်လည်လေ့ကျင့်စေတယ် (R)
အားသာချက်: ကျောင်းသားတွေ အခြေခံရှိပြီးသား အကြောင်းအရာတွေကို ပြန်နွှေးပေးတဲ့အခါမှာ သုံးသင့်ပါတယ်။ ဆရာက သိပြီးသားတွေ ထပ်ခါတလဲလဲ ပြောနေစရာမလိုဘဲ အမှားတွေကိုပဲ ထိထိရောက်ရောက် ပြင်ပေးနိုင်ပါတယ်
👉 ၃။ ACA ပုံစံ (Test-Teach-Test ပုံစံ)
အရင်ဆုံး လက်တွေ့သုံး လှုပ်ရှားမှုတစ်ခု လုပ်ခိုင်းတယ် (A)
အဲဒီမှာ လိုအပ်တာတွေကို ရှင်းပြတယ် (C)
ပြီးရင် ပိုမိုကောင်းမွန်တဲ့ လက်တွေ့သုံး လှုပ်ရှားမှုတစ်ခု ထပ်လုပ်ခိုင်းတယ် (A)
💚 အားသာချက်: ကျောင်းသားတွေ ကိုယ်တိုင် စမ်းသပ်လုပ်ဆောင်ကြည့်ဖို့ အခွင့်အရေး ပိုရစေပါတယ်
👉 ARC Model ရဲ့ အကျိုးကျေးဇူးများ
💎 တိကျတဲ့ စီမံချက်: ဆရာတွေအနေနဲ့ သင်ခန်းစာတစ်ခုကို ဘယ်လို စတင်ပြီး ဘယ်လို အဆုံးသတ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိစေပါတယ်
💎 Flexible ဖြစ်ခြင်း: သင်ခန်းစာရဲ့ အမျိုးအစား (Grammar, Vocabulary, Function) ပေါ်မူတည်ပြီး လိုသလို ပေါင်းစပ်အသုံးပြုနိုင်ပါတယ်
💎 နည်းပညာနဲ့ ချိတ်ဆက်နိုင်ခြင်း: ဒီ model ကို အခြေခံပြီး ကွန်ပျူတာ Database တွေမှာ သင်ခန်းစာတွေကို သိမ်းဆည်းပြီး လိုအပ်သလို ပြန်လည်အသုံးပြုနိုင်တဲ့ Computer-Aided Lesson Planning အတွက်လည်း အထောက်အကူပြုပါတယ်