09/08/2026
“ဘဝဆိုတာ Blind Box တစ်ခုလိုပါပဲ။ နေ့ရက်တိုင်း ဖွင့်နေရတယ်။ အထဲမှာ ဘာရှိမှန်း ဘယ်သူမှ ကြိုမသိဘူး။ ဒါကြောင့် အခု ဘာလုပ်စရာရှိသလဲ။ အကောင်းဆုံးဖြစ်အောင်သာ လုပ်လိုက်။ ဘယ်သူနဲ့ အတူရှိနေသလဲ။ အကောင်းဆုံးဖြစ်အောင်သာ ဆက်ဆံပေးလိုက်။ ဘာသင်တန်း တက်နေသလဲ။ အကောင်းဆုံးဖြစ်အောင်သာ လေ့လာလိုက်။”
“အခိုက်အတန့်ကလေးတစ်ခုကလည်း ဘဝကို ကြီးကြီးမားမား ပြောင်းလဲသွားစေတတ်တယ်”
🔳 ကျနော်သိပ်ကြိုက်တဲ့ ရုပ်ရှင်အမျိုးအစားတစ်ခု ရှိတယ်။ ဘာလဲဆိုတော့ Feel-good movies တွေ။ Genre တစ်ခုအနေနဲ့တော့ မရှိဘူး။ ဟာသဖြစ်ရင်လည်း ဖြစ်မယ်။ မိသားစုဇာတ်ကားလေး ဖြစ်ရင်လည်း ဖြစ်မယ်။ အမျိုးမျိုးပေါ့။
စိတ်ကို ကြည်လင်သွား၊ နေလို့ကောင်းသွားစေတယ်။ ဗီလိန်ရယ်လည်း မရှိဘူး။ ညစ်ပတ်တာတွေ မရှိဘူး။ ချစ်ခြင်းမေတ္တာ၊ အကြင်နာတရား၊ ကိုယ်ချင်းစာစိတ်တွေကို အဓိက ဖော်ညွှန်းကြတာ။ စိတ်ညစ်တဲ့အခါ၊ လူတွေကို စိတ်ကုန်တဲ့အခါ ကြည့်ဖြစ်ရင် ပိုတောင် သဘောကျရသေးတယ်။
🔳 ဟိုရက်ကလည်း တစ်ကားကြည့်ဖြစ်တယ်။ နာမည်က “I Swear” ။ ကြည့်မယ် စိတ်ကူးရင်တော့ အောက်က စာတွေ ဆက်မဖတ်ပါနဲ့ဦး။ ဇာတ်ကွက်တချို့က ထည့်မရေးလို့လည်း မရလို့။
Tourette Syndrome တဲ့။ အာရုံကြောဆိုင်ရာ ပြဿနာတစ်ခု။ ဘာကြောင့်ဖြစ်တယ်ဆိုတာ တိတိကျကျ မသိသလို၊ အရှင်းပျောက်အောင် ကုသလို့လည်း မရသေးဘူး။ ထိန်းလို့ပဲ ရတဲ့အနေအထား။
ဘယ်လိုလက္ခဏာတွေ ပြသလဲဆိုတော့ မျက်စိခဏခဏမှိတ်တာ၊ ခေါင်းခါတာ၊ ပခုံးလှုပ်တာ၊ လည်ချောင်းရှင်းထုတ်တာ စတဲ့ လှုပ်ရှားမှုတွေကို ထပ်ကာထပ်ကာ လုပ်တယ်။ တမင်လုပ်တာလည်း မဟုတ်ဘူး။ ထိန်းလို့လည်း မရဘူး။ ပါးစပ်ကနေ ဆဲဆိုတဲ့စကားတွေလည်း ပြောမိတယ်။ သူများကို သွားရိုက်တာတွေလည်း ရှိတယ်။ စိတ်ဖိစီးလာရင်၊ စိတ်လှုပ်ရှားလာရင်၊ ပင်ပန်းလာရင် ပိုဆိုးတယ်လို့ သိရတယ်။
🔳 စဉ်းစားကြည့်ပေါ့။ သိသာမထားရင် ဒီလူဟာ ဘယ်လောက်စိတ်ပျက်စရာ ကောင်းမလဲ။ ဒီဇာတ်ကားက အဲဒီပြဿနာ ကြုံခဲ့ရတဲ့ လူတစ်ယောက်ရဲ့အကြောင်းကို အခြေပြု ရိုက်ထားတာ။
ငယ်ဘဝမှာ စကြုံရတော့ ရင်ဆိုင်ခဲ့ရတာတွေ၊ အိပ်မက်တွေ ပျက်စီးခဲ့ရတာတွေ၊ ဘာကြောင့် သူ့ကျမှ ဒီလိုဖြစ်တာလဲ၊ ဒီလိုကြုံရအောင် ငါဘာတွေများ လုပ်ခဲ့မိလို့လဲ ဆိုတဲ့ လက်မခံနိုင်ခြင်းတွေကို မြင်ရမယ်။ သူ့မိဘတွေထက်တောင် ပိုဂရုစိုက်ပေး၊ နားလည်ပေး၊ အမေသဖွယ် စောင့်ရှောက်ပေးတဲ့ အမျိုးသမီးကြီးတစ်ယောက် (သူ့သူငယ်ချင်းရဲ့ အမေ) နဲ့ တွေ့အပြီးမှာတော့ သူ့ဘဝက တိုးတက်ပြောင်းလဲလာတယ်။ ဒီရောဂါအကြောင်း လူတွေကို အသိပညာပေးတဲ့အလုပ်တွေ လိုက်လုပ်တယ်။ ဗြိတိန်ဘုရင်မကြီး ပေးတဲ့ဆုကိုပါ ရတဲ့အထိပဲ။
🔳 ဒီဇာတ်ကားကလေး ကြည့်ပြီးတော့ အတွေးပွားမိတယ်။ ဘဝမှာ ဘယ်လိုလူ ဖြစ်ချင်လဲလို့ မေးရင် အဲဒီလို ခမ်းနားတဲ့အလုပ်တွေ လုပ်ပြီး ဆုတံဆိပ်တွေရ၊ နာမည်ကောင်းတွေ၊ မှတ်တိုင်တွေ ချန်ခဲ့တဲ့သူ မဖြစ်ချင်ဘူး။ အကြင်နာမေတ္တာ လိုအပ်နေတဲ့သူတွေကို စောင့်ရှောက်ပေးရင်း သူတို့ အဲဒီလို ကြီးထွားဖွံဖြိုးလာတာကို မြင်ခွင့်ရတဲ့သူ ဖြစ်ချင်တာ။ ဒီဇာတ်ကားထဲက အမျိုးသမီးကြီးလိုပေါ့။ အပြင်မှာလည်း တကယ်ရှိတယ်လို့ သိရတယ်။
ကမ္ဘာပေါ်က၊ ဘယ်ခေတ်ကာလက အောင်နိုင်သူတွေမှာမဆို အဲဒီလို နောက်ကွယ်ကနေ ပေးဆပ်အနစ်နာခံတဲ့သူတစ်ယောက်တော့ အနည်းဆုံး ရှိတတ်ကြတယ်။ မိဘဖြစ်ရင် ဖြစ်မယ်။ အိမ်ထောင်ဘက်ဖြစ်ရင် ဖြစ်မယ်။ ဆရာသမားဖြစ်ရင် ဖြစ်မယ်။ ဒါမှမဟုတ် ဒီအမျိုးသမီးကြီးလို သူစိမ်းသက်သက်လည်း ဖြစ်ရင်ဖြစ်မယ်။ အကြင်နာတရားတို့၊ ချစ်ခြင်းမေတ္တာတို့ဆိုတာ သွေးသားတော်စပ်မှုနဲ့ ကန့်သတ်ထားလို့ ရတာမှ မဟုတ်ပဲ။
🔳 ဒီလူ့ကို အဓိက ပြောင်းလဲသွားစေတဲ့ စကားတစ်ခွန်းရှိတယ်။ သူ့ကို အလုပ်ခန့်တဲ့လူကြီးက ပြောသွားတာ။
“မင်းမှာ Tourette’s ရှိနေတာ ပြဿနာမဟုတ်ဘူး။ လူတွေက Tourette’s ကို နားမလည်နေတာက ပြဿနာ” တဲ့။
🔳 တကယ်လည်း ဟုတ်တယ်။ သူ့မှာ ဒီရောဂါရှိနေတာ သိထားတော့ ကြာလာတဲ့အခါ ရိုးလာတယ်။ သူ ဆဲနေလည်း ဘယ်သူကမှ လိုက်မခံစားတော့ဘူး။ (ယောင်တတ်တဲ့သူလိုပေါ့) စစချင်းကျ မသိကြတော့ သူဆဲတာခံရပြီး စိတ်တိုတဲ့သူက တို။ ကျောင်းတုန်းကဆို ကလေးချင်း ရန်တွေဖြစ်ကြ။ သိနေတဲ့အခါ ပြဿနာ မဟုတ်တော့ဘူး။ သူကလည်း အဲဒီလိုထထဆဲလိုက်၊ ခေါင်းရမ်းလိုက်၊ လည်ချောင်းရှင်းလိုက် လုပ်တဲ့ခဏပဲ။ ကျန်တဲ့အချိန်ဆို ပုံမှန်ပဲ။ လူကောင်းပဲကိုး။
အဲဒီမှာတင် ဒီရောဂါအကြောင်း လူတွေသိအောင် အသိပညာ လိုက်ပေးတော့တာပဲ။ ရဲစခန်းတွေ သွားတယ်။ ကျောင်းတွေ သွားတယ်။ ဆေးရုံဆေးခန်းတွေ သွားတယ်။ သိလာတာနဲ့အမျှ နားလည်ပေးနိုင်လာတာပေါ့။
ဒါကြောင့် ADHD အကြောင်းတွေ၊ Autism အကြောင်းတွေ ဒီဘက်ခေတ်မှာ ပြောလာကြတာလည်း သိပ်ကောင်းတယ်။ မသိခင်ခေတ်တုန်းကဆို ဒီကလေးတွေ ဘယ်လောက်တောင် ခက်ခဲခဲ့ကြမလဲ။ သူတို့ကလည်း ထိန်းချုပ်လို့မရ။ ပြင်လို့မရ။ ဘေးပတ်ဝန်းကျင်၊ နောက်ဆုံး မိဘတွေကအစ နားမလည်။ ရိုက်ကြ၊ နှက်ကြ။ ခုလို သိလာတဲ့အခါကျ အတော်လေး အဆင်ပြေသွားတယ်။
🔳 ဒီဇာတ်ကားထဲမှာ သူ့ဘဝကို အဓိက ပြောင်းလဲသွားစေတဲ့ အခိုက်အတန့် ၃ ခုရှိတယ်။
တစ်ခုက သူ့သူငယ်ချင်းရဲ့ အမေက နေ့လယ်စာစားဖို့ လှမ်းခေါ်တဲ့အချိန်။ ငြင်းပြီးသာ ထွက်လာလိုက်ရင် အဲဒီအမျိုးသမီးကြီးနဲ့ ဆုံခွင့်ရလိုက်မှာ မဟုတ်ဘူး။
ဒုတိယတစ်ခုက အလုပ်ရတဲ့အချိန်။ မခန့်တာဖြစ်ဖြစ်၊ မရပါဘူးဆိုပြီး အင်တာဗျူး သွားမဖြေတာဖြစ်ဖြစ် လုပ်ခဲ့ရင် ဒီဆရာသမားနဲ့ တွေ့မှာမဟုတ်ဘူး။
တတိယတစ်ခုကတော့ သူ့လိုရောဂါရှိတဲ့ ကောင်မလေးတစ်ယောက် သူ့ဆီရောက်လာတာ။ ဆရာဝန်တွေကိုယ်တိုင်လည်း ဘာလုပ်ပေးရမယ် မသိတော့ သူ့ဆီသွား ဆိုပြီး လွှတ်လိုက်တယ်။ ဒီကောင်မလေးရဲ့ ဘဝမှာ သူနဲ့ပုံစံတူတဲ့သူ တစ်ခါမှ မကြုံခဲ့ဖူးဘူး။ ဒီလိုဘဝတူချင်း တွေ့တဲ့အခါကျ ပြောလို့ဆိုလို့ ပိုကောင်းတယ်။ ကိုယ့်ကို ပိုနားလည်တယ်။
အဲဒီကနေ တခြားသူတွေလည်း ဒီလိုပဲ ဖြစ်နေမှာပဲလို့ တွေးမိပြီး ဖိတ်ခေါ်တယ်။ ပွဲတွေလုပ်တယ်။ မိဘတွေပါ ပါလာကြတယ်။ အားပေးစကား အထွေအထူး ပြောစရာ မလိုဘဲနဲ့ကို ကိုယ့်လိုလူတွေ အများကြီးရှိနေတဲ့ ရပ်ဝန်းဆီ လာရတာကိုက စိတ်သက်သာရာ ရစေတယ်။ "ငါတို့က ဒီအခန်းထဲမှာတော့ Majority လူများစုပဲ"တဲ့။
ဒီကနေပဲ တခြားလူတွေကိုပါ ဒီရောဂါအကြောင်း အသိပညာပေးတဲ့အလုပ်တွေ လုပ်နိုင်လာတော့တာ။ နောက်ဆုံး ဘုရင်မကြီးဆီကနေ ဆုချီးမြှင့်တာပါ ခံရတယ်ပေါ့လေ။
🔳 ဒီ Moment ၃ ခုလုံးမှာ သူ တမင်ရည်ရွယ်ခဲ့တာ မဟုတ်သလို၊ ရှေ့ကိုမျှော်ပြီး ရွေးချယ်ခဲ့တာလည်း မဟုတ်ဘူး။ ဒီအမျိုးသမီးကြီးကျွေးတဲ့ နေ့လယ်စာ ဝင်စားလိုက်ရင် သူနဲ့ငါ ရင်းနှီးသွားပြီး သူက ငါ့ဘဝကို ပြောင်းလဲပေးလိမ့်မယ်လို့ တွေးခဲ့တာ မဟုတ်ဘူး။ ငြင်းရမှာ အားနာလို့ အိမ်ထဲ ဝင်လိုက်ရုံပဲ။ အလုပ်လျှောက်တာလည်း ရမယ်တောင် မထင်ဘူး။ အင်တာဗျူးမှာတင် ပါးစပ်က ဆဲဆိုနေမိတာကိုး။ ဟိုကောင်မလေးကလည်း သူ့ဟာသူပဲ ရောက်ချလာတာ။
ဒါပေမဲ့ ဒီ Moment ၃ ခုက သူ့ဘဝကို အကောင်းဘက်ရောက်အောင် တဆစ်ချိုး ပြောင်းလဲပေးခဲ့တယ်။
ကျွန်တော်တို့ ဘဝမှာလည်း အဲဒီလိုတွေ ရှိတတ်ကြပါတယ်။ အလုပ်ကိစ္စနဲ့ သွားတွေ့ဖြစ်လိုက်တဲ့ လူတစ်ယောက်က တချိန်မှာ ကိုယ့်လက်တွဲဖော် ဖြစ်လာတာမျိုး၊ ဘာရယ်မဟုတ် တက်မိလိုက်တဲ့ သင်တန်းကနေ ကိုယ့်ရဲ့ Passion ကို ရှာတွေ့စေခဲ့တာမျိုး၊ ကျွန်တော့်အတွက်ဆို ကျောင်းပြီးစ လုပ်စရာ မည်မည်ရရ မရှိသေးလို့ ဖေ့စ်ဘွတ်ပေါ် စာလေးရေးကြည့်ဦးမှ ဆိုပြီး တက်ရေးလိုက်တဲ့ အခိုက်အတန့်ကလေးက ဒီနေ့ ကျွန်တော်ဆိုတဲ့လူကို ဖြစ်လာစေခဲ့တာမျိုးပေါ့။
🔳 ဘဝဆိုတာ Blind Box တစ်ခုလိုပါပဲ။ နေ့ရက်တိုင်း ဖွင့်နေရတယ်။ အထဲမှာ ဘာရှိမှန်း ဘယ်သူမှ ကြိုမသိဘူး။ ဒါကြောင့် အခု ဘာလုပ်စရာရှိသလဲ။ အကောင်းဆုံးဖြစ်အောင်သာ လုပ်လိုက်။ ဘယ်သူနဲ့ အတူရှိနေသလဲ။ အကောင်းဆုံးဖြစ်အောင်သာ ဆက်ဆံပေးလိုက်။ ဘာသင်တန်း တက်နေသလဲ။ အကောင်းဆုံးဖြစ်အောင်သာ လေ့လာလိုက်။
ဒါတွေက တချိန်နောက်ပြန်ကြည့်လိုက်တဲ့အခါ ကိုယ့်ဘဝကို တဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့ အခိုက်အတန့်ကလေးတွေ ဖြစ်ချင်ဖြစ်လာနိုင်လို့ပါပဲ။
ဒေါက်တာ ဖြိုးသီဟ
၆.၈.၂၀၂၆