
02/12/2023
အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်မှုတွေက ပြောမကုန်ပါပဲ
အနင်းခံတွေအတွက် တရားမျှတမှုကို ဖော်ဆောင်ကြရအောင်
■ ခင်ငြိမ်းသစ်
စစ်ပွဲတစ်ပွဲအနိုင်ရဖို့အတွက် အမျိုးသမီးတွေကို အဓမ္မပြုကျင့်အနိုင်ယူတတ်တာက လူ့သမိုင်းအစလောက် ကတည်းရှိနေတဲ့ မယဉ်ကျေးတဲ့ ရက်စက်ယုတ်မာမှုကြီးလို့ ပြောရင်အားလုံးသဘောတူကြမယ်လို့ ထင်ပါတယ်၊ စစ်ပွဲတစ်ပွဲမှာ အနိုင်ရဖို့ အမျိုးသမီးတွေရဲ့ စိတ်နဲ့ ခန္ဓာကို ညှင်းပန်းတယ်ဆိုတာကို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက လက်မခံတော့ပါဘူး။
ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဂျပန်တွေဟာ သူတို့ရဲ့ ကိုလိုနီနယ်မြေထဲက အမျိုးသမီးတွေကို မုဒိမ်း ကျင့်ပြီး ဇိမ်မယ်တွေအဖြစ် ခိုင်းစေခဲ့ကြပါတယ်။ အဲဒီအကျိုးဆက်တွေကြောင့် ဂျပန်တွေဟာ အခုအချိန်အထိ ကမ္ဘာမှာ ရက်စက်ရိုင်းစိုင်းခဲ့တဲ့လုပ်ရပ်တွေအတွက် အရှက်ရနေကြပါတယ်။ ဒီလိုလုပ်ခဲ့တာလည်း အဓိက ရည် ရွယ်ချက်က စစ်ပွဲကို အနိုင်ရဖို့ သူတို့ စစ်သားတွေ စိတ်ဓာတ်တက်ကြွစေဖို့ဖြစ်ပြီး အဲဒီကနေ ဂျပန်သွေးစပ်တဲ့ ကလေးငယ်တွေကို မွေးဖွားလာခဲ့ရင် ကမ္ဘာကြီးကို ဂျပန်လူမျိုးတွေ လွှမ်းမိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တွေ မုဒိမ်းကျင့်ပြီး ဇိမ်မယ်အဖြစ် ခိုင်းစေခံခဲ့ရသူ အမျိုးသမီး ၂ သိန်း ဝန်းကျင် ရှိခဲ့ပါတယ်။
ဂျပန်စစ်တပ်ကြီးကမွေးဖွားပေးခဲ့တဲ့ မြန်မာ့တပ်မတော်မှာလည်း စစ်ပွဲဖြစ်နေတဲ့ ဒေသတွေကဒေသခံအမျိုး သမီးတွေကို မုဒိမ်းကျင့်တာ၊ သတ်ဖြတ်တာတွေကို ဆက်လက်ကျူးလွန်ခဲ့တာ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပါပြီ။ အရင်က စာရေးသူကိုယ်တိုင် တိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့တဲ့ မုဒိမ်းကျင့်သတ် ဖြတ်မှုတွေအကြောင်း ကြားခဲ့ဖူးပါတယ်။ သတင်းစီးဆင်းမှု ခက်ခဲတဲ့အချိန်ဖြစ်တာကြောင့် ဖြစ်ပွားမှုအနည်းငယ် သာ ပြည်ပအခြေစိုက်မီဒီယာတွေက သိရှိခဲ့ပြီး မသိလိုက်ရတဲ့ ဖြစ်စဉ်တွေများပြားခဲ့ပါတယ်။ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေရဲ့ လေ့လာတွေ့ရှိချက်တချို့ကို ဖော်ပြရာမှာ မြန်မာ့တပ်မတော်က စစ်သားတွေဟာ အုပ်စုလိုက် မုဒိမ်းကျင့်တာ၊ လိင်ကျွန်ပြုတာတွေကို ကျူးလွန်ခဲ့တယ်ဆိုတာပါပဲ။
■ ကောင်းခါးရွာက ဆရာမလေး ၂ ဦး
မြန်မာပြည်မြောက်ဖျားပိုင်းမှာ တကျော့ပြန်စစ်ပွဲတွေဖြစ်ခဲ့တဲ့ ၂၀၁၀ နောက်ပိုင်းမှာ ကချင်တပ်မတော် KIA နဲ့ မြန်မာတပ်မတော်တို့ကြား တင်းမာနေခဲ့ကြပါတယ်။ အဲဒီလိုတင်းမာမှုတွေနဲ့ မကြခဏ တိုက်ပွဲတွေဖြစ်ပွားလာနေ ချိန် ၂၀၁၅ ၊ ဇန်နဝါရီ ၁၉ ရက် ညသန်းခေါင်ယံမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့ နယ် ကောင်းခါးရွာမှာ ဆရာမ ၂ ယောက် အသတ်ခံရပါတယ်။ ရိုးရိုးသတ်တာမဟုတ်ပါဘူး။ မုဒိမ်းကျင့်ပြီးမှ သတ် ဖြတ်ခဲ့တာပါ။
အခင်းဖြစ်မဲ့ မနက်က အဲဒီရွာကို ခမရ ၅၀၃ က စစ်သားတွေ လာရောက်စခန်းချခဲ့တာဖြစ်တာလည်းဖြစ်ပါ တယ်။ ဒါပေမဲ့ ဒီနေ့ အထိ ဆရာမ ၂ ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံကို မဖမ်းဆီးနိုင်ပါဘူး။ ဒါပေမဲ့ ကချင်လူ့အခွင့်အရေးအဖွဲ့တွေကတော့ စစ်တပ်က ကျူးလွန်တဲ့အမှုဖြစ်တယ်လို့ပဲ ယုံကြည်နေကြပါတယ်။
၂၀၂၃၊ ဇွန်လ ၂၅ ရက်၊ မနက် ၄ နာရီခွဲပတ်ဝန်းကျင်မှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကင်းတော် ကျေးရွာ အနီးက PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ထို့နောက် PDF စခန်း အနီးမှာရှိနေတဲ့ တဲတစ်လုံးအတွင်း ဝင်ရောက်ကာ ကလေး ၂ ဦးအပါအဝင် မိသားစုလေးဦးနဲ့ အသက် ၁၇ နှစ် အရွယ် မခရေ(အမည်လွဲ)၊ အသက် ၂၀ အရွယ် မနွေဦး(အမည်လွဲ)တို့ကို မြေပြင်တွင် မှောက်လျက်လှဲခိုင်းပြီး ကြိုး တွေနဲ့ တုတ်ထားခဲ့ပါတယ်။ အဲဒီနောက် အိမ်ရှင်အမျိုးသားကို “မင်းတို့ရဲ့ နောက်ဆုံးနေ့ပဲ၊ ပန်းခူးချင်သေးလား၊ ပန်းခူးရင် မြွေတော့ ကိုက်လိမ့်မယ်” လို့ ပြောတဲ့အကြောင်း မျက်မြင်တွေ့ခဲ့သူက ပြောပြပါတယ်။
အဲဒီနောက်တော့ အိမ်ရှင်အမျိုးသားရဲ့ ဦးခေါင်းကို သေနတ်ပစ်သတ်ခဲ့ပြီးနောက် မခရေနဲ့ မနွေဦးတို့ ၂ ဦးကို အနီးရှိ ထရံကာတဲအတွင်း ဆွဲခေါ်သွားကာ အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“စစ်သားတွေလာတယ်ဆိုတော့ ကျွန်မ ကပြေးပြီး ပုန်းနေတာ။ အဲဒီအချိန်မှာ PDF စခန်းထဲက ကလေးတွေကို လည်ပင်းကိုဓားနဲ့ လှီးသတ်နေတာတွေလည်း တွေ့တယ်။ အိမ်ရှင်ယောက်ကျ်ားရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်သတ်ပြီး မိန်းမနဲ့ ကလေး ၂ ယောက်ကို ပြန်လွှတ်ပေးတယ်။ မိန်းကလေး ၂ ဦးကိုတော့ အဲဒီနားက တံငါတဲလေးပေါ့။ ထရံကာ ထားတဲ့ အိမ်ပေါ်ကို ခေါ်သွားပြီး အုပ်စုဖွဲ့ မုဒိမ်းကျင့်နေတာကို ကျမ မြင်နေရတယ်။ ကလေးမလေးတွေ အော်ဟစ် နေတဲ့ အသံတွေလည်းကြားတယ်။ ခဏနေတော့ သေနတ်သံတစ်ချက်ကြားတယ်။ ပြီးတော့ အဲဒီနားပတ်ဝန်းကျင် ကို တစ်ချက် စစ်ဆေးပြီး ပြန်ထွက်သွားတယ်။ ကျမ ကြောက်လွန်းလို့ လမ်းတောင် တော်တော်နဲ့ မလျှောက်နိုင်ဘူး၊ ခြုံပုတ်ထဲမှာ လှုပ်တောင်မလှုပ်နိုင်ဘူး” လို့ သူမြင်ခဲ့တဲ့ မြင်ကွင်းကို ပြောပြပါတယ်။
အဲဒီဖြစ်စဉ်မှာ PDF အမျိုးသား ၁၂ ဦး၊ အသက်မပြည့်သေးသူ မခရေနဲ့ မနွေဦး၊ အိမ်ရှင်အမျိုးသားတစ်ဦး တို့ သတ်ဖြတ်ခံခဲ့ရပါတယ်။ မနွေဦးကိုတော့ အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့ပြီးနောက် ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး မခရေကိုတော့ အုပ်စုလိုက်မုဒိမ်းကျင့်ပြီး လည်ပင်းညှစ်သတ်ဖြတ်ခဲ့ပါတယ်။ ကင်းတော်ရွာက နေအိမ်တွေကိုလည်း မီးနဲ့ရှို့ခဲ့ပြီး အရပ်သားပြည်သူ ၄ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပါတယ်။
တကယ်တော့ ဒီအမျိုးသမီးလေး ၂ ဦးဟာ PDF ဖြစ်မယ်ဆိုရင်တောင် လက်နက်လည်းမရှိတဲ့အချိန်မှာ ဖမ်းဆီးခံရရင်သူတို့ စစ်သုံ့ပန်းပဲဖြစ်ပါတယ်။ စစ်သုံးပန်ကို နှိပ်စက်ခွင့်တောင်မရှိပါဘူး။ အခုလို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တယ်ဆိုတာကတော့ ပြည်သူကို အကြောက်တရားသွင်းပြီး ရက်စက်ယုတ်မာလွန်းတဲ့ လူမဆန်တဲ့ လုပ်ရပ်ပါ။
၂၀၂၂၊ ဧပြီ ၃ ရက်ကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ထပ်လှော်ကျေးရွာကို ခလရ-၃၆၀က စစ်ကြောင်း ထိုးဝင်ရောက်လာခဲ့ပြီး ကျေးရွာကပြည်သူ ၂ ဦးဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် ဦးအောင်(အမည်လွဲ)နဲ့ အသက် ၁၄ နှစ်အရွယ် မမိုးမိုး(အမည်လွဲ)တို့ကို ဖမ်းဆီးခဲ့ပါတယ်။ ဦးအောင်နဲ့ မမိုးမိုးတို့ဟာ သားအဖ တော်စပ်ပြီး သမီးဖြစ်သူ မမိုးမိုးကို စတင်ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ မမိုးမိုးက ဖခင်ဖြစ်သူကို လှမ်းအကူအညီတောင်းလိုက်တဲ့အချိန် မှာ ဖခင် ပါလာမှန်းသိပြီး ဦးအောင်ကိုပါ ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက်တော့ မမိုးမိုးကို အဓမ္မပြုကျင့်ခဲ့တာကြောင့် မမိုးမိုးရဲ့ ရုန်းကန်အော်ဟစ်နေသံကို ကြားရတဲ့သူတွေက ကျန်ရစ်သူ မိသားစုကို ပြောပြ ပါတယ်။
အုပ်စုနဲ့ အဓမ္မပြုကျင့်ခဲ့ပြီးနောက်မှာ သားအဖ ၂ ဦးစလုံးကို သတ်ဖြတ်ခဲ့ပြီး ကျန်ရစ်တဲ့ ရုပ်အလောင်းတွေ ကို အိမ်တစ်အိမ်အတွင်း ထည့်ကာမီးရှို့ခဲ့ပါတယ်။ မမိုးမိုးကို အဓမ္မပြုကျင့်ခဲ့တဲ့နေရာမှာ စစ်ကောင်စီ တပ်သား တွေအသုံးပြုခဲ့တဲ့ စိတ်ကြွဆေးတွေနဲ့ သုတ်ရည်တွေကို တွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေက မုဒိမ်းမှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြတာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်၊ ကျီးကန်ရွာသူ မရွှေမန်းသူဖြစ်ရပ်မှာဆိုရင်လည်း စစ်ပွဲ အတွင်း လိင်အကြမ်းဖက်မှုကို စစ်ကောင်စီတပ်သားတွေက ပြောင်ပြောင်တင်းတင်းကျူးလွန်ခဲ့တာဖြစ်ပါတယ်။ တမင်တကာ ရည်ရွယ်ချက်ရှိရှိ မရွှေမန်းသူကို ကျူးလွန်သတ်ဖြတ်ခဲ့တယ်ဆိုတာကို စစ်ကောင်စီတပ်သားတွေ အချင်းချင်းပြောဆိုခဲ့တဲ့ စကားက သက်သေအဖြစ်ရှိပါတယ်။
၂၀၂၃၊ သြဂုတ် ၂၆ ရက်မှာ ကျီးကန်ရွာထဲကို တပ်မ ၃၃ မှ စစ်ကောင်စီ တပ်သားတွေအပါအဝင်အင်အား ၁၀၀ ကျော်တဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်တွေက ရွာအတွင်း လက်နက်ကြီး လက်နက်ငယ်တွေကို ပစ်ဖောက်ဝင်ရောက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်သားတွေဝင်ရောက်လာတဲ့အတွက် ဒေသခံတွေက ကြောက်လန့် ကာရွာရှိဖုန်းကြီးကျောင်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ စစ်ကောင်စီတပ်သားတွေက ဘုန်းကြီးကျောင်း အတွင်းရောက်ရှိလာပြီး ရွာသားတစ်ချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မရွှေမန်းသူ၊ ဦးတင်ဆန်း(မရွှေမန်းသူရဲ့ဖခင်)၊ ဦးဟန်ရွှေ၊ ကိုနိုင်လင်းအပါအဝင် ဒေသခံပြည်သူ ၆ ဦးကို ရွာထဲက ကိုသိန်းထွန်းဆိုသူပိုင်တဲ့ တိုက်အတွင်းဖမ်းဆီးခဲ့ပြီး အမျိုးသား ၃ ဦးကို တစ်ခန်းတည်းချုပ်ထားကာ အမျိုးသမီး ၃ ဦးကို တစ်ယောက်တစ်ခန်းဆီ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။
အတူတူဖမ်းခံရပြီး အခန်းခြင်းကပ်လျက်မှာ ချုပ်နှောင်ခံထားရသူက သူကြားခဲ့ရတဲ့ အခြေအနေကို အခုလိုပြန်ပြောပြပါတယ်။ “ရွှေမန်းသူကို မေးပါတယ်။ နင့်အသက် ဘယ်လောက်မှာ အိမ်ထောင်ကျတာလဲတဲ့၊ ၁၆ နှစ်မှာ ကျတယ်လို့ဖြေတော့ နင်အတော်...ရွသားပဲလို့ ခွေးစစ်သားကပြောတယ်။ နောက်ခွေးက နင့်မှာ ကလေးရှိလား မေးတော့ မရှိသေးဘူးလို့ပြောတယ်။ အဲဒီမှာ နောက်ခွေးတစ်ကောင်က ကလေးရှိလည်း ရှိစမ်းပါစေကွာ မင်း သူ့ကိုမသတ်မှာ ကြနေတာပဲ၊ မသတ်လည်း ပစ်ထားရင် ပစ်ထားလေကွာ၊ အဲဒါဆိုရင် ခွေး PDF တွေ မွေးလာမှာပေါ့လို့ ပြောတယ်။ အဲလိုမေးပြီးတဲ့အချိန်မှာ မတရားကျင့်ကြံနေတဲ့အသံတွေကြားရပါတယ်။ ရုန်းကန်နေတဲ့အသံတွေ လည်းကြားရတယ်။ မလုပ်ပါနဲ့လို့ တောင်းပန်နေတဲ့အသံတွေလည်းကြားရတယ်” လို့ပြောပါတယ်။
အဲဒီနောက်တော့ ဖမ်းခံထားရသူတွေထဲက ၂ ဦးကိုပြန်လွှတ်လိုက်ပြီး ကျန် ၄ ဦးကို လည်လှီးသတ်ဖြတ်ခဲ့ပါ တယ်၊ သတ်ဖြတ်ထားသူတွေရဲ့ အလောင်းကို ကျီးကန်ရွာနဲ့ လှတောရွာကြားက သရက်ခြံထဲမှာ သွားရောက်စွန့်ပစ် ခဲ့ပြီး မရွှေမန်းသူရဲ့ မိန်းမကိုယ်ထဲ Royal D အအေးဘူးခွံ့ကို ထည့်ထားခဲ့ပါတယ်။ အဝတ်အစားတွေကိုလဲ လဲလှယ် ခဲ့တယ်လို့လည်း ကျန်ရစ်တဲ့ ရုပ်အလောင်းကို သဂြိုလ်ပေးခဲ့သူက ပြောပြပါတယ်။
စစ်တပ်က ကျူးလွန်တဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး စစ်တပ်ကနေ CDM ပြုလုပ်လာတဲ့ ဗိုလ်ကြီး ဇင်ယော်ကို မေးမြန်းကြည့်တဲ့အခါမှာတော့ “စစ်တပ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်ဆိုတာကိုတော့ ကြား ရတယ်။ ကြုံတော့မကြုံဖူးဘူး။ အခုနောက်ပိုင်းမှာ ပိုလုပ်လာတယ်ဆိုတာကိုလည်း သိရတယ်။ အဓိကကတော့ လက်နက်မဲ့ ပြည်သူကို အနိုင်ကျင့်ချင်တဲ့ ပင်ကိုယ်စိတ်ဓါတ်လည်းပါတယ်။ အခုနွေဦးမှာ သူတို့ရဲ့ ရည်ရွယ်ချက်က စစ်ဦးဘီလူးဆိုတဲ့ စီမံချက်တွေကို သုံးလာတယ်။ ဒုတိယကမ္ဘာစစ်လောက်က သုံးခဲ့တဲ့ ပုံစံကို ပြန်ကျင့်သုံးလာတဲ့ သဘောဖြစ်တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ကို ကြောက်လာအောင် မဆန့်ကျင်ရဲ၊ မတော်လှန်ရဲတော့အောင် လုပ် နေတဲ့ ပုံစံမျိုးဖြစ်တယ်” လို့ပြောပြပါတယ်။
လေတပ်ကနေ CDM လုပ်လာတဲ့ တပ်သားတစ်ဦးကလည်း ပြည်သူတွေ မတော်လှန်ရဲတော့အောင်နဲ့ တော်လှန်နေတဲ့သူတွေကို မထောက်ခံရဲအောင် ရည်ရွယ်ချက်ရှိရှိကျူးလွန်တာလို့ပြောပါတယ်။ စစ်ကောင်စီတပ်က ပြည်သူတွေအပေါ် အခုလိုကျူးလွန်တနေတာက စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်လို့လည်း သုံးသပ် ပြောဆိုပါတယ်။
စစ်တပ်အပါအဝင် စစ်တပ်နဲ့ ဆက်စပ်တဲ့အဖွဲ့အစည်းတွေ ရိုဟင်ဂျာအမျိုးသမီးတွေအပေါ် မုဒိမ်းမှု ကျူးလွန်တာဟာ ကျူးလွန်ခံရသူတစ်ဦးတည်းတင်မက ရိုဟင်ဂျာအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ အနာဂတ်တွေကိုပါ ရိုက်ချိုးလိုက်တာလို့ ပြောပါတယ်။ စစ်တပ်ကရိုဟင်ဂျာ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာက လူမျိုးတုန်းအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ မသင်းသင်းလှိုင်က ပြောပါတယ်။
မသင်းသင်းလှိုင်က ”စစ်တပ်က ရိုဟင်ဂျာအမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်၊ အဲလိုမုဒိမ်းကျင့်ခံရတာကို ရှောင်ဖို့အတွက် အမျိုးသမီးတွေက အိမ်အပြင်မထွက်ရတော့ဘူး၊ ပညာမသင်ကြရတော့ဘူး။ အိမ်ထဲမှာပဲနေပြီး အပြင်လောကအကြောင်းကို ဘာမှ မသိရတော့ဘူး။ အမျိုးသမီးတွေဆိုတာ နောင်တစ်ချိန် အမေဖြစ်သွားမှာလေ၊ အဲလို အမေဖြစ်မယ့်သူကိုယ်တိုင် ပညာလည်းမတတ်၊ အသိအမြင်လည်းမရှိဆိုရင် သူတို့က မိသားစုကို၊ သားသမီး တွေ ကို ဘယ်လိုထိန်းကျောင်းနိုင်မှာလဲ၊ ရိုဟင်ဂျာတွေ အဲဒီလိုအခြေအနေကို မျိုးဆက် ၃ ဆက်လောက် ခံစားလာရတဲ့အချိန်မှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်က အရမ်းနိမ့်ကျသွားတယ်” လို့ ပြောပြပါတယ်။
မိန်းကလေးတစ်ဦး မုဒိမ်းကျင့်ခံရတာကြောင့် ဖခင်၊ အစ်ကိုတွေကြား စိတ်ပိုင်းဆိုင်ရာသတ်ဖြတ်ခံရတာလို့ လည်း မသင်းသင်းလှိုင်က ဆက်ပြောပါတယ်။ ရိုဟင်ဂျာ ဓလေ့ထုံးစံအရ အိမ်ထောင်စုတစ်ခုမှာ အမျိုးသမီးတွေကို ဖခင်၊ အကိုတွေက အုပ်စီးထားတာဖြစ်ပြီး သူတို့အုပ်စီးထားတဲ့သူကို မုဒိမ်းကျင့်ခဲ့တာက သူတို့နှလုံးသားကို ရိုက်ချိုးလိုက်တဲ့ အခြေအနေကို ဖြစ်ပေါ်စေတယ်လို့လည်း ပြောပါတယ်။
မသင်းသင်းလှိုင်က ”အမျိုးသမီးတွေကို စစ်တပ်က ဖျက်ဆီးပြတာက အုပ်စီးထားတဲ့ပိုင်ရှင်တွေဖြစ်တဲ့ အဖေတွေ၊ ခင်ပွန်းတွေ၊ အကိုတွေ နှလုံးသားကို ရိုက်ချိုးတာနဲ့ တိုက်ရိုက်ပတ်သက်တယ်။ မင်းတို့ရဲ့ ရင်နှစ်သည်းခြာ တွေကို ငါတို့က ဒီလိုလုပ်ပစ်လိုက်တယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲဒါက အဓိက စိတ်ဓါတ်ကို သတ်ပစ်လိုက်တာ၊ လူ့ ခန္ဓာကိုယ်ကိုရိုက်လိုက်လို့ ကျိုးသွားပဲ့သွားတာက ကုသလို့ရပေမဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်ချိုးခံရရင် ဘယ်တော့မှ ပြန်မကောင်းတော့ဘူး” လို့ပြောပြပါတယ်။
ဒီအကျိုးဆက်တွေအရ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ကို ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းမှာ ပိတ်ပင်ခံခဲ့ရ ပါတယ်။ ပညာရေးအားနည်းတဲ့ အမျိုးသမီးတွေအတွက် အိမ်တွင်းအကြမ်းဖက်ခံရမှုတွေကိုလည်း မကာကွယ်နိုင် တော့ပဲ ပိုပိတ်လှောင်တဲ့ လူမှုဝန်းကျင်မှာသာ ရှင်သန်ကြရပါတော့တယ်။
တကယ်တော့ စစ်အုပ်စုရဲ့ ဗျူဟာကျကျ ဖိနှိပ်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လူမျိုးစုဒေသမှာ ဒီနေ့အ ထိ ခံစားနေကြရဆဲဖြစ်ပါတယ်။ မုဒိမ်းကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေကို သူတို့ရဲ့ အိမ်ထောင်ဖက်တွေကပါ စွန့်ပစ် တာကို ခံစားခဲ့ကြရပါတယ်။ လူမှုဝန်းကျင်မှာလည်း ပစ်ပယ်ခံရသူတွေဖြစ်ရတာကြောင့် သူတို့ရဲ့ စိတ်ဒဏ်ရာဟာ နက်ရှိုင်းခဲ့ပါတယ်။ မတရားပြုကျင့်ခဲ့သူတွေက ပြစ်ဒဏ်မခံစားရပေမဲ့ ပြုကျင့်ခံရသူက နောက်ဆက်တွဲဆိုးကျိုး တွေကို ပြစ်ဒဏ်သဖွယ် ခံစားနေရတာကတော့ မတရားမှုကို ၂ ထပ်ခံစားနေရတဲ့ အခြေအနေမျိုးလို့ပဲ ပြောရမှာဖြစ် ပါတယ်။
ဒီဖြစ်ရပ်ဆိုးတွေကို စစ်တပ်ဟာ နှစ်ပေါင်းများစွာ စနစ်တကျ၊ အစီအစဉ်တကျ ကျူးလွန်ခဲ့တာလို့လည်း ဒေါ်တင်တင်ညိုက သုံးသပ်ပါတယ်။ “ကျမတို့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက စစ်တပ်ကနေ ကျူးလွန်တဲ့ မုဒိမ်းမှုတွေကို စုဆောင်းတယ်၊ ထုတ်ပြန်ခဲ့တာတွေရှိတယ်၊ ဥပမာ ရခိုင်ပြည်နယ်မှာပဲဖြစ်ဖြစ်၊ ကရင်ပြည်နယ်မှာ ပဲဖြစ်ဖြစ်၊ ကချင်မှာပဲဖြစ်ဖြစ်က ကြည့်လိုက်မယ်ဆိုရင် စစ်ကျောင်းတွေဝင်ပြီးသွားရင် အပြစ်မဲ့တဲ့ အမျိုးသမီးတွေ ကို မုဒိမ်းကျင့်တာပဲဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာပဲဖြစ်ဖြစ် လုပ်ကြတယ်၊ နေရာတိုင်းမှာ ဒီလိုပုံစံလုပ် တော့ ပုံစံတူလိုဖြစ်တာပေါ့၊ လုပ်ဆောင်ချက်တွေကလည်းတူတယ်။ ဒီလိုလုပ်ခဲ့ပေမဲ့လည်း အမြဲတမ်း အပြစ်ကင်း လွတ်ခွင့်တွေရနေတယ်။ ဒါက စစ်တပ်ကနေ အစီအစဉ်ချပြီးတော့ တိုင်းရင်းသူအမျိုးသမီးတွေအပေါ် မုဒိမ်း ပြုကျင့်ခဲ့တာလို့ သုံးသပ်ပါတယ်” လို့ပြောပါတယ်။ အခုလိုလုပ်ဆောင်တာက တိုင်းရင်းသား လက်နက်ကိုင်တွေကို အလွယ်ကူဆုံး စိတ်ဓါတ်ပိုင်းဆိုင်ရာ အရ ဖြိုခွဲနေတာလို့လည်းပြောပါတယ်။
ဒီဖြစ်ရပ်ဆိုးတွေရဲ့ နောက်ဆက်တွဲခံစားရတာတွေ လျော့ပါးသွားဖို့ဆိုရင် ပြစ်မှုကျူးလွန်သူတွေကို အရေး ယူနိုင်ဖို့ လိုအပ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ မူဝါဒရေးရာဦးဆောင်မှုအဖွဲ့ဝင် ဒေါ်တင်တင်ညိုကပြောပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေကိုပစ်မှတ်ထားပြီး စစ်တပ်က ကျူးလွန်ခဲ့တဲ့ မုဒိန်းမှုတွေကို မှတ်တမ်းတင်ထားပေမဲ့ ဒီမိုကရေစီပြယုဒ်လို့ သတ်မှတ်ခံ အစိုးရလက်ထက်မှာ တောင် တရားစွဲဆို အရေးယူနိုင်တာမရှိပါဘူး။ ဒါကြောင့်လည်း စစ်တပ်က ဒီလိုပြစ်မှုတွေကို ဆက်လက်ကျူးလွန် နေတာလည်းဖြစ်ပါတယ်။
ဒေါ်တင်တင်ညို “ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရဖို့ဆိုရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုရရှိအောင် ကိုင်တွယ်ဖြေရှင်းအရေးယူမှုတွေရှိအောင် လတ်တလောအခြေ အနေအနေမှာတော့ အချက်အလက်တွေကို စုဆောင်းထားတယ်။ တစ်ချိန်မှာတော့ ဒီမိုကရေစီရရှိခဲ့ရင်တော့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်” လို့ပြောပါတယ်။
ပြစ်ဒဏ်ကျူးလွန်သူတွေနဲ့ အမိန့်ပေးစေခိုင်းသူတွေကို တစ်ချိန်မှာ တရားစွဲဆိုနိုင်ဖို့အတွက် NUG လူ့အခွင့် အရေးဝန်ကြီးဌာနနဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ချို့ပူးပေါင်းပြီး လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေကို ကောက်ခံနေတာရှိပြီး မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တယား (II MM) ထံပေးပို့ထားပါ တယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေအတွက် အသက်မသေသေးရင်တောင် ဘဝကို ဆက်လက်ဖြတ် သန်းဖို့ ခက်ခဲလှပါတယ်။ မြန်မာ့လူ့အသိုင်းအဝိုင်းမှာ မုဒိမ်းကျင့်ခံရသူအမျိုးသမီးတွေကို ဖယ်ကျဉ်တာ၊ မိဘ ညီအစ်ကိုမောင်နှမတွေရဲ့ အပြစ်ပေးတာတွေကိုပါ ခံယူကြရပါတယ်။ ခင်ပွန်းတွေရဲ့ စွန့်ပစ်တာကိုလည်း ခံစားရတဲ့ အတွက် ကျူးလွန်ခံရသူတွေက ထုတ်ဖော်ပြောကြားဖို့ ကြောက်ရွံ့ကြပါတယ်။ တစ်ယောက်တည်း ကြိတ်မှိတ် ခံစားရင်း စိတ်ပိုင်းဆိုင်ရာ နာကျင်နေကြရပါတယ်။ ဒီလိုအခြေအနေကနေ လွတ်မြောက်နိုင်အောင် လူ့အသိုင်း အဝိုင်းက ဖေးမကူညီဖို့လည်း အရေးတကြီးလိုအပ်ပါတယ်။
ကျူးလွန်သူတွေနဲ့ အမိန့်ပေးသူတွေကို အပြစ်ပေးအရးယူခြင်းဖြင့် စစ်ပွဲအတွင်း အနင်းခံရသူတွေအတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ လိုအပ်သလို၊ ဘဝပြန်လည်ထူထောင်နိုင်ဖို့အတွက်လည်း ပြည်သူအားလုံးနဲ့ ကမ္ဘာကြီး က ဝိုင်းဝန်းကူညီကြဖို့လိုပါတယ်။ လဲနေသူကို ထူပေးဖို့ အမှတ်ရနေကြစေဖို့ကိုလည်း ဂရုပြုမိစေချင်ပါတယ်။
Photo/Shwe Thazin Lwin via Reddit.