29/05/2025
လွမ်းချင်း....
မနက်ထရင် သားရေ..
ကလေးရေ အော်ခေါ်သံလေးတွေက
အဝေးကဘဲ ကြားယောင်တော့တယ်....
နိုးစက်သံ ကိုအားပြုပြီး
နံနက်ထဖို့ ကိုယ့်စိတ်ကို
ကိုယ်နိုးရတယ်...
မနက်စားအဆင်သင့်စားဖို့
စောင့်နေရာကနေ
မနက်စာ ဘယ်ရှာရမလဲ ပြောင်းတွေးရပြန်ရော..
တီတီတာတာစကားပြောဖို့
တာဝန်ဆိုတဲ့အရာက
သဲ့သဲ့လေးသတိလာပေးပြန်ရော
ဒါမင်းအိမ်လိုမဟုတ်ဘူးတဲ့...
အရင်လို ကိုယ်ဖြစ်ချင်တာကို
ဖွင့်ဟဖို့ ယုံကြည်ရတဲ့
နှလုံးသားနှစ်စုံနဲ့ ခွဲလို့
ဘယ်လိုအရေခြုံထားလဲမသိတဲ့သူရှေ့
မရှိပြုံး ပြုံးရပြန်လေရော...
အလွန်ဆုံးပြော နေကောင်းကျန်းမာလာပေါ့
ဘာဆေးသောက်ရမယ်လို့တော့
ဘယ်ပြောမလဲ...
မိသားစုမှ မဟုတ်တာ...
ထမင်းစားချိန် နာရီတိတိစားနေကျက
အချိန်မမှန် ဆန်မမှန်ဘဲ
ဘယ်ညာကြည့်စားနေရပုံများ
အရင်လို ဂျီးများရအောင်လဲ
အဖွားအိမ်က ထမင်းဝိုင်းမှမဟုတ်တာ...
အိပ်ချင်ရာအိပ်ပြီ
နေချင်သလိုနေရတိုင်း
သား ခြင်ကိုက်မှာကြောက်လို့
ခြင်ထဟတ်ပေးတဲ့ အမျိုးသမီးကို
မျက်ရည်ကျပြီးလွမ်းရပြန်ရော...
အဝတ်တစ်ထည်မလျှော်
ရေတစ်ပုံးမသည်လည်းလဲ
မငြိုငြင်တဲ့ မိသားစုဝင်နှစ်ဦးမှ
ဝင်ငွေရဖို့ ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်နဲ့
အစားထိုးရပြန်ရော...
ဘာဟင်းလေးကောင်းရင်
သားကို သတိရလို့ မျိုမကျဘူးတဲ့လား...
အပြင်ခဏသွားရင်တောင်
စိတ်ပူတတ်တာ.
ဘဝထဲက ထွက်သွားရင်
တစ်ခြမ်းပဲ့သွားမှာပေါ့..
အစားကောင်းတစ်လုပ်
သီချင်းကောင်းတစ်ပုဒ်မှ
လူကောင်းတစ်ယောက်ကို
ပျိုးထောင်ပေးခဲ့တဲ့
သူနှစ်ဦးကို အိပ်ရာဝင်တိုင်းကန်တော့ဖြစ်သည်....
မင်းခန့်(မြိတ်)