
04/07/2025
ထိုင်းနိုင်ငံအလယ်ပိုင်း ကချနဘူရီပြည်နယ်ရှိ Thong Pha Phum သစ်သီးပွဲတော် ၂၀၂၅ တွင် အသက် ၈၁ နှစ်အရွယ် ထိုင်းလူမျိုးအမျိုးသား ပစ်ဆင်သာအိုသည် ၎င်း၏ အိမ်တွင်စိုက်ပျိုးထားသော ထိုင်းနိုင်ငံ၏ ပထမဆုံး ရေပေါ်ဒူးရင်းသီးကို လေလံတင်ရောင်းချရာ ဘတ် ၃၀၀,၀၀၀ ဖြင့် ရောင်းချနိုင်ခဲ့သည်။
ပစ်ဆင်သာအိုသည် ကချနဘူရီပြည်နယ်၊ Thong Pha Phum ခရိုင်ရှိ ၎င်း၏ နာမည်ကျော် Phae Malai ရေပေါ်ဖောင်တည်းခိုခန်းပိုင်ရှင်အဖြစ် လူသိများသူဖြစ်သည်။ ၎င်းသည် ရေပေါ်ဖောင်ပေါ်တွင် ဒူးရင်းပင်တစ်ပင်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သည့်အတွက်လည်း ထင်ရှားသည်။ အဆိုပါထူးခြားသော ဒူးရင်းပင်သည် သစ်သီးဝါသနာရှင်များနှင့် စိုက်ပျိုးရေးဝါသနာရှင်များအကြား ရေပန်းစားလာပြီး “ရေပေါ်ဒူးရင်း” ဟု အမည်ပြောင်ရရှိခဲ့သည်။
ဒူးရင်းပင်သည် ယခင်က ပန်းပွင့်ခဲ့သော်လည်း ပစ်သည် အသီးမသီးနိုင်ခဲ့ပေ။ ဧည့်သည်တဦးကအပင်ကို ရေမျက်နှာပြင်အထက် ၁ မီတာခန့် မြှင့်တင်ပြီး အောက်ခြေတွင် မြေဆီလွှာထည့်ရန် အကြံပြုခဲ့သည်။ဤအကြံပြုချက်များသည် အောင်မြင်မှုရရှိခဲ့ပြီး ဒူးရင်းပင်သည် ပန်းများစွာ ပွင့်လာကာ နောက်ပိုင်းတွင် ဒူးရင်းသီးများ ထွက်ရှိလာခဲ့သည်။ သို့သော် ပစ်က ယခုနှစ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အသီးအများစုကြွေကျသွားပြီး ဒူးရင်းသီး ၂ လုံးသာ ဆက်လက်ကြီးထွားခဲ့သည်ဟု ပြောကြားခဲ့သည်။
ဒူးရင်းသီးတစ်လုံးလျှင် အလေးချိန် ၃ ကီလိုဂရမ်ခန့်ရှိပြီး ထိုင်းနိုင်ငံ၏ ပထမဆုံး ရေပေါ်ဒူးရင်းအဖြစ် ချီးကျူးဂုဏ်ပြုခဲ့သည်။
ဒူးရင်းသီးတစ်လုံးကို လေလံတင်ရောင်းချရာ ဘတ် ၃၀၀,၀၀၀ ဖြင့် အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပြီး လေလံအောင်မြင်သူမှာ ကချနဘူရီပြည်နယ် ဒူးရင်းအသင်းဖြစ်သည်။
ပစ်သည် လေလံမှရရှိသော ရောင်းရငွေကို Thong Pha Phum ခရိုင်ရုံးသို့ လှူဒါန်းပြီး ဒေသခံအသိုင်းအဝိုင်းအတွက် အကျိုးပြုရန် ကြေညာခဲ့သည်။
#ခရီးသွား #ဒူးရင်းသီး #ထိုင်း #ဘတ်