
14/09/2025
အရင်တုန်းက စာအုပ်တိုက်တစ်တိုက်ကနေ စာအုပ်အသစ်တစ်အုပ် ထွက်လာရင် ဒီစာအုပ်ရဲ့ နောက်ဘက်မှာ နောက်ထပ် ဘယ်လိုစာအုပ်အသစ်တွေ ထွက်လာပါတော့မယ်လို့ ကြော်ငြာထည့်တာမျိုးတွေ ရှိကြတယ်လေ။ ခုနောက်ပိုင်းလည်း အဲ့လို ထည့်ကြတာမျိုး ရှိပါတယ်။ ပြောချင်တာက အဲ့လို ကြော်ငြာတွေ ထည့်ခဲ့ပြီးမှ နောက်ပိုင်းမှာ တကယ်လည်း မထွက်ဖြစ်ခဲ့တဲ့ စာအုပ်တွေလည်း ရှိခဲ့တယ်ဆိုတာ။
အခုလည်း Fate က ဘာစာအုပ်တွေ ထွက်မယ် အရင်က ပြောထားခဲ့ပေမယ့် တကယ်တမ်းမှာ “ဦးလေးဗန်ညာ” နဲ့ “ပရိုမိးသီးယပ်စ်” ကလည်း မထွက်ဖြစ်သေးဘူး ဖြစ်နေရောပဲ။ တကယ်က ထုံးစံအတိုင်း တိုက်မှာ ထုတ်ဖို့ ဘက်ဂျက် မရှိသေးတာရယ်၊ ခုနေချိန်ကာလနဲ့ ပြဇာတ်ကို ထုတ်ရမှာက အဆင်မပြေသေးတာကြောင့်ရယ်။ ဒါပေမဲ့ Fate မဟုတ်ဘဲ တခြားတိုက်တစ်ခုခုက ထုတ်ချင်တာမျိုး ရှိရင် အဲဒီလိုမျိုး လုပ်ပြီး ထုတ်ဖြစ်မလားတော့ မသိသေးပါဘူး။
အခု ပုံထဲက တစ်အုပ်ကတော့ ကြော်ငြာပြီး မထွက်ဖြစ်ခဲ့တဲ့ စာအုပ်တွေလို မဟုတ်ဘဲ ခု လာမယ့် ဆယ်လပိုင်းထဲမှာ လုပ်ဖြစ်မယ့် ဘာသာပြန် ဝတ္ထုစာအုပ် အသစ်တစ်အုပ်ပါ။ စာမူ proof ဖတ်တဲ့ အဆင့် ရောက်နေပါပြီ။ ထွက်ဖို့လည်း သေချာတယ်ဆိုတာ အကြောင်းကြားချင်လို့။
အများစု မျှော်နေကြတဲ့ မိုရီဆာရီ စာအုပ်ဆိုင် နေ့ရက်များရဲ့ အဆက် ဒုတိယအုပ်လည်း ကြာနေတာ အားနာပါတယ်။ အဲဒါလေးလည်း လုပ်နေတယ်ဆိုတဲ့ အကြောင်းပါ။ အခုပုံမှာ ပြထားတဲ့ စာအုပ်အပြင် နောက်ထပ် ဘာသာပြန်မဟုတ်တဲ့ ပင်ကိုယ်ရေး အသစ်တစ်အုပ်လည်း Fate ကနေပဲ ထွက်လာဖို့ ရှိမလားပါပဲ။
အရင်က ထွက်ထားတာတွေထဲက မဒဲရာတို့၊ ရေမွန်ကာဗာတို့ကိုရော ဖတ်ပြီးကြပြီလား။ ဘယ်လိုနေကြလဲ။ ဖတ်ပြီးသွားကြရင်လည်း မန့်ပြီး ပြောခဲ့ကြပါဦး။
ဒီတော့ နောက်လာမယ့် လတွေမှာ Fate က စာအုပ်တွေ ထွက်လာဖို့ ရှိသေးတယ်ဆိုတာ အကြောင်းကြားချင်တာပါ။ ကျေးဇူးပါနော်။
- မိုးရဲ -
စက်တင်ဘာ၊ ၂၀၂၅။