Fate Book Publishing

Fate Book Publishing အပြစ်အနာအဆာမရှိတဲ့ စိတ်မှာ ထာဝရ တောက်ပနေမယ့် နေရောင်ခြည်တွေလိုမျိုး

ဒီနေ့က ကျနော့်ရဲ့ မွေးနေ့ပါ။ Fate က ထုတ်ဝေထားတဲ့ ဒီစာအုပ်လေး (၃) အုပ်ကို တစ်ယောက် တစ်အုပ်စီ Giveaway အစီအစဉ်လေး လုပ်ပေးခ...
25/05/2026

ဒီနေ့က ကျနော့်ရဲ့ မွေးနေ့ပါ။
Fate က ထုတ်ဝေထားတဲ့
ဒီစာအုပ်လေး (၃) အုပ်ကို
တစ်ယောက် တစ်အုပ်စီ Giveaway
အစီအစဉ်လေး လုပ်ပေးချင်လို့ပါ။

အစီအစဉ်က မေလ (၂၅) ရက်နေ့ကနေ
ဇွန်လ (၁) ရက်နေ့ အထိပါ။

လုပ်ရမှာက ကိုယ် လိုချင်တဲ့ စာအုပ်တစ်အုပ်
နာမည်ကို comment ထဲမှာ မန့်ပေးထားခဲ့ရင် ရပါပြီ။
(၂) ရက်နေ့မှာ မဲဖောက်ပေးသွားပါမယ်။
လက်ခံရရှိသူများက ပို့ခ ကျသင့်ခံရပါမယ်။

အပန်းမကြီးဘူးဆိုရင် အခုပို့စ်လေးကို
ရှယ်သွားပေးလို့လည်း ရပါတယ်။

🔳 သင်္ဘောပျက်များ
- မိုးရဲ -
မူရင်းဈေး - ၁၈,၅၀၀ ကျပ်
၂၀% လျော့ဈေး - ၁၄,၈၀၀ ကျပ်

🔳 မဒဲရာ ဂရိပြဇာတ်
- မိုးရဲ -
မူရင်းဈေး - ၇,၅၀၀ ကျပ်
၂၀% လျော့ဈေး - ၅,၂၀၀ ကျပ်

🔳 ကစဉ့်ကလျား နှင်းပြာများ
- လင်းနက် ၊ သီရိဇွန် -
မူရင်းဈေး - ၁၆,၅၀၀ ကျပ်
၂၀% လျော့ဈေး - ၁၃,၂၀၀ ကျပ်

ဝယ်ယူချင်တယ် ဆိုရင်လည်း ဒီစာအုပ်လေးတွေကို
(၂၀) ရာခိုင်နှုန်း လျော့ဈေးနဲ့ မှာယူလို့ ရပါတယ်။

အားလုံးကို ကျေးဇူးပါနော်။

- မိုးရဲ -

ဘာလိုလိုနဲ့ တစ်နှစ်ပြီး တစ်နှစ် လည်ပတ်နေတဲ့ နှစ်ကာလတွေထဲမှာ ဆရာ မောင်ချော‌နွယ် ရေးခဲ့တဲ့ "သစ္စာပန်းများနဲ့ မေလ" ရောက်ခဲ့...
01/05/2026

ဘာလိုလိုနဲ့ တစ်နှစ်ပြီး တစ်နှစ် လည်ပတ်နေတဲ့ နှစ်ကာလတွေထဲမှာ ဆရာ မောင်ချော‌နွယ် ရေးခဲ့တဲ့ "သစ္စာပန်းများနဲ့ မေလ" ရောက်ခဲ့ပြန်ပါပြီ။

မေလတစ်ရက်နေ့က ဆရာမကြီး ဒေါ်ခင်မျိုးချစ်နဲ့ ဆရာအောင်ချိမ့်တို့ရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။

ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ (၁၁၁) နှစ်‌ပြည့်မြောက် မွေးနေ့နဲ့ ဆရာအောင်ချိမ့်ရဲ့ (၇၈) နှစ်ပြည့်မြောက် မွေးနေ့ပါ။ သူတို့ မွေးနေ့မှာ သူတို့ ရေးသားခဲ့ကြတဲ့ စာတွေထဲက ကိုယ်ကြိုက်နှစ်သက်တဲ့ ကောက်နုတ်ချက်ကလေးတွေကို ဖော်ပြပါရစေ။ သက်ဆိုင်ရာ ဓာတ်ပုံမူပိုင်ရှင် အသီးသီးကိုလည်း ကျေးဇူးတင်ရကြောင်းပါ။

ဒီနှစ် မေလတစ်ရက်နေ့က ကဆုန်လပြည့်ကျော် တစ်ရက်နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ကဆုန်လပြည့်ကျော် တစ်ရက်နေ့က ကျွန်တော်ရဲ့ မြန်မာလို မွေးနေ့ပါ။

ကိုယ် ကြိုက်နှစ်သက်ရတဲ့ စာရေးဆရာတွေနဲ့ မွေးနေ့တစ်ရက်တည်း ကျခွင့်ရတာလည်း ကံကောင်းတဲ့ ကိစ္စလို့ပဲ မှတ်ယူပါတယ်။ သူတို့စာတွေ၊ ကဗျာတွေ ဖတ်ခွင့်ရခဲ့လို့သာ ကျွန်တော်တို့‌တတွေလည်း ဦးနှောက်နဲ့ နှလုံးသားတွေ ပိုယဉ်ကျေးလာခဲ့ကြတာမလား။

နောက်ထပ်ပြီးတော့လည်း စာတွေ၊ စာအုပ်တွေ အများကြီး ဖတ်နိုင်ကြပါစေ။

- မိုးရဲ -
မေ၊ ၂၀၂၆

◼️ အေအိုင်တွေနဲ့ ကဗျာစာပေ ဖန်တီးမှု(အေအိုင်နဲ့ ဖန်တီးရေးသားထားတာတွေကို ဖတ်ကြမှာလား၊ မဖတ်ကြဘူးလား) အေအိုင်တွေကို ကဗျာ၊ စာ...
21/04/2026

◼️ အေအိုင်တွေနဲ့ ကဗျာစာပေ ဖန်တီးမှု
(အေအိုင်နဲ့ ဖန်တီးရေးသားထားတာတွေကို ဖတ်ကြမှာလား၊ မဖတ်ကြဘူးလား)

အေအိုင်တွေကို ကဗျာ၊ စာပေ ဖန်တီးရေးသားမှုတွေ၊ ဘာသာပြန် အရေးနဲ့ ပတ်သက်ပြီး ခုနောက်ပိုင်းမှာ အများစုက ဝေဖန်ဆက်စပ်ရေးသားကြတဲ့ ‌အကြောင်းအရာတွေကို ဖတ်ရတော့ ကိုယ်လည်း တွေးမိတာတွေ ရေးချင်လာလို့။

ဒီအောက်ကပို့စ်မှာဆိုရင် ကိုဏေသစ်က James Tate ရဲ့ Teaching the Ape to write Poems ကဗျာနဲ့ ဆက်စပ်ပြီး အေအိုင်ရဲ့ ဖန်တီးရေးသားထားနိုင်မှု အပိုင်းတွေကို ဆက်စပ်ပြောထားတာလည်း ရှိတယ်။
https://www.facebook.com/share/p/1Cc6np37ay/

ပြီးတော့ နောက်တစ်ခုက ဆရာဇေယျာလင်း ရေးတဲ့ "ကဗျာဆရာအချို့၊ ကဗျာအချို့ (Postmodern Associative ကဗျာ/ဟန်)" စာအုပ်ထဲမှာ ဖတ်ရတဲ့ အကြောင်းပါ။ တကယ်မရှိတဲ့၊ တကယ်အပြင်မှာ မရှိခဲ့တဲ့ လူပုဂ္ဂိုလ် တစ်ယောက်ရဲ့ အရေးအသားတွေကို ရှိတယ်ဆိုပြီး hoax လုပ်ကြတဲ့ အကြောင်း။

၁၉၄၄ ခုနှစ်၊ ဩစတေးလျမှာ မော်ဒန်ကဗျာ ပေါ်ပေါက်လာရေးအတွက် ကြိုးစားနေတဲ့ ကဗျာဆရာ၊ အယ်‌ဒီတာတစ်ယောက်ကို ကြည့်မရလို့၊ နာမည်ဖျက်ချင်လို့ဆိုပြီး အစဉ်အလာ ကဗျာတွေ ရေးနေကြတဲ့ လူနှစ်ယောက်က ဟိုကဒီက စာတွေကို ဖြတ်ညှပ်ကပ်လို့၊ မော်ဒန်ကဗျာ ပုံစံလုပ်၊ ရေးတဲ့လူကိုပါ (အပြင်မှာ တကယ် မရှိတဲ့လူကို) ထွင်ပြီး တကယ်ရှိတယ်ဆိုပြီး လုပ်လိုက်တယ်တဲ့။

ဟိုအယ်ဒီတာက အဲဒါတွေကို မသိဘဲ တကယ်ထင်ပြီး ထွင်ရေးထားတဲ့ အရေးအသားတွေကို ကြိုက်လို့ဆိုပြီး သူ့ဂျာနယ်တစ်ခုလုံးမှာ အဲ့ထွင်ရေးထားတဲ့ အရေးအသားတွေကို ဖော်ပြပြီးတော့မှ ထွင်ရေးတဲ့သူ နှစ်ယောက်က ဒါ သူတို့ လျှောက်လုပ်ထားတဲ့ အရေးအသားတွေပါလို့ ဝန်ခံပြီးမှ ပြန်ဟားကြတယ်တဲ့။

ဟိုအယ်ဒီတာလည်း နာမည်ပျက်ရတာပေါ့။ သူက တကယ်ထင်မိတာကိုး။ နောက်တော့ အဲ့လို ထွင်ရေးထားတဲ့ အရေးအသားတွေကို နာမည်ကြီးတဲ့ စာပေပညာရှင်တစ်ယောက်ဆီ ပို့ပြီး သုံးသပ်ခိုင်းတော့ ဟိုက ပြန်ပြောတယ်၊ ဒါက မော်ဒန်အရေးအသားတွေပဲဆိုတာ ငြင်းလို့ မရပါဘူးတဲ့။ နောက်ပိုင်းမှာ ထင်ရှားလာခဲ့တဲ့ မော်ဒန်ကဗျာဆရာတွေကိုယ်တိုင်လည်း အဲ့လို ထွင်ရေးထားတဲ့ အရေးအသားတွေဆိုတာ နောက်မှ သိကြပေမဲ့ ဒီအရေးအသားတွေကို ကြိုက်နှစ်သက်ကြ၊ အသိအမှတ်ပြုကြ၊ ဖော်ပြပေးခဲ့တဲ့ အယ်ဒီတာကိုလည်း ကျေးဇူးတင်ကြတယ်တဲ့။

အခုအချိန်မှာလည်း အဲ့လို တကယ့်လူအစစ်က ရေးသားထားတာ မဟုတ်တဲ့၊ အေအိုင်က ရေးသားထားတဲ့ အရေးအသားတွေကို ပြန်အသုံးချနေကြတာရော ဒီလိုဥပမာတွေနဲ့ဆို ဘယ်လိုနေမလဲ။ ဖတ်ရတဲ့သူတွေက မဖတ်‌ဖူးသေးတဲ့ အရေးအသား အသစ်အဆန်းတွေကို ဖတ်ရတယ် ဆိုပြီး ကျေးဇူးတင်ကြမှာလား၊ ဒါမှမဟုတ် အေအိုင်က တမင် လျှောက်ထွင်ရေးတာပဲလို့ နှာခေါင်းရှုံ့ကြမှာလားပေါ့လေ။

စောစောက hoax ဖြစ်တဲ့ ကိစ္စမှာက ထွင်ရေးတယ်ဆိုဦးတော့၊ ဒီလူတွေက အပြင်မှာ တကယ်ရှိကြတဲ့ လူတွေပဲမို့လို့ တော်သေးတယ်ပဲ ပြောရမှာလား၊ အေအိုင်က ထွင်ရေးတာနဲ့ရော ဘာကွာလို့လဲ မေးစရာ ရှိလာဦးမယ်။

အဲဒါတွေ ရေးတဲ့ ကိစ္စတွေနဲ့ ပြောရရင် ရေးတယ်ဆိုတာ ဖတ်ဖို့၊ ဖတ်စေချင်လို့ဆိုတော့ ဒါဆို ဘာလို့ ဖတ်ကြတာလဲဆိုတော့ မေးခွန်းကနေ ပြန်စဖြေရင် ပိုဆီလျော်မလားလို့။ ဆိုလိုချင်တာက ရေးတယ်ဆိုတဲ့ ကိစ္စထက် အဲ့လို ရေးတာကို ဘာကြောင့် ဖတ်သလဲဆိုတဲ့ ရှုထောင့်ကနေ ပြန်ပြော၊ ပြန်တွေးမိတယ် ဆိုတာပါ။

ဒါကိုလည်း အများစု သိထားလောက်မယ်ထင်တဲ့ ပုံပြင်တစ်ပုဒ်နဲ့ စပြောရမှာပဲ။ ဆရာဖေမြင့် ရေးဖူးတဲ့အထဲ ပါတာ ထင်ပါတယ်။ တစ်ခါက ဘုရင်ကြီးတစ်ပါးက သူ့ပညာရှိအမတ်ကြီးကို ကမ္ဘာပေါ်က လူမျိုးတွေရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ သမိုင်းတွေအကြောင်း သိချင်တယ်လို့ ပြောတယ်တဲ့။ အမတ်ကြီးလည်း အချိန်ယူပြီး ဒီအကြောင်းတွေကို ကြိုးစားပမ်းစား ကျမ်းပြုစုတာပေါ့လေ။ ရေးပြီးတဲ့အချိန်မှာ ထူထူထဲထဲ စာအုပ်ကြီးတွေ အများကြီးကို ဘုရင့်ရှေ့ သယ်သွားတော့ ဟိုငနဲသားက ဘာထပြောလဲဆိုတော့ ဒီစာအုပ်ကြီးတွေက အများကြီးတွေ၊ သူ တသက်လုံး ဖတ်တောင် ကုန်မှာ မဟုတ်ဘူး၊ တိုတိုတုတ်တုတ်ပဲ ရေးပေးပါလို့ ပြန်ပြောတယ်တဲ့။

အဲဒါနဲ့ အမတ်ကြီးကလည်း သူ့ကို အချိန်တစ်ရက်ပဲ ပေးပါဆိုပြီး သူ့စာအုပ်အထူကြီးတွေကို သယ်ပြီး ပြန်သွားတယ်တဲ့။ နောက်တစ်ရက်ကျတော့ စာမျက်နှာ တစ်မျက်နှာပဲ ရှိတဲ့ ပေချပ်ကလေးတစ်ခုကိုပဲ ဘုရင်ကို ပေးလိုက်တယ်။ ဘုရင်ကလဲ ဟုတ်ပါ့မလားဆိုပြီး ဖတ်ကြည့်တော့ ရေးထားတာက တကယ့်ကို တိုတိုလေး။

"သူတို့ မွေးဖွားလာကြသည်၊ သေဆုံးသွားကြသည်" တဲ့။

မူရင်း ရေးတဲ့သူကတော့ ဒီပုံပြင်ကို ဘယ်အရာမှ လွယ်လွယ်မရဘူးဆိုတဲ့ သဘောမျိုးနဲ့ ပြောထားတာပါ။ တကယ်သိချင်ရင် တကယ်ဖတ်ရမယ်ပေါ့လေ။ ကိုယ်တိုင် မဖတ်ချင်ဘဲ အလွယ်သိချင်လို့ မရဘူးပေါ့လေ။

ဒါပေမဲ့ ခုခေတ်ကြီးက နည်းပညာခေတ်ဆိုတော့ အမတ်ကြီး အကျဉ်းချုပ်ပေးခဲ့တဲ့ "သူတို့ မွေးဖွားလာကြသည်၊ သေဆုံးသွားကြသည်" ဆိုတာထက် ပိုကောင်းတဲ့ အကျဉ်းချုပ်ကလေးတွေ ပေါ်လာတော့ ဘာမဆို လွယ်လွယ်ဖတ်ပြီး ငါ သိသွားပြီလို့ လုပ်လို့ ရတာကိုး။ (ဆက်စပ်လို့ ပြောရရင် ကိုယ်တိုင်လည်း အဲ့လို တက်ကျမ်းစာအုပ်တွေ အုပ် ၃၀၀ နီးပါးလောက်ကို အကျဉ်းချုပ် ပြန်ရေးပေးရတဲ့ အလုပ် လုပ်ဖူးပါတယ်၊ ကိုယ်တိုင် ဂုဏ်ယူတဲ့ အလုပ်တော့ မဟုတ်ခဲ့ပါဘူး) nonfiction အရေးအသားတွေကတော့ ထားပါတော့၊ ဒါတွေက facts ပိုင်း ပိုများတာဆိုတော့။

ကဗျာတွေ၊ ဝတ္ထုတွေ ဒီလိုလူတွေ ရေးသားခဲ့ကြတဲ့ အရေးအသားတွေက အေအိုင်လောက်တော့ စင်းလုံးချော ကောင်းနေနိုင်မှာ မဟုတ်ပေမဲ့ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝ အတွေ့အကြုံတွေ၊ အတွေးတွေ အပေါ်မှာ မူတည်နေမှာပဲ။ စာဖတ်တယ်ဆိုတာ သူများအတွေ့အကြုံကို တခြားသူတွေ သိရအောင် လက်ဆင့်ကမ်းပေးတာလို့ ပြောကြတာမျိုးလည်း ရှိတယ်မလား။ သူတို့ ကြုံခဲ့ရတဲ့ အကောင်းအဆိုးတွေအပေါ်မှာ မူတည်ပြီး၊ သူတို့ အမြင်တွေအပေါ်မှာ မူတည်ပြီး ဖတ်ရတဲ့စာက ပိုအရသာ ရှိလာတာ၊ ပိုကောင်းလာတာမျိုးတွေပေါ့။

အေအိုင်က သိတယ်ဆိုတာက သူများတကာ ရေးဖူးတဲ့ စာပေါ်က အတွေးတွေ၊ သူ ရနိုင်သမျှ data တွေထဲမှာ လိုက်ရှာထားကြတာတွေကို သူ့စကားလုံးတွေနဲ့ ပြန်စီစဉ်၊ ဆက်စပ်ပြ၊ ပြန်ရေးပြတာမျိုးပဲ ရှိမှာ။ သူကိုယ်တိုင်က လူတစ်ယောက် မဟုတ်နေတဲ့အတွက်ကို လူတွေ ကြုံရတဲ့ ဘဝ အနိမ့်အမြင့်၊ စိတ်ကူးစိတ်သန်း၊ ခံစားချက်တွေကို ကိုယ်တိုင် နားလည်နိုင်မယ် မဟုတ်ဘူးလို့ ထင်တာပဲ။ ဒါမျိုး ရေးပေးပါလို့ ပြောရင် ကြက်တူရွေး စာအံသလို၊ သူသိထားတဲ့၊ train ထားတဲ့ ဒေတာတွေအပေါ် မူတည်ပြီး ပြန်ထုတ်ပြ၊ ရေးပြလာနိုင်မှာပဲ။

အဲဒါတွေကို ကိုယ့်ကို ဖတ်မလား လာမေးရင် မဖတ်ချင်ပါဘူး။ မသိရင်တော့ ဖတ်ရင် ဖတ်မိမှာပေါ့၊ သူ ရေးတဲ့အရေးအသားကို ကိုယ်ဖတ်တယ်ဆိုတာ ကိုယ်သိထားတဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို မူတည်ပြီး ဖတ်ရတာဆိုတော့ မသိတဲ့အချိန်မှာ အဲ့လို အရေးအသားကို ကြိုက်ချင်လည်း ကြိုက်မိမှာပေါ့လေ။

အနည်းဆုံးတော့ ဒါက သူ ရေးလိုက်တဲ့ အတွေ့အကြုံ၊ ခံစားချက်ကို ကိုယ့်မှာ ရှိပြီးသား အတွေ့အကြုံနဲ့ ခံစားချက်တွေထဲ ထပ်ပေါင်းထည့်ပြီး ဖတ်ရတာဆိုတော့။ တဖက်လူကိုလည်း ကိုယ့်လို အားထုတ်မှုတစ်ခု ရှိထားမယ်ပဲ ထင်ထားမိတာဆိုတော့။

တကယ်ကျ အဲ့လို မဟုတ်ဘဲ ဘယ်သူက ဘာရေးပေးပါလို့ ပြောထားတဲ့အတိုင်း သူ ထုတ်ရေးပေးတာကြီးကို ဖတ်ပါဆိုရင်ကျ မဖတ်ချင်။ ထားပါတော့ နောက်ဆုံး ကုန်ကုန်ပြောရရင် ဘယ်အေအိုင်ကမှ စာရေးရတာ စိတ်ကုန်လာလို့၊ ဒါမှမဟုတ်လည်း သူ့ဘဝသူ စိတ်ကုန်လာလို့ ဟဲမင်းဝေးလို၊ ကာဝါဘတတို့လို၊ ဗာဂျီးနီးယားဝုဖ်တို့လို သူ့ကိုယ်သူ ပြန်အဆုံးစီရင်တာမျိုး ရှိလာမယ်လည်း မထင်ပါဘူး။ အောင်ချိမ့်လို တသက်လုံးရော၊ နောက်ဆုံး ကွယ်လွန်ခါနီးအချိန်ထိ‌ရော ကဗျာတွေ ရေးခဲ့တာမျိုး ရှိလာနိုင်မယ် မထင်ပါဘူး။

ကိုယ် တွေးမိတဲ့အမြင်က သူတို့ အရေးအသားတွေကို ကောင်းတယ်၊ ဆိုးတယ်ဆိုတာ ကိုယ် ရွေးချယ်လို့၊ အတပ်ပြောလို့ မရတဲ့ အခြေအနေကနေ ကိုယ့်လက်ထဲမှာ ကိုယ့်အတွက် ခိုင်ခိုင်မာမာရှိတဲ့ "ငါတော့ ဖတ်မယ်၊ မဖတ်ဘူး" ဆိုတဲ့ ရွေးချယ်မှုဆီ ပြန်ရောက်အောင် ပြန်ဆွဲခေါ်‌မိသွားသလိုတော့ ဖြစ်နေမလား မသိ။

ဟိုတရက်က နိုင်ငံခြားမှာ ဝတ္ထုစာအုပ်တစ်အုပ် ထွက်လာတော့ ရေးတဲ့သူက အေအိုင်နဲ့ ရေးထားကြောင်း ပြောတယ်၊ (ဒါကလည်း ဘာသာစကား အသီးသီးမှာ ဒီလိုပဲ ထုတ်ရေးနေကြပါပြီ) အဲဒါကို မန့်ထားတဲ့ မန့်တွေထဲက တစ်ခု‌က "ရေးတဲ့သူတောင် သူကိုယ်တိုင် အားထုတ် မရေးနိုင်လို့ အေအိုင်ကို ရေးခိုင်းထားတဲ့ ကိစ္စကို ဖတ်တဲ့သူ ငါတို့ဘက်က ဘာလို့ အားထုတ်ပြီး ဖတ်နေရမှာလဲ" တဲ့။ သူ မန့်ထားတဲ့ မန့်က ကိုယ် တွေးမိသလိုမျိုးပဲ။ အဲဒါတွေကို ဘာလို့ အားထုတ်ဖတ်နေရမှာလဲလို့ပေါ့လေ။

ဘာသာပြန်တဲ့ကိစ္စတွေမှာလည်း တချို့ စကားလုံး အသုံးအနှုန်းတွေကို သူတို့ကို ရှင်းပြခိုင်းတာ၊ ဘာသာစကား တစ်ခုနဲ့ တစ်ခု အကြား အဟ ပိုနည်းလာအောင် သုံးတာ၊ ကိုယ့်အတွက် သိသင့်တဲ့ research လုပ်စရာတွေအတွက် သူတို့ကို ရှာခိုင်းတာကျ tool တစ်ခုလို သုံးတာဆိုတော့ တော်သေး။ အဲဒါတွေကို အစအဆုံး သုံးပြီး၊ ပြန်ရေးခိုင်းပြီး ဒီတိုင်း စာအုပ်ကြီး လုပ်ချတာကျ ရုပ်ပေါက်တာပေါ့လေ။ အဲဒါမျိုးထက်စာရင် အစကတည်းက ဘာမှ မရေးဘဲ နေတာက တော်ဦးမလားပဲ။

ဒါတွေက ကိုယ့်အမြင်ပါ။ တလက်စတည်း (ကို) မောင်ဒေးရဲ့ ကဗျာတစ်ပုဒ် (ဖော်လ်မယ်ဒီဟိုက်) ထဲက စာသားနဲ့ပဲ ခုပို့စ်ကို အဆုံးသတ်ရရင် ကောင်းမယ် ထင်တယ်။

"ကောင်းကင်မှာ နေ မရှိဘူး၊
ငါတို့ရဲ့ အဆုတ်ထဲမှာ လေ မရှိဘူး
ငါတို့မှာ နှလုံးသားတော့ ရှိတယ်၊
ပြီးတော့ အဲဒီ နှလုံးသားက အစစ်ကြီးပါ" တဲ့။

စာအရှည်ကြီး ဖတ်ပေးခဲ့ကြတာ ကျေးဇူးပါနော်။

- မိုးရဲ -

◼️ ပြတိုက်တစ်တိုက်၊ ခေတ်ဟောင်း ပေါင်မုန့်တစ်လုံး၊ ပြီးတော့ ဂန္ထဝင် စာပေဆိုင်ရာ ပညာရှင်မေရီဘလ်ဒ် (Mary Beard) (၁၉၅၅ ခုနှစ...
19/04/2026

◼️ ပြတိုက်တစ်တိုက်၊ ခေတ်ဟောင်း ပေါင်မုန့်တစ်လုံး၊ ပြီးတော့ ဂန္ထဝင် စာပေဆိုင်ရာ ပညာရှင်

မေရီဘလ်ဒ် (Mary Beard) (၁၉၅၅ ခုနှစ်ဖွား) က ရှေးဟောင်းရောမခေတ်ကို အထူးပြုလေ့လာခဲ့တဲ့ ဂန္ထဝင်စာပေဆိုင်ရာ ပညာရှင် တစ်ယောက်ပါ။ သူက ဗြိတိသျှပြတိုက်လို ပြတိုက်အကြီးကြီးရဲ့ နာယက တာဝန်ကိုလည်း ယူထားတာ။ ကန်းဘရစ်တက္ကသိုလ်ကနေ ဂန္ထဝင်စာပေဆိုင်ရာ ပါမောက္ခဘွဲ့ကိုလည်း ရထားတဲ့သူ။ သူ ရေးထားတဲ့ စာအုပ်တွေကလည်း အဲ့လို ရှေးခေတ်သမိုင်းအကြောင်းတွေ၊ အဲ့ခေတ်က အမျိုးသမီးတွေ။ ဒီစာအုပ်တွေထဲက Talking Classics ဆိုတဲ့ စာအုပ် အစပိုင်းကို ဖတ်မိပြီး အဲ့ထဲက သဘောကျတာလေးတစ်ခုကို ပြန်ပြောပြချင်လို့။

မေရီ ငယ်ငယ်က အင်္ဂလန်နဲ့ ဝေလနယ်တို့အစပ်က ရွာကလေးတစ်ရွာမှာ နေခဲ့ရတာ။ သူ့အမေက အဲဒီရွာရဲ့ ကျောင်းအုပ်ဆရာမကြီး။ ၁၉၆၀ ခုနှစ်တွေရဲ့ အစောပိုင်းနှစ်တစ်နှစ်၊ မေရီ အသက်ငါးနှစ်ကျော်ချိန်မှာတော့ သူ့အမေက အင်္ဂလန်ကို သွားတဲ့အချိန်၊ သူ့သမီးကိုလည်း မြို့ကြီးပြကြီးနဲ့ ထိတွေ့စေဖို့ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဟိုရောက်တဲ့အခါကျရင် ဗြိတိသျှပြတိုက်ကိုလည်း သွားလည်ကြမယ်ပေါ့လေ။

မေရီက ကလေးငယ်ငယ်အရွယ်ပဲ ရှိသေးတော့ ပြတိုက်ထဲက အီဂျစ် မံမီရုပ် အလောင်းကြီးတွေကို တအံ့တဩ ကြည့်ချင်ရှာတာ။ သူ့အမေ ကျောင်းအုပ်ဆရာမကြီးက ဘယ်လိုပြောလဲဆိုတော့ အရင်ခေတ်က ဆုံးပါးသွားခဲ့ကြတဲ့ အီဂျစ်လူမျိုးတွေရဲ့ ရုပ်အလောင်းတွေကိုကြည့်ပြီး သူတို့ ဘယ်လိုရှင်သန်နေထိုင်ခဲ့ကြသလဲ ဆိုတာကိုလည်း သိရအောင် ကြိုးစားသင့်တယ်တဲ့။ ဒီတော့ မေရီလည်း ပြတိုက်ကို ရောက်တဲ့အခါကျရင် "အီဂျစ်လူမျိုးတို့ရဲ့ နေ့စဉ်ဘဝ" လို့ ခေါ်တဲ့ ပြခန်းကို အချိန်ပေးပြီး ကြည့်မယ်ပေါ့လေ။

အဲဒီ ၁၉၆၀ ခုနှစ်တွေတုန်းက ပြတိုက်တွေက ကလေးတွေ လာကြည့်တာမျိုးကို ခုလောက် အားမပေးသေးဘူး၊ အဲဒီခေတ်က ပြခန်းမှန်ဘောင်တွေက ကလေးတစ်ယောက်ရဲ့ အရပ်နဲ့ဆို လှမ်းမမြင်နိုင်လောက်တဲ့ အမြင့်နေရာမှာ ရှိနေတာမျိုး။ အဲဒီက တစ်နေရာမှာ အီဂျစ်လူမျိုးတွေရဲ့ ပေါင်မုန့်တစ်လုံးကို ပြထားတယ်။ ဒီပေါင်မုန့်က လူစားဖို့ဆိုတာထက် မံမီတွေကို မြှုပ်နှံထားတဲ့ ဂူထဲမှာ တစ်ခါတည်း ထည့်မြှုပ်ထားပြီး သူတို့ နတ်ဘုရားတွေကို ပူဇော်ပသဖို့အတွက် ရည်ရွယ်ထားတာ။

ဒီပေါင်မုန့်ကို မေရီက ကြည့်ချင်ပေမဲ့ မမြင်ရတော့ သူ့အမေကို ချီခိုင်းပြီး ပြခိုင်းတယ်။ ဒါပေမဲ့ ငါးနှစ်အရွယ် ဖြစ်နေပြီဆိုတော့ သူ့အမေကလည်း သူ့ကို ချီ,မနိုင်တော့ အတူတူ ပါလာတဲ့ လက်ဆွဲသေတ္တာတွေအပေါ်မှာ မတ်တပ်ရပ်ပြီး မမှီမကမ်းနဲ့ လှမ်းကြည့်ရတာပေါ့။ အဲဒီအချိန်မှာပဲ လူတစ်ယောက်က သူတို့အနားလျှောက်လာပြီး သူတို့ရဲ့ ခဲရာခဲဆစ် ဖြစ်နေတဲ့ အခြေအနေကို မြင်သွားတော့ ဘာကိုကြည့်ချင်တာလဲလို့ မေရီကို မေးတယ်တဲ့။ မေရီကလည်း ဟိုပေါင်မုန့်အတုံးကို ကြည့်ချင်တယ်ပေါ့လေ။

ဒီလူက ပြတိုက်တာဝန်ခံ ဖြစ်ပုံရပါတယ်၊ သူ့အိတ်ထဲက သော့တွဲကြီးကို ထုတ်ပြီး ဒီပေါင်မုန့်ထည့်ထားတဲ့ မှန်တံခါးကို ဖွင့်လိုက်တယ်။ ပြီးတော့ ပေါင်မုန့်ကို လှမ်းယူပြီး သူ့လက်ထဲမှာ ကိုင်လို့ မေရီကို သေချာမြင်ရအောင် ပြပေးတယ်လို့။ ဘယ်လောက်နီးနီးကပ်ကပ် ပြသလဲဆိုရင် မေရီရဲ့ နှာခေါင်းနဲ့ ဒီပေါင်မုန့်နဲ့က လက်မနည်းနည်းလောက်ပဲ ဝေးတော့တယ်။

ဒီလို ပြတိုက်မှန်တံခါးကို ဖွင့်ပေးလိုက်တဲ့၊ သေးငယ်တဲ့ အလုပ်ကလေးက ဘယ်လောက်တောင်မှ အင်အားကောင်းလှတယ် ဆိုတာကို လျှော့မတွက်ပါနဲ့လို့ မေရီက ဆက်ရေးတယ်။ အခုအချိန်မှာ သူ အသက် ၆၀ အရွယ် ဖြစ်နေပေမယ့် အဲဒီတုန်းက ဖြစ်သွားရတဲ့ စိတ်လှုပ်ရှားမှုကို အခုအချိန်အထိ ဖမ်းမိနိုင်နေဆဲပါပဲတဲ့။ စိတ်ကူးယဉ်ကြည့်လို့ မရလောက်အောင် သူနဲ့ အလှမ်းဝေးကွာလှတဲ့ ခေတ်၊ ဒေသက လူတွေရဲ့ နေ့စဉ်ဘဝမှာ သုံးစွဲခဲ့တဲ့ အရာတစ်ခုကို ပထမဆုံးအကြိမ် အနီးကပ် မြင်တွေ့ခွင့်ရလိုက်တဲ့ ခံစားချက်ကို သူ မှတ်မိနေဆဲပါပဲတဲ့။

ပြီးတော့မှ သူက အတိတ်က ပျောက်ဆုံးခဲ့တဲ့ ခေတ်ကာလတစ်ခုအကြောင်း၊ အဲဒီခေတ်က လူတွေနဲ့ အခုခေတ် သူတို့အကြားမှာ ဘာတွေ ခြားနားချက် ရှိတယ်၊ ဘာတွေ တူညီကြတယ်လို့ တွေးမိတဲ့အကြောင်းတွေကို ဆက်ပြောတယ်။ ထားပါတော့၊ သူ့စာအုပ် ရည်ရွယ်ချက်ကလည်း ဒီလို ဂန္ထဝင်စာပေတွေ၊ လက်ရာတွေအကြောင်း ပြန်ပြောပြချင်တာဆိုတော့။

ကိုယ်သဘောအကျဆုံးကတော့ အဲဒီပြတိုက်တာဝန်ခံက အဲဒီတုန်းက ဘာမှမဟုတ်တဲ့ ကလေးမလေးတစ်ယောက်က ကြည့်ချင်တယ်လို့ ပြောတာနဲ့ ဒီမှန်ပြတင်းပေါက်ကြီးကို ဖွင့်ပေးပြီး ကြည့်ခိုင်းတဲ့နေရာပဲ။ သူသာ ဒီလို ထုတ်မပြခဲ့ဘူးဆိုရင် မေရီရဲ့ မှတ်ဉာဏ်ထဲမှာ အဲဒီခေတ်ကာလအကြောင်းတွေက အခုအချိန်ထိ စွဲမြဲချင်မှ စွဲမြဲမယ်၊ မေရီလည်း အခုလိုမျိုး ဂန္ထဝင်စာပေဆိုင်ရာ ပညာရှင်တစ်ယောက် ဖြစ်လာချင်မှ ဖြစ်လာမလားပဲ။

အခု သူ့ရဲ့ စာအုပ်ရှေ့ဆုံးမှာတောင် “ဗြိတိသျှပြတိုက်မှာ ပြခန်းမှန်ပြတင်းပေါက်ကို ဖွင့်ပြပေးခဲ့သူအတွက် အမှတ်တရ” လို့ ရည်ညွှန်းရေးထားတယ်။ အဲဒါကို ဖတ်ရတုန်းက ဘာကို ပြောချင်မှန်း မသိသေးဘူး၊ စောစောက နေရာကို ဖတ်လိုက်ရတော့မှ တော်တော်ချစ်စရာကောင်းပါလားဆိုပြီး အဲ့ရည်ညွှန်းချက်ကလေးကို ပြန်ဖတ်မိတယ်။ ပြောရရင်တော့ ဒါလေး ဖွင့်ပြလိုက်တာပဲ၊ ဘာများ အဆန်းတကြယ် လုပ်နေစရာ ရှိလို့လဲလို့ တွေးစရာ ရှိပေမဲ့ သူ ဒီလိုဖွင့်ပြခဲ့တဲ့သူက နောက်ပိုင်းမှာ ပညာရှင်တွေရော၊ စာဖတ်သူတွေရော တန်ဖိုးထားရတဲ့ ဂန္ထဝင်စာပေဆိုင်ရာ ပညာရှင် တစ်ယောက် ဖြစ်လာတာ အံ့ဩစရာပဲပေါ့လေ။

တစ်ခါတလေမှာ လူတွေ လုပ်လိုက်တဲ့ အလုပ်ကလေးတစ်ခုက ဘယ်လောက်သေးဖွဲတဲ့ အလုပ်ပဲဖြစ်ဖြစ်၊ သူ စေတနာထားပြီး လုပ်ခဲ့တဲ့အလုပ်က တခြားသူအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှု ရှိသွားတယ် ဆိုတာကို အဲ့စာထဲကနေ တွေ့လိုက်ရတယ်လို့လည်း ပြောရမလားပဲ။ အခုထဲမှာဆို သူလုပ်ခဲ့တဲ့ အလုပ်လေးတစ်ခုက တဖက်သူရဲ့ မှတ်ဉာဏ်ထဲမှာ နှစ်ပေါင်း ၆၀ လောက်ကြာအောင် စွဲမြဲနေတာ၊ ဒီအလုပ်အတွက် ကျေးဇူးတင်စိတ် ရှိနေတာကို (သူကိုယ်တိုင် မရှိတော့လို့ သိခွင့် မရခဲ့ဘူးဆိုရင်တောင်မှ) သူ့ကို အသိအမှတ်ပြုကြောင်း၊ ကျေးဇူးတင်နေကြောင်း ကိုယ်တွေ သိခွင့်ရတာလည်း ပျော်စရာပဲလေ။

ဟိုလူကတော့ အဲ့လို အသိအမှတ်ပြုချင်လို့ ဘာလို့တွေထက် သူ့အလုပ်သူလုပ်နေရင်း တဖက်သူ အဆင်မပြေတာ မြင်လို့ ဒီအတိုင်း စေတနာထားပြီး ကူညီလိုက်တာပါပဲ။ ဒါမဲ့ အဲဒီအလုပ်ကလေးကပဲ နောက်နှစ်ပေါင်း ၆၀ ကြာတဲ့အထိ မမေ့နိုင်တဲ့ အမှတ်တရ တစ်ခု ဖြစ်သွားတော့တာပဲ။

ထားပါတော့၊ ဥပမာ Fate ကနေ လုပ်ခဲ့တဲ့ စာအုပ်တွေ၊ ဒါမှမဟုတ် ကိုယ် ပြန်ခဲ့တဲ့ စာအုပ်တွေကို နောက်တစ်ချိန်ချိန်မှာ ဒီစာအုပ်တွေကို သူတို့ ကလေးဘဝကတည်းကနေ ဖတ်ခဲ့ရပြီး ကြိုက်ခဲ့ရတာလို့ တစ်ယောက်ယောက်က လာပြောခဲ့မယ်၊ အဲ့လို အသိအမှတ်ပြုခဲ့မယ်ဆိုရင် ကိုယ့်အတွက်လည်း ဒီလို ပြုံးချင်စရာ ကိစ္စဖြစ်လာမယ်ထင်တယ်။ ကိုယ် မရှိတဲ့ နောက်ပိုင်းမှ အဲ့လို သိလာရလည်း ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့လို့ တချိန်ချိန်မှာ အဲ့လိုမျိုး ရှိလာခဲ့ရင်ပဲ ဒါတွေ ကိုယ် ရေးဖြစ်ခဲ့တာ၊ လုပ်ဖြစ်ခဲ့တာတွေအတွက် ကျေနပ်စရာ ဖြစ်ပါပြီ။

- မိုးရဲ -

သင်္ကြန်တွင်း ဘာစာတွေ ဖတ်ဖြစ်ကြလဲ မသိ။ ကျနော်က အရင် သင်္ကြန်မတိုင်ခင် ဝယ်ထားမိတဲ့ စာအုပ်တွေထဲက မဖတ်ရသေးတာတွေ၊ ပြန်ဖတ်ချင...
15/04/2026

သင်္ကြန်တွင်း ဘာစာတွေ ဖတ်ဖြစ်ကြလဲ မသိ။ ကျနော်က အရင် သင်္ကြန်မတိုင်ခင် ဝယ်ထားမိတဲ့ စာအုပ်တွေထဲက မဖတ်ရသေးတာတွေ၊ ပြန်ဖတ်ချင်တာတွေကို ဖတ်မိ။ အဓိက,ကတော့ ကမူးရဲ့ ဝတ္ထုတိုတွေကို သေချာ နောက်တစ်ခေါက် ပြန်ဖတ်ဦးမယ် ဆိုပြီးတော့။ အရင် စဖတ်ခဲ့တာက မြင့်သန်း ဘာသာပြန် ၂၀၁၉ လောက်တုန်းကပဲ။ အဲ့တုန်းက ဖတ်ခဲ့တုန်းက ဝတ္ထုတိုတွေ မပါသေးဘူး။ စာအုပ်နောက်ပိုင်းက အက်ဆေးတွေကိုပဲ ပိုဦးစားပေး ဖတ်ခဲ့တာ။ အဲဒါတွေကို ပိုကြိုက်ခဲ့တာ။ အဲ့ကနေ တီပါ့ဆာသို့ အပြန်လို အက်ဆေးမျိုးတွေကိုပါ ရှာမိရင်း ကိုယ့်ဘာသာ လိုက်ဘာသာပြန်မိသွားတာ။

ကမူး ရေးခဲ့တဲ့ ဝတ္ထုတိုတွေကို မယ်မယ်ရရ ပြောရမယ်ဆိုရင် Exile and the Kingdom စာအုပ်ထဲမှာ ပါတဲ့ ငါးပုဒ်ပဲ ရှိမယ်ထင်တယ်။ အဲ့ငါးပုဒ်ထဲကမှ တစ်ပုဒ်ကို ဆရာဇော်ဂျီက ပြန်ဖူး၊ နောက်တစ်ပုဒ်ကိုတော့ ခင်ဝမ်းနဲ့ ခင်မောင်ရင်က ပြန်ဖူး။ စာဖတ်ရင် အဲ့လို မူရင်းနဲ့ တိုက်ဖတ်တာတွေ ၊ ယှဉ်ဖတ်တာတွေ တစ်ခါမှ မလုပ်ဖူးဘူး၊ မကြိုက်ရင် မဖတ်ဘဲ နေတာက ပိုများပေမဲ့ ခုကျ စာအုပ်တွေလည်း ကိုယ့်ဆီ အသင့်ရှိနေတော့ တမင်တကာ တိုက်ဖတ်တာမျိုး မဟုတ်ပေမဲ့ လိုက်ကြည့်မိသွား။ ပြီးတော့ ဘာသာပြန်ထားတဲ့ ခုနှစ်တွေကို လိုက်ကြည့်ပြီး ဘယ်သူပြန်တာက ပိုစောတယ်ပေါ့လေ။

ဘာသာပြန်ရေးတာနဲ့ ပတ်သက်ရင် ကိုယ်က ပုံစံတစ်မျိုးတည်း ဆိုတာထက် ဒီလိုလည်း ရေးလို့ရ၊ ဟိုလိုလည်း ရေးလို့ ရတယ်လို့ လက်ခံတဲ့အထဲပါ။ တစ်မျိုးတည်းကြီး ဒီလိုပဲ ရေးမှ မှန်မယ်လို့ တွေးမိတဲ့အထဲ မပါ။ ကိုယ့်ကို အဲ့လို လာပြောလည်း မကြိုက်။ မူရင်းအရသာ မသွေဖယ်အောင် ဆိုတာက ဘာသာပြန်တဲ့သူရဲ့ ခံစားချက်နဲ့ သူ့အမြင်ပေါ် မူတည်ဦးမှာပဲ။ အဲ့မှာ ဆရာဇော်ဂျီ ဘာသာပြန်တဲ့ နိုဘယ်ဆုရ စာရေးဆရာတွေရဲ့ ဝတ္ထုတိုတွေ အမှာစာမှာ ဆရာ ရေးထားတာ သဘောကျ။ ဆရာက တစ်ပုဒ်ချင်းစီရဲ့ အစမှာ ရှင်းလင်းချက်၊ မှတ်ချက်လို သဘောမျိုးလေးတွေ ထည့်ရေးထားတာ။ အဲဒါကို စာအုပ် အမှာစာမှာ ရေးထားပုံက -

“သို့ရာတွင် မှတ်ချက်ကို ဧဝကန်စကားဟု မယူစေချင်ပါ။ မှတ်ချက်သည် မြန်မာပြန်သူ၏ ထင်မြင်ချက်မျှသာ ဖြစ်ပါသည်။ စင်စစ်မှာ စာရှုသူသည် စာကိုယ်ကို ဖတ်၍ မိမိ၏ ဉာဏ်ဖြင့် ချိန်ဆချင့်တွက်ရန်သာ ဖြစ်ပါသည်”

တဲ့။ ဒီဝတ္ထုတိုတွေကို ဆရာဇော်ဂျီ စပြန်ခဲ့တာက ၁၉၆၀ ခုနှစ်ကနေ စတာဆိုတော့ ဆရာ့အသက် ၅၀ ကျော် အရွယ်မှာပဲ။ ဒါပေမဲ့ ဆရာက သူပြောတာမှ အမှန်ဆိုတာမျိုး ထည့်မရေးဘူး။ ဒါက သူ့ရဲ့ ထင်မြင်ချက်ပါဆိုတာမျိုးပဲ ချင့်ချင့်ချိန်ချိန် ကြိုပြီး အမှာစာထဲမှာ ထည့်ရေးပေးထားတာ။ အဲဒါဖတ်ပြီး ကိုယ်ပြန်ရေးတဲ့ မဒဲရာ ပြဇာတ် ရှင်းလင်းချက်တွေထဲမှာ ငါ ရေးတာမှ အမှန် ဆိုတာမျိုး ပြောတဲ့ လေသံမျိုး ပါသွားမိသလား ပြန်တွေးမိ။ အဲဒါမျိုး ပါသွားမိရင်လည်း ရှက်စရာကောင်းမှာပဲ။

ထားပါတော့။ ကမူးစာအုပ်အပြင် နောက်ဖတ်မိတာ၊ လုပ်မိတာတွေက ကိုယ် မဖတ်ရသေးတဲ့ စာအုပ်တွေကို မှတ်စုတွေ လိုက်ထုတ်မိတာ။ မှတ်စုဆိုတာကလည်း ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊ စာတစ်ပုဒ်၊ ဒါမှမဟုတ် စာအုပ်တစ်အုပ်ထဲမှာ ကိုယ် ဖတ်ချင်တာ၊ သိချင်တာ ပြန်ရှာရင် အလွယ်ရှာတွေ့အောင် လုပ်မိတာပဲ။

ဥပမာ အခု ဆရာမြသန်းတင့်ရဲ့ နိုင်ငံတကာခေတ်သစ်ဂန္ထဝင် ဝတ္ထုတိုများ စာအုပ်လိုပေါ့။ ဒီစာအုပ်ထဲမှာ ဘာသာပြန် ဝတ္ထုတိုပေါင်း ၇၇ ပုဒ် ပါတာ။ မူရင်း စာရေးသူနဲ့ ဝတ္ထုတိုနာမည်တွေကို တစ်ပုဒ်ချင်းစီရဲ့ အဆုံးမှာ ပြထားတော့ အဲဒါတွေကို ပြန်ကူးရေးပြီး သက်သက် မှတ်စု ထုတ်ထားလိုက်တာ။ ပြီးတော့ စာအုပ်နောက်ဘက်ထဲ တိတ်နဲ့ ကပ်ထားလိုက်တာပေါ့။ ကိုယ် ပြန်ရှာချင်တဲ့အခါကျ ဘယ်စာရေးဆရာတွေရဲ့ ဘယ်ဝတ္ထုတိုတွေ ဒီထဲ ပါသလဲဆိုတာ အလွယ်သိရအောင်ပေါ့။

အရင် သင်္ဘောပျက်များ စာအုပ် ထွက်လာတုန်းက စာရေးသူ တစ်ယောက်က ပြောဖူးတယ်။ ဝတ္ထု ဘာသာပြန်တွေမှာ မာတိကာ မလိုဘူးပေါ့လေ။ သူ ပြောတာလည်း ဟုတ်တယ်၊ တချို့ စာအုပ်တွေမှာက မူရင်းစာအုပ်ထဲမှာတောင် အခန်းတစ်၊ အခန်းနှစ်ဆိုပြီး မာတိကာ မပါတာ၊ မထည့်ထားတာမျိုး။ ဒါမဲ့ ကိုယ်က ထည့်တယ်။ ထည့်တယ်ဆိုတာကလည်း စောစောက ကိုယ်ဖတ်နေရင်း မှတ်စု ထုတ်နေသလို စာဖတ်သူက သူ လိုချင်တာ ပြန်ရှာရင် မြန်မြန်၊ လွယ်လွယ် ရှာလို့ ရအောင် ထည့်ထားမိတာ။

ဥပမာ နောက်ထပ်မိုရီဆာကီ စာအုပ်ထဲက တာကကိုတစ်ယောက် သူ့အလုပ်က လူ (ဝါဒါ နံပါတ်နှစ်) နဲ့ အဆင်မပြေ ဖြစ်ရတဲ့အခန်းဆိုပါတော့။ အဲ့နေရာကို ပြန်ဖတ်ချင်တဲ့သူက ပါတဲ့ အခန်းကို မှတ်ထားပြီး နောက်ကျ မာတိကာကနေ အဲ့အခန်း စာမျက်နှာကို အမြန်ပြန်ရှာပြီး ဖတ်လို့ ရတယ်လေ။ ဖတ်တဲ့သူအတွက် ပိုမြန်၊ ပိုလွယ်စေချင်လို့ ထည့်တာမျိုးပါ။ မင်းလိုအပ်ရင် ကိုယ့်ကိုခေါ် စာအုပ်ဆိုလည်း မူရင်း ဝတ္ထုတို ခေါင်းစဉ်တွေကို မာတိကာမှာကတည်းက ပြထားပေးတာမျိုးပေါ့။ မာတိကာ ကြည့်တာနဲ့ ဒီထဲမှာ ဘယ်အပုဒ်တွေပါတယ်လို့ တန်းသိနိုင်တာမျိုးပေါ့။

ဒီအတိုင်းပဲ စာဖတ်တဲ့သူအတွက်တော့ ဒါမျိုးတွေ လုပ်ထားတာက သူတို့ သတိတောင် ထားမိချင်မှ ထားမိကြမှာပဲ။ ဒါမဲ့ ကိုယ့်လိုမျိုး မှတ်စုထုတ် ဖတ်ချင်ကြသူတွေအတွက်၊ ကိုယ်ရေးထားတာထက် ပိုပြီး သိချင်၊ လေ့လာချင်ကြတဲ့သူတွေအတွက် ဒါမျိုး လုပ်ပေးထားတာက ပိုအဆင်ပြေမယ် ထင်မိလို့ပါ။ နောက်ကျရင် ကိုယ်တွေထက် ပိုတော်တဲ့ စာရေးဆရာတွေလည်း ပေါ်လာနိုင်သေးတာပဲ။ သူတို့အတွက် ဒါမျိုး လုပ်ပေးထားတာက ပိုအဆင်ပြေနိုင်မလားပဲ။

ချုပ်ပြောရရင်တော့ ကိုယ် စာတွေ ပြန်နေတယ်၊ ရေးနေတယ်၊ စာအုပ်တွေ လုပ်နေတယ် ဆိုတာကလည်း အဲ့လို သဘောမျိုး အခြေခံထားတယ် ဆိုတာပါ။ ဘယ်လိုလုပ်မှ မှန်တယ် ဆိုတာထက် ဘယ်လိုလုပ်ထားရင် ဖတ်တဲ့သူ၊ ပိုသိချင်ကြတဲ့သူတွေအတွက် ပိုအဆင်ပြေနိုင်မလဲဆိုတဲ့ ကိုယ်တွေးမိတဲ့အပေါ်မှာပဲ အများဆုံး မူတည်တာ။ အပြင်က ဘယ်လိုပုံစံရှိတယ် ဆိုတဲ့ စံနှုန်းတွေထက် ကိုယ့်အတွေးနဲ့ကိုယ် အဆင်ပိုပြေစေချင်တာက ပထမဦးစားပေး ဆိုတာ။ ဥပမာ မူရင်း ဘာသာစကားကနေ အင်္ဂလိပ်ဘာသာပြန်ထားတဲ့သူတွေအကြောင်း ထည့်ပြောထားတာမျိုး၊ တတ်နိုင်သမျှ မူရင်းခေါင်းစဉ်နာမည်တွေပါ ရှာထည့်ထားတာမျိုးတွေပေါ့။

ရေးတာလည်း စာအရှည်ကြီး ဖြစ်သွားပြီ။ ဖတ်ပေးတာ ကျေးဇူးပါနော်။ အဲ့လို ကိုယ် ဖတ်နေတာတွေ၊ ဖတ်ဖြစ်နေတာတွေနဲ့ တွေးမိတာတွေကို ပေ့မှာ လာတင်တာပါ။

စာအုပ်တွေ အများကြီး ဖတ်နိုင်ကြပါစေ ။ ။

- မိုးရဲ -
ဧပြီ ၂၀၂၆

မနေ့ကမှ စာအုပ်တွေ ဖုန်တွေ တက်နေတာ ပြန်ကြည့်ရင်း စိတ်ထဲ သွားသတိရမိသွားတာ Perfect Days ရုပ်ရှင်ထဲက အဘိုးကြီး သူ့အိမ်အခန်းက...
12/04/2026

မနေ့ကမှ စာအုပ်တွေ ဖုန်တွေ တက်နေတာ ပြန်ကြည့်ရင်း စိတ်ထဲ သွားသတိရမိသွားတာ Perfect Days ရုပ်ရှင်ထဲက အဘိုးကြီး သူ့အိမ်အခန်းကို သန့်ရှင်းရေးလုပ်တဲ့အခန်း။ သူလုပ်ပုံက တစ်ရှုးတွေကို ရေစွတ်ပြီး ကြမ်းပြင်ပေါ်မှာ ချထား၊ ပြီးတော့ တံမြက်စည်း တစ်ချောင်းနဲ့ လိုက်လှဲပစ်တာ။ အရင်ကြည့်ခဲ့တုန်းက သူ အဲ့လို သန့်ရှင်းရေးလုပ်ပုံနဲ့ ကိုယ့်စာအုပ်စင်ကို ရှင်းရင်း ဖုန်တက်နေတဲ့ စာအုပ်မျက်နှာဖုံးတွေကို တစ်ရှုးရေစွတ်ပြီး လိုက်ပွတ်၊ စင်က ဖုန်တွေကိုလည်း အဲ့လို သန့်ရှင်းရေး လိုက်လုပ်ပုံနဲ့ မဆက်စပ်မိခဲ့ဘူး။ ခုကျမှ အဲ့အခန်းကို ပြန်သတိရမိသွားပြီး ငါလည်း သူနဲ့ အတူတူလိုပါပဲလားဆိုပြီး အတွေးဝင်သွား။

ကိုယ့်အခန်းက အိမ်ပေါ်ထပ်မှာ။ နွေဘက်ဆို ပြတင်းပေါက်ကနေ အခန်းထဲကို အရမ်းနေထိုး။ ခုလို နေ့လယ်ဘက်ဆို မနေနိုင်လို့ လိုက်ကာတွေနဲ့ ကာထားရ။ တခါတလေလည်း ခြုံအိပ်တဲ့‌စောင်ကို နေပူလှန်းတဲ့သဘောမျိုး ကြိုးတန်းမှာ လှန်းထားပြီး နေကာထားရ။ အခန်းက အလုံပိတ် အခန်း မဟုတ်တော့ ဖုန်တက်တာက ပိုဆိုးသလို။ အထူးသဖြင့် စာအုပ်ပုံ အပေါ်ဆုံးမှာ ထားထားမိတဲ့ စာအုပ်တွေဆို ဖုန်တွေတက်နေတာ အရှင်းသားမြင်ရ။

အရင်ကတော့ စာအုပ်အသစ်ဝယ်ရင် ပလက်စတစ်အဖုံးချုပ်ပြီး jacket ဖုံးလို အပေါ်ကနေ ထပ်စွပ်ထားမိ။ ခုနောက်ပိုင်းက အဲ့လို ပလက်စတစ်လိပ်ကြီးက ကုန်နေတာရော၊ တကူးတက ချုပ်နေရမှာရောဆိုတော့ မဖုံးမိတော့ဘူး။ ရှိတဲ့ စာအုပ်တွေက တစ်ထောင်ကျော်နီးပါးဆိုတော့ အဲဒါတွေကို တခါတခါ သန့်ရှင်းရေး လုပ်ရတာကလည်း မစားသာ။ တခါတလေ ကိုယ်ဖတ်ချင်တာတွေ ပြန်ကောက်ဖတ်နေမိရင် လိုတာထက် အချိန်ပိုကြာသွားရော။

အရင်ကတော့ စာအုပ်ဖတ်ရင် စာအုပ်ကို အနှောင့်တောင် မကျိုးအောင် ဖတ်ခဲ့တာပဲ။ ခုကျတော့ စာအုပ်အသစ်ဝယ်လာရင် အရင်ဆုံး စာအုပ်အနှောင့်ကို ချိုးချကြည့်။ ချုပ်ထားတာ မခိုင်တဲ့ စာအုပ်တွေဆို စာရွက်တွေ ပြုတ်ထွက်ကုန်တာပေါ့။ ပြုတ်သွားတဲ့စာအုပ်တွေကိုလည်း တကူးတက ပြန်မလဲနေတော့ပါဘူး။ ဒီအတိုင်းပဲ ဖတ်ပြီး သိမ်းထားလိုက်တာပဲ။ Fate က စာအုပ်တွေကိုလည်း ပုံနှိပ်စက်က သွားယူလာတာနဲ့ ပထမဆုံး အဲ့လို ချိုးချကြည့်တာပဲ။ စာရွက်တွေ ပြုတ်လား မပြုတ်လားပေါ့။ Fate က သူတွေကတော့ အဲ့လိုတွေ ရှိခဲ့ရင်၊ စာမျက်နှာ ကျော်နေတာတွေ ရှိခဲ့ရင် ပြန်လဲချင်ရင် လာလဲလို့ ရပါတယ်။

ပြောရရင် Perfect Days ထဲက အဘိုးကြီးရဲ့ ဘဝထဲမှာ သူလိုအပ်တာ အကုန်လုံးက သု့အခန်းထဲမှာ ရှိနေခဲ့သလို ကိုယ့်အတွက် လိုအပ်တဲ့ ကိုယ့်စာအုပ်တွေ၊ စာရေးစားပွဲနဲ့ တခြားပစ္စည်းတွေလည်း ကိုယ့်အခန်းထဲမှာ တချိန်လုံး ရှိနေခဲ့တာပဲ။ တခါတလေမှာ အပြင်ထွက်၊ သစ်ပင်တွေကြည့်၊ တခြားသူတွေနဲ့ တွေ့ဆုံဆက်ဆံဖို့လည်း လိုအပ်သင့်သလောက် လိုတာပေါ့လေ။

အရင်က အခန်းသန့်ရှင်းရေးလုပ်ရင် ကိုယ့်အတွက် မလိုတော့တဲ့ တိုလီမုတ်စ ပစ္စည်းတွေကိုပါ သိမ်းထားရင်း နောက်ကျ ပြန်ရှုပ်ပွ။ ခု‌ကျတော့ အသက်ကြီးလာလို့ စိတ်ပြတ်လာနိုင်လို့လား မသိပါဘူး၊ မလိုတာတွေအတွက် အာရုံနောက်ခံနိုင်တဲ့ စိတ်လည်း မရှိ၊ ခံလည်း မခံနိုင်တော့လို့ မလိုတာတွေဆိုရင် စိတ်ရှင်းရှင်းနဲ့ အမှိုက်အိတ်ထဲ ပစ်ထည့်လိုက်မိတာပဲ။ ရေစိုတစ်ရှုးမှာ ကပ်ပါလာတဲ့ ဖုန်တွေကို ပြန်ကြည့်ပြီး ကိုယ့်စိတ်ထဲမှာလည်း ပြန်ရှင်းလင်း ကြည်လင်သွားမိတာပဲ။ နားထင်က ဆံပင်တွေ ဖြူလာတဲ့ အသက်အရွယ်အထိ မလိုတာတွေနဲ့ စိတ်ထဲ ရှုပ်နေရရင် မကောင်းဘူးလေ။

ပြီးတော့ ခုချိန်က သင်္ကြန်ပိတ်ရက်ကာလမလား။ တခြားသူတွေတော့ ဘာတွေလုပ်ကြလဲ မသိပေမဲ့ ကိုယ့်အိမ်မှာ သင်္ကြန်‌တွင်းဆို အမေတို့က ဘုရားစင် သန့်ရှင်းရေးလုပ်၊ စောင်တွေ၊ ခြင်ထောင်တွေလျှော်၊ တစ်အိမ်လုံး သန့်ရှင်းရေး လုပ်ကြတဲ့အချိန်ပဲ။ ပြောရမယ်ဆိုရင် သင်္ကြန်ဆိုတာကလည်း နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်မှာ ကုန်စင်အောင် ရေလောင်းကြတဲ့ ကာလပဲ‌လေ။

စာအုပ်စင် ဖုန်တက်နေတာတွေကြည့်ပြီး အဲဒါတွေ လိုက်ဆက်စပ်တွေးမိ။ သူများတတွေက အေအိုင်တွေ ရှိလာလို့၊ အီးဘွတ်ခ်တွေ ရှိလာလို့ စာအုပ်တွေ မလိုတော့ဘူးလို့ ပြောနေကြတဲ့အချိန်မှာ ကိုယ်က ဖုန်တက်နေတဲ့ စာအုပ်စင်ကို သန့်ရှင်းရေး လုပ်နေတုန်းပဲ။ စာအုပ်တိုက်တောင် ကောက်လုပ်လိုက်မိသေးတယ်။ တခြားသူတွေအတွက်တော့ မသိပေမဲ့ ကိုယ့်အတွက်ကတော့ အဲ့လို စာအုပ်တွေ ရှိနေတာ ပျော်စရာပဲ။ ကိုယ့်စာအုပ်တွေက ကော်လက်တာ ဆိုတာမျိုး လုပ်ပြီး ပလက်စတစ်အိတ်ထဲ ထည့်ပိတ်၊ ထည့်သိမ်းထားဖို့လည်း မဟုတ်။ အကုန် ဖတ်ဖို့အတွက်ပဲ။

Fate က သူတွေလည်း သင်္ကြန်တွင်း ဘာတွေလုပ်ဖို့ အစီအစဉ်တွေ ရှိကြလဲ မသိပေမဲ့ စာအုပ်တွေ ဖတ်ဖြစ်ကြဖို့နဲ့ ကိုယ့်အတွက် မလိုတဲ့ အမှိုက်တွေကို မသိမ်းထားမိဖို့၊ စိတ်ရှင်းရှင်းနဲ့ စိတ်အလေးခံ၊ အပင်ပန်း မခံနေဘဲ စွန့်ပစ်နိုင်ဖို့ ဆုတောင်းပါတယ်။

နှစ်သစ်မှာ အားလုံး ပျော်ရွှင်နိုင်စေကြောင်းပါ ။ ။

- မိုးရဲ -
ဧပြီ ၂၀၂၆

◼️ တယ်လီဖုန်း တယ်လီဖုန်း မြည်လာတယ်။ စင်္ကြံလမ်းထဲမှာ။ အဲဒီမှာ မီးခိုးရောင် ခြေသုတ်ခုံ တစ်ချပ်လည်း ရှိတယ်။ တယ်လီဖုန်းက မြ...
07/04/2026

◼️ တယ်လီဖုန်း

တယ်လီဖုန်း မြည်လာတယ်။ စင်္ကြံလမ်းထဲမှာ။ အဲဒီမှာ မီးခိုးရောင် ခြေသုတ်ခုံ တစ်ချပ်လည်း ရှိတယ်။ တယ်လီဖုန်းက မြည်ပြီးရင်း မြည်နေတော့တယ်။ ဖုန်းသံက တိုက်ခန်းတစ်ခုလုံးထဲမှာ ပဲ့တင်ထပ်နေလို့။ တယ်လီဖုန်းက မြည်နေပေမဲ့ ကောင်ကလေးကတော့ ခြောက်နှစ်သား အရွယ်ပဲ ရှိသေးတယ်။ ဖုန်းမြည်နေတဲ့ အခိုက်အတန့်အတွင်းမှာ ကောင်ကလေးက ဘာကိုမှ သံသယ မဖြစ်မိပါဘူး။ သူက ဖုန်းအနားကို ချဉ်းကပ်သွားပြီး ဖုန်းခွက်ကို ကောက်ကိုင်လိုက်တယ်။ “ဟယ်လို” တိတ်ဆိတ်မှုက ဖုန်းခွက်ထဲမှာ တရှဲရှဲ မြည်နေတယ်။ သူက “ဟယ်လို” လို့ နောက်တစ်ကြိမ် ထပ်ပြောလိုက်တယ်။ ဘယ်သူကမှ ကောင်ကလေးနဲ့ စကားမပြောလိုကြဘူးလေ။ သူက ဖုန်းခွက်ကို ပြန်ချလိုက်ပြီး သူ့အတွက် စောင့်ဆိုင်းနေတဲ့ ထိတ်လန့်ဖွယ်ရာ ဘယ်အရာကိုမှ သံသယ မဖြစ်မိပါဘူး။ အချိန်တွေ ကုန်လွန်ဖြတ်သန်းသွားပေမဲ့ သူကတော့ ခြောက်နှစ်သားအရွယ်မှာသာ ရှိနေဆဲပဲ။ တယ်လီဖုန်း မြည်လာတယ်။ ကောင်ကလေးက စင်္ကြံလမ်းထဲဆီ ပြန်ရောက်လာပြီး ဆယ့်ခုနစ်နှစ် သက်တမ်းရှိနေတဲ့ မီးခိုးရောင် ခြေသုတ်ခုံအပေါ်မှာ မြဲမြံစွာ မတ်မတ်ရပ်လို့ လက်လှမ်းပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်။ “ဟယ်လို” လို့ သူ ပြောလိုက်တယ်။ တိတ်ဆိတ်မှုက ဖုန်းခွက်ထဲမှာ တရှဲရှဲ မြည်နေလို့။ “ဟယ်လို၊ ကျေးဇူးပြုပြီး တစ်ခုခု ပြောပါလား” ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကောင်ကလေးနဲ့ စကားမပြောလိုကြပါဘူး။ သူက ဖုန်းခွက်ကို ပြန်ချလိုက်ပြီး တစ်စုံတစ်ခုကို စတင်သံသယဖြစ်မိလာတယ်။ ဒီတစ်ကြိမ်မှာတော့ သူက မီးခိုးရောင် ခြေသုတ်ခုံ အပေါ်မှာ ဆက်ပြီး မတ်တပ်ရပ်နေမိတယ်။ အချိန်တွေ ကျော်ဖြတ်သွားပြီးတော့ တယ်လီဖုန်း မြည်လာတယ်။ ကောင်ကလေးက ချက်ချင်းဆိုသလိုပဲ ဖုန်းခွက်ကို ကောက်ကိုင်လိုက်တယ်။ “ဟယ်လို၊ ဟယ်လို” ကောင်ကလေးရဲ့ အသံက အက်ကွဲနေလို့။ သူက “ဖုန်းခေါ်တာ ဘယ်သူလဲ” လို့ မေးလိုက်တယ်။ အဖြေမရဘူး၊ တရှဲရှဲ မြည်နေတဲ့ တိတ်ဆိတ်မှုပဲ ရှိတယ်။ တိတ်ဆိတ်မှုက ဖုန်းခွက်ထဲမှာ၊ စင်္ကြံလမ်းထဲမှာ တရှဲရှဲ မြည်နေတယ်။ တိတ်ဆိတ်မှုက တိုက်ခန်းတစ်ခုလုံးထဲမှာပါ တရှဲရှဲ စတင်မြည်စ ပြုလာတယ်။ ကောင်ကလေးက ဖုန်းကို ပြန်ချလိုက်ရမှာ ကြောက်ရွံ့နေမိပြီ။ သူက စောင့်ဆိုင်းနေပေမဲ့ ဘယ်အရာမှ မဖြစ်လာပါဘူး။ သူက ဖုန်းခွက်ကို ပြန်ချလိုက်တယ်၊ ဘာကိုမှလည်း သံသယ မရှိနေဘူး - ဘာလို့လဲဆိုတော့ နောက်တစ်ခါ ဘာဖြစ်လာလိမ့် မလဲ ဆိုတာ သူ သိလို့လေ။ တယ်လီဖုန်း မြည်လာတယ်။ တစ်ခါ။ ပြီးတော့ နောက်တစ်ခါ။ ပြီးတော့ နောက်တစ်ခါ။ ကောင်ကလေးက ဖုန်းကို ကောက်ကိုင်လိုက်ရမှာ ကြောက်ရွံ့နေမိပြီ။ ဒါပေမဲ့ သူ ကောက်မကိုင်နိုင်ဘူး၊ ဘာလို့လဲ ဆိုတော့ တယ်လီဖုန်းက မြည်နေလို့လေ။ တယ်လီဖုန်း တစ်လုံး မြည်လာတဲ့အခါ ခင်ဗျားတို့အနေနဲ့ ကောက်ကိုင်လိုက်ဖို့ လိုတာပဲမလား။ ဒီတော့ သူလည်း ဒီလိုပဲ လုပ်လိုက်တယ်၊ ဒါပေမဲ့ သူ့ရဲ့ လက်၊ ခြောက်နှစ်သားအရွယ် ကောင်ကလေးရဲ့ လက်က တုန်ယင်နေလို့။ သူက “ဟယ်လို” လို့ မပြောတော့ဘူး။ ဖုန်းခွက်ထဲကို ဒီအတိုင်း နားထောင်နေရင်းနဲ့ အသက်ရှုနေမိတယ်။ “ဖုန်းခေါ်တာ ဘယ်သူလဲ။ ကျေးဇူးပြုပြီး တစ်ခုခု ပြောပါလား။ ကျေးဇူးပြုပြီးတော့လေ ... ကျေးဇူးပြုပြီး ခင်ဗျား ဒီလို မလုပ်နိုင်ဘူးလား ... ကျွန်တော့်ကို ပြောစမ်းပါ။ ခင်ဗျား ဘာကြောင့် ပြန်မဖြေရတာလဲ” ကောင်ကလေးက ရှိုက်ငိုချမိလိုက်တော့တယ်။ မျက်ရည်တွေက မျက်နှာပေါ်ကနေ ပါးစပ်အထိ တသွင်သွင် စီးကျလာလို့ သူ ဆားငန်တဲ့အရသာကို ခံစားမိလိုက်တယ်။ “ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီးတော့ပါဗျာ” သူက ဖုန်းခွက်ကို ပစ်ချလိုက်ပြီး ဖုန်းအိမ်ကနေ ကြိုးကို ဆွဲဖြုတ်လိုက်တယ်။ သူ တုန်ခါလာတယ်။ ရုတ်တရက်ဆိုသလို သူ အပေါ့သွားမှ ဖြစ်တော့မယ်။ အချိန်တွေ ကုန်ဆုံးသွားတယ်၊ ပြီးတော့ ကောင်ကလေးက စင်္ကြံလမ်းထဲက မီးခိုးရောင် ခြေသုတ်ခုံ အပေါ်မှာ မတ်တပ်ရပ်လျက်သား ရှိနေဆဲပဲ။ တယ်လီဖုန်းကို ကြိုးပြန်တပ်ရဦးမယ်ဆိုတာ သူ သိပါတယ်။ သူ့မှာ ရွေးချယ်စရာမှ မရှိတာ။ သူက ဖုန်းကြိုးကို ပြန်တပ်လိုက်တယ်။ ဖုန်း မြည်လာတယ်။ ကောင်ကလေးက ဖုန်းခွက်ကို ကောက်မကိုင်လိုက်ဘူး၊ သူက သူ့ကိုယ်သူ သေးငယ်သွားရအောင် စင်္ကြံလမ်းရဲ့ ထောင့်မှာ ကုပ်ကုပ်ကလေးဝပ်လို့ ဒီထက်ပိုနက်ရှိုင်းတဲ့ နေရာဆီ တိုးဝင်သွားနိုင်ပြီး လုံးဝ ပျောက်ကွယ်သွားပါစေလို့ ဆုတောင်းနေမိတယ်။ ကောင်ကလေးက ငိုယိုနေလျက်သားနဲ့ ဘုရားသခင်ဆီ ဆုတောင်းမိတယ်။ ဒါပေမဲ့ ဘုရားသခင်က တိတ်တဆိတ်ပဲ ဆက်နေတယ်၊ ကောင်ကလေးရဲ့ နားတွေအထဲမှာ တရှဲရှဲမြည်သံမျှသာပဲ ရှိတယ်၊ စင်္ကြံလမ်းထဲမှာ တရှဲရှဲမြည်နေတဲ့ အသံပဲ ရှိတယ်။ “ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး” လို့ ကောင်ကလေးက တယ်လီဖုန်းကို အော်ဟစ်လိုက်မိတယ်။ ဒါပေမဲ့ တယ်လီဖုန်းက မြည်တယ်။ တယ်လီဖုန်းက မြည်နေတယ်။ တယ်လီဖုန်းက မြည်နေလို့ ။ ။

(ANDRIS KUPRIŠS’s THE TELEPHONE, Berlin,
Translated from Latvian to English by IAN GWIN)

မိုးရဲ မြန်မာဘာသာ ပြန်ဆိုပါတယ်။

ကိုယ်တို့တတွေက ချစ်ခြင်းမေတ္တာ၊ အလိုဆန္ဒတို့နဲ့ ကြုံတွေ့နိုင်ဖို့အတွက် ဦးတည်လျှောက်နေကြတယ်။ သင်ခန်းစာတွေ၊ ကြီးမြတ်ဖို့အတ...
04/04/2026

ကိုယ်တို့တတွေက ချစ်ခြင်းမေတ္တာ၊ အလိုဆန္ဒတို့နဲ့ ကြုံတွေ့နိုင်ဖို့အတွက် ဦးတည်လျှောက်နေကြတယ်။ သင်ခန်းစာတွေ၊ ကြီးမြတ်ဖို့အတွက် လိုအပ်တဲ့ ခါးသက်တဲ့ ဒဿန အတွေးအခေါ်တွေကို ကိုယ်တို့က ရှာဖွေချင်ကြတာ မဟုတ်ပါဘူး။ ဟောဒီနေရာမှာ နေမင်းကြီးရယ်၊ ကိုယ်တို့ရဲ့ အနမ်းတွေရယ်၊ မြေကြီးရဲ့ အရိုင်းဆန်တဲ့ ရနံ့တွေက လွဲလို့ အရာအားလုံးက အချည်းနှီးဖြစ်နေကြသလိုမျိုးပါပဲ။

(အယ်လ်ဘတ်ကမူး ရေးသားထားတဲ့ တီပါ့ဆာ့မှ လက်ထပ်မင်္ဂလာ (Nuiptals in Tipasa ) အက်ဆေးထဲကနေ ကောက်နုတ်ထားတာပါ။ ပုံကတော့ ကမူးနဲ့ သူနဲ့ ချစ်ကျွမ်းဝင်ခဲ့ဖူးတဲ့ စပိန်-ပြင်သစ်နွယ်ဖွား သရုပ်ဆောင် မင်းသမီး Maria Casares တို့ရဲ့ ပုံပါ။)

- မိုးရဲ -

◼️ မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ စာအုပ် စာရေးသူ ဆာတိုရှီ ယဂီဆဝနှင့် အင်တာဗျုး အပိုင်း (၁) မူလထုတ်ဝေခဲ့တဲ့အချိန်ကနေ ဆယ...
01/04/2026

◼️ မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ စာအုပ် စာရေးသူ
ဆာတိုရှီ ယဂီဆဝနှင့် အင်တာဗျုး အပိုင်း (၁)

မူလထုတ်ဝေခဲ့တဲ့အချိန်ကနေ ဆယ်စုနှစ် တစ်ခု အကြာမှာတော့ အီတလီ ဘာသာပြန်၊ အင်္ဂလိပ် ဘာသာပြန်တို့နဲ့ အတူတူ တစ်ကမ္ဘာလုံးက ဆာတိုရှီ ယဂီဆဝရဲ့ မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ စာအုပ်ကို စိတ်ဝင်စားစွာ ဖတ်ရှုလာခဲ့ကြပါတယ်။ အခုအင်တာဗျုးထဲမှာတော့ ယဂီဆဝ,က နိုင်ငံတကာမှာ အောင်မြင်ထင်ရှားတဲ့ စာရေးဆရာတစ်ယောက် ဖြစ်လာဖို့ လမ်းစက မလွယ်ကူလှကြောင်း ပြောဆိုထားပါတယ်။​

ဆာတိုရှီ ယဂီဆဝကို ၁၉၇၇ ခုနှစ်မှာ ဂျပန်၊ ချီဘားစီရင်စုမှာ မွေးဖွားခဲ့တာပါ။ နီဟွန်းအနုပညာကောလိပ်ကနေ ဘွဲ့ရရှိခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ စာအုပ်ကို ပထမဆုံး ရေးသားထုတ်ဝေခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင်အဖြစ် ရိုက်ကူးခြင်းခံခဲ့ရပါတယ်။ ဒီနောက်မှာတော့ ဒီဝတ္ထုရဲ့ အဆက်ဖြစ်တဲ့ နောက်ထပ် မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များကို ထုတ်ဝေခဲ့ပါတယ်။​ ဒီစာအုပ်နှစ်အုပ်စလုံးကို ဘာသာပေါင်း ၅၀ ကျော် ပြန်ဆိုခဲ့ကြပြီး ပထမတွဲစာအုပ်က ၂၀၂၄ ခုနှစ်အတွက် British Book Awards စာပေဆုမှာ ပထမဆုံးထွက်ရှိလာတဲ့ စာအုပ်ဆုအတွက် စကာတင်စာရင်း ရွေးချယ်ခံခဲ့ရပါတယ်။​ သူ ရေးသားထားတဲ့ တခြားသော လက်ရာတွေကတော့ Torunka Café trilogy သုံးအုပ်တွဲ၊ ​If I Live with You နဲ့ Pension Wakeatte တို့ပါ။​

◼️ တန်းစီစောင့်ဆိုင်းနေတဲ့ စာဖတ်သူတွေ

၂၀၂၆ ခုနှစ်၊​ ဇန်နဝါရီလမှာတော့ ယဂီဆဝ,က အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး Chennai နိုင်ငံတကာ စာပေပွဲတော်နဲ့ Kozhikode မှာ ပြုလုပ်တဲ့၊ အာရှရဲ့ အကြီးမားဆုံးသော စာပေပွဲတော်လို့လည်း သိကြတဲ့ Kerala စာပေပွဲတော်မှာ ပါဝင်ခဲ့ပါတယ်။​ ဒီစာပေပွဲတော်နှစ်ခုကြားထဲမှာပဲ Bengaluru စာအုပ်ဆိုင်မှာ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။​ သူ ခရီးသွားခဲ့တဲ့ ဆယ်ရက်တာ ကာလအတွင်းမှာ အိန္ဒိယတောင်ပိုင်း မြို့နယ်သုံးမြို့နယ်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်လို့လည်း ဆိုရမှာပါ။ ဒီကာလအတွင်းမှာ ရာပေါင်းများစွာသော စာဖတ်ပရိသက်တွေက သူတို့ရဲ့ စာအုပ်တွေမှာ လက်မှတ်ထိုးပေးဖို့အတွက် သူ့ကို တန်းစီ စောင့်ဆိုင်းနေခဲ့ကြပါတယ်။​

“အိန္ဒိယက စာဖတ်သူတွေက ဒီစာအုပ်ကို ဘယ်လောက်တောင်မှ စွဲစွဲလန်းလန်း ဖတ်ကြတယ်ဆိုတာ တွေ့ရတာ တအံ့တအားဖြစ်မိတယ်” လို့ ယဂီဆဝ,က ပြောပါတယ်။ “အစပိုင်းမှာတော့ သူတို့က အင်္ဂလိပ်ဘာသာပြန်ကို ဖတ်ကြတာပါ။ ဒါပေမဲ့ သိပ်မကြာသေးခင်ကပဲ ဟင်ဒီနဲ့ တမီဘာသာစကားတို့ကို ဘာသာပြန်ဆိုပြီးပါပြီ။ ဘာသာမျိုးစုံ ရှိနေကြတဲ့ နိုင်ငံဖြစ်တော့ နောက်ထပ် ဘာသာစကား ရှစ်မျိုးနဲ့ ပြန်ဆိုသွားဖို့လည်း အစီအစဉ် ရှိပါသေးတယ်” တဲ့။

အခုအင်တာဗျုးကို တိုကျို၊ ဂျမ်ဘိုချိုက ကြောင်ကလေး စာအုပ်စင် (Neko no Hondana) စာအုပ်ဆိုင်မှာ ပြုလုပ်ခဲ့တာပါ။ ဒီစာအုပ်ဆိုင်လေးမှာ လူတွေက သူတို့ရွေးချယ်ထားတဲ့ စာအုပ်တွေကို ပြန်လည်ရောင်းချနိုင်ဖို့အတွက် သူတို့ကိုယ်ပိုင် "စတိုးဆိုင်” အသေးစားလေး တစ်ခုလို စာအုပ်စက်တွေကို ငှားရမ်းထားလို့ ရပါတယ်။ ယဂီဆဝရဲ့ စင်ကတော့ အောက်ဘက်နားမှာ ရှိပြီး ဘာသာစကားမျိုးစုံနဲ့ ဘာသာပြန်ဆိုထားတဲ့ သူ့စာအုပ်တွေကို ရောင်းချဖို့ ထားရှိပေးထားပါတယ်။

အနောက်တိုင်းမှာ ယဂီဆဝရဲ့ ထင်ရှားကျော်ကြားမှုက ၂၀၂၂ ခုနှစ်မှာ သူ့ရဲ့ မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ စာအုပ်ကို အီတလီဘာသာ ပြန်ဆိုခဲ့ပြီးနောက်ပိုင်း မီးပွားသဖွယ် စတင်လာခဲ့တာပါ။ နောက်တစ်နှစ်မှာပဲ အဲရစ်အိုဇုဝါ ဘာသာပြန်ဆိုတဲ့ အင်္ဂလိပ်ဘာသာပြန်မူကိုလည်း ထုတ်ဝေခဲ့ပါတယ်၊ ဒီနေ့အထိဆိုရင် အုပ်ရေပေါင်း (၆၀၀,၀၀၀) ကျော် ပုံနှိပ်ရောင်းချခဲ့ပြီးပါပြီ။ ၂၀၂၄ ခုနှစ်မှာတော့ ဒီစာအုပ်က British Book Awards စာပေဆုမှာ ပထမဆုံးထွက်ရှိလာတဲ့ စာအုပ်ဆုအတွက် စကာတင်စာရင်း ရွေးချယ်ခံခဲ့ရပါတယ်။​ ယဂီဆဝကိုလည်း လန်ဒန်စာအုပ်ပွဲတော်ကို ဖိတ်ခေါ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးမှာ အောင်မြင်ကျော်ကြားလာတဲ့ စာရေးသူတစ်ယောက် ဖြစ်လာပေမဲ့ ဒီကို ရောက်ရှိဖို့အတွက်လမ်းကတော့ လွယ်ကူတဲ့ လမ်းတစ်ခု မဟုတ်ခဲ့ပါဘူး။ ကိုဗစ်ကပ်ရောဂါ ကာလအပိုင်းမှာ နိုင်ငံရပ်ခြားမှာ ထင်ပေါ်ကျော်ကြား လူကြိုက်များလာမှုက ဂျပန်နိုင်ငံမှာလည်း သူ့စာအုပ်တွေကို ပြန်လည်ရှာဖွေ ဖတ်ရှုကြတဲ့အထိ ဖြစ်လာစေခဲ့ပါတယ်။

◼️ တိုကျိုရဲ့ စာအုပ်ရပ်ကွက်၊ ဂျမ်ဘိုချို

မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ စာအုပ်ကို ၂၀၁၀ ခုနှစ်မှာ Shōgakukan စာအုပ်တိုက်ကနေ ဂျပန်ဘာသာနဲ့ စတင်ထုတ်ဝေခဲ့ပြီး အဲဒီနှစ်မှာပဲ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူး ပြသခဲ့တာပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကောင်မလေး တာကကိုက လုပ်ဖော်ကိုင်ဖက်တစ်ဦးကြောင့် အသည်းကွဲခဲ့ရအပြီးမှာ သူမရဲ့ အလုပ်ကနေ ထွက်လို့ တိုကျိုက ဂျမ်ဘိုချို ရပ်ကွက်မှာ ရှိတဲ့၊ ဦီးလေးဖြစ်သူရဲ့ ခေတ်သစ်စာပေကို အထူးပြုရောင်းချတဲ့ စာအုပ်ဆိုင်လေးမှာ စတင်အလုပ် လုပ်ကိုင်ခဲ့တာပါ။ ဂျမ်ဘိုချိုရပ်ကွက်က စာအုပ်အဟောင်းဆိုင်တွေ အမြောက်အမြားရှိမှုကြောင့် ထင်ရှားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အဲဒီနေရာလေးမှာ နေထိုင်ရင်း စာအုပ်တွေကို စတင်ဖတ်ရှုမိခဲ့တာအပြင် သူမ အနီးအပါးက လူတွေကနေတဆင့် သူမရဲ့ ဘဝကို ပြန်လည်တည်ဆောက် ကုစားနိုင်ခဲ့ပါတယ်။ ယဂီဆဝ,က ဂျမ်ဘိုချိုရပ်ကွက်နဲ့ ဆက်နွယ်နေတဲ့ သူ့ရဲ့ သံယောဇဉ်တွေကြောင့် ဒီနေရာလေးကို ဗဟိုပြုပြီး ရေးသားနိုင်ခဲ့တာပါ။

“ကန်ဒါက တည်းဖြတ်ထုတ်ဝေရေး ကုမ္ပဏီတစ်ခုမှာ စာရေးသူတစ်ယောက်အဖြစ် ကျွန်တော် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အလုပ်ဆင်းချိန်ကျရင် စာအုပ်အဟောင်းဆိုင်တွေ ရှိနေတဲ့ ရပ်ကွက်ထဲကနေ ဖြတ်ပြီး အိမ်ကို အမြဲပြန်လေ့ရှိပါတယ်။ ဒီလမ်းသွယ်လေးထဲမှာ လမ်းလျှောက်လိုက်သွားရင်း တစ်ညခင်းပိုင်းမှာတော့ ဝတ္ထုတစ်ပုဒ် ရေးဖို့ ရုတ်တရက် အကြံရလာတာနဲ့ တစ်လအတွင်းမှာပဲ အပြီးသတ် ရေးသားခဲ့တာပါ” လို့ ယဂီဆဝ,က ပြောပြပါတယ်။

အထက်တန်းကျောင်းသား ဘဝကတည်းက ဂျမ်ဘိုချိုရပ်ကွက်လေးနဲ့ ချစ်ကျွမ်းဝင်ခဲ့အပြီး နောက်ပိုင်း၊ ယဂီဆဝ,အနေနဲ့ တက္ကသိုလ်မှာ ရုပ်ရှင်ဇာတ်ညွှန်းပညာကို တက်ရောက်သင်ကြားနေစဉ်အခါမှာလည်း အမြဲတမ်းလိုလို ဂျမ်ဘိုချိုဆီ လာရောက်နေမိဆဲပါပဲ။ သူက အမြဲတမ်းလိုလို ဇာတ်ညွှန်းတွေ၊ ရုပ်ရှင်တွေနဲ့ ဆက်နွယ်နေတဲ့ စာအုပ်တွေရှိတဲ့ ဆိုင်တွေမှာ ဟိုဟိုဒီဒီ လိုက်လျှောက်ကြည့်တတ်ပါတယ်။ ဒါ့အပြင် သူ့စာအုပ်ထဲက (ဆေ့ဗွာ) ကော်ဖီဆိုင်လေးရဲ့ မော်ဒယ်တစ်ခု ဖြစ်လာမယ့်၊ တကယ်အပြင်မှာ ဖွင့်လှစ်ထားတာ ကြာမြင့်လှပြီဖြစ်တဲ့ ဆဘောရူ ကော်ဖီဆိုင်လေးမှာ အမြဲ အချိန်ကုန်ဆုံးတတ်ပါတယ်။

“စာအုပ်အဟောင်းဆိုင်တွေကိုလည်း ခင်ဗျားတို့ လိုက်ကြည့်လို့ ရတယ်။ ရှေးခေတ်ဟောင်းပုံစံ ဆွဲဆောင်မှု ရှိကြတဲ့ ကော်ဖီဆိုင်တွေလည်း ရှိသေးတယ်” လို့ ယဂီဆဝ,ပြောပါတယ်။ “ကျွန်တော်တို့ လက်မထပ်ခင်အချိန်တုန်းက ဇနီးသည်က ဂျမ်ဘိုချိုက စာအုပ်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ကိုင်ခဲ့တာပါ။ သူမက ခေတ်သစ်စာပေကို နှစ်ခြိုက်တဲ့အတွက်ကြောင့် ကျွန်တော်လည်း စပြီး လိုက်ဖတ်မိတော့တာပါပဲ။ ဒါကလည်း ကျွန်တော့်ဝတ္ထုရဲ့ နောက်ခံကို လွှမ်းမိုးနိုင်တဲ့ အကြောင်းတစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်” တဲ့။

(မနက်ဖြန်မှာ အင်တာဗျုး အပိုင်း (၂) ကို ဆက်လက်ဖော်ပြပေးပါမယ်။ မိုရီဆာကီ စာအုပ်ဆိုင်နေ့ရက်များနဲ့ နောက်ထပ် မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ စာအုပ်ကို ဖတ်ရှုခဲ့ကြတဲ့ စာဖတ်သူတွေအနေနဲ့ မူရင်း စာရေးဆရာ ယဂီဆဝရဲ့ အင်တာဗျုးကိုလည်း ဖတ်ရှုစေချင်လို့ ပြန်လည် ဘာသာပြန်ဆို ဖော်ပြတာ ဖြစ်ပါတယ်။ ဓာတ်ပုံမူပိုင်များက (© Hanai Tomoko) ပါ။

ယဂီဆဝရဲ့ တခြားသော ထွက်ရှိလာတဲ့ စာအုပ်တွေကိုလည်း ကျွန်တော် ဆက်လက် ဘာသာပြန်ဆိုသွားဖို့ ရှိပါတယ်။ နောက်ထပ် မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ မြန်မာပြန် စာအုပ်လေးကို Fate မှာ မှာယူလို့ ရပါသေးတယ်။)

- မိုးရဲ -

Address

Yangon

Telephone

+959775019756

Website

Alerts

Be the first to know and let us send you an email when Fate Book Publishing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fate Book Publishing:

Share

Category