Movie Review by KLK

Movie Review by KLK Movie Review by KLK

Reviews by a professional critic on newly-released & most popular films in the Myanmar market. A good page for all movie lovers.

Mostly focus on providing recommendations for new, good movies that are really worth watching.

Movie Review by KLK: Ice Road Vengeance (2025)"ငါတို့ ဒါကို အခုလက်​​ေလျှာ့လိုက်ရင် ငါတို့မြစ်ထက်ပိုပြီး အများကြီးဆုံးရှု...
04/07/2025

Movie Review by KLK: Ice Road Vengeance (2025)
"ငါတို့ ဒါကို အခုလက်​​ေလျှာ့လိုက်ရင် ငါတို့မြစ်ထက်ပိုပြီး အများကြီးဆုံးရှုံးသွားရလိမ့်မယ်"
-From the film "Ice Road Vengeance(2025)"

ဒီညမှာတော့ TGIF မှာ ရုပ်ရှင်ကြည့်ပြီး အိမ်တွင်းအောင်းမယ့်သူတွေအတွက် အလန်းစားဟောလိဝုဒ် အက်ရှင်ဇာတ်ကြမ်းကားသစ်ကြီးတစ်ကားကို ညွှန်းပေးလိုက်မယ်။ သေချာပေါက်အချိန်ပေးရကျိုးနပ်မယ်လို့ ရဲရဲကြီးအာမခံနိုင်တဲ့ ဇာတ်ကားမျိုးပါ။ နာမည်က Ice Road Vengeance (2025) တဲ့။

အမှန်အတိုင်းဝန်ခံရရင် ဒီရက်ပိုင်းကြည့်ဖြစ်တဲ့ ဇာတ်ကားသစ်တွေထဲမှာ ဒီကားထက်ပိုမှန်းထားတဲ့ ရုပ်ရှင်အချို့ရှိပေမယ့် တကယ်တမ်းကျတော့ ဒီကားကို လတ်တလောမှာအကြိုက်ဆုံးဖြစ်နေတာမို့ TGIF ရဲ့အလန်းစား review အဖြစ် ရွေးလိုက်မိတယ်။

လီယမ်နီလ်ဆင်ဆိုရင် ဟောလိဝုဒ်နဲ့မစိမ်းသူအားလုံး သိပြီးသားဖြစ်မှာပါ။ Taken ကတည်းက ကျွန်တော်စကြေွတဲ့ ဒီဝါရင့်မင်းသားကြီးက ကားရိုက်စိပ်ပေမယ့် အားလုံးနီးပါး သဘာဝကျကျပီပီပြင်ပြင် ပုံဖော်နိုင်တာက သူ့ရဲ့ထူးခြားချက်ပါပဲ။ လက်ရှိမှာ အသက် ၇၃ နှစ်ရှိပေမယ့် အခုထိ ခေါင်းဆောင်မင်းသားနေရာတွေကပဲ အပီပြင်ဆုံးပုံဖော်နိုင်တဲ့အပြင် အဲလောက်ကြီးပြီလို့မထင်ရလောက်အောင် အရွယ်တင်တာကလည်း သူ့ရဲ့ပါရမီပေါ့။

လွန်ခဲ့တဲ့လေးနှစ်ကထွက်ခဲ့တဲ့ ဒီကားရဲ့ ပထမကား Ice Road အပါအဝင် သူ့ကားအများစုကို ကျွန်တော် review ရေးခဲ့ဖူးတယ်။ ဒီကားက sequel လို့သာပြောပေမယ့် ၂၀၂၁ ကထွက်ခဲ့တဲ့ Ice Road နဲ့ ဇာတ်လမ်းချင်းဆက်စပ်မှုမရှိတာကြောင့် အခုမှစကြည့်သူတွေနဲ့လည်း အစပ်တည့်ပြီးသားပါ။ Ice Road တုန်းက ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ ဂျိုနသန်ဟန်းစ်လိဂ်ကပဲ ဒီကားကိုဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ပုံဖော်ရိုက်ကူးထားပါတယ်။ ဂျွန်ထရာဗိုတာရဲ့ The Punisher တို့ ဘရုစ်ဝီလီစ်ရဲ့ Die Hard: With a Vengeance တို့တုန်းကလည်း သူကိုယ်တိုင်​ဇာတ်ညွှန်းရေးရိုက်ကူးခဲ့တာမို့ အချဥ်တော့မဟုတ်ဘူးနော်။

ယခုလဆန်း (ဇူလိုင်) ၁ ရက်မှာ စတင်ဖြန့်ချိခဲ့တဲ့ ဒီကားရဲ့ဇာတ်လမ်းအကျဉ်းကတော့ မိုက်ခ်မက်ကန်လို့ခေါ်တဲ့ သက်ကြီးပိုင်းအမျိုးသားတစ်ဦးဟာ အီရတ်စစ်မြေပြင်မှာကျဆုံးခဲ့တဲ့ သူ့ညီရဲ့နောက်ဆုံးဆန္ဒအတိုင်း အရိုးပြာကို ဧဝရက်​​တောင်ထိပ်မှာကြဲပေးဖို့ နီပေါကိုရောက်လာတယ်။ သူ့ကိုတိုးဂိုက်အဖြစ်ကူညီပေးမယ့် ဒန်နီယန်ချန်းဆိုတဲ့ တစ်ခုလပ်မလေးကလည်း နယ်နယ်ရရတော့မဟုတ်ဘူး။ ရုပ်လေးချောသလောက် အတိုက်အခိုက်ကြမ်းတဲ့ အာရှသူဖိုက်တာမလေး။

သူတို့စတွေ့ပြီးမကြာခင် ကတ်မန်ဒူမြို့ကနေ ဧဝရက်တောင်ဆီသွားတဲ့ တိုးကားပေါ်မှာ လူဆိုးနှစ်ဦးတိုက်ခိုက်ခံရတဲ့ ဒေသခံလူငယ်လေးဗီဂျေးရိုင်းကို ကယ်တင်ဖို့ဖြစ်လာတယ်။ သူက အဲဒီဒေသမှာ မာဖီးယားလိုကြီးစိုးနေတဲ့ နယ်ခံလူမိုက်ဂိုဏ်းက ပစ်မှတ်ထားခံနေရတဲ့ မြေပိုင်ရှင်ဂန်းနက်ရွိုင်ရဲ့သား။ သူ့အဖိုးကိုလည်း ဧရာမဆည်ကြီးဆောက်ဖို့အတွက် ဒေသခံတွေရဲ့မြေတွေကိုအတင်းလိုက်ဝယ်နေတဲ့ လူမိုက်ခေါင်းဆောက်ရူဒရာယက်ချ်က ကားအက်စီးဒန့်အသွင်ဖန်တီးပြီး ရှင်းပစ်လိုက်တယ်။

နီပေါကို ကွယ်လွန်သူညီဖြစ်သူရဲ့နောက်ဆုံးဆန္ဒကြောင့် ရောက်လာခဲ့ပေမယ့် မတရားတာတွေ့ရင် ငြိမ်ခံမနေတတ်တဲ့ မိုက်ခ်နဲ့ ရုပ်ချောပေမယ့်ဖိုက်တင်ကြမ်းတဲ့ တိုးဂိုက်မလေးဒန်နီတို့က ဒေသခံတွေကို ကိုယ်ကျိုးအတွက် အနိုင်ကျင့်ဗိုလ်ကျနေတဲ့ နယ်ခံမာဖီးယားဂိုဏ်းတစ်ခုလုံးနဲ့ ကိုဒါရီမြို့မှာ ထိပ်တိုက်တွေ့ဖို့ဖြစ်လာတဲ့အခါ...

အလန်းစားဖိုက်တင်ကားတွေအများကြီးရိုက်ဖူးတဲ့ လီယမ်နီလ်ဆင်ရဲ့ masterpiece မဟုတ်တာသေချာပေမယ့် လက်ရှိမှာ 4.9 out of 10 ပဲရထားတဲ့ IMDb rating ကတော့ စိတ်ပျက်စရာကောင်းလောက်အောင် လက်တွေ့နဲ့ကွာခြားလွန်းပါတယ်။ သဘာဝကျ​အောင်လို့ အရမ်းမပြင်ထားတဲ့အသည်းလေးဖန်ဘင်းဘင်းကို ထိုင်ကြည့်နေရတာနဲ့တင် ဂုဏ်ထူးမှတ်နဲ့ထိုက်တန်လွန်းပါတယ်။

ကျွန်တော့်အမြင်အရပြောရရင် ဒီကားက Ice Road ပထမကားထက် ပိုကောင်းတာအသေအချာပါ။ သေချာပေါက်ဂုဏ်ထူးထွက်ရမယ့်ကားကောင်းတစ်ခုကို အမှတ်ဆွဲချပစ်ဖို့အထိ မဝံ့ရဲတာကြောင့် 8 out of 10 အထိ အမှတ်မြင့်ပေးထားတယ်။







#2025

P.S. ထုံးစံအတိုင်း အောက်ကကွန်းမန့်တွေမှာ မြန်မာစာတန်းထိုး တယ်လီဂရမ်နဲ့ fb လင့်ခ်တွေပေးထားတယ်။ လင့်ခ်ပျက်မြန်တယ်။

Movie Review by KLK: Them Behind the Door (2024)"တစ္ဆေတံခါးမပိတ်ခင် မင်းအမြန်သွား။ မဟုတ်ရင် ဒီကနေထွက်လမ်းမရှိတော့ဘူး""ဒီ...
22/06/2025

Movie Review by KLK: Them Behind the Door (2024)
"တစ္ဆေတံခါးမပိတ်ခင် မင်းအမြန်သွား။ မဟုတ်ရင် ဒီကနေထွက်လမ်းမရှိတော့ဘူး"

"ဒီတိုက်မှာ အသေဆိုးနဲ့သေသွားတဲ့သူတွေအများကြီး။ တိုက်ပေါ်ကခုန်ချသွားကြတာ"
-From the film "Them Behind the Door"

စူပါဆန်းဒေးမှာ အတော်လေးကြည့်လို့ကောင်းတဲ့ ထိုင်ဝမ်သရဲကားတစ်ကားကို ညွှန်းပေးချင်တယ်။ နာမည်က Them Behind the Door (2024) တဲ့။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ စတင်ဖြန့်ချိခဲ့တဲ့ မန်ဒရင်းစကားပြောရုပ်ရှင်ဖြစ်ပြီး ပြည်တွင်းစျေးကွက်ကို အဓိကပစ်မှတ်ထားပါတယ်။ ဒါရိုက်တာဂျိုးချီယန်ရိုက်ကူးတင်ဆက်တဲ့ ဒီရုပ်ရှင်ကို တရုတ်လို Hu Die Da Shia လို့သိကြပြီး Westgate Tango နဲ့လူသိများတဲ့ မင်းသမီးအမ်ဘာအန်းက ဦးဆောင်ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့ လင်ဖြစ်သူရှီကော်ဟွေးရဲ့အနိုင်ကျင့်ဗိုလ်ကျမှုကိုမခံစားနိုင်တဲ့ မိန်းကလေးချောင်ဝေနဲ့ သမီးဖြစ်သူယာယာတို့ဟာ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ လိပ်ပြာစံအိမ်အမည်ရှိ လူနေအိမ်ရာတစ်ခုကို ပြောင်းရွှေ့လာတယ်။ စျေးသက်သာတာ တစ်ခုကလွဲရင် ကျန်တာက စိတ်ပျ​က်စရာတွေချည်းပဲ။ ဘယ်ကြည့်ကြည့်ဟောင်းနွမ်းစုတ်ပြတ်နေတဲ့တိုက်အိုကြီး။

သူတို့က ခြောက်လွှာက အခန်းနံပါတ် ၆၀၆ မှာနေပေမယ့် ရှစ်လွှာက အခန်းနံပါတ် ၈၀၈ မှာနေတဲ့ အမျိုးသမီးတစ်ဦးနဲ့စကားစပ်မိပြီး သူများဂရုဏာသက်တာခံရတယ်။ ဒါပေမဲ့ အဲဒီခြောက်လွှာမှာပဲ မန္တာန်တွေကပ်ပြီး သော့ခတ်ပိတ်ထားတဲ့ အခန်းတစ်ခုလည်းရှိနေတယ်။ အဲဒီအခန်းက အမှတ် ၆၁၃ ဆိုတော့ ချောင်ဝေတို့နဲ့နီးတာပေါ့။

ဒီလိုနဲ့နေလာရင်း သရဲခြောက်တာတွေမကြာခဏကြုံလာရသလို အဲဒီတိုက်ကြီးမှာပဲနေထိုင်တဲ့ နတ်ဆရာဦးလေးရှီကိုပင့်ပြီး အကူအညီတောင်းရတာမျိုးတွေလည်း ကြုံလာရတယ်။ သမီးလေးယာယာကလည်း ချောင်ဝေမမြင်ရတဲ့ပုဂ္ဂိုလ်တစ်ဦးနဲ့မိတ်ဆွေဖြစ်ပြီး နေ့စဥ်ဆော့နေတာမျိုး။ အဲလိုမျိုးထူးထူးဆန်းဆန်းဖြစ်စဥ်တွေ တစ်စထက်တစ ကြုံလာချိန်မှာ ချောင်ဝေရဲ့အမျိုးသားကလည်း သူ့ကိုခြေရာခံမိသွားတဲ့အခါ...

လတ်တလော IMDb rating က 4.6 out of 10 ပဲရထားပေမယ့် အင်္ဂလိပ်စကားပြောမဟုတ်တဲ့ ဒီလိုအာရှဟော်ရာရုပ်ရှင်တွေ rating မကောင်းတာအဆန်းတော့မဟုတ်ဘူး။ အရမ်းကြီးကြောက်လန့်နေရတာမျိုးမဟုတ်ပေမယ့် တစ်ခါတလေမှာလည်း jump scare တွေပါတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းတာတော့အမှန်ပဲ။ ကျွန်​​တော်ကတော့ ဂုဏ်ထူးမှတ်မပေးချင်ပေမယ့် ခရက်ဒစ်လောက်တော့ရသင့်တယ်လို့ ယုံကြည်တယ်။ 6.7 out of 10 ပါ။






#2025

P.S. ထုံးစံအတိုင်း အောက်ကကွန်းမန့်တွေမှာ မြန်မာစာတန်းထိုး တယ်လီဂရမ်နဲ့ fb လင့်ခ်တွေပေးထားတယ်။ လင့်ခ်ပျက်မြန်တယ်။

Movie Review by KLK: Diablo (2025)"ကျွန်မဘဝတစ်လျှောက်လုံး အဖေက ဘယ်မှာနေခဲ့တာလဲ"-From the film "Diablo (2025)"ဒီရက်ပိုင်း...
21/06/2025

Movie Review by KLK: Diablo (2025)
"ကျွန်မဘဝတစ်လျှောက်လုံး အဖေက ဘယ်မှာနေခဲ့တာလဲ"
-From the film "Diablo (2025)"

ဒီရက်ပိုင်းမှာ ဇာတ်ကားကောင်းအများစုကို ကြည့်ညွှန်းတွေရေးပေးထားတယ်။ အက်ရှေးကူးမားရဲ့ Kesari Chapter 2၊ တောင်ပိုင်းမှုခင်းရုပ်ရှင် Eleven၊ တိုက်ဂါးရဲ့ Ganapath၊ ဟောလိဝုဒ်ဟော်ရာကားသစ် Rosario နဲ့ အမ်မရန်းဟက်ရှမီရဲ့ Ground Zero တို့လို ကားသစ်တွေချည်းပဲ။ မဖတ်ရသေးရင် Movie Review by KLK တယ်လီဂရမ်နဲ့ ဖေ့ဘုတ် page တွေမှာ လင့်ခ်တွေပေးထားတာမို့ like & follow လုပ်ထားဖို့မမေ့နဲ့နော်။

ဒီညလည်း လန်ထွက်အောင်ကောင်းလွန်းတဲ့ ဟောလိဝုဒ်အက်ရှင်ကားသစ်ကြီးတစ်ခုကို ညွှန်းပေးလိုက်မယ်။ စကော့အက်ဒ်ကင်းန်စ်ဆို ကျွန်တော်တို့မြန်မာရုပ်ရှင်ပရိသတ်အားလုံးနီးပါး သ်ိကြမယ်ထင်ပါတယ်။ ကျွန်တော်အကြိုက်ဆုံး ဟောလိဝုဒ်ဖိုက်တာကြီးတွေထဲက တစ်ဦးအပါအဝင်ပေါ့။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ နင်ဂျာကားမှာကတည်းက သူ့ပရိသတ်ဖြစ်သွားခဲ့တာ။ အခုညွှန်းမှာကလည်း ယခုနှစ် ဇွန်လ ၁၃ ရက်မှ ပူပူနွေးနွေးဖြန့်ချိလိုက်တဲ့ သူ့ရဲ့ဖိုက်တင်ဇာတ်ကြမ်းကားသစ်။ နာမည်က Diablo (2025) တဲ့။

စကော့နဲ့ပတ်သက်လို့ တော်တော်များများသိပြီးဖြစ်တာမို့ အထူးတလည်ချီးမွမ်းခန်းမဖွဲ့ချင်တော့ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း သူဇာတ်ကားသစ်ထွက်လာတိုင်း မလွတ်တမ်းကြည့်တတ်သူမို့ သူ့ဇာတ်ကားတွေတော်တော်များများ ကြည့်ညွှန်းရေးဖူးတယ်။ အခုကားမှာ ထူးခြားချက်ကတော့ ဖိုက်တင်ကြမ်းတဲ့ကတုံးမင်းသားမာကိုဇာရောနဲ့ ပြန်ပေါင်းထုပ်ထားတာပဲ။ John Wick Chapter 4 မှာ မာကို ဘယ်လောက်ကြမ်းတယ်ဆိုတာ သိထားပြီးသားမဟုတ်လား။

ဇာတ်လမ်းအကျဉ်းကတော့ ဒုစရိုက်မှုတွေနဲ့အသက်မွေးဝမ်းကျောင်းပြုတဲ့ ဗီဆင်တေးဟာ သမီးလေးအဲလစ်ဆာရဲ့ လုံခြုံရေးကိုစိုးရိမ်တာကြောင့် အပြင်ထွက်တိုင်း ကြေးစားလက်နက်ကိုင်ဘော်ဒီဂတ်တွေနဲ့ပဲ အမြဲလွှတ်တယ်။ ဒါပေမဲ့ တစ်နေ့မှာ သူတ်ို့ကားမီးပွိုင့်မိနေတုန်း အခြေအနေမဲ့တစ်ဦးက ကားမှန်ဆေးပေးသလိုနဲ့ ဘော်ဒီဂတ်နှစ်ဦးကို တိုက်ခိုက်ပြီး အဲလစ်ဆာကို ဖမ်းခေါ်သွားခဲ့တယ်။

ပိုပြီးထူးဆန်းတာက ဖမ်းသွားတဲ့သူက အဲလစ်ဆာကို ရန်မမူတဲ့အပြင် သူမထိခိုက်အောင် ကာကွယ်ပေးနေတာပဲ။ သူက ၁၅ နှစ်ကြာ ထောင်ထဲမှာနေခဲ့ရပြီး မကြာသေးမီကမှ လွတ်မြောက်လာတဲ့ ကရစ်။ အဲလစ်ဆာကမေးတော့ သူပြောပြတာက ကလေးမလေးရဲ့အဖေအရင်းဆိုပဲ။

တစ်ဖက်မှာတော့ ဗီဆင်တေးက သူ့သမီးကိုမကာကွယ်နိုင်ခဲ့တဲ့ ကြေးစားဘော်ဒီဂတ်နှစ်ဦးကို အသုံးမကျဘူးဆိုပြီးရှင်းလင်းပစ်ခဲ့တယ်။ နောက်ပြီး အဲလစ်ဆာကို ကယ်တင်ဖို့ အကြမ်းစားကြေးစားတွေကိုငှားရမ်းတာဝန်ပေးထားတယ်။

အဲလိုအချိန်မှာ မြွေပူရာကင်းမှောက်တာက လက်တစ်ဖက်ပြတ်လူသတ်သမားကြီး အယ်လ်ကာဗိုကလည်း ကရစ်လက်ထဲက အဲလစ်ဆာနောက် တောက်လျှောက်လိုက်နေတယ်။ သူတို့သုံးဦးက ဘယ်လိုဆက်စပ်ခဲ့တာလဲ။ အဖေနှစ်ယောက်ကြားဗျာများနေတဲ့ အဲလစ်ဆာတစ်ယောက် ဘေးကင်းပါ့မလားဆိုတာ...

လတ်တလောမှာ IMDb rating 5.6 out of 10 ပဲရထားပေမယ့် Rotten Tomatoes မှာ ရုပ်ရှင်ဝေဖန်ရေးဆရာတွေက 71% ထိ အမှတ်မြင့်ပေးထားတယ်။ ကျွန်တော်လည်း IMDb ကို ဆန့်ကျင်ပြီး critics တွေနောက်ပဲလိုက်ချင်တယ်။ စကော့နဲ့မာကို နှစ်ဦးပေါင်းမှတော့ ဖိုက်တင်တွေအကြမ်းစားတွေပေါ့။ ဇာတ်ညွှန်းလည်းကြိုက်တာမို့ 7.9 out of 10 နဲ့လွတ်လွတ်ကျွတ်ကျွတ်ဂုဏ်ထူးမှတ်ပေးလိုက်တယ်။







#2025

P.S. ထုံးစံအတိုင်း အောက်ကကွန်းမန့်တွေမှာ မြန်မာစာတန်းထိုး တယ်လီဂရမ်နဲ့ fb လင့်ခ်တွေပေးထားတယ်။ ဟောလိဝုဒ်ကားသစ်တွေကို ထွက်ခါစမှာလင့်ခ်ပေးရင် page ပျက်တတ်လို့ ဒီတစ်ခါတော့ trailer ပဲ fb မှာပေးခွင့်ပြုပါ။ Movie Review by KLK တယ်လီဂရမ်ပေ့ချ်မှာတော့
လင့်ခ်ပေးထားတယ်။ ချန်နယ် join ပြီးကြည့်ပါ။

Movie Review by KLK: Ground Zero (2025)"ဒီနေ့မှမစွန့်စားရင် နက်ဖြန်ကျရင် လူတိုင်းအတွက် အန္တရာယ်ရှိလာလိမ့်မယ်""စစ်သားတစ်ယ...
20/06/2025

Movie Review by KLK: Ground Zero (2025)
"ဒီနေ့မှမစွန့်စားရင် နက်ဖြန်ကျရင် လူတိုင်းအတွက် အန္တရာယ်ရှိလာလိမ့်မယ်"

"စစ်သားတစ်ယောက်ကို စစ်မြေပြင်ကသာ ဆိုင်းငံ့လို့ရချင်ရမယ်။ သူ့တာဝန်ကနေပြီးတော့ ဆိုင်းငံ့လို့မရဘူး"
-From the film "Ground Zero (2025)"

ဒီရက်ပိုင်းကျွန်တော်ကြည့်ညွှန်းတွေခပ်စိပ်စိပ်ပြန်ရေးဖြစ်​နေတယ်။ အက်ရှေးကူးမားရဲ့ Kesari Chapter 2၊ တောင်ပိုင်းမှုခင်းရုပ်ရှင် Eleven၊ တိုက်ဂါးရဲ့ Ganapath နဲ့ ဟောလိဝုဒ်ဟော်ရာရုပ်ရှင်ကားသစ် Rosario တို့ကို ညွှန်းပေးခဲ့တာရုပ်ရှင်ချစ်သူတွေ ကျေနပ်အားရမယ်ထင်ပါတယ်။ မကြည့်ရသေးရင် Movie Review by KLK ဖေ့ဘုတ်နဲ့တယ်လီဂရမ် page တွေမှာ လင့်ခ်တွေပေးထားတာမို့ like & follow လုပ်ထားဖို့မမေ့ပါနဲ့။

ကျွန်တော့် page ကို ပုံမှန်​ဖတ်ဖြစ်သူတွေဆို TGIF နဲ့ စူပါဆန်းဒေးမှာညွှန်းပေးတဲ့ရုပ်ရှင်တွေက ဘယ်လောက်ထိကောင်းတယ်ဆိုတာသိကြတယ်။ ဒီရုပ်ရှင်ကိုလည်း TGIF အတွက် တမင်ရည်ရွယ်ပြီး ချန်ထားခဲ့တာ။ ဘောလိဝုဒ်ရဲ့ထိပ်တန်းမင်းသားတွေထဲက တစ်ဦးဖြစ်တဲ့ အမ်မရန်းဟက်ရှ်မီရဲ့ ဇာတ်ကားသစ်ပေါ့။ နာမည်က Ground Zero (2025) တဲ့။

ဒီဇာတ်ကားက ယခုနှစ် ဧပြီ ၂၅ ရက်ကစတင်ဖြန့်ချိခဲ့​တဲ့ ဟင်ဒီစကားပြော ဖြစ်ရပ်မှန်အက်ရှင်ကားတစ်ကားပါ။ ဆန်ချစ်ဂူတ်တာနဲ့ ပရီယာဒါရှီဆရီဗတ်စတာဘာတို့နှစ်ဦး ဇာတ်ညွှန်းရေးထားပြီး ဒါရိုက်တာတီဂျက်စ်ပရာဘာဗီဂျေးဒိုယိုစ်ကာက ပုံဖော်ရိုက်ကူးထားတာပါ။ ခေါင်းဆောင်မင်းသမီး ဆိုင်းတမ်ဟန်ကာကိုတော့ ကရတီဆန်နွန်းရဲ့ Mimi (ကြည့်ညွှန်းရေးပြီး) မှာတုန်းက မင်းသမီးရဲ့သူငယ်ချင်းအဖြစ် သရုပ်ဆောင်ခဲ့တာသတိထားမိပါတယ်။

တကယ်တော့ ဒီကားက မင်းသားဇာတ်ပါ။ အဓိကဇာတ်ဆောင်အမ်မရန်းဟက်ရှ်မီ ဘယ်လောက်သရုပ်ဆောင်ကောင်းတယ်ဆိုတာကို အထူးညွှန်းနေစရာမလိုပါဘူး။ Hamari Adhuri Kahani (ကြည့်ညွှန်းရေးပြီး) မှာ မြန်မာပရိသတ်အားလုံးကြွေခဲ့ပြီးသားမဟုတ်လား။ အဲဒီနောက်ပိုင်းမှာလည်း သူက စူပါမင်းသားကြီးတွေနဲ့တွဲရိုက်တာအများသား။ မှတ်မိသလောက်ပြောရရင် အမီတာဘာချန်းနဲ့ Chehre၊ ဂျွန်အေဘရာဟမ်နဲ့ Mumbai Saga၊ ဆယ်လ်မန်ခန်းနဲ့ Tiger 3၊ အက်ရှေးကူးမားနဲ့ Selfiee တို့အပြင် Dybbuk: The Curse is Real လို သူရဲကားရိုက်တော့လည်း ကောင်းနေပြန်ရော။

ဇာတ်လမ်းအကျဉ်းကတော့ အိန္ဒိယ-ပါကစ္စတန်နယ်စပ်မြို့လေးတစ်မြို့မှာ ပစ္စတိုဂိုဏ်းသောင်းကျန်းနေလို့ နာရန်ဒရာဒူဘေးလက်အောက်က နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင် (BSF) ၇၀ ကျော်လောက်အသက်ပေးခဲ့ရပြီးပြီ။ သတ်သူက အရင်တုန်းက အိန္ဒိယစစ်သားတွေကိုကျောက်ခဲနဲ့ပေါက်ဖူးတဲ့ ပါကစ္စတန်လူငယ်တွေ။ စစ်သားတစ်ယောက်ကို နောက်ကနေကပ်ပြီးပစ္စတိုနဲ့လုပ်ကြံသတ်ဖြတ်နိုင်ရင် ရူပီးငါးထောင်ပေးမယ်လို့ မက်လုံးပေးပြီးခိုင်းနေတာ။

ဒီအဖွဲ့နဲ့ဆက်စပ်တဲ့အစွန်းရောက်တွေကပဲ ၂၀၀၁ ခုနှစ်ပါလီမန်တိုက်ခိုက်မှုကိုစီစဥ်ခဲ့တယ်။ ဒူဘေးက သူတို့ရဲ့အကြံအစည်ကို အချိန်ကပ်မှရိပ်မိခဲ့ပေမယ့် ပါလီမန်တိုက်ခိုက်မှုကိုမကာကွယ်နိုင်ခဲ့ဘူး။ အဲလိုရှုပ်ထွေးမှုတွေဖြစ်ပေါ်နေချိန်မှာ အိန္ဒိယဝန်ကြီးချုပ်က ကက်ရှမီးယားဟာ သူတို့မြေဆိုပြီး ခရီးစဥ်ကိုကြိုတင်ကြေညာပြီးထွက်ဖို့ကြံစည်တယ်။

ပါကစ္စတန်ကလည်း ဝန်ကြီးချုပ်ခရီးစဥ်ကိုတိုက်ခိုက်ဖို့ချောင်းနေတာဆိုတော့ PM ကိုကာကွယ်ဖို့က BSF တပ်ရဲ့တာဝန်ဖြစ်လာတာပေါ့။ အထက်လူကြီးနဲ့မသင့်မမြတ်ဖြစ်နေလို့ နေရာပြောင်းရွှေ့ခံရတော့မယ့် ဒူဘေးက ဝန်ကြီးချုပ် ကက်ရှမီးယားမှာ ဘေးမသီရန်မခစေဖို့ ဘယ်လောက်ထိကြိုးစားရမလဲဆိုတာ...

ဘောလိဝုဒ်မှာစစ်ကားကောင်းထွက်တာရှားနေချိန်မှာ အချိန်ကိုက်ထွက်လာတဲ့အလန်းစားဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ။ အမ်မရန်းဟက်ရှ်မီကိုလည်း ဒီဇာတ်ကားမှာ သရုပ်ဆောင်တာတော်တော်သဘောကျပါတယ်။ လတ်တလောမှာ IMDb rating 7.1 out of 10 ရထားပေမယ့် ဒီကားက ဒီထက်အဆပေါင်းများစွာပိုပေါက်သင့်တာအမှန်ပါ။ ကျွန်တော်တို့ဂုဏ်ထူးမှတ်အောက် ဆွဲချမပစ်ရက်တာအမှန်မို့ လွတ်လွတ်ကျွတ်ကျွတ်ဂုဏ်ထူးမှတ်ပေးထားတယ်။ 7.9 out of 10 ပါ။







#2025

P.S. ထုံးစံအတိုင်း အောက်ကကွန်းမန့်တွေမှာမြန်မာစာတန်းထိုး တယ်လီဂရမ်နဲ့ fb လင့်ခ်တွေပေးထားတယ်။ လင့်ခ်ပျက်မြန်တယ်။

Movie Review by KLK: Rosario (2025)"ကြောက်လန့်စိတ်တွေနဲ့အမြဲအိမ်ပြန်ခဲ့ရတယ်။ နင့်ကို ဒီလိုအနာဂတ်မျိုး ဆက်မရှိစေချင်ဘူး"-...
19/06/2025

Movie Review by KLK: Rosario (2025)
"ကြောက်လန့်စိတ်တွေနဲ့အမြဲအိမ်ပြန်ခဲ့ရတယ်။ နင့်ကို ဒီလိုအနာဂတ်မျိုး ဆက်မရှိစေချင်ဘူး"
-From the film "Rosario (2025)"

ဒီရက်ပိုင်း ကြည့်ညွှန်းတွေခပ်စိတ်စိတ်ရေးဖြစ်တာမို့ အက်ရှေးကူးမားရဲ့ Kesari Chapter 2၊ တောင်ပိုင်းမှုခင်းရုပ်ရှင် Eleven နဲ့ တိုက်ဂါးရဲ့ Ganapath တို့ကို ညွှန်းပေးခဲ့တာ ရုပ်ရှင်ချစ်သူတွေကျေနပ်အားရလိမ့်မယ်ထင်ပါတယ်။ မကြည့်ရသေးရင် Movie Review by KLK ဖေ့ဘုတ်နဲ့ တယ်လီဂရမ် page တွေမှာတင်ပေးထုားတာမို့ like & follow လုပ်ထားဖို့တော့လိုမယ်နော်။

ဒီညမှာတော့ ဒီရက်ပိုင်းကြည့်ဖြစ်တဲ့ ဟောလိဝုဒ်ကားတွေထဲက မကြမ်းမပျော့ horror ကားသစ်တစ်ကားကိုညွှန်းပေးချင်တယ်။ အင်ဒို/မလေးသရဲကားတွေလို အရမ်းကြီးကြောက်ဖို့ကောင်းတဲ့ထဲမပါပေမယ့် တစ်မျိုးတဖုံံဆွဲဆောင်မှုရှိတဲ့ အင်္ဂလိပ်စကားပြောရုပ်ရှင်ပါ။ နာမည်က Rosario (2025) တဲ့။

ဒီနှစ် မေလ ၂ ရက်မှာစတင်ဖြန့်ချိခဲ့တဲ့ ဒီရုပ်ရှင်ကို အလန်ထရစ်ဇာက ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာဖိလစ်ဗားဂက်စ်က ရိုက်ကူးပုံဖော်ထားပါတယ်။ တစ်နာရီခွဲခန့်သာကြာမြင့်တဲ့မင်းသမီးဇာတ်ဖြစ်ပြီး အချစ်ကားတွေအရိုက်များတဲ့ မက္ကဆီကို-လက်ဘနွန်သွေးနှောမင်းသမီး အမ်မာရူဒီတော့ဘီယာက အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ မိဘနှစ်ပါးကွာရှင်းအပြီးမှာ ဖခင်နဲ့လိုက်နေခဲ့တာကြောင့် မိခင်နဲ့အဖွားဖြစ်သူကိုပစ်ထားသလိုဖြစ်ခဲ့တဲ့ ရိုဆာရီယ်ို။ တစ်နေ့မှာ တစ်ယောက်တည်းနေထိုင်တဲ့ သူ့အဖွားဆုံးပြီဆိုတဲ့ဖုန်းတစ်ခုဝင်လာတယ်။ သူ့အဖေကလည်း ချက်ချင်းမလာနိုင်တာကြောင့် နာရေးနဲ့အနီးဆုံးမှာရှိနေတဲ့ဆွေမျိုးအဖြစ် ရို့စ်က အလောင်းသွားစောင့်ဖို့ဖြစ်လာတယ်။

ဖြစ်ချင်တော့ နှင်းမုန်တိုင်းတ်ိုက်နေပြီး အပြင်မထွက်ရအမိန့်ထုတ်ထားတဲ့ကာလဖြစ်တဲ့အပြင် မုန်တိုင်းကြောင့် သူ့အဖွားတိုက်ခန်းမှာလည်း မီး​တွေပြတ်နေတယ်။ အလောင်းလာသယ်တဲ့ လူနာတင်ယာဥ်ကလည်း အရေးပေါ်လူနာတစ်ဦး​ဆီသွားရမယ်ဆိုပြီး အိမ်ရှေ့ရောက်ပြီးမှပြန်လှည့်သွားတာကြောင့် ရို့စ်ခမျာ သူ့အဖွားအလောင်းနဲ့ တစ်ခန်းတည်းမှာ တစ်ယောက်တည်းရှိနေတာပေါ့။ မထင်မှတ်ဘဲ အဖွားသော့ခတ်ထားတဲ့အခန်းတစ်ခုထဲက အောက်လမ်းပညာဆိုင်ရာ ပြုစားထားမှုတွေကို ​တွေ့လိုက်ရတဲ့အခါ...

ဒီဇာတ်ကားက ကိုဘာယန်ဒီဆိုတဲ့ စုန်းလိုလိုမကောင်းဆိုးရွားကောင်တစ်ဦးနဲ့ အပေးအယူလုပ်ထားတဲ့ အကျိုးအပြစ်တွေအကြောင်းကို ထောက်ပြပုံဖော်ထားတာဖြစ်ပါတယ်။ လတ်တလောမှာ IMDb rating ကတော့ 4.3 out of 10 ပဲရထားပါတယ်။ ဒါပေမဲ့ ဟောလိဝုဒ်မှာ စူပါသရုပ်ဆောင်တွေမပါတဲ့ low budget horror ကားတွေ rating ကောင်းကောင်းမရတာ ထုံးစံပါပဲ။ ကျွန်တော်ကတော့ ဒီကားကို ဂုဏ်ထူးမှတ်မပေးနိုင်ပေမယ့် ခရက်ဒစ်လောက်တော့ပေးထားတယ်။ 6.5 out of 10 ပါ။






#2025

P.S. ထုံးစံအတိုင်း အောက်ကကွန်းမန့်တွေမှာ မြန်မာစာတန်းထိုး တယ်လီဂရမ်နဲ့ fb လင့်ခ်တွေပေးထားတယ်။ လင့်ခ်ပျက်မြန်တယ်။

Movie Review by KLK: Ganapath (2023)"ဒီပွဲပြီးရင် သူတို့ဆီမှာဘာမှကျန်တော့မှာမဟုတ်ဘူး"-From the film "Ganapath"ပြီးခဲ့တဲ့...
19/06/2025

Movie Review by KLK: Ganapath (2023)
"ဒီပွဲပြီးရင် သူတို့ဆီမှာဘာမှကျန်တော့မှာမဟုတ်ဘူး"
-From the film "Ganapath"

ပြီးခဲ့တဲ့နှစ်ရက်က အက်ရှေးကူးမားရဲ့ ဇာတ်ကားသစ် Kesari Chapter 2 (2025) နဲ့ အရမ်းမိုက်တဲ့ တောင်ပိုင်းမှုခင်းရုပ်ရှင် Eleven (2025) တို့ကို ညွှန်းပေးခဲ့တာ အားလုံးသဘောကျနှစ်သက်မယ်လို့ထင်ပါတယ်။ တကယ်လို့ မကြည့်ရသေးရင် Movie Review by KLK ဖေ့ဘုတ်နဲ့တယ်လီဂရမ်လင့်ခ်တွေမှာ တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ လင့်ခ်တွေပေးထားတာမို့ page တွေကို like & follow ထားဖို့မမေ့နဲ့နော်။

ကျွန်တော့်ရဲ့ comeback မှာပုံစံနည်းနည်းပြောင်းမယ်။ ကိုယ်အကြိုက်ဆုံးကားသစ်တွေကိုချည်း ရွေးညွှန်းတာမျိုးမဟုတ်ဘဲနဲ့ ပရိသတ်ကြိုက်သရုပ်ဆောင်တွေရဲ့ ဇာတ်ကားတွေထဲက ကိုယ်အရမ်းမကြိုက်လည်း သိပ်မကြိုက်ဘူးဆိုတဲ့ honest review နဲ့အတူ ညွှန်းပေးမှာဖြစ်ပါတယ်။

အဲဒီတော့ ကျွန်တော့် page က ညွှန်းတဲ့ဇာတ်ကားတိုင်း ပျံလန်နေတာမျိုးမဟုတ်ဘဲ ကြည့်ညွှန်းတိုင်းရဲ့အဆုံးသတ်မှာ ကျွန်တော်ပေးတဲ့ rating ကိုကြည့်ပြီးတော့သာ ဆုံးဖြတ်ကြစေလိုတယ်။ ကျွန်တော်အကြိုက်မတွေ့ပေမယ့် မင်းသား/မင်းသမီးရဲ့ အမာခံပရိသတ်ဖြစ်နေလို့ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် တခြားသူတွေလည်းကြည့်ချင်လောက်မယ့်ဇာတ်ကားမျိုးတွေလည်းပါမယ်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးလို့ ဆိုကြတယ်မဟုတ်လား။

အခုညွှန်းမယ့် Ganapath က အဲဒီလိုရုပ်ရှင်အမျိုးအစားထဲမှာပါတယ်။ စူပါတွေပါလို့ အထင်ကြီးထားပေမယ့် မျှော်လင့်သလောက်ပြန်မရတဲ့အခါဖြစ်လာတဲ့ခံစားမှုမျိုးပေါ့။ ခေါင်းဆောင်မင်းသားက အားလုံးသိကြတဲ့ ဘောလိဝုဒ် Top 10 စာရင်းဝင် နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် တိုက်ဂါးရှရော့ဖ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော် သူစပေါ်တဲ့ Heropanti ကတည်းက အခုထိတောက်လျှောက်သဘောကျမိတဲ့မင်းသား။

သူ့ရဲ့ Baaghi သုံးကားလုံးသာမက လက်ပွားမင်းသားရိုရှန်းနဲ့အတွဲညီခဲ့တဲ့ War တို့၊ အာနန်ယာပန်ဒေးကိုလူစသိခဲ့တဲ့ Student of the Year 2 တို့လို ဇာတ်ကားတွေမှာ တိုက်ဂါးအရမ်းကောင်းခဲ့တာ ဘယ်သူမှငြင်းနိုင်မယ်မထင်ဘူး။ Ganapath စထွက်မယ်ဆိုကတည်းက Heropanti နဲ့ ဗေထိဆိုပွဲထွက်ကတည်းက အတွဲညီခဲ့တဲ့ အလန်းဇယားလေး ကရီတီဆန်နွန်းနဲ့ပြန်တွဲဲပြီး မြင်ရတော့မှာမို့ မျှော်လင့်ချက်တွေကြီးမိခဲ့တာ။

ဒီကားက ၂၀၂၃ နှောင်းပိုင်းကတည်းကထွက်ခဲ့ပေမယ့် ဒစ်ဂျစ်တယ်ဗားရှင်းအကြည်ထွက်လာတာတော့ သိပ်မကြာသေးဘူး။ ကျွန်တော်လည်း ဇာတ်ကားဆိုကြည်မှ ကြည့်တတ်သူမို့ အကြည်ထွက်တော့မှပဲကြည့်ဖြစ်တာ။ တိုက်ဂါးသရုပ်ဆောင်မဆိုးဘူး။ ကရီတီဆန်နွန်းလန်းနေဆဲ။ အမီတာဘာချန်းကြီးလည်း အခန်းနည်းပေမယ့် ဝင်ပံ့ပိုးထားတယ်။ ဒါပေမဲ့ ဟိုရောက်ဒီရောက်ဇာတ်ညွှန်းက အချိတ်အဆက်အချို့လွတ်ကုန်ပြီး ဒီဇာတ်ကားရဲ့ရသကိုပျက်စေတယ်။

ဇာတ်လမ်းအကျဉ်းကတော့ လူချမ်းသာတွေက သူတို့နေထိုင်ရာကနေ လူဆင်းရဲတွေကိုမောင်းထုတ်ပစ်လိုက်ပြီး ကျွန်တွေသဖွယ်အဆင့်ခွဲခြားဆက်ဆံတယ်။ သူဆင်းရဲတွေထဲက ဒလပသီဆိုသူက ဖိုက်တင်ပလေးတဲ့ကြိုးဝိုင်းတစ်ခုကို အကောင်အထည်ဖော်ပြီး တစ်ချိန်ကျရင်ဂန်ပသ်ဆိုသူက သူတို့တွေကို ရင်ကော့ခေါင်းမော့နိုင်တဲ့အထိ ဦးဆောင်ပေးလိမ့်မယ်လို့ဆိုခဲ့တယ်။ အဲတော့ သူဆင်းရဲမျိုးနွယ်စုက သူတို့ရဲ့ကယ်တင်ရှင်ဂန်ပသ်ကိုနှစ်ရှည်လများ စောင့်မျှော်နေကြတယ်။

အခြားတစ်ဖက်မှာတော့ ဂျွန်ဆိုတဲ့ဘဲကြီးတစ်ဗွေက သူ့နောက်ကွယ်ကလက်မဲကြီးဒလီနီအတွက် လူချမ်းသာတွေအသုံးတော်ခံတဲ့ လက်ဝှေ့ကြိုးဝိုင်းတွေကတစ်ဆင့် ငွေရှာပေးနေတယ်။ ဂူဒူးဆိုတဲ့သူ့လက်ထောက်က ဂျွန်ရဲ့လောင်းကစားစီးပွားရေးလည်ပတ်စေဖို့ ဖိုက်တာတွေရှာပေးနေသူပေါ့။ အဲဒီလိုဖိုက်တာတွေရှာပေးရင်းကနေ ဂူဒူးကိုယ်တိုင်ဖိုက်တာဖြစ်ဖို့ အကြောင်းဖန်လာတဲ့အခါ...

လတ်တလောမှာ IMDb rating 2.7 out of 10 ပဲရထားသလို Rotten Tomatoes မှာလည်း ပရိသတ်တွေပေးတဲ့ရလဒ်က 30% ပဲရှိတာ တိုက်ဂါးဆို သက်လတ်ပိုင်းစူပါမင်းသားတစ်ယောက်အတွက် စိတ်ပျက်စရာပါ။ ဒါကပဲ သမ္ဘာကွာခြားမှုက အက်ရှေးကူးမားတို့ ခန်းသုံးခန်းတို့လို ဘောလိဝုဒ်ထိပ်ဆုံးက စူပါမင်းသားကြီးတွေကိုမီဖို့ တစ်ဆင့်လောက်လိုနေသေးတယ်ဆိုတာပြလိုက်တာပါ။

IMDb rating လောက်အခြေအနေမဆိုးသင့်ဘဲ အောင်မှတ်ရသင့်တယ်လောက်တော့မြင်ပေမယ့် cinematography က အချိတ်အဆက်လွတ်နေတာမို့ ခရက်ဒစ်လောက်တောင်မထိုက်တန်တာတော့အမှန်ပါ။ ကျွန်တော်ကတော့ 5.2 out of 10 ပဲပေးထားတယ်။ ကရီတီဆန်နွန်းလန်းနေတာလေးမြင်ရုံနဲ့တင် အဲလောက်တော့အမှတ်ပေးသင့်တယ်မဟုတ်လား။







#2025

P.S. ထုံးစံအတိုင်း အောက်ကကွန်းမန့်တွေမှာ မြန်မာစာတန်းထိုးတယ်လီဂရမ်နဲ့ fb လင့်ခ်တွေပေးထားတယ်။ လင့်ခ်ပျက်မြန်တယ်။

‎Movie Review by KLK: Eleven (2025)‎"မင်းတို့အကုန်လုံးက ခံရတဲ့ဘက်ကိုမေ့ပစ်ချင်ကြတယ်။ ငါကတော့ ခွင့်မလွှတ်နိုင်ဘူး။ မေ့လည်...
18/06/2025

‎Movie Review by KLK: Eleven (2025)
‎"မင်းတို့အကုန်လုံးက ခံရတဲ့ဘက်ကိုမေ့ပစ်ချင်ကြတယ်။ ငါကတော့ ခွင့်မလွှတ်နိုင်ဘူး။ မေ့လည်းမမေ့နိုင်ဘူး"
‎-From the film "Eleven (2025)"

‎မနေ့က စူပါဘောလိဝုဒ်မင်းသားကြီးအက်ရှေးကူးမားရဲ့ဇာတ်ကားသစ် Kesari Chapter 2: The Untold Story of Jallianwala Bagh (2025) ကို ညွှန်းပေးခဲ့တာ အားလုံးသဘောကျနှစ်သက်မယ်ထင်ပါတယ်။ ဒီညမှာလည်း အမိုက်စားတမီလ်-တေလဂူး မှုခင်းဒရာမာကားသစ်ကြီးတစ်ကားကို ညွှန်းပေးလိုက်မယ်။ နာမည်က Eleven (2025) တဲ့။

‎အမှန်က ယခင်နှစ် မေ ၁၆ ရက်မှာ စတင်ဖြန့်ချိခဲ့တဲ့ ဒီကားကိုအရင်ကြည့်ဖြစ်တာ။ ဒါ​ပေမဲ့ကျွန်တော်ကြည့်ညွှန်းမရေးဖြစ်တာနည်းနည်းကြာသွားလို့ comeback review အနေနဲ့ အက်ရှေးရဲ့ Kesari Chapter 2 ကိုအရင်ညွှန်းပေးဖြစ်လိုက်တာ။ ဘာကြောင့်လဲဆို ဒီကားက ဒါရိုက်တာရော သရုပ်ဆောင်တွေကိုပါ ကျွန်တော်သိပ်မရင်းနှီးဘူး။ အသက် ၅၀ ကျော် ၆၀ ကျော်အဖိုးကြီးတွေ ကြီးစိုးထားတဲ့ အိန္ဒိယရုပ်ရှင်လောကမှာ စူပါသရုပ်​​​ဆောင်မပါတဲ့ လူငယ်တွေပေါင်းစပ်ဖန်တီးထားတဲ့လက်ရာတစ်ခုမို့ မကြည့်ခင်က ဒီလောက်ထိမမှန်းထားခဲ့ဘူး။

‎အသက် ၃၇ နှစ်အရွယ် တေလဂူးမင်းသားနာဗင်န်ချန်ဒရာကို ကျွန်တော်အရင်က တစ်ကားကြည့်ဖူးခဲ့ပေမယ့် သိပ်မမှတ်မိခဲ့ဘူး။ မင်းသမီးဆို ပိုဆိုးတာပေါ့။ ဇာတ်ညွှန်းရော ဒါရိုက်တာအဖြစ်ပါပုံဖော်ရိုက်ကူးထားတဲ့ Lokkesh Ajls ဆိုလည်း အရင်ကကြားတောင်မကြားဖူးဘူး။ ဒါ သူ့ရဲ့ပွဲဦးထွက်အနုပညာခြေလှမ်းတောင်ဖြစ်နေမလားမသိဘူး။ ဒါပေမဲ့ ဒီကားရဲ့ cinematography နဲ့ plot twist တွေက respect အကြီးကြီးပေးဖို့ထိုက်တန်နေတာအမှန်ပဲ။

‎ဇာတ်လမ်းအကျဉ်းကတော့ ချန်နိုင်းမြို့က အာဗာဒီမှာ လူသတ်ပြီးအလောင်းမီးရှို့မှုတွေ တစ်ခုပြီးတစ်ခုဖြစ်လာတယ်။ အဲဒီအမှုကိုလိုက်နေတဲ့ အေစီပီရာဂျစ်ကူးမားလည်း ခြောက်ယောက်မြောက်အသတ်ခံရတဲ့အထိ မဖော်နိုင်တဲ့အပြင် သူကိုယ်တိုင်လည်း ကားအက်စီးဒင့်တစ်ခုကြောင့် ဒဏ်ရာအကြီးအကျယ်ရပြီးကိုမာဝင်သွားတယ်။ အမှုကိုလည်း မီဒီယာတွေကစိတ်ဝင်စားနေပြီး လူထုကလည်း CBI ဆီလွှဲပေးမလားလို့ စောင့်ကြည့်နေကြတယ်။

‎အဲဒီအချိန်မှာ တမီလ်နာဒူးပြည်နယ်မှာ ဓားပြဂိုဏ်းတစ်ခုကို လက်ရဖမ်းဆီးနိုင်လို့နာမည်ကြီးနေတဲ့ အေစီပီအာရာဗင်ဒ် တစ်ယောက် ဒီအမှုကိုစုံစမ်းဖော်ထုတ်ဖို့တာဝန်လွှဲခံရတယ်။ သူစုံစမ်းနေတုန်းမှာ တိုးတက်မှုတွေရှိပေမယ့် ကွင်းဆက်လူသတ်သမားရဲ့ နောက်ထပ်သားကောင်တွေက ပေါ်ထွက်နေဆဲ။

‎အာရာဗင်ဒ်ရဲ့အထက်အရာရှိကလည်း အမှုမြန်မြန်ပေါ်ဖို့ သူ့ကိုဖိအားပေးပြီးနောက် တရားခံဟာ Twin Birds ဆိုတဲ့ပုဂ္ဂလိကကျောင်းတစ်ခုနဲ့ ဆက်စပ်နေတာ တွေ့ရှိခဲ့တယ်။ အဲဒီကျောင်းက တစ်ချိန်က အမြွှာတွေအများဆုံးတက်ခဲ့ဖူးတဲ့ကျောင်းတစ်ခု။ ကွင်းဆက်လူသတ်သမားက ဘာကြောင့်ဒီလူသတ်မှုတွေကျူးလွန်နေတာလဲ။ ရဲတွေကသူ့ကိုဘာလို့မမိတာလဲ။ နာမည်ကျော်ရဲအရာရှိအာရာဗင်ဒ်ကရော ဒီအမှုပေါ်အောင်ကိုင်တွယ်နိုင်ပါ့မလားဆိုတာ...

‎ဇာတ်လမ်းက ရိုးရှင်းသယောင်နဲ့ မထင်မှတ်ဘဲ ဇာတ်သွားအလှည့်အပြောင်းတွေက အချိန်နှစ်နာရီကျော်ဘယ်လိုကုန်သွားလဲဆိုတာ မသိလောက်အောင်ဖမ်းစားနိုင်လွန်းတယ်။ လတ်တလော IMDb rating 7.5 out of 10 ရထားတာတောင် နည်းသေးတယ်လို့ထင်မိလောက်အောင်ကောင်းတယ်။ စူပါကြီးတွေရဲ့ high budget ကားကြီးတွေကိုမယှဥ်နိုင်ပေမယ့် မှုခင်းဒရာမာကောင်းကြိုက်သူတွေအတွက်တော့ အာသာပြေမှာအသေအချာပါ။ ကျွန်တော်လည်း လွတ်လွတ်ကျွတ်ကျွတ်ဂုဏ်ထူးမှတ်ပေးလိုက်တယ်။ 7.9 out of 10 ပါ။






‎ #2025

‎P.S. ထုံးစံအတိုင်း အောက်ကကွန်းမန့်တွေမှာ မြန်မာစာတန်းထိုး တယ်လီဂရမ်နဲ့ Fb လင့်ခ်တွေပေးထားတယ်။ လင့်ခ်ပျက်မြန်တယ်။

Movie Review by KLK: Kesari Chapter 2: The Untold Story of Jallianwala Bagh (2025)"တရားရုံးမှာ မှားတာမှန်တာမရှိဘူး။ အနို...
17/06/2025

Movie Review by KLK: Kesari Chapter 2: The Untold Story of Jallianwala Bagh (2025)
"တရားရုံးမှာ မှားတာမှန်တာမရှိဘူး။ အနိုင်နဲ့အရှုံးပဲရှိတာ"

"ကျုပ်တို့ကဥပဒေကိုလိုက်နာရတယ်။ ဒါပေမဲ့ တရားမျှတမှုတော့မရဘူး"

"ခင်ဗျားကို တိုက်တန်းနစ်လို နစ်မြုပ်သွားမယ်လို့ထင်ခဲ့တာ။ ဒါပေမဲ့ ခင်ဗျားက ရေခဲကျောက်စွန်းဖြစ်နေတယ်"
-From the film ''Kesari Chapter 2: The Untold Story of Jallianwala Bagh (2025)"
ကျွန်တော့်မှာ ပရော်ဖက်ရှင်နယ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပြင် မိသားစုအရေး သာရေးနာရေးတွေနဲ့ လူမှုရေး၊ ကုသိုလ်ရေးရာ ကိစ္စတွေများသွားလို့ ကြည့်ညွှန်းတွေတော်တော်ကြာကြာမရေးဖြစ်ခဲ့တဲ့အတွက် Movie Review by KLK ဖေ့ဘုတ်နဲ့တယ်လီဂရမ် page တွေကိုစောင့်မျှော်အားပေးနေကြတဲ့ ရုပ်ရှင်ချစ်သူတွေကို အရင်ဦးဆုံးတောင်းပန်ပါရစေဗျာ။ တစ်လက်စတည်းမှာပဲ အရင်လိုမျိုး မြန်မာပရိသတ်အကြိုက်တွေ့မယ့် နိုင်ငံတကာရုပ်ရှင်ကားကောင်းတွေရဲ့ ကြည့်ညွှန်းတွေ ဒီ page မှာ ဆက်တိုက်တင်ဆက်ပေးတော့မှာဖြစ်လို့ like & follow လုပ်ထားကြဖို့လည်း သတင်းကောင်းပါးပါရစေ။

အရင်လိုပဲ Review ကောင်းကောင်းတွေခပ်စိပ်စိပ်ပြန်လာတော့မှာမို့ ဒီရက်ပိုင်းကြည့်ဖြစ်တဲ့ ဟောလိဝုဒ်၊ ဘောလိဝုဒ်၊ တောလိဝုဒ်၊ မောလိဝုဒ်နဲ့ ဥရောပ/အာရှရုပ်ရှင်တွေထဲက ဘယ်လိုဇာတ်ကားကောင်းမျိုးကို comeback အဖြစ် ရွေးမလဲ ခေါင်းစားရပြန်ပါတယ်။ ဒါပေမဲ့ သိပ်ကြာကြာမစဥ်းစားလိုက်ရဘဲ မကြာသေးမီက 4K နဲ့ဒစ်ဂျစ်တယ်ဗားရှင်းအကြည်ထွက်ထားတဲ့ ဘောလိဝုဒ်စူပါမင်းသားကြီးအက်ရှေးကူးမားရဲ့ ဇာတ်ကားသစ် Kesari Chapter 2: The Untold Story of Jallianwala Bagh ကိုပဲ ရွေးချယ်လိုက်တယ်။ ဘာကြောင့်လဲဆိုတာ ကိုယ်တိုင်ကြည့်လိုက်ရင် သိလာမှာပါ။

အက်ရှေးရဲ့ ဇာတ်ကားပေါင်းများစွာကို ကျွန်တော်ကြည့်ညွှန်းရေးဖူးတယ်။ အရင်တုန်းကကျွန်တော်ပြောဖူးသလိုပဲ နောက်တက်လာတဲ့မင်းသားတွေ ဘယ်လောက်ပဲကောင်းကောင်း ဘောလိဝုဒ်မှာတော့ အက်ရှေးကူးမားနဲ့ ခန်းသုံးခန်းကိုကျော်ဖို့တော်တော်ခက်တယ်ဆိုတာ ဒီကားမှာလည်း အက်ရှေးက ထပ်ပြသွားခဲ့တယ်။ ခန်းသုံးခန်းထဲမှာတောင် အက်ရှေးနဲ့သူတင်ကိုယ်တင်ဖိုက်နိုင်တာ King Khan ကြီးတစ်ဦးလောက်ပဲရှိမလားလို့။ (စကားချပ်- ကျွန်တော်က ဆယ်လ်မန်ခန်းပရိသတ်ပေမယ့် အနုပညာအရည်အသွေးအရ ရှရွတ်ခန်းကို လေးစားလက်ခံတာအမှန်ပါ။)

ဒီဇာတ်ကားက ၂၀၁၉ တုန်းက အောင်မြင်ခဲ့တဲ့ အက်ရှေးရဲ့ Kesari ကို ခြောက်နှစ်အကြာမှာ နောက်ဆက်တွဲရုပ်ရှင်အဖြစ်ဖန်တီးခဲ့တာဆိုပေမယ့် ပထမကားမကြည့်ဘဲ တန်းကြည့်တန်းခံစားလို့ရတဲ့ standalone sequel တစ်ခုလည်းဖြစ်ပါတယ်။ Kesari နှစ်ကားလုံးမှာတော့ ပန်ဂျပ်တွေရဲ့ ရဲစွမ်းသတ္တိ၊ ဖြောင့်မတ်တည်ကြည်မှုနဲ့ တော်လှန်ရေးအတွက် မဆုတ်မနစ်ကြိုးစားအားထုတ်မှုတွေကို highlight လုပ်ထားတာပါ။

ဒီဇာတ်ကားကတော့ ဗြိတိသျှကိုလိုနီခေတ်နောက်ခံ ထူးချွန်ရှေ့နေတစ်ဦးရဲ့တရားခွင်ယှဥ်ပြိုင်မှုကို အသားပေးရိုက်ကူးထားတာပါ။ ၁၉၁၉ ခုနှစ် ဧပြီလတုန်းက အိန္ဒိယနိုင်ငံသားတစ်သန်းခွဲကျော်လောက်က ဗြိတိသျှတွေရဲ့လွတ်လပ်ရေးပေးမယ်ဆိုတဲ့ကတိစကားကိုယုံကြည်ပြီး ဗြိတိန်ဘက်က ကူတ်ိုက်ပေးခဲ့ပေမယ့် နေမဝင်အင်ပါယာက ကတိမတည်ခဲ့ပါဘူး။ ခရီပယ်ဆင်းဂ်ဆိုတဲ့ ကဗျာတစ်ဦးက ပန်ဂျပ်လူငယ်တွေကိုစည်းရုံးပြီး တော်လှန်ရေးကိုဦးဆောင်ခဲ့ပေမယ့် တရားရုံးတင်လိုက်တိုင်း သူလွတ်သွားတာမို့ ဘုရင်ခံချုပ်က ဂုဏ်သရေရှိလူကြီးလူကောင်းအတွက်ခန့်အပ်သူကောင်းပြုထားတဲ့ ရှေ့နေကြီးရှန်ကရန်နာရ်ကို တရားစွဲခိုင်းပြီး ခရီပယ်ဆင်းဂ်ကို အကျဥ်းစံဘဝရောက်စေခဲ့တယ်။

အဲဒီအချိန်မှာပဲ ဂျာလီယန်ဝါလာဘာ့ဂ်မှာ ဆန္ဒပြသူတွေ ထောင်နဲ့ချီပြီး အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကာ တိုင်းတပါးတပ်တွေရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းခံခဲ့ရတယ်။ အဲဒီသတ်ဖြတ်မှုကိုဦးဆောင်ခဲ့သူ ဗြိတိန်ဗိုလ်ချုပ်ကြီးဒိုင်ရာမှာ အပြစ်ရှိမရှိ ဆုံးဖြတ်ပေးဖို့ ဘုရင်ခံက ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီးစုံစမ်းစစ်ဆေးရာမှာ ဆာဘွဲ့ရအိန္ဒိယရှေ့နေကြီး ရှန်ကရန်နာရ်လည်း ပါဝင်ခဲ့တယ်။ မတရားမှုတွေနဲ့ လူဖြူတွေရဲ့ဖိနှိပ်မှုတွေကြားမှာ ဗြိတိသျှတွေအတွက်အလုပ်လုပ်ပေးနေတဲ့ ရှန်ကရန်နာရ်တစ်ယောက် နေမဝင်အင်ပါယာကိုထိပ်တိုက်တွေ့ဖို့အကြောင်းရင်း ဘယ်လိုဖြစ်တည်လာတယ်ဆိုတာ...

ပြောဖို့မေ့တော့မလို့ပဲ။ ခေါင်းဆောင်မင်းသမီးကလည်း Student of the Year 2 တို့ Pati Patni Aur Woh တို့ကတည်းက ပရိသတ်တွေကြွေခဲ့တဲ့ အလန်းဇယားလေး အာနန်ယာပန်ဒေးမို့ အချိုပေါ်သကာလောင်းသလိုပဲဗျာ။ ကျွန်တော်တစ်ဦးတည်းရဲ့အမြင်အရကိုတော့ ဒီကားကို ၂၀၁၉ ခုနှစ်က Kesari ပထမကားထက်တောင်ပိုကြိုက်မိတယ်။

လတ်တလောမှာ IMDb rating က 8.1 out of 10 နဲ့ အမှတ်မြင့်ရထားသလို Rotten Tomatoes မှာ verified ပရိသတ်တွေက 97% အထိ review ကောင်းကောင်းပေးထားတာတွေ့ရတယ်။ အက်ရှေးရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တာမို့ Must-watch ပါ။ ကျွန်တော်လည်း ဒီလိုကားမျိုးကို လွတ်လွတ်ကျွတ်ကျွတ်ဂုဏ်ထူးမှတ်မပေးရင် လိပ်ပြာသန့်မှာမဟုတ်ဘူး။ 8.1 out of 10 ပါ။ မကြည့်ဖြစ်သေးရင် သေချာပေါက်ကြည့်ဖို့ စေတနာနဲ့တိုက်တွန်းလိုက်ပါရစေဗျာ။





:TheUntoldStoryofJallianwalaBagh


#2025

P.S. ဇာတ်ကားကောင်းတွေမို့ကြည့်ချင်သူများတာကြောင့် ထုံးစံအတိုင်း
အောက်ကကွန်းမန့်​တွေမှာ fb နဲ့တယ်လီဂရမ်လင့်ခ်တွေပေးထားတယ်။ လင့်ခ်ပျက်မြန်တယ်။

Address

Yagon

Website

Alerts

Be the first to know and let us send you an email when Movie Review by KLK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category