
27/07/2025
ပြည်ပ အလုပ် သွားလုပ်လိုသူများအတွက် ငွေထုတ်ချေးမည့် မူဝါဒ ဆွဲထားဟု PPP ပါတီ ဆို
ဧရာဝတီ၊ ဇူလိုင် ၂၇၊ ၂၀၂၅
နိုင်ငံမှထွက်ခွာမည့်လူငယ်လူရွယ်များအား အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီ ကန့်သတ်နေချိန် ပြည်ပသို့ အလုပ် သွားလုပ်လိုသူများအတွက် ချေးငွေထုတ်ပေးမည့် မူဝါဒ ရေးဆွဲထားကြောင်း ယနေ့ ပြုလုပ်သော ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ မူဝါဒများ ရှင်းလင်းရာတွင် ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောဆိုသည်။
၎င်းက “ကျေးလက်နေ ၃၅ ရာခိုင်နှုန်းက ပြည်ပသွားတာမှာ မိဘရှိတဲ့ ရွှေထည်တွေ၊အိမ်ခြံမြေတွေ ပေါင်နှံ ရောင်းချ စသဖြင့် ရင်းနှီးမြှုပ်နှံပြီး သွားနေတာ။ ဒီလိုသွားမယ့်အစား ကျမတို့က ရွှေ့ပြောင်းစရိတ် ချေးငွေထုတ် ပေးတာမျိုး၊ Migrant Worker Loan ထုတ်ပေးတာမျိုး ပြီးရင် အရစ်ကျ ပြန်ဆပ်စေတာ။ ဒါက ကျမတို့ ပါတီရဲ့လုပ်ဆောင်ချင်တဲ့ မူဝါဒ ဖြစ်ပါတယ်” ဟု ဆိုသည်။
ထို့ပြင် PPP ပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲ၌ မြို့နယ်အားလုံးမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သလို လွှတ်တော်ထဲသို့ရောက်ရှိပါက ရွှေ့ပြောင်းလုပ်သားများအရေးနှင့် ပတ်သက်၍ကြိုးစားပေးသွားမည်ဖြစ်ပြီး အစိုးရအဖွဲ့ထဲ ရောက်သွားလျှင်လည်း ပါတီမှရေးဆွဲထားသည့် အလုပ်သမား မူဝါဒများအတိုင်း ဆောင်ရွက်ပေးသွားမည်ဟု စည်းရုံး ပြောဆိုသွားသည်။
လက်ရှိတွင် စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းထားပြီး စစ်မှုထမ်းအသက် အကျုံးဝင်သူများ ပြည်ပထွက်ခွင့် တင်းကျပ်ထားသည့်အပြင်၊ ပြည်ပရောက် အလုပ်သမားများ၏ လုပ်ခလစာများကိုလည်း၂၅ ရာခိုင်နှုန်းအား စစ်ကောင်စီသတ်မှတ်ထားသော ဘဏ်များမှတဆင့် ပြန်လွှဲရန် ညွှန်ကြားထားသည်။
ဓာတ်ပုံ- PPP
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy