Kyaw Nyo Thway

Kyaw Nyo Thway Essayist, Poet, Composer/Singer, Copywriter ခေတ်ပေါ်ကဗျာရေးသားခြင်း၊ စကားပြေရေးသားခြင်းနှင့်
ဖန်တီးမှုဇာတ်လမ်းများရေးသားခြင်းကို ခုံမင်နှစ်သက်သူ

04/11/2025

ရုပ်ရှင်ဆန်လိုက်တာ
___________________
ရုပ်ရှင်က
တကယ့်ဘဝမဟုတ်ပါဘူး။
တကယ့်ဘဝတွေကမှ ရုပ်ရှင်ပါ။
ငါတို့ဘဝတွေလည်း..
လှလှပပချွေးစေးပြန်လို့
နားခိုရာအိမ်ကို ရှာဖွေလို့
မရဏဖွား ဘာကြောင့်ဖြစ်ခဲ့ရတာလဲ
ဘဝကိုမေးခွန်းထုတ်လို့
လူစိတ်ဝင်စားဖို့မကောင်းတဲ့
ကိုယ်ရေးကိုယ်တာကို ကဗျာလုပ်ရေးလို့
ထွက်ပြေးချင်ပေမဲ့..
ထွက်ပေါက်ကို အခုထိ ရှာမတွေ့လို့
ဘဝဟာ ရုပ်ရှင်နဲ့တူလိုက်တာလို့တွေးပေမဲ့
Turning Point ဟာ အခုထိပေါ်မလာလို့
ကြည်နူးဖွယ် ရင်ခုန်စိတ်လှုပ်ရှားစရာဟာ
ရွှေထက်ရှားလို့
ကိုယ့်ကိုယ်ကိုယ်..
စျေးကွက်ဝင်အောင် မလုပ်တတ်လို့
ဘဝဟာ ပျင်းစရာချည်းဖြစ်ခဲ့တယ်။
အခုထိလည်း..
ငြိမ်သက်ပြီး စောင့်ဆိုင်းလျက်ပေါ့။
တချို့တွေ တန်ပါတယ်ကွာ..
လက်ခုပ်သံတွေအကျယ်ဆုံးအချိန်မှာ
စွန့်လွှတ်ခဲ့ရတာ..
တချို့တွေတန်ပါတယ်ကွာ
အမြင့်ဆုံးပျံသန်းနေချိန်မှာ
ထားခဲ့ရတာ။
တချို့တွေတန်ပါတယ်ကွာ
ဘာလုပ်လုပ်ဖြစ်နေတဲ့အချိန်မှာ
ထမင်းစားပျက်ခဲ့တာ။
ဘဝမှာရိုးသားခဲ့တာ..
ဖြတ်လမ်းမလိုက်ခဲ့တာ..
အလွယ်ရတဲ့...
အဆီတဝင်းဝင်းအခွင့်အရေးတွေကို ငြင်းခဲ့တာ
အိပ်မက်နောက်ကို တကောက်ကောက်လိုက်ခဲ့တာ
အနုပညာကြောင့်ရတဲ့ပိုက်ဆံနဲ့မှ
ထမင်းစားချင်ခဲ့တာ။
အားလုံး အားလုံး..
အသက်အရွယ်နဲ့ အချိန်တွေကို တိုက်စားသွား
ဘာဆက်ဖြစ်ဦးမလဲ..
ဘဝဟာ အဆိုးချည်းပဲတော့
မဟုတ်နိုင်ဘူးမဟုတ်လား။
အနက်ရောင်ချည်းပြည့်နေတဲ့ကမ္ဘာမှာ
လူဖြစ်ခဲ့ပြီး
အဖြူရောင်နေ့တွေကိုတောင့်တနေရတာ
မှားပြီလား။
အစကတည်းက..
အနုပညာကို မမြင်တွေ့ခဲ့ရရင်
အခုအချိန် ဘယ်လိုတွေရှင်သန်နေဖြစ်မလဲ။
ရရစားစား ပေါ့ပေါ့ပါးပါးဘဝတွေအားကျလိုက်တာ
ဘဝကို ဘာမှ မမျှော်လင့်ဘဲ
ဘဝမှာ ဘာမှ မဖြစ်ချင်ဘဲ
ဘာ အိပ်မက်ဆန္ဒတွေမှ မရှိဘဲ
အဲဒီလိုဆိုပျော်နိုင်မှာလား
မသိတော့ပါဘူး။
ဒီနေ့ပြီး နောက်တနေ့
နောက်နေ့ပြီး နောက်တခါ
အပ်ကြောင်းထပ်နေ့ရက်ချုပ်ရိုးကြောင်းတွေနဲ့
ဘဝကို စိတ်ပျက်လက်ပျက်။
ရုပ်ရှင်ဆန်လိုက်တာ..
မှန်ကန်တဲ့သစ္စာစကားကြောင့်
ထန်းလျက်တွေချိုလိုက်တာ
တမာတွေခါးလိုက်တာ
ခဏလေးလွှတ်ချလိုက်မိတာ
တစ်ဘဝလုံးချောက်ထဲကျတော့မလို့
ကြိုးစားတိုင်းအရာမထင်
မကြိုးစားရင် ပိုမိုဆိုးရွား
ဆယ်စုနှစ်ပေါင်းများစွာ
Inner Child အတွက် တာဝန်မကျေနိုင်မှုအတွက်
တိတ်တဆိတ်ငိုကြွေးခဲ့ရ
ဘဝက..
လောကဓံတွေခံစားရဖို့အတွက်ဆို
ရုပ်ရှင်ဆန်လိုက်တာ။
ကျော်ညိုသွေး

03/11/2025

မြတ်ဆုမွန်
__________________
မင်းရင်ထဲမှာ..
ပန်းတွေ သာယာစွာပွင့်နေပါစေ အချစ်ရေ။
နားဝမှာကြား ကြားသမျှ
လှပသော သတင်းစကား ဖြစ်ပါစေ။
အိပ်မက်တိုင်းဟာ..
နှစ်သက်ဖွယ်ရာဖြစ်စေ။
မနက်ခင်းတိုင်းမှာ အပြုံးတွေချိုမြ
စိတ်အလိုကျစွာနိုးထနိုင်ပါစေ။
အာဟာရတွေ သန့်စင်ပါစေ။
ခန္ဓာကိုယ်မှာ ရေဓါတ်ပြည့်ပါစေ။
နေခြည်တွေ နွေးပါစေ။
လေပြည်တွေ အေးပါစေ။
အသက်ရှူတိုင်းမှာ..
စိတ်ကူးတွေ ထူးကဲဝေသစ်
ဒီနေ့ဟာ မင်းအတွက်..
ကောင်းသောနေ့ကလေးဖြစ်ပါစေ။
ကျော်ညိုသွေး

"လူရည်လည်ပါစေ"လူအများ၏အမြင်မှာ မိမိကို လူဆိုးတစ်ယောက်အဖြစ်၊ ပုံသွင်းမခံရဖို့ Victim ဟန်ဆောင်သူများ၊ သူတော်ကောင်းယောင်ဆော...
01/11/2025

"လူရည်လည်ပါစေ"
လူအများ၏အမြင်မှာ မိမိကို လူဆိုးတစ်ယောက်အဖြစ်၊ ပုံသွင်းမခံရဖို့ Victim ဟန်ဆောင်သူများ၊ သူတော်ကောင်းယောင်ဆောင်သူများကို သတိကြီးစွာထား၍ ဆက်ဆံပါ။
သူတို့က သင့်အား..
- ဒေါသထွက်အောင် ပြုမူလိမ့်မည်။
- သင်မှန်နေသော်လည်း မသိကျိုးကျွံပြုလိမ့်မည်။
- သင့်စေတနာကို တမင်တကာ အသိအမှတ်မပြုခြင်းဖြင့် သင့်ကို ဆိုးရွားသောခံစားချက်ဖြစ်အောင် လုပ်လိမ့်မည်။
- သင့်ဘက်က အကောင်းဆုံးဖြည့်ဆည်းပေးသည့်တိုင် သင့်ဘက်က သူတို့အပေါ်
"လုံလုံလောက်လောက်မကောင်း" ဟု ပြောဆိုလိမ့်မည်။
- သင့်ဘက်က ချစ်ပေးနေသော်လည်း "အချစ်ခံရတယ်လို့ မခံစားရဘူး" ဟု ပြောလိမ့်မည်။
ထိုသို့သောအခါမျိုးတွင် သင့်အနေဖြင့် မခံချိမခံသာဖြစ်ကာ၊ ဒေါသချောင်းချောင်းထွက်လိမ့်မည်။ ထိုသို့သော အခြေအနေမျိုးကို အဖြစ်မခံပါနှင့်။ ထိုသို့သော အခြေအနေမျိုးထဲသို့ သင်ကျရောက်သွားပါက သင်သာ လူဆိုးဖြစ်သွားပါလိမ့်မည်။
သူတော်ကောင်းယောင်ဆောင်သူများနှင့်
Victim ဟန်ဆောင်သူများ၏ ကျော့ကွင်းထဲသို့
ကျရောက်ကာ လူဆိုးအဖြစ်ထင်မြင်ခံရခြင်း အန္တရာယ်မှ ကင်းဝေးစေရန် နည်းလမ်းမှာ
"စိတ်ကိုထိန်းချုပ်ရန်" သာ ဖြစ်သည်။
လောကကြီးထဲတွင်..
"ကျူးလွန်သူများက အကျူးလွန်ခံရသူကဲ့သို့
ဟန်ဆောင်တတ်ကြသည်ကို သတိပြုရန် လိုအပ်ပါသည်"
လူရည်လည်ပါစေ။ လူရည်လည်ခြင်းသည် အန္တရာယ်ရှိသည့် လူများရန်မှ မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်ခြင်းသာ ဖြစ်သည်။ မိမိကို သူတို့ဇာတ်လမ်းမှာ လူဆိုးတစ်ယောက်အဖြစ် ပုံသွင်းမခံရဖို့ လူတွေကို ဆက်ဆံသည့်အခါ သတိထားပါ။
#ကျော်ညိုသွေး

26/10/2025

လွမ်းမိနေတုန်းပဲ သိလား
____________________
အကြင်နာအချစ်ညထဲ
"ကိုကိုရေ.." ဆိုတဲ့ အာနူးကြော် သံလေး
ပွင့်လာတဲ့အထိ
Button ကလေးကို လက်ညှိုးလက်မနဲ့ လှည့်ရင်း..
အိပ်ပျော်နေတဲ့ရေဒီယိုကလေးလိုင်းကြည်လာအောင်
လုပ်ခဲ့ဖူးတာတွေ..။
မင်းလက်ဖဝါးလေး သိပ်နွေးတာပဲ..
ငါခံစားမိတယ်။
အဲဒီအချိန်တွေကို လွမ်းနေမိတုန်းပဲ သိလား။
ချစ်တယ်..
ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ်
ဘယ်လောက်ပဲ နာကြည်းကြည်း
မီးလင်းဖိုထဲက နှစ်ယောက်သားမွှေးခဲ့တဲ့
အကြင်နာမီးတောက်ကလေးတွေ
ဘယ်တော့မှ သေမသွားဘူး။
ရာသီတွေလည်တိုင်း..
အလွမ်းမြစ်ဟာ ပြောင်းပြန်စီးပြီး
ငါ့ထင်းချောင်းကလေးဟာ..
မင်းရဲ့စိတ်နဲ့ မီးလောင်လာတယ်။
လွမ်းနေတုန်းပဲ သိလား
အဲဒါကြောင့်..
ငါ့ကိုအနိုင်ယူပါကွယ်
ဘယ်ကြံကို စားစား
အတိတ်ကို သတိရပြီး ချိုနေပေးနော်။
လေသံကလေးနဲ့ မင်း နား အနားကိုကပ်လို့
"အရမ်းချစ်တာပဲကွာ" လို့ ပြော ပြောနေမိတယ်။
ဒါပေမဲ့..
မင်း..လို့ ထင်နေမိတဲ့ ခေါင်းအုံးဖြူဖြူလေးကို
အရမ်းလွမ်းနေမိတုန်းပဲ..သိလား
စိတ် စိတ်ချင်းချည်တဲ့ ကြိုးဟာ
ဘယ်တော့မှ ဆွေးမသွားဘူးဆိုတာ တကယ်ပဲလား
ခံစားရတယ်၊ နာကျင်ရတယ်၊
ဖျားနာရတယ်၊ မှောင်မိုက်ရတယ် အချစ်ကလေးရဲ့။
ပထမဆုံးအကြိမ်တွေ့တုန်းက
စိုစိုစွတ်စွတ်အနမ်းကလေးတွေကိုလည်း
ပုလင်းထဲပစ်ထည့်လို့
အခုထိ ရေကျင်းပြီး သောက်နေမိတုန်းပဲ။
သိပ်သတိရတယ်..အဲဒီကျောပြင်ကလေးကို
နှုတ်ခမ်းကို ကိုက်ထားတာ..
စိတ်ဆိုးလို့ မဟုတ်မှန်းလည်း သိပါတယ်။
ဘယ်သူက မေးမေး..
"သူ့ကို သိပ်မုန်းတယ်.." လို့ ပြောပေး။
ကိုကိုလည်း မင်းကို သိပ်မုန်းတယ် သိလား။
ကျော်ညိုသွေး

25/10/2025

အဲဒီနွေးနွေးလေး
__________________
ချစ်ခဲ့ရတဲ့အရသာဆိုတာ
နွေးနွေးကလေး
အဲဒီနွေးနွေးကလေးကို
လွမ်းလိုက်တာ အချစ်ရာ။
အခုအချိန်ဆို..
မင်းလည်း အဲဒီနွေးနွေးကလေးတွေကို
ပြန်လွမ်းနေမှာပဲမဟုတ်လား
မန္တလေးရဲ့ည
ရန်ကုန်ရဲ့ည
ထနောင်းပင်တွေကို
ညထဲ အတူတူလှမ်းကြည့်နေတဲ့ည။
ငါတို့နှစ်ယောက်ရဲ့ အနွေးဓါတ်ချင်း
ဝတ်မှုန်ကူးကြတဲ့ည။
ချစ်ခဲ့ရတဲ့အရသာဆိုတာ..
ဘယ်မေ့လို့ကောင်းမှာလဲကွယ်။
အဲဒီညတွေ..အဲဒီညတွေ
ကမ္ဘာဦးကို ပြန်ရောက်သွားသလိုမျိုး
ကမ္ဘာဦးသမီးရည်းစားရဲ့
မှောင်မိုက်တဲ့ညတွေထဲက နွေးနွေးလေးတွေ
တဖြည်းဖြည်း..
ဝေးသွားလိုက်..နီးလာလိုက်နဲ့
အချစ်တောင်တန်းတွေပေါ် အတူတူပျံတက်ခဲ့ကြ
ချောက်ကမ်းပါးနက်နက်ထဲ
ကြည်ကြည်နူးနူးခုန်ဆင်းလိုက်ကြ
မင်းနှုတ်ခမ်းဟာ ဘယ်လောက်နူးညံ့နွေးထွေးသလဲ
ငါ ပြောမပြတတ်အောင်ဖြစ်ခဲ့ရတယ်။
မူးယစ်ရီဝေ..
အခုတိုင် မင်းနှုတ်ခမ်းကြောင့်
ဖျားနာရတဲ့ ညည်းတွားမှုတွေကို
စွဲလမ်းမိနေတုန်းပဲ။
ချစ်ခဲ့ရတဲ့အရသာဆိုတာ နွေးနွေးလေး
မင်းက သိပ်ချစ်ပေးတတ်တာပဲကလေးရာ
လွမ်းတယ်..ဆိုတာ ဘယ်လိုမျိုးလဲ
မျိုးကျော့မြိုင်ရဲ့..
"သတိရရင်...ပြီးတာပဲ" သီချင်းလိုမျိုးလား
ချစ်ခဲ့ရတဲ့ အရသာကို မမေ့နိုင်လို့
ဓါတ်ပုံကလေးတွေကို
စိတ်ကူးထဲပစ်ထည့်ပြီး အကြိမ်ကြိမ်စိုစွတ်စေမိ
မင်းရဲ့ရင်ဘတ်ပေါ်မှာ
ငါ့အချစ်နွေးနွေးကလေးတွေ
ပြန်စမ်းကြည့်စမ်း အချစ်ရယ်။
ငါကတော့..
အဲဒီပန်းပွင့်ဖြူဖြူကလေးတွေ အခုထိမွှေးဆဲ။
အမှတ်တရကောင်းတွေကို
ဘယ်တော့မှ မမေ့ပါနဲ့ အချစ်ရယ်
"ကိုကိုရှိရာကို
တဖြည်းဖြည်းလှမ်းလာခဲ့မယ်" မဟုတ်လား
ဟုတ်တယ်..မဟုတ်လား ပန်းအဝါကလေးရဲ့။
တို့ချစ်ခဲ့ဖူးတဲ့ အာနိသင်တွေ
အဓွန့်ရှည်တယ်ဆို..
မင်း မွေးတဲ့ကလေးလေး ငါနဲ့တူပါစေ။
ကျော်ညိုသွေး

21/10/2025

❝မင်းရဲ့အလှကို လုံးပါးမပါးစေနဲ့❞
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
တကယ့်အလှဆိုတာ သတ္တိရဲ့ ပြယုဂ်ပါ။
အနာခံပြီး ပြန်ထလာနိုင်တဲ့ စိတ်ပါ။
ကိုယ့်ကိုယ်ကိုယ် မေ့လျော့ခြင်းမဟုတ်ဘဲ
နာကျင်မှုထဲကနေ ပန်းတွေ ပြန်ပွင့်လာနိုင်တဲ့ ဂုဏ်ရည်ပါ။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
ဘေဘီရေ..
အသည်းကွဲခြင်းကနေလည်း...
မင်းရဲ့ အလှသစ်တွေ ထွန်းလင်းလာနိုင်တယ်ဆိုတာ
မင်း မမေ့လိုက်နဲ့။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
မင်းရဲ့အလှကို ပျောက်ကွယ်မသွားစေနဲ့။
တစ်ချိန်က လန်းဆန်းခဲ့တဲ့ အပြုံးတွေကို
ထာဝရစီးဆင်းနေတဲ့ မျှော်လင့်ချက်မဲ့တဲ့ မြစ်ထဲ
ပစ်မချလိုက်နဲ့။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
အခါးရည်တစ်စက်ဟာ...
မင်းရရှိလာမယ့် ချိုမြိန်မှုအရသာကို
ပိုသိသာထင်ရှားစွာ ခံစားရစေမယ်။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
မင်းရဲ့အလှတွေကို...
အမှိုက်တစ်စလို့ တန်ဖိုးမဲ့စွာ
လွှတ်ချမပစ်လိုက်ပါနဲ့ ဘေဘီ။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
ကျော်ညိုသွေး

ကျနော့်ရဲ့ ထွက်ရှိထားတဲ့ သီချင်းတွေနဲ့ Poetry Podcast တွေကို နားဆင်ခံစားနိုင်ဖို့ Official YouTube Channel ကို အောက်ပါ L...
21/10/2025

ကျနော့်ရဲ့ ထွက်ရှိထားတဲ့ သီချင်းတွေနဲ့ Poetry Podcast တွေကို
နားဆင်ခံစားနိုင်ဖို့ Official YouTube Channel ကို
အောက်ပါ Link ကိုနှိပ်ပြီး Subscribe လုပ်ထားလိုက်ပါနော်။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
YouTube Channel Link ▶ https://www.youtube.com/
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
(သို့မဟုတ်) YouTube မှာ လို့ ရိုက်ရှာပြီး ဝင်ရောက်နိုင်ပါတယ်။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
အားလုံးရဲ့ နားဆင်ခံစားမှုကို လိုလားစွာ စောင့်မျှော်နေပါတယ်။
အားပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါတယ်။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀

20/10/2025

လူဆိုးတစ်ယောက်ဖြစ်ချင်တယ်
_________________________
တစ်လောကလုံးက ရင့်ကျက်သွားရင်
ငါတစ်ယောက်တည်းကလေးဆန်မယ်
တစ်လောကလုံးက သူတော်ကောင်းတွေဆို
ငါတစ်ယောက်တည်း ဗီလိန်လုပ်မယ်။
တစ်လောကလုံးက..
ပေးဆပ်သူနေရာကနေ သရုပ်ဆောင်ကြရင်
ငါတစ်ယောက်တည်း အခွင့်အရေးယူသူလုပ်မယ်။
ဒီလူမှုအဖွဲ့အစည်းကြီးက..
သိပ်ကိုအနှစ်သာရပြည့်စုံပြီး
နို့နှစ်ရောင်ယဥ်ကျေးမှုနဲ့ လှပတင့်တယ်သွားပြီလား။
ငါတစ်ယောက်တည်း ရုပ်ဆိုးနေလိုက်မယ်။
ဒီလူ့အဖွဲ့အစည်းက ဆွမ်းဆန်မှန်းသိအောင်
ငါကကြွက်ချေးဖြစ်ပေးလိုက်မယ်။
ငါဟာ သိုးအုပ်တွေကြားထဲက
တစ်ကောင်တည်းသော သိုးမည်း
အဖြူလွလွ စာရွက်ပေါ် လာထင်နေတဲ့
အမည်းစက်
ပြီးတော့..
သိပ်လှတဲ့နှုတ်ခမ်းလေးထက်မှာ
အခန့်သားနေရာယူထားသော ရိုင်းတဲ့ မှဲ့နက်။
ငါလည်း သိပ်စိတ်ညစ်တယ်
ငါ့ရဲ့ကိုယ်ရေးကိုယ်တာဟာ လူကြိုက်မများလို့
ငါ သိပ်ချစ်တတ်တဲ့ကိစ္စဟာ
စောက်ရေးမပါဘူးဖြစ်ရတယ်။
ကိုယ်ချစ်တဲ့မိန်းကလေးကို
အလေးအနက်ထားလွန်းတဲ့ငါဟာ လူဆိုးဖြစ်ရပြီး
အကျင့်စာရိတ္တပုပ်အဲ့နံဟောင်သူတွေက
နေရာရတယ်။
ဟုတ်ပါပြီ..
ငါက လောကကြီးကို အဆိုးမြင်တယ်
ငါက ငါ့အပေါ်မိုက်ရိုင်းမှုတွေကို သည်းမခံနိုင်လို့
အမြဲအရှုံး ရလဒ်ချည်းပဲ ပြန်ရတယ်။
အမေက အမြဲမှာတယ်..
"ပရိယာယ် မာယာ သာဌေး" ရမယ်တဲ့။
ဘဝမှာသင်ကြားလို့ မတတ်ဆုံးကိစ္စဟာ
ကူလီကူမာတွေ..
ဝေ့လည်ချောင်ပတ်တွေ..
အတွင်းတစ်မျိုး အပြင်တမျိုး ဆက်ဆံရေးတွေ
အမှန်တရားကို ကျောခိုင်းထားရတဲ့
ဇွတ်မှိတ်တောင်းပန်ရခြင်းတွေ..
ဝင်္ကပါထဲမှာလမ်းလျှောက်ရသလို
လူမှုရေးသင်္ချာတွေ။
ပျော်ပျော်နေချင်တဲ့ငါဟာ
ဒီလူ့အဖွဲ့အစည်းထဲမှာ တကယ်မပျော်ဘူး။
အခု ငါ့ရဲ့ပုံစံအဟောင်းကို
ဘယ်လိုစွန့်လွတ်ပြီး..
ဘယ်လို အသစ်တစ်ဖန်စတင်ရမလဲ။

လူတစ်ယောက်နဲ့တစ်ယောက်
စိတ်သက်သောင့်သက်သာဖြစ်မှုချင်း
မတူဘူးဆိုရင်တောင်..
တစ်စုံတစ်ယောက်ရဲ့နဖူးကို
စိတ်ချလက်ချနမ်းချင််တယ်။
ငါအမြဲပြန်လာစရာ..
အိမ်အစစ်နဲ့တူသော လူတစ်ယောက်ဆီ
ဘဝကို အပ်နှံချင််တယ်။
ငါ့ရဲ့ဖန်တီးမှုတိုင်းဟာ..
ချစ်ရသူတွေရဲ့ အစာအာဟာရအတွက်
အမြဲပြည့်နေတဲ့ စပါးကျီဖြစ်စေချင်တယ်။
ကမ္ဘာကြီးစိတ်ချမ်းသာဖို့
ငါပဲ ရူးပေးလိုက်ချင်တယ်။
အလိုဆန္ဒတွေမပြည့်ဝလို့
ငိုနေတဲ့ကလေးတစ်ယောက်ဟာ
ငါပါပဲ။
ဘယ်တော့မှ မရင့်ကျက်ချင်ဘူး။
နောက်ဘဝကို ငါစိတ်မဝင်စားဘူး။
ချစ်ခြင်းမေတ္တာဟာ..
ငေးကြည့်ရခြင်းသက်သက်ဆိုလည်း
ငါကတော့..
သိမ်းပိုက်ဖို့အတွက်ပဲစိတ်ဝင်စားပါတယ်။
ငါ့ဆီကထွက်ခွာသွားမယ့်သူတိုင်းအတွက်
ငါကပဲ အရင်စိတ်ဖြတ်ထားခဲ့တယ်။
ပဟေဠိဆန်တဲ့ လူမှုရေးသင်္ချာတွေကို
ငါ့ကိုလာပေးတဲ့သူတိုင်းကို
မီးလောင်တိုက်သွင်းပစ်ချင်တာ ငါ့စိတ်ရင်းပေါ့။
ပွင့်လင်းမြင်သာမှုမရှိတဲ့
လူတိုင်း၊ ရပ်ဝန်းတိုင်း၊ အ​ခြေအနေတိုင်းအတွက်
လောကကြီးထဲက
လူညစ်တွေတစ်ယောက်စီတိုင်းအတွက်..
ငါက ထာဝရလူဆိုးတစ်ယောက်ပဲ
အသေအချာဖြစ်ချင်တယ်။
ကျော်ညိုသွေး

15/10/2025

ရွှေဇီးကွက်သို့ ပေးစာ
__________________
ချစ်တယ်လို့..
ပြောလိုက်ဖို့ ဝန်လေး
အချစ်တွေပေးပါလို့..
တောင်းဆိုရမှာကို ဝန်လေးခဲ့။
သို့သော်..
ရရှိတဲ့ဘဝကိုတော့
ခံယူထွေးပွေ့ဖို့ ဝန်မလေးပါကွယ်။
ရွက်ဟောင်းတွေကြွေရင်..
ရွက်သစ်တွေ ဝေမယ် လို့ ယုံကြည်
"အရာရာဟာကောင်းဖို့ဖြစ်လာတယ်" လို့
တီရှပ်မှာ တံဆိပ်ရိုက်ပြီး ဝတ်ခဲ့တယ်။
မျိုးစေ့မှန်သမို့
တူတူတန်တန် မြေဆီလွှာထဲမှာပဲ
နှလုံးသားကို မြှုပ်နှံချင်တယ်။
မိတ်ဆက်ပါရစေ
ကိုယ်က မင်းကို သဘောကျတဲ့သူတွေထဲက
သာမန် မထင်မရှား လူတစ်ယောက်..
မင်း အချစ်ကို မပိုင်ဆိုင်ရမှာထက်..
မင်း မျက်နှာညိုမှာကို ပိုကြောက်တဲ့သူပါ။
အချစ်ကလေးရေ..
လမ်းပျောက်နေတဲ့ အချိန်စီးကြောင်းတွေထဲ
ဆောက်တည်ရာကို ပြန်လည်ရှာဖွေဖို့
မင်းရဲ့မျက်ဝန်းလက်လက်တွေကို
ကြယ်လိုငေးပါရစေ။
မင်းရဲ့ပေါင်တံတွေပေါ်
နားခိုမှေးစက်ရင်း..
မင်းရဲ့နွေးထွေးမှုကို ခံစားပြီး
ဘဝအမောတွေဖြေပါရစေ။
ဆွေးနေတဲ့သစ်ကိုင်းခြောက်တွေပေါ်ကိုပဲ
အမြဲလိုလို ရပ်နားမိခဲ့တဲ့ ငှက်တစ်ကောင်ဟာ
ကိုယ်ပါပဲ။
အထီးကျန်ရေဒီယိုက ထုတ်လွှင့်တဲ့
ဒီအကြင်နာဖော်ပြချက် သီချင်းကို
မင်း အသေအချာ ကြားနိုင်ပါစေ။
ကျော်ညိုသွေး

14/10/2025

အဆီတဝင်းဝင်းနဲ့ အချစ်ကလေး
__________________________
အားလပ်ရက်မှာ..
ဘာသီချင်းတွေ ဖွင့်ဖြစ်လဲဆို
သတိရတဲ့အကြောင်း သီချင်းတွေ
လွမ်းတဲ့အကြောင်း သီချင်းတွေ
ကောင်းကောင်း နဲ့ မို့မို့လွင်
မျိုးကျော့မြိုင် နဲ့ ဦးဗဒင်
နာကြည်းယောင်ဆောင်နေတဲ့
ရုပ်ဆိုးဆိုးပန်းပွင့်ကလေးတွေဆိုပေမဲ့
ရနံ့တွေလည်း သိပ်မွှေးပါတယ်။
သတိရမိပါရဲ့...
သန်းခေါင်ယံညထဲ
အချစ်စိတ်ရေဒီယိုကလေးက
တရှဲရှဲနဲ့ မြည်နေသံတွေ။
လက်ညှိုးနဲ့ လက်မနဲ့ ..
Button လေးကိုကစားရင်း
အချစ်သီချင်းကလေးကို
ပီသကြည်မြလာအောင် လုပ်ပေးနေမိတာတွေ။
သြော်..
အကောင်းမြင်စိတ်ဟာ ဘယ်လိုမျိုးလဲကွယ်
ဆောက်လက်စ သဲအိမ်ကလေး
ရုတ်တရက်ပြိုကျသွားတဲ့အခါ
ပေါ့ပေါ့ပါးပါးရယ်မောနိုင်တာမျိုးလား။
ဒီအိမ်ကလေးထဲ..
ငါတို့အတူနေထိုင်ရင်း
မနက်ခင်းနေရောင်ခြည်ကို စားသုံးဖို့
ညနေခင်းမှာ..
အလှဆုံးကြက်ဥကြော်ကို
အနောက်ဘက်ကောင်းကင်ထဲ
အတူတူ တပ်ဆင်ကြဖို့..။
ဖြစ်မလာလည်း
ငါတို့ဟာတစ်ယောက်ကို တစ်ယောက်
မမေ့နိုင်ခြင်းအရသာနဲ့
ဖြန်းပက်ထားပြီးသားပါလေ။
အချစ်ရေ..
ငါ့ ပန်းပွင့်ကလေးက
မင်းနှုတ်ခမ်းကို သိပ်လွမ်းတယ်..တဲ့။
ငါဟာ မိုးရာသီထဲ..
လန်းလန်းဆန်းဆန်း မင်းကိုတမ်းတနေပေါ့။
နှုတ်ခမ်းလေးကိုက်ပါဦး
မျက်ခုံးလေးတွန့်ပါဦး
လက်သည်းရှည်တွေနဲ့..
ကျောကုန်းကို ကုတ်ခြစ်ပါဦး။
မန္တလေးကို လွမ်းတယ်
စျေးချိုကိုလွမ်းတယ်
အမြဲတမ်းမဟုတ်ပေမဲ့လည်း..
တခါတလေတော့..
အဲဒီ ထိုးမုန့်ကလေးကို လွမ်းမိသားရယ်။
ဘယ်လိုလဲကွယ်
ကိုယ် သိပ် စိတ်ညစ်တယ်
ကိုယ့်လက်ထဲကနေ ပြုတ်ကျသွားတဲ့
အိပ်မက်ကလေးပေါ့။
မုန်းရမှာလည်း အဆီတဝင်းဝင်း
လွမ်းရမှာလည်း သဲက တရှပ်ရှပ်။
ကျော်ညိုသွေး

13/10/2025

မုန်းရမှာလည်း အဆီတဝင်းဝင်း
လွမ်းရမှာလည်း သဲက တရှပ်ရှပ်

#အဆီတဝင်းဝင်းနဲ့အချစ်ကလေး
#ကျော်ညိုသွေး

11/10/2025

မင်းလေးက သိပ်ငန်တာပဲ
_____________________
အဲ့လိုကျ
ရင်ထဲမှာ မပျော်တော့ဘူး
ဆိုပြီး ညိုပြီး
တစ်ယောက်တည်း မိုးတွေရွာ
ရှင့်ကိုစိတ်ကုန်တယ်..တဲ့
အခုပြောနေတာ..
မင်းရဲ့နှုတ်ခမ်းလှလှကလေးက..မဟုတ်ဘူးလို့
ကိုယ်မှတ်ထားလိုက်ပါမယ်။
ရှင်နဲ့ပြတ်ပြီတဲ့..
ချမ်းအေးလွန်းတဲ့တောင်ပေါ်ဒေသကလေးဆီက
သိပ်လှတဲ့ရွှေရင်အစုံအောက်မှာရှိတဲ့
နှလုံးသားလေးက ပြောတာ မဟုတ်ဘူး..လို့
ကိုယ်သိထားလိုက်ပါ့မယ်။
မင်းလေးက..
ကိုယ်သိပ်ကြိုက်ရတဲ့
အဖိုးကြီးသုပ်ကလေးပဲ။

စိတ်မထင်ရင်..မထင်သလို
တချက်..တချက်တော့
မင်းလေးက သိပ်ငန်တာပဲ။
အားလပ်ရက်ထဲ..
အဘိုးကြီးသုပ်ကလေးကို သုပ်ရင်း
ကြက်သွန်ဖြူတစ်တက်
ရေနွေးကြမ်းတစ်ခွက်နဲ့အတူ
အချစ်ကဗျာလှလှကလေးတစ်ပုဒ်ကို
တပ်ဆင်လိုက်တဲ့အခါ..
"မင်းလေးက သိပ်ငန်တာပဲ
ကျောင်းတုန်းက ကိုယ်က အမှတ်တွေ
မကောင်းတာက သိပ္ပံပါပဲ
စိတ်တွေလည်း သိပ်မတိုပါနဲ့
မင်းအကြည့်တွေ သိပ်ထန်တာပဲ
မင်းကို ဘယ်သူကြိတ်ကြံမှာလဲ
မင်းရှေ့က ကျားဆိုးဟာ ငါ
ဒေါသတွေ ဖိတ်လျှံလာမယ်"
စားပြီးသွားတိုင်း..
ပိုပိုပြီး ချစ်လာရတယ်..
ကိုယ့် အဖိုးကြီးသုပ်ကလေး။
တစ်ခါတလေ စိတ်ကောက်ရင်
အကျင့်ယုတ်ပြီး..
ဆားတွေလည်း ပိုထည့်တတ်သေး
အချစ်ရယ်..
"မင်းလေးက သိပ်ငန်တာပဲ"
ကျော်ညိုသွေး

Address

Yangon

Alerts

Be the first to know and let us send you an email when Kyaw Nyo Thway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Our Story

ခေတ်ပေါ်ကဗျာရေးသားခြင်း၊ စကားပြေရေးသားခြင်းနှင့်

ဖန်တီးမှုဇာတ်လမ်းများရေးသားခြင်းကို ခုံမင်နှစ်သက်သူ