23/08/2026
လက်ခုပ်သံကျယ်ကျယ်လေး
_______________________
မင်းရဲ့မုဒိတာ
ဘယ်လောက်ကြည်လင်သန့်ရှင်းသလဲ
သက်သေပြနိုင်ဖို့
ငါအောင်မြင်ပြမယ်။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
လူဆိုတာ..
လက်မထောင်ဖို့လွယ်ပြီး
လက်ခုပ်တီးဖို့ခက်တယ်။
မင်းမဟုတ်တဲ့ အောင်မြင်မှုတွေကို
တီးရမယ့် မင်းရဲ့လက်ခုပ်သံ
ဘယ်လောက်ကျယ်နိုင်ပြီလဲ။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀
မေတ္တာတရားအကြောင်း
မင်းပြောနေတာတော့ ဟုတ်ပါပြီ
မင်းကိုယ်မင်း ဘယ်လောက်ချစ်နိုင်ပြီလဲ
မင်းကိုယ်မင်း ဘယ်လောက်လေးစားနိုင်ပြီလဲ
မင်းကိုင်ဆွဲထားတဲ့လက်ကလေးကရော..
သူတပါး နှလုံးသားအငွေ့အသက်
ကင်းပါရဲ့လား။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀
မင်းဘာသာမင်း
စိတ်ရောရှင်းရဲ့လား။
မင်းအပေါ်သက်ရောက်တာ မကြိုက်တဲ့
ညံ့ဖျင်းသော အချင်းအရာတွေကို
မင်းကိုယ်တိုင် ရှောင်ကွင်းနိုင်ရဲ့လား။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀
တစ်စုံတစ်ယောက်ရဲ့
ဝေးထွက် ပျံသန်းနိုင်မှုကို လိုလားနိုင်တဲ့စိတ်
ရှေ့ဆက်ရွေ့လျားနိုင်မှုကို ကြည့်မြင်လိုသောစိတ်
အဲဒီ မုဒိတာစိတ်ကို..
မင်းစိတ်နှလုံးထဲ အမြဲပြည့်အောင်ထားရမှာ
မုဒိတာတွေလျော့နည်းလာတိုင်း
မင်းနှလုံးသားက
သူတပါးရဲ့ အဆင်ပြေသာယာမှုအောက်မှာ
ခဏခဏ မှောင်မိုက်ဖျားနာ လိမ့်မှာ။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀
လူဆိုတာ..
ညံ့လို့ရတယ်
ဖျင်းလို့တော့မဖြစ်ဘူး။
ညံ့တာကို တော်လာအောင်
လေ့ကျင့်ပေးလို့လွယ်တယ်။
ဖျင်းလို့ မျက်ကန်းတစ္ဆေမကြောက်မှုကိုတော့
အလင်းပေးဖို့ တော်ရုံနဲ့ ခက်။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀
မင်းရဲ့အဖိတ်အစင်က
မင်းရဲ့အလှုပ်အခတ် အတိုင်းအတာပမာဏနဲ့
တိုက်ရိုက်သက်ဆိုင်နေမှာပဲ။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀
မျက်မှန်နက်ကြီးတပ်ထားတော့..
မင်းကို ဘယ်သူကမှ
မျက်လုံးချင်းမဆိုင်ရဲတော့ဘူးပေါ့။
ဟုတ်တယ်..
မင်းရဲ့မျက်လုံးထဲက ပုံရိပ်စစ်
ဘယ်သူကမှ မမြင်ရအောင်
မင်းကိုယ်တိုင် ခြစ်ထုတ်ထားပဲလေ။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀
မင်းကိုယ်မင်း
တစ်ယောက်ယောက်ထက် ပိုတော်တယ်..လို့
ကြွေးကြော်နေရင်..
မင်းကို ပေး "တော်" လိုက်ကြမှာ
မင်းမရှက်ဘူးလား။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀
မနင်းသင့်တဲ့ မျဥ်း
မကျော်သင့်တဲ့စည်းတွေ
ကျော်ပြီး..
မှင် တွေနဲ့ မှန််တယ်ထင်ရင်..
လောကကြီးရဲ့ထုပ်စည်းတိုးကစားပွဲထဲ
မင်း ထမင်းချိုး ဟင်းချိုး အဖြစ်
အခုက စ ပျော်ရွှင်လိုက်ပေါ့။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀
ဒီလိုမှမဟုတ်ရင်..
အမှောင်ထဲလက်သီးထိုးနေမယ့်အစား
သူများရဲ့စိမ်းလန်းမှုတွေအတွက်
လက်ခုပ်တီးတာ ပိုပြီးလေ့ကျင့်ဖို့ပဲ
အကြံပြုချင်တယ်။
မျက်လုံးတွေ မစွေစေနဲ့။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀
⬛ Maverick Nyo