13/08/2020
အနိုင်ရဖို့ လက်တစ်ကမ်းအလိုမှာ အရှုံးပေးလိုက်ရတာက နောက်တအရဆုံးပါပဲ ဆိုတဲ့ ဂတ်စ်ပါရီနီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ်ပိုင်ဆိုင်ခွင့်ရဖို့ နီးစပ်ခဲ့ပြီးမှ တစ်ပါးသူရဲ့ လက်ဦးမှု ရယူခြင်းကို ခံလိုက်ရတာဟာ ဘယ်လောက်ထိ ခံစားရမလဲဆိုတာ ကိုယ်တိုင်ကြုံဖူးသူတိုင်း သိနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ အပြင်လောကမှာ ပြောနေကျ စကားတစ်ခွန်းလို ပြောရမယ်ဆိုရင် “ပါးစပ်နား ရောက်လာတဲ့ ထမင်းလုတ်ကို ပုတ်ချခံလိုက်ရတယ်” ဆိုသလိုပေါ့။ အတ္တလန္တာ နည်းပြကြီး ဂတ်စ်ပါရီနီလည်း ပြီးခဲ့သည့်ညက အဲဒီလို အဖြစ်မျိုးကို ကြုံတွေ့ ခံစားခဲ့ရပါတယ်။
နည်းပြ ဂတ်စ်ပါရီနီရဲ့ အတ္တလန္တာ အသင်းဟာ ပြီခဲ့သည့် ဘောလုံးရာသီက စီးရီးအေ အမှတ်ပေးဇယား အဆင့် (၃) နေရာမှာ ရပ်တည်ခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ကစားခွင့် ရရှိခဲ့ပြီး အခုလို ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ညက ဂတ်စ်ပါရီနီရဲ့ အတ္တလန္တာ အသင်းဟာ ပီအက်စ်ဂျီ အသင်းကို ကစားသမား အင်အား မမျှတသည့်ကြားက အကောင်းဆုံးပုံစံနဲ့ တုန့်ပြန်ကစားသွားနိုင်ခဲ့ပါတယ်။
နောက်ပြီး အတ္တလန္တာ အသင်းဟာ မိနစ် (၉၀) အထိ တစ်ဂိုး-ဂိုးမရှိနဲ့ ပီအက်စ်ဂျီ အသင်းကို ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကနေ နှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဂတ်စ်ပါရီနီက “ အကြီးမားဆုံး နောင်တက အနိုင်ရဖို့ လက်တစ်ကမ်းအလိုမှာ အရှုံးပေးလိုက်ရတာပါပဲ။ ကျွန်တော်တို့ အတွေးထဲမှာ ဆီမီးဖိုင်နယ် အဆင့်ကို တက်ပြီလို့ကို ထင်မှတ်ခဲ့ကြတာပါ။
“ ဒီရာသီကျွန်တော်တို့ ဖြတ်ကျော်လာခဲ့တဲ့ မှတ်တမ်းတွေကိုကြည့်ရင် ကျွန်တော်တို့ အသင်းဟာ အကောင်းဆုံး ချန်ပီယံလိဂ် ပြိုင်ပွဲတစ်ခုကို ဖြတ်သန်းနိုင်ခဲ့တာ သေချာပါတယ်။ ကျွန်တော်တို့ဟာ ဥရောပရဲ့ ထိပ်တန်းအသင်းတွေကို ဖြတ်ကျော်နိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်ရဲ့ ကစားသမားတွေ အားလုံးကို ကျေးဇူးတင်နေမိပါတယ်။ စိတ်ပျက်မိတာကတော့ အနိုင်ရဖို့ နီးစပ်ပြီးမှ အခုလို ဖြစ်သွားတာကိုပါ။ နေမာနဲ့ အမ်ဘာပေတို့လို အကောင်းဆုံး ကစားသမားတွေ ပါနေတာကလည်း အချိန်မရွေး အပြောင်းအလဲ ဖြစ်သွားနိုင်တယ်ဆိုတာ ပြသသွားတာ ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
.