16/10/2025
စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်၊ ၁၅ဦးသေဆုံး
အောက်တိုဘာ ၁၆၊ The Nation Voice
သတင်း - ဟေဇယ်
စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခဲ့ရာမှာ အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် ၁၅ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။
လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို အောက်တိုဘာလ ၁၅ရက်နေ့ မနက် ၁၀နာရီအချိန်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အာဏာသိမ်းစစ်တပ်ဖွဲ့ဝင် ၁၅ဦးထက်မနည်း သေဆုံးကာ စစ်သုံ့ပန်း ၁၂ဦး ဖမ်းဆီးရရှိခဲ့ပြီး လက်နက်အစုံ ၁၉လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းများစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် - ၂စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ကွပ်ကဲမှုနဲ့ အမှတ် - ၃၈၀၂တပ်ရင်း၊ အမှတ် - ၃၈၀၃တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။