01/09/2026
နီပေါနဲ့ တရုတ်နိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်၊ ၄,၄၀၀ ကျော် ပျောက်ဆုံးနေဆဲ
TNV/စက်တင်ဘာ ၁
နိုင်ငံတကာသတင်း၊အောင်ကြီး
နီပေါနဲ့ တရုတ်နိုင်ငံတို့မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ရှိလာပြီး လူပေါင်း ၄,၄၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
နီပေါ သဘာဝဘေးအန္တရာယ် အေဂျင်စီရဲ့ အင်္ဂါနေ့ထုတ်ပြန်ချက်အရ နီပေါနိုင်ငံမှာ သေဆုံးသူ ၉၈၇ ဦးရှိပြီး ၃,၉၁၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ အနည်းဆုံး လူ ၁၁,၈၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နီပေါဝန်ကြီးချုပ် Balenndra Shah က ရေအားလျှပ်စစ်စီမံကိန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၂၇၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် လူ ၉၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
အာဏာပိုင်တွေက ရေအားလျှပ်စစ်ဥမင်လိုဏ်ခေါင်းတွေထဲမှာ အလုပ်သမား ရာနဲ့ချီ ပိတ်မိနေတယ်လို့ ယူဆထားပြီး ကယ်ဆယ်ရေးအဖွဲ့တွေက မြေတူးစက်တွေနဲ့ အခြားအကြီးစားစက်ပစ္စည်းတွေ အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
နီပေါနိုင်ငံ Nuwakot ခရိုင်၊ Betrabati ရွာမှာလည်း ရှာဖွေရေးအဖွဲ့တွေက အိမ်တစ်အိမ်အတွင်းက ရုပ်အလောင်း ၂၄ လောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲအရာရှိ Bipin Regmi က ပြောပါတယ်။ ထို့အပြင် ကုန်စုံဆိုင်တစ်ဆိုင်အတွင်း ပိတ်မိနေသူ ၂၀ ကျော်ကိုလည်း ပြန်လည်တွေ့ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရေဘေးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သူ အများအပြားဟာ ဆွေမျိုးတွေရဲ့ နေအိမ်တွေနဲ့ ပြည်တွင်းပြည်ပ စေတနာ့ဝန်ထမ်းအဖွဲ့တွေ ဖွင့်လှစ်ထားတဲ့ အမိုးအကာတွေမှာ နေထိုင်နေကြရပါတယ်။
တစ်ဖက်မှာလည်း တရုတ်နိုင်ငံက နီပေါနယ်စပ်အနီး သဘာဝဘေးဒဏ်ခံနေရတဲ့ ဒေသတွေကို ရှာဖွေကယ်ဆယ်ရေးအတွက် DNA စစ်ဆေးရေးကျွမ်းကျင်သူတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို စေလွှတ်ပေးဖို့ ပြင်ဆင်နေပါတယ်။ ဒုတိယအသုတ်အဖြစ် ပေးပို့မယ့် အကူအညီတွေထဲမှာ ဒရုန်းတွေနဲ့ ရေသန့်စင်ရေးပစ္စည်းတွေ ပါဝင်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
သဘာဝဘေးအပြီး နီပေါနိုင်ငံအတွင်း ဒေါ်လာ ၄၂ သန်းကျော်တန်ဖိုးရှိ အကူအညီတွေ ရောက်ရှိထားပြီး အစိုးရအနေနဲ့လည်း ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ပံ့ပိုးမှုတွေ ဆက်လက်တိုးမြှင့်သွားမယ်လို့ မျှော်လင့်ထားပါတယ်။
လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်နေဆဲဖြစ်ပြီး ရွှံ့နွံနဲ့ အပျက်အစီးတွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေနိုင်သေးတယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားကြပါတယ်။