24/05/2025
တောင်းစားနေကြသူများ
---------------------------
မနေ့က ဌာနတစ်ခုကို ရောက်သည်။
ပြည်သူကို ပြည်သူလိုမဆက်ဆံမှုတွေကို ရင်ဆိုင်နေရသေးသည်။ သူတို့မျက်နှာတွေက ပြည်သူပေးသည့် အခွန်တွေနှင့် ရပ်တည်နေကြရကြောင်း နားမလည်။ သူတို့လုပ်စာ ပြည်သူက စားနေရသလို ဆက်ဆံနေသည်။
ကျွန်တော်က စိတ်ပျက်စွာဖြင့် အပြင်ကို ပြန်ထွက်လာသည်။
“ဦးလေး အဆင်ပြေခဲ့လား”
“ကျွန်တော့်ကို တစ်ယောက် လာမေးသည်။
“မပြေဘူးကွာ”
“ဦးလေးကို ကျွန်တော် ပြောသားပဲ။ ကျွန်တော် လုပ်ပေးပါ့မယ်ဆိုတာ။ ဒီအတိုင်း ဘယ်လိုမှ ဝင်လို့ရမှာ မဟုတ်ဘူးနော်။ ကျွန်တော့်ကို ငါးထောင်ပဲပေး”
“ငါးထောင်က အားလုံးအပြီးလား”
“မဟုတ်ဘူး ကျွန်တော့်အတွက် အကျိုးဆောင်ပေးခ”
“မင်းကို ငါးထောင် ပေးတာတော့ ဟုတ်ပါပြီ။ ငါ့ကိစ္စကို နေ့ချင်းရဖို့က ဘယ်လောက်ပေးရဦးမှာလဲ”
“ထုံးစံပဲဦးလေး နှစ်သောင်း”
ဪ ထုံးစံတဲ့လား။
“အေးကွာ … မင်းကို ငါးထောင်၊ ဟိုကို နှစ်သောင်း … နှစ်သောင်း ငါးထောင်ဆို ပြတ်ပြီလား”
“ချက်ချင်းရမယ်ဦးလေး”
ကျွန်တော်က အိတ်ထဲမှ တစ်သောင်းတန်နှစ်ရွက်၊ ငါးထောင်တန်တစ်ရွက်ထုတ်ကာ သူ့လက်ထဲ ထည့်ပေးလိုက်သည်။
“ဟိုလက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်နေဦးလေး။ ကျွန်တော့်ကို စာရွက်စာတမ်းတွေပေးလိုက်”
ကျွန်တော်က စာရွက်စာတမ်းတွေထည့်ထားသော ပလတ်စတစ်အိတ်ကို သူ့လက်ထဲထည့်လိုက်သည်။ သူက အတွင်းကို ဝင်သွားသည်။ ကျွန်တော်လည်း မျက်နှာချင်းဆိုင် လက်ဖက်ရည်ဆိုင်ထဲက သွားစောင့် နေလိုက် သည်။
လက်ဖက်ရည်ဆိုင်ထိုင်တော့လည်း တစ်ခုခုမှာဦးမှဖြစ်မည်။ ပေါင်မုန့်ထောပတ်သုတ်မှာလိုက်ပြီး ရေနွေးကြမ်းနှင့်သောက်နေမိသည်။
“ထမင်းဖိုးလေး သနားပါ”
ကလေးမလေးတစ်ယောက် လက်လေးဖြန့်ကာ လာတောင်းသည်။ ကျွန်တော်က တောင်းစားသူတွေကို ပိုက်ဆံ ပေးလေ့မရှိ။
“ကန်တော့ပါသေးရဲ” ဟုပြောလိုက်သည်။ ကလေးမလေး ထွက်သွားသည်။ ခဏအကြာ ပခုံးကိုလာတိုးသဖြင့် မော့ကြည့်လိုက်မိသည်။ သပိတ်နှင့် လာတိုက်ခြင်းဖြစ်သည်။
“ကန်တော့ပါသေးရဲ့”
ကျွန်တော့်ကို ဝင်တိုက်သွားသည်။ ကံကောင်း၍ ခုံပေါ်က ပြုတ်မကျ။
နာရီဝက်ခန့်အကြာတွင် ပွဲစားကောင်လေးပြန်ရောက်လာသည်။
“ဦးလေး စစ်ကြည့်ပါဦး”
ကျွန်တော်က စာရွက်စာတမ်းတွေကို စစ်ကြည့်လိုက်သည်။ သူတို့အရပ်နှင့် သူတို့ဇာတ် အဆင်ပြေနေသည်။ ကျွန်တော့်ကို နောက်တစ်နေ့ နောက်တစ်ခေါက် ထပ်လာခိုင်းလျှင် ငါးထောင်မက ကုန်သွားနိုင်သည်။
“အေးကွာ ပြည့်စုံပါပြီ”
ကျွန်တော် ကိစ္စပြီးသဖြင့် ကားဂိတ်ကို ထွက်လာသည်။ နေရိပ်တစ်နေရာတွင် ဝင်ခိုနေမိသည်။ ကားကပြတ်သည်။ ကိုယ့်ရှေ့တွင် ကလေးမလေးတစ်ယောက် ဖုန်းကြည့်နေသည်။ ကျောင်းစိမ်းဝတ်စုံ ဂါဝန်လေးနှင့်ဖြစ်သည်။ ဘေးတွင်ထိုင်နေသော အမျိုးသမီးက
“နင် ဖုန်းပဲကြည့်နေ … နှစ်သောင်းလောက် မရှာနိုင်လို့ကတော့ ကျောင်းမတက်ရဘူး”
ကလေးက
“အမေကလည်း သမီးလည်းရှာတာပဲ” ဟုပြောကာ ဖုန်းကို ဆက်ကြည့်နေသည်။
“ဟဲ့ တိရိစ္ဆာန်မ ဟိုမှာ ကားလာနေပြီ … ပေးဖုန်း”
အမျိုးသမီးကြီးက ပြောလည်းပြော ခေါင်းကိုလည်း ခေါက်လိုက်သည်။
“အမေကလည်း”
ကလေးမလေးက သူ့အမေကို ဖုန်းပေးပြီး လွယ်အိတ်လေးနှင့် ကားဆီကိုပြေးသည်။ ကျွန်တော်လည်း ထိုကားကို စီးရမည်ဖြစ်သဖြင့် ကားပေါ်ကို ပြေးတက်သည်။
နေ့ခင်းဖြစ်သဖြင့် ကားကလူချောင်သည်။ ထိုင်ခုံရသည်။ စောစောက အောက်မှာတွေ့ခဲ့သော ကလေး မလေးသည် လွယ်အိတ်ထဲက စာရွက်လေးတွေထုတ်ကာ ခရီးသည်တွေကို တစ်ယောက်ချင်း လိုက်ကမ်းသည်။ ကျွန်တော့်ဆီကို အရောက်တွင် ကျွန်တော်က လက်ကာပြလိုက်သည်။
စောစောက အောက်တွင် သူ့အမေက သူ့သမီးကို ငွေရှာခိုင်းနေသည်မှာ တောင်းခိုင်းနေခြင်းဖြစ်သည်။
ကျွန်တော်တို့ တိုင်းပြည်တွင် တောင်းစားသူတွေပိုပြီး ပေါလာသည်။ ခြေကောင်း လက်ကောင်း တွေကလည်း တောင်းနေသည်။ ကလေးတွေကလည်း တောင်းနေသည်။ အစစ်လား အတုလား မသိနိုင်သော သင်္ကန်းဝတ် တွေကလည်း ဘတ်စ်ကားဂိတ်၊ လက်ဖက်ရည်ဆိုင် နေရာအနှံအလှူခံနေကြသည်။
ဈေးထိပ်တွင် မျက်နှာကို ပတ်တီးစည်းထားသည့် အဘွားအိုတစ်ယောက်ကလည်း လွန်ခဲ့သော ၃ နှစ်လောက် ကတည်းက ထိုပတ်တီးကို စည်းထားသည်မှာ ယနေ့အထိမချွတ်သေး။ ဘာဒဏ်ရာမှန်းမသိ။ သူလည်း နေ့တိုင်း တောင်းနေသည်။
တောင်းသူတွေ များလာသည်။
အချို့က နေပူထဲ
အချို့က ဘတ်စ်ကားထဲ
အချို့က ပန်ကာအောက်မှာ စားပွဲ ကုလားထိုင်နှင့် ကျကျနန
အချို့က လမ်းထောင့်မှာ စမတ်ကျကျ
ဘတ်စ်ကားပေါ်မှာ စာရွက်ဝေကာ လိုက်တောင်းနေသော ကလေးမလေးက တစ်ပတ်ပြန်လှည့်လာသည်။ သူ့လက်ထဲတွင် စာရွက်တွေနှင့်အတူ ၂၀၀ တန်တွေ၊ ၁၀၀ တန်တွေ ကိုင်လာသည်။ အနည်းဆုံး မရှိဘူးဆိုလျှင် ၅၀၀ ကျော်ကျော်လောက်ရှိမည်။ ကောင်မလေးက ကျွန်တော်ဆင်းရမည့် မှတ်တိုင်တွင် ဆင်းသည်။ မျက်နှာချင်းဆိုင်လမ်းကိုကူးပြီး နောက်ဘတ်စ်ကားတစ်စင်းပေါ်တက်သည်။
သူတို့ အစုန် အဆန် လုပ်စားနေကြသည်။
ငွေကို လွယ်လွယ်ရမှန်းသိနေသော
မိဘများကလည်း အရလွယ်သော တောင်းစားနည်းကို သင်ပေးနေသော
တောင်းစားခွင့်ကို လိုင်စင်ရလုပ်ငန်းကြီးတစ်ခုပမာ လုပ်နေသော
ဤတိုင်းပြည် အနာဂတ်ကား မတွေးဝံ့အောင်ပင်။
တင်ညွန့်
၂၄.၅.၂၀၂၅