Real Power Online Media

Real Power Online Media ကဏ္ဍစုံစွာ ကျင့်ဝတ်လိုက်နာ
ပြည်သူ့ဘက်မှာ Real Power

အွန်လိုင်းမီဒီယာမှာ ပထမဆုံး ဝင်လုပ်ခဲ့စဉ်က ရေးဖြစ်ခဲ့တဲ့ ဆောင်းပါးတွေ အများကြီးပါ။မိတ်ဆွေတွေ၊ ဆရာတွေ၊ ဗဟုသုတတွေ အများကြီ...
18/06/2023

အွန်လိုင်းမီဒီယာမှာ ပထမဆုံး ဝင်လုပ်ခဲ့စဉ်က ရေးဖြစ်ခဲ့တဲ့ ဆောင်းပါးတွေ အများကြီးပါ။
မိတ်ဆွေတွေ၊ ဆရာတွေ၊ ဗဟုသုတတွေ အများကြီး ရခဲ့ပါတယ်။

18/06/2023
Real Power မှာ ဆရာ ဟန်ထက်မောင်က အယ်ဒီတာချုပ်၊ကျွန်တော်က တာဝန်ခံအယ်ဒီတာပါ။ကျွန်တော့်ထက်တတ်၊ ကျွန်တော့်ထက်တော်တဲ့ ဆရာတစ်ယေ...
05/03/2023

Real Power မှာ ဆရာ ဟန်ထက်မောင်က အယ်ဒီတာချုပ်၊
ကျွန်တော်က တာဝန်ခံအယ်ဒီတာပါ။
ကျွန်တော့်ထက်တတ်၊ ကျွန်တော့်ထက်တော်တဲ့ ဆရာတစ်ယောက်မို့ ကျွန်တော့်အထက်က လူကြီးတစ်ယောက်အနေနဲ့ လေးလေးစားစား ဆက်ဆံခဲ့ရသူပါ။
Position power ရော Personal power ရော ပြည့်စုံသူတစ်ယောက် ရေးခဲ့တဲ့ စာတစ်ပုဒ်ဖြစ်လို့ ပြန်လည်မျှဝေခြင်းပါ။

 #နွေးနွေးထွေးထွေး #နွေးထွေးစွာ_နှုတ်ဆက်ခဲ့ပါတယ်Real Power Online Media ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်က စတင် တင်ဆက် ...
04/02/2021

#နွေးနွေးထွေးထွေး

#နွေးထွေးစွာ_နှုတ်ဆက်ခဲ့ပါတယ်

Real Power Online Media ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်က စတင် တင်ဆက် ခဲ့တာမို့ တွက်စစ်ကြည့်ရင် ဒီကနေ့ဟာ ရက်ပေါင်း လေးရာတိတိ ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။

Real Power Media ကို "ကဏ္ဍစုံစွာ၊ ကျင့်ဝတ်လိုက်နာ၊ ပြည်သူ့ဘက်မှာ၊ Real Power" ဆိုတဲ့ ကြွေးကြော်သံနဲ့ အညီ မီဒီယာ ကျင့်ဝတ်ကို လေးစား လိုက်နာပြီး အဂတိကင်းကင်း နဲ့ ပြည်သူ့ဘက်က ရပ်တည်တဲ့ ကဏ္ဍစုံ ပါဝင်သော မီဒီယာအဖြစ် ကြိုးစား တင်ဆက်ခဲ့ ပါတယ်။

ဒီလိုတင်ဆက်ရာမှာလည်း ပြည်သူများအတွက် သုတ၊ ရသ နှစ်ဖြာကိုရရှိစေဖို့ အကြောင်း အရာပိုင်းမှာ အသေအချာ ရွေးချယ်ခဲ့သလို အပြင်အဆင်မှာလည်း သပ်သပ်ရပ်ရပ် ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ စာလုံးပေါင်း သတ်ပုံက အစ အမှားအယွင်း ကင်းစင်အောင် ဂရုစိုက် ခဲ့ပါတယ်။

ဒါကြောင့် Real Power ဟာ ပရိသတ်တို့ရဲ့ အားပေးမှုနဲ့အတူ မီဒီယာလောကမှာ ရက် ပေါင်း လေးရာတိုင်တိုင် သိက္ခာရှိစွာ ရပ်တည်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မီဒီယာကို အကြောင်းကြောင်းကြောင့် ပြုပြင် ပြောင်းလဲမှုတွေ ဆောင်ရွက်ရင်း ခေတ္တ ရပ်နားထား မှာ ဖြစ်ကြောင်း ပရိသတ်ကို လေးစားစွာနဲ့ အသိပေး အကြောင်းကြား အပ်ပါတယ်။

ရက်ပေါင်းလေးရာအထိ အားပေးဖတ်ရှုခဲ့ကြတဲ့ ပရိသတ်ကြီးကို ထာဝရကျေးဇူးကမ္ပည်း တင်ထားပြီး ဖြစ်ပါကြောင်းနဲ့ Real Power ဟာ အစစ်အမှန် ပါဝါနဲ့အတူ ပရိသတ်ကြီးထံ ပြန်လာမှာ ဖြစ်ပါကြောင်း အစီရင်ခံရင်း နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်ရပါတယ်။





Real Power Online Media ကို Website တွင် ဖတ်ရှုရန် >>>>> http://www.realpowermedia.net

Viber တွင် ဖတ်ရှုရန် >>>>> https://bit.ly/3euvzg6

Sozo အမှတ်တံဆိပ် DC ပန်ကာများနဲ့ Stabilizer များ ဝယ်ယူရန် >>>>>
https://www.facebook.com/pg/sozomyanmar/shop/

 #မန္တလေးမြို့_အရေးတော်ပုံ၁၉၃၀ ပြည့်နှစ် တစ်ဝိုက်မှာပဲ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြီး ဖြစ်တယ်။ မြန်မာ့နိုင်ငံရေး အဖွဲ့အစည်...
04/02/2021

#မန္တလေးမြို့_အရေးတော်ပုံ

၁၉၃၀ ပြည့်နှစ် တစ်ဝိုက်မှာပဲ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြီး ဖြစ်တယ်။ မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းတွေမှာလည်း အကွဲအပြဲတွေ ရှိခဲ့တယ်။ ပြဿနာကတော့ ခွဲရေး၊ တွဲရေး ပြဿနာပါပဲ။ မကြာပါဘူး။ ကုလား- ဗမာ အဓိကရုဏ်းတွေ ဖြစ် တယ်။ ဒီအခြေအနေတွေမှာ တို့ဗမာ အစည်းအရုံး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီနောက် ဂဠုန်ဆရာစံ ခေါင်းဆောင်တဲ့ လယ်သမား အရေးတော်ပုံ ပေါ်ပေါက်ခဲ့တယ်။ အင်္ဂလိပ် အစိုးရက လယ်သမားအရေးတော် ပုံကို ရက်ရက်စက်စက် ဖြိုခွင်းပြီး ဆရာစံကို ကြိုးပေး ကွပ်မျက်လိုက် တယ်။ ဒီနောက်မှာတော့ ၁၉၃၆ ခုနှစ်မှာ ဒုတိယ ကျောင်းသား သပိတ်ကြီး ပေါ်ပေါက်ခဲ့တယ်။ နောက် ၁၉၃၈ ခု၊ ဇန်နဝါရီလမှာ ရေနံမြေသပိတ်ကြီး ပေါ်ပေါက်ခဲ့တယ်။ အဲ့ဒီနှစ် ဒီဇင်ဘာ လမှာပဲ ရန်ကုန်ကျောင်းသားတွေရဲ့ သပိတ်တိုက်ပွဲမှာ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရတယ်။

တိုင်းပြည်မှာ အထွေထွေ အကျပ်အတည်းတွေနဲ့ အတူ အုပ်စိုးသူရဲ့ မတရား ဖိနှိပ်မှု အပေါ်မှာ မခံနိုင်ကြတဲ့ အဆုံး ချောက်ရေနံမြေက အလုပ်သမားထုကြီးက အစိုးရ ရုံး စိုက်ရာ ရန်ကုန်အထိ ခြေကျင် ချီတက်ပြီး ဆန္ဒပြကြဖို့ စုစည်း ညီညွတ်ခဲ့ကြတယ်။ ရေနံမြေမှာ ရှိတဲ့ အလုပ်သမားထုကြီးနဲ့ မိသားစုများ အပါအဝင် လှည်းနေ လှေအောင်း မြင်းစောင်း မကျန်လို့ ပြောရမှာပေါ့။ ဒီစုစည်း ညီညွတ်မှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အုပ်စိုးသူရဲ့ ထုံးစံအတိုင်း လက်နက်နဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားလာတယ်။ ဒီတင်ပဲ ကျောင်းသား သမဂ္ဂ ခေါင်းဆောင် ရဲဘော်ဗဟိန်းက အလုပ်သမား သပိတ်တပ်ကြီးရဲ့ တပ်ဦးကနေ… "မနက်ဖြန် ထွက်ဖြစ်အောင် ထွက်ကြပါ။ အနှောင့်အယှက် တွေ့ရင် အသေခံပါ။ ကျုပ်တို့ကို အခုဖမ်းနေပြီ၊ ကိစ္စမရှိပါဘူး။ ကျုပ်ကို ဖမ်းတဲ့အတွက် နက်ဖြန် ဗမာ တစ်ပြည်လုံး ဘာဖြစ်သွားမယ် ဆိုတာ သိရပါလိမ့်မယ်။ မြင်းခွာ တစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေ့မယ်…” လို့ ဟစ်ကြွေးလိုက်တယ်။

၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့က မကွေးမြို့ မဲထီးကျောင်းတိုက် သပိတ်စခန်းမှာ ရေနံမြေ သပိတ်တပ်ကြီးကို ပြောလိုက်တဲ့ ရဲဘော်ဗဟိန်းရဲ့မိန့်ခွန်းဟာ ဘဝဂ်တိုင် ညံသွားတာပါပဲ။ ဖိနှိပ်သူ အစိုးရရဲ့ ဖြိုခွင်းမှုတွေ၊ ဖိနှိပ်မှုတွေကြောင့် ချောက်၊ ရေနံချောင်း၊ မကွေးနဲ့ ရန်ကုန်မြို့တော်မှာ အထိ လူတန်းစား အလွှာ အသီးသီး သွေးစည်း ညီညွတ်စုရုံး တိုက်ပွဲဝင်ကြတဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံ ကာလအတွင်းမှာ ရေနံမြေ အလုပ်သမားတွေ အရိုက်အနှက် အဖမ်းအဆီးခံရတာ၊ ကျောင်းသား ဗိုလ်အောင်ကျော် ကျဆုံးရတာတွေ အပေါ် မန္တလေးမှာ ရှိတဲ့ ကျောင်းသား ပြည်သူ ရဟန်းရှင်လူများကလည်း မခံမရပ်နိုင် ဖြစ်ကြတယ်။ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲ သမိုင်းကာလ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး၊ တစ်ပြည်လုံး အတိုင်းအတာနဲ့ တစ်ညီတစ်ညွတ်တည်း ဆင်နွဲခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးဟာ ကမ္ဘာကျော်မျှ ထင်ရှားခဲ့တာ အားလုံးအသိပါပဲ။

ဒီ အရေးတော်ကြီးမှာ မန္တလေးမြို့ လူထုကလည်း အုပ်စိုးသူ နယ်ချဲ့ အစိုးရရဲ့ မတရား ဖိနှိပ်ကွပ်ညှပ်တဲ့ အမိန့်အာဏာ ဟူသမျှကို တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ခဲ့ကြတယ်။ ဒါကြောင့် မန္တလေးမှာလည်း အစိုးရက ကြိုတင်တားဆီး ကန့်သတ်ထားတဲ့ ဥပဒေတွေ၊ အမိန့် ပုဒ်ထီး ပုဒ်မတွေ ထုတ်တယ်။ ခေါင်းဆောင် ကျောင်းသားတွေကို ဖမ်းတယ်။ ဒါကြောင့် ရဟန်းသံဃာများ ဦးဆောင်ပြီး မြို့လုံးကျွတ် သပိတ်မှောက်တယ်။ လူထု ပရိသတ် သိန်းသောင်းချီပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ဒါကို နယ်ချဲ့အစိုးရက ပစ်ခတ် နှိမ်နင်းတယ်။ ၂၆ ဘီ လမ်းမပေါ် ပွဲချင်းပြီးရော၊ နောက်ရက်မှ ဒဏ်ရာတွေကြောင့်ရော၊ စုစုပေါင်း ရဟန်း အာဇာနည် ရ ပါးနဲ့ ကျောင်းသား ပြည်သူ အာဇာနည် ၁ဝဦး၊ စုစုပေါင်း ၁၇ ဦး ကျဆုံးခဲ့ရပါတယ်။

လွတ်လပ်ရေး တိုက်ပွဲ သမိုင်းကာလ တစ်လျှောက်လုံးမှာ အပြစ်မဲ့ ပြည်သူအပေါ် အစိုးရရဲ့ နှိပ်ကွပ် ပစ်ခတ်မှုကြောင့် မန္တလေး အာဇာနည် ၁၇ ဦးကျဆုံးမှုဟာ မြို့ကြီးပြကြီး တစ်ခုရဲ့ လမ်းလယ်ခေါင်မှာ သွေးအများဆုံး ကျရတဲ့ နယ်ချဲ့ ဆန့်ကျင်ရေး လူထု တိုက်ပွဲကြီးလည်း ဖြစ်တယ်။ ဒါဟာ လွတ်လပ်ရေး တိုက်ပွဲအတွက် မန္တလေး မြို့လူထုရဲ့ ကြီးမားသော တာ ဝန်ကျေမှုလည်း ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ၁၇ ဦးကိုလည်း မန္တလေး တမ္ပဝတီ သူကြွယ်ကုန်းမှာ မြို့လူထု ပြည်သူများကပဲ မြေနေရာလှူပြီး အာဇာနည် ၁၇ ဦး ရုပ်ကလပ်တွေကို မြှုပ်နှံ သင်္ဂြိုဟ်ခဲ့တယ်။ ဒီနေရာမှာပဲ မြို့လူထုပြည်သူ များရဲ့ အလှူငွေတွေ၊ အာဇာနည် မိသားစုရဲ့ ချွေးနှဲစွာတွေနဲ့ "အာဇာနည် ဗိမာန်” တည်ဆောက်ကာ အမွန်အမြတ် ထားခဲ့ကြတယ်။

မန္တလေး ၁၃၀၀ ပြည့် အရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်ဆိုတာ မြေနေရာက အစ ဗိမာန် အဆောက်အဦးများ အဆုံး မြို့မိမြို့ဖများ၊ အာဇာနည်များရဲ့ မိသားစုနဲ့ မြို့လူထု(ဝါ) ပြည်သူများက လှူဒါန်း ဂုဏ်ပြုခဲ့ကြတာပါ။ မြို့လူထုက နှစ်စဉ် တပို့တွဲ လပြည့်ကျော် ၇ ရက်နေ့ ရောက်တိုင်း အမှတ်တရ အခမ်းအနား ကျင်းပ၊ လွမ်းသူ့ပန်းခွေချ၊ ဆွမ်းကပ် အမျှအတန်းဝေကာ အလေးပြုခဲ့ကြတယ်။ နိုင်ငံ့ လွတ်လပ်ရေး အတွက် အသက်စွန့်ခဲ့ကြတဲ့ အာဇာနည်တွေကို “မြို့လူထု” အစီအစဉ်တွေ၊ ဆန္ဒတွေနဲ့ချည်း အလေးအမြတ် ပြုခဲ့ကြတာကို ၁၉၈၀ ကျော် ကာလက စပြီး အာဏာပိုင် တစ်ဦး တစ်ယောက်၊ တစ်ဖွဲ့တစ်စည်း၊ အမိန့်နဲ့ ကန့်သတ် ချုပ်ချယ်လာတယ်။ ၁၉၈၈ အရေးတော်ပုံကြီး အပြီးမှာတော့ အာဏာ ပိုင်တွေရဲ့ အမိန့်နဲ့ မြို့လူထုပိုင် “၁၃၀၀ ပြည့် အရေးတော်ပုံ၊ မန္တလေးအာဇာနည် ၁၇ ဦး ဗိမာန်” ကို သော့အထပ်ထပ်ခတ် ပိတ်သိမ်း ပစ်လိုက်တယ်။ တောက်လျှောက်ပဲ အစဖျောက်ပစ်တော့မယ့် သဘော လက္ခဏာတွေ ဆောင်လာကြတာပါပဲ။

၂၀၁၀ ခုနှစ် နောက်ပိုင်း မြို့လူထုက ပြန်လည် တောင်းဆိုလို့ မန္တလေး အာဇာနည် ဗိမာန်ကို အကန့်အသတ်နဲ့ ပြန်ဖွင့်ပေးခဲ့တယ်။ တပို့တွဲ လပြည့်ကျော် ၇ ရက်နေ့မှာ အမှတ်တရ အခမ်းအနားတွေ ပြုလုပ်ခဲ့ကြတယ်။ မန္တလေးဟာ အနုပညာ မြို့တော် ဖြစ်တာနဲ့အညီ တစ်မြို့လုံး အုံးအုံးကျွက်ကျွက်နဲ့ ယူကျုံးမရ သွေးမြေကျ ခဲ့ရတဲ့ ၁၃ဝဝ ပြည့်နှစ် တပို့တွဲ လပြည့်ကျော် ၁ဝ ရက် (၁၉၃၉ခုနှစ် ဖေဖော်ဝါရီလ ၁ဝရက်နေ့) က ဖြစ်စဉ်ကို မန္တလေးသား စာဆိုတစ်ဦးက လေးချိုးကြီးနဲ့ မှတ်တမ်းတင် ခဲ့တာကလည်း အမှတ်တရ ဂုဏ်ယူစရာပါပဲ။ ဒီလေးချိုးကြီးကို အဲဒီခေတ် ရုပ်သေးမင်းသားကြီး ဆရာရှမ်က သီဆိုခဲ့ပါသတဲ့။

"မန္တလေးမြို့ အရေးတော်ပုံ လေးချိုးကြီး"

- မျိုးမြန်မာ ဘာသာအဖွဲ့တွေတို့၊ ကိုးစရာ ရာဇာမဲ့တာကြောင့်၊ မသမာတဲ့သူ မိစ္ဆာအများရယ်က ကမ္ဘာနှင့်ဆူအောင် ဣဿာပွားလေခြင်း၊ သပိတ်ခမျာ များပါ ကျောင်းသားသူငယ်တို့၊ အကြောင်းအားမဖွယ် သေပုံနည်းရယ်ကြောင့်၊ အပေါင်းသနားတယ် မြေတုန်လို့ဟည်းရတယ်၊ မီးစနက်ဖျား မွန်မြန်မာ ကျွန်အရာထားပါလို့၊ မသမာဝန်တွေ အခွန်ဘဏ္ဍာတွေ စားတာမို့၊ တံခွန်ပမာလွှားကာ ဂရုဓမ္မ ကင်းပေရဲ့၊ မွန်မြန်မာများမှာ တုပလို့ မကင်းသော် လည်း၊ ကုသလအရင်းပါ ပရမေအမှန် ဟောခဲ့သမို့၊ စနေနာမ် ဧကန် လျှောပါလိမ့်မယ်ဗျာ၊ လောကဝတ်ပါ ကန္တာတွင် မကြုံဖူးပါကလ၊ ရာဇဝင် တဂုဏ်ထူးပါငဲ့၊ ပုံကူးလို့ ယူကြရှာ၊ ပူကြတာက တစ်ပြည်လုံး။

အကြောင်းက အိုသော အပေါင်းထိုထို တောင်းချေမရသမျှ သဟာဖြင့်၊ အလောင်းတွေ ခေါင်းမြေသို့ ကျသော်လည်း၊ ဘဝမှာ ရွေးနော်မဖြုံဘု၊ အရေးတော်ပုံ တာရှည်လေတော့မပ၊ ဘာမထီ အာဇာနည်သွေးတွေမို့၊ မြန်မာပြည်မှာ အသာတကြည်နှင့် အေးတဲ့အောင်၊ အုပ်ချုပ်ပုံ ပြင်လို့ပေးကြတော့ကွယ် ရှေးဂါမဏိထုံး။

#ဆူးငှက်





Real Power Online Media ကို Website တွင် ဖတ်ရှုရန် >>>>> http://www.realpowermedia.net

Viber တွင် ဖတ်ရှုရန် >>>>> https://bit.ly/3euvzg6

Sozo အမှတ်တံဆိပ် DC ပန်ကာများနဲ့ Stabilizer များ ဝယ်ယူရန် >>>>>
https://www.facebook.com/pg/sozomyanmar/shop/

 #ဦးနုရဲ့_နိုင်ငံရေးနဲ့စာပေအမွေဆက်ခံသူ_ဒေါ်သန်းသန်းနုအမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ “နိုင်ငံရေးဆိုတာ...
04/02/2021

#ဦးနုရဲ့_နိုင်ငံရေးနဲ့စာပေအမွေဆက်ခံသူ_ဒေါ်သန်းသန်းနု

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ “နိုင်ငံရေးဆိုတာ မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည် တိုး တက်အောင် လုပ်တတ်မှ နိုင်ငံရေး ဖြစ်၏။” လို့ ဆိုခဲ့ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းဟာ နိုင်ငံ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ လူထုခေါင်းဆောင် တစ်ဦး ဖြစ်သလို ဗိုလ်ချုပ် မရှိတော့တဲ့ အချိန်မှာ ဗိုလ်ချုပ် ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း ဖဆပလ အဖွဲ့ကြီးကို ဦးဆောင်ပြီး လွတ်လပ်တဲ့ မြန်မာနိုင်ငံကို ပထမဦးဆုံး ဝန်ကြီးချုပ် အဖြစ်နဲ့ သန့်သန့်ရှင်းရှင်း ဦးဆောင်မှု ပေးခဲ့သူကတော့ ဝန်ကြီးချုပ် ဦးနုပါ။

ဦးနု ဦးဆောင်တဲ့ ဖဆပလအဖွဲ့ကြီးဟာ အကြောင်းအမျိုးမျိုးကြောင့် နှစ်ခြမ်းကွဲ သွားချိန်မှာတော့ သူဟာ နိုင်ငံ့အရေးကို သန့်သန့် ရှင်းရှင်း လုပ်ကိုင်နေတဲ့ သူသာဖြစ်တယ်။ ဒါကြောင့်မို့ သူဦးဆောင်နေတဲ့ ဘက်ခြမ်းကို “သန့်ရှင်း” ဖဆပလလို့ အမည်ပေးခဲ့ပြီး သူကိုယ်တိုင်ကလည်း “ကျုပ်ဝန်ကြီးချုပ် ဘဝက ထွက်တဲ့အခါ ကျုပ်ဆီမှာ အရင် ဝန်ကြီးချုပ် မဖြစ်ခင်က ပါလာတဲ့ ပစ္စည်းတွေထက် ငွေတစ်ကျပ်တစ်ပြား ပိုပါသွားရင် ကျုပ်ကို 'သူခိုး' လို့ ဝိုင်းခေါ်ကြစမ်းပါ ဆိုပြီး သူ့ရဲ့ အဂတိတရား ကင်းစင်မှုကို ရဲရဲ၀င့်၀င့် ထုတ်ဖော် ပြောဆိုခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ နိုင်ငံရေး လောကဓံကြားက ဝန်ကြီးချုပ် ဦးနုနဲ့ သူ့မျိုးဆက်တို့ အကြောင်းကို တင်ပြလိုပါတယ်။

*ဝန်ကြီးချုပ်ဟောင်းဦးနု

ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ရင်းနှီးသမှုနဲ့ ကိုကြီးနုလို့ ခေါ်ခဲ့ရတဲ့ ဦးနုကို ဧရာဝတီ တိုင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့မှာ ဦးစံထွန်းနဲ့ ဒေါ်စောခင် တို့က ၁၉၀၇ ခုနှစ်၊ မေလ ၂၅ ရက် စနေနေ့က မွေးဖွားခဲ့ပါတယ်။ ၁၉၂၅ မှာ ရန်ကုန်မြို့ မြို့မကျောင်းကနေ ၁၀ တန်းအောင်ခဲ့ပြီး ၁၉၂၉ မှာ ရန်ကုန် တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါတယ်။ ပန်းတနော်မြို့ အမျိုးသားကျောင်းနဲ့ သုံးခွမြို့က အမျိုးသားကျောင်းမှာ ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၃၅ မှာ ပန်းတနော်မြို့ အမျိုးသားကျောင်း ကော်မတီ ဥက္ကဋ္ဌရဲ့ သမီး မမြရီနဲ့ အိမ်ထောင်ပြုပါတယ်။

ဦးနုနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ၁၉၃၀ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ တို့ဗမာ အစည်းအရုံး အဖွဲ့ဝင်များ ဖြစ်လာကြပြီး သူတို့ နာမည်ရှေ့မှာ ‘သခင်’ ဆိုတဲ့ ဂုဏ်ပုဒ်ကို တပ်ခဲ့ကြတယ်။ နယ်ချဲ့ ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု ခေတ်အတွင်း ထင်ရှားခဲ့ကြတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်များကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ မြို့မ ဦးသန်းကြွယ်၊ သူရိယ ဦးသန်းမောင်၊ ဒေါက်တာသန်းထွန်း၊ အာဏာရှင် ကိုလှရွှေတို့ပါ။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလမှာ ဒုတိယ အကြိမ် ကျောင်းသားသပိတ် ဖြစ်ပါတယ်။ ၁၉၃၇ မှာ သခင်သန်းထွန်းနဲ့ အတူ ‘နဂါးနီ’ စာပေတိုက်ကို ပူးတွဲ ထူထောင်ခဲ့ပြီး နောင်မှာ ဆိုရှယ်လစ် ပါတီ ဖြစ်လာပါတယ်။

ဦးနုဟာ ဖဆပလ အဖွဲ့ကြီးကိုပါ ပူးတွဲ ထူထောင်ခဲ့သူ ဖြစ်ပြီး ကိုလိုနီဘဝ လွတ်မြောက် ရေး ကြိုးပမ်းခဲ့ကြလို့ ၁၉၄၀ ပြည့်နှစ်မှာ သခင်စိုး၊ သခင် သန်းထွန်း၊ ဦးကျော်ငြိမ်း၊ ဒေါက်တာဘမော် တို့နဲ့အတူ ထိန်းသိမ်းခံခဲ့ရသူ လည်း ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေ လုပ်ကြံခံရပြီးနောက် ဗိုလ်ချုပ်ရဲ့ ဥက္ကဌနေရာမှာ ဒုတိယ ဥက္ကဋ္ဌဖြစ်တဲ့ ဦးနုက တာဝန် လွှဲပြောင်းယူခဲ့ပြီး ၁၉၄၇ ခုနှစ် အောက်တိုဘာလမှာ လွတ်လပ်ရေး သဘောတူညီမှု စာချုပ် (နု - အက်တလီစာချူပ်) ကို ဦးနု ဦးဆောင်တဲ့ ဖဆပလအဖွဲ့ကြီးက ဗြိတိသျှ ဝန်ကြီးချုပ် မစ္စတာ အက်တလီနဲ့ လက်မှတ် ရေးထိုးခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ လွတ်လပ်ရေး ရပြီးနောက် ဦးနုဟာ မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ဦးနုလက်ထက်မှာ ပြည်တွင်း ငြိမ်းချမ်းရေး ပျက်ပြားမှု၊ ကူမင်တန် ကျူးကျော်မှုများ ပေါ် ပေါက်ခဲ့လို့ နှစ်အတန်ကြာ ဖြေရှင်းခဲ့ရပါတယ်။ ပါလီမန် ဒီမိုကရေစီ စနစ်ကို ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲများမှာ အနိုင်ရခဲ့ပါတယ်။ သူဟာ ၁၉၅၆ ခုနှစ်မှာ ဝန်ကြီးချုပ် ရာထူးကို စွန့်လွှတ်ပြီး ဖဆပလ အဖွဲ့ဝင် ဦးဗဆွေက ၁၉၅၆ ခုနှစ် ဇွန်မှ ၁၉၅၇ ခုနှစ် ဇွန်ထိ တစ်နှစ်ဝင်ရောက် တာဝန်ယူခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှာ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် နေဝင်းကို အိမ်စောင့် အစိုးရအဖြစ် လွှဲအပ်ပြီး အောက်တိုဘာ ၂၇ ရက်မှာ တာဝန်လွှဲပြောင်း ယူစေခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ဦးနုရဲ့ ‘သန့်ရှင်း’ ဖဆပလ အဖွဲ့ဟာ ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေတို့ရဲ့ ‘တည်မြဲ’ ဖဆပလကို အနိုင်ရပါတယ်။ ၁၉၆၀ ပြည့်နှစ် ဧပြီ ၄ ရက်မှာ ပြည်ထောင်စု ပါတီ (ပထစ)ကို ထူထောင်ပြီး ဝန်ကြီးချုပ် ပြန်အရွေးခံရပါတယ်။

၁၉၆၂ ခုနှစ် မတ် ၂ ရက်မှာ ဗိုလ်ချုပ် နေဝင်းက ဦးနု အစိုးရထံက အာဏာသိမ်းပြီး ဖြုတ်ချခံရပါတယ်။ ဦးနုနဲ့ အစိုးရဝန်ကြီးတွေ အဖမ်းခံရပြီး ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၂၇ ရက်ရောက်မှ ပြန်လွတ်လာပါတယ်။ ဝန်ကြီးချုပ် ဦးနုဟာ နိုင်ငံရေး မုန်တိုင်း ထန်နေချိန်မှာ ဝန်ကြီးချုပ် တာဝန် ယူခဲ့ရသူပီပီ နိုင်ငံရေး လောကဓံကို ကြံ့ကြံ့ခံ နိုင်ခဲ့သူပါ။ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းတွေ ကြားမှာ ဝန်ကြီးချုပ် ဘဝ၊ အဝေးရောက် အစိုးရ ဦးဆောင်သူ၊ နိုင်ငံရေး အကျဉ်းသား၊ ပြည်ပြေး စသဖြင့် အမည် အမျိုးမျိုး အတပ်ခံခဲ့ရသော်လည်းပဲ မြန်မာနိုင်ငံသားများရဲ့ လေးစား ကြည်ညိုမှုကို ခံရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်မှာ ဗိုလ်ချုပ်နေဝင်း ကမ်းလှမ်းတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ကို လက်ခံခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုမှာ ဗုဒ္ဓဘာသာ သင်တန်းများ ပို့ချခဲ့ပါတယ်။

ဦးနုဟာ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်လာ ခဲ့ပြီးနောက် စစ်အ‌စိုးရလက် ထက်မှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပါတီကို တည်ထောင်ကာ ပြန်လည် လှုပ်ရှားခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်က သူဟာ မြန်မာနိုင်ငံရဲ့ တရားဝင် ဝန်ကြီးချုပ်‌ ဖြစ်ကြောင်း လန်ဒန်မြို့မှာ ကြေညာခဲ့ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၉ ရက်မှာလည်း မြန်မာနိုင်ငံမှာ ထပ်ပြီး ကြေညာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) ကို ဖွဲ့စည်းပါတယ်။ နဝတက ဦးနုကို သူ့ရဲ့ကြားဖြတ် အစိုးရကို ဖျက်သိမ်းပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ဦးနုက မလိုက်လျော ခဲ့တာကြောင့် ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာ ဦးနုကို နေအိမ် အကျယ်ချုပ်နဲ့ ဖမ်းဆီးလိုက်ပါတော့တယ်။

သူ့ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ရုံးတင် တရားစွဲလို့ ရပေမယ့် အသက်အရွယ် ကြီးရင့်တာရယ်၊ လွတ်လပ်ရေး ကြိုးပမ်း အားထုတ်ခဲ့သူ တစ်ဦး ဖြစ်တာရယ်ကြောင့် သူ့ကို တရားမစွဲတာ ဖြစ်ကြောင်း နဝတ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။ နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို အာဏာ စွန့်လွှတ်စေခဲ့တဲ့ ၁၉၉၂ ခုနှစ် ဧပြီ ၂၃ ရက်နေ့မှာပဲ ဦးနုကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။ ဦးနုဟာ ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းသူ ဖြစ်ပြီး တိုင်း ပြည်ရဲ့ လောကုတ္တရာရေးနဲ့ ပတ်သက်တဲ့ ဘက်မှာလည်း ထင်ပေါ် ကျော်ကြားလှတဲ့ ခေါင်းဆောင် တစ်ဦးပါ။ ဆဋ္ဌမအကြိမ် သင်္ဂါယနာပွဲ အတွက် ကမ္ဘာအေး စေတီတော်နဲ့ မဟာပါသာဏ လိုဏ်ဂူတော်တို့ကို တည်ဆောက်ခဲ့ပြီး သူဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့တဲ့ ၁၉၅၄ - ၁၉၅၆ မှာ ဆဋ္ဌသင်္ဂါယနာ ပွဲကို အောင်မြင်စွာ ကျင်းပခဲ့သူ ဖြစ်ပါတယ်။

ဦးနုဟာ စာပေရေးရာမှာလည်း ထင်ရှားသူ တစ်ဦးပါ။ ဦးနု ရေးသားခဲ့တဲ့ လူထုအောင်သံ (၁၉၁၅)၊ ဂျပန်အောက် မြန်မာနိုင်ငံ (၁၉၅၄)၊ အာရှတိုက်သား တစ်ဦး၏ အဆိုအမိန့် (၁၉၅၃) နဲ့ မြန်မာပြည်၏ ရှေ့သို့မျှော် (၁၉၅၁) တို့ကို အင်္ဂလိပ် ဘာသာနဲ့ ပြန်ဆို ထုတ်ဝေခဲ့ပါတယ်။ ဦးနုရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ ဖြစ်တဲ့ တာတေ- စနေသား (၁၉၀၇- ၁၉၆၂) ကို အိန္ဒိယနိုင်ငံ ဧရာဝတီ စာပေက ၁၉၇၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ၁၉၄၇ မှာ နေးရှင်းဦးလောရုံက အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ပါတယ်။ တခြား စာအုပ်ပေါင်း များစွာလည်း ရေးသားခဲ့ပြီး စာအမျိုးအစားစုံ ရေးနိုင်သူ တစ်ဦးပါ။ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှာတော့ ရန်ကုန်မြို့မှာ ဦးနု ကွယ်လွန်ခဲ့ပါတယ်။ သားသမီး ၅ ဦး ကျန်ရစ်ပါတယ်။

*ဦးနုရဲ့ နိုင်ငံရေးနဲ့ စာပေအမွေ ဆက်ခံသူ ဒေါ်သန်းသန်းနု

ဦးနုရဲ့ နိုင်ငံရေးနဲ့ စာပေအမွေ ဆက်ခံသူကတော့ သမီး ဒေါ်သန်းသန်းနုပါ။ သူ့ရဲ့ မွေး သက္ကရာဇ်ကို မတွေ့ရပေမယ့် လွတ်လပ်ရေး မရမီ သုံးလမှာ မွေးဖွားခဲ့သူလို့ ရေးထားတာ ဖတ်ရဖူးပါတယ်။ ဒေါ်သန်းသန်းနုဟာ ဦးနု အိန္ဒိယမှာ ခိုလှုံနေစဉ်က အတူ ရှိနေခဲ့ပြီး All India Radio မှာ နှစ်ပေါင်း ၂၀ ကြာ အမှုထမ်းခဲ့ပြီးမှ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ အတွက် ၂၀၁၀ ပြည့်နှစ် မတ်လ ၃၀ ရက်မှာ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အဲဒီနှစ် ဧပြီလ ၂၉ ရက်မှာ ပါတီ တည်ထောင်ခွင့် ရခဲ့ပါတယ်။ အဲဒီ အချိန်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၆)၊ (၇) ရပ်ကွက်၊ ကွက်သစ်လမ်းမှာ ဒီမိုကရက်တစ် ပါတီ ဌာနချုပ် တည်ရှိခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်က ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို မေလ ၂၀ ရက်မှာ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ကို တရားဝင် အတည်ပြုပေးခဲ့ပါတယ်။ ပါတီ ဥက္ကဋ္ဌက ဦးသုဝေ ဖြစ်ပြီး ပါလီမန်ခေတ် ဝန်ကြီးချုပ်ဟောင်းများရဲ့ သမီးများ ဖြစ်ကြတဲ့ ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနု၊ ဦးကျော်ငြိမ်းရဲ့ သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးဗဆွေရဲ့ သမီး ဒေါ်နေရီဗဆွေတို့လည်း ပါဝင်ခဲ့ပါတယ်။

ဒေါ်သန်းသန်းနုကလည်း နိုင်ငံရေးဘက်မှာ ဦးနုလောက် မအောင်မြင်သော်လည်းပဲ အဖေ့သမီးပီပီ စာအရေးကောင်းသူ တစ်ဦးပါ။ ဒေါ်သန်းသန်းနုရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသား ဖော်ပြထားတဲ့ “ကျွန်မ၏ အတွေ့အကြုံ ဆောင်းပါးများ” ဟာ စာဖတ်သူတို့ အကြိုက်တွေ့စေတဲ့ ဆောင်းပါးကောင်းများ ဖြစ်ပါတယ်။ ပရဟိတ လုပ်ငန်း အနေနဲ့ ဦးနုနဲ့ ဒေါ်မြရီ ဖောင်ဒေးရှင်းကို ထူထောင်ထားပြီး အိန္ဒိယ အထောက်အပံ့နဲ့ မသန်စွမ်းသူများကို ခြေတု လက်တုများ အခမဲ့ တပ်ဆင်ပေးနေတာကိုလည်း တွေ့ရပါတယ်။

ဆိုရရင် မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဖဆပလ အဖွဲ့ချုပ်ကြီးကို ဦးဆောင်ခဲ့သူ၊ ဗိုလ်ချုပ်တို့ မရှိတော့တဲ့ နောက်မှာလည်း နိုင်ငံကို ဦးဆောင်ခဲ့သူ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ ဦးနုနဲ့ ဦးနုရဲ့ မျိုးဆက်အမွေ ဆက်ခံသူ ဒေါ်သန်းသန်းနုကို မှတ်တမ်းတင် ဂုဏ်ပြု ဖော်ပြလိုက်ရပါတယ်။

#သိန်းအေး






Real Power Online Media ကို Website တွင် ဖတ်ရှုရန် >>>>> http://www.realpowermedia.net

Viber တွင် ဖတ်ရှုရန် >>>>> https://bit.ly/3euvzg6

Sozo အမှတ်တံဆိပ် DC ပန်ကာများနဲ့ Stabilizer များ ဝယ်ယူရန် >>>>>
https://www.facebook.com/pg/sozomyanmar/shop/

 #ကပ်ဘေးဆိုင်ရာ_ကိုယ်ကျင့်တရား_ပျက်ကွက်မှုကြီးကမ္ဘာကြီးဟာ ကပ်ဘေးဆိုင်ရာ ကိုယ်ကျင့်တရား ပျက်ကွက်မှုကြီး ဖြစ်နေပြီလို့ WHO...
03/02/2021

#ကပ်ဘေးဆိုင်ရာ_ကိုယ်ကျင့်တရား_ပျက်ကွက်မှုကြီး

ကမ္ဘာကြီးဟာ ကပ်ဘေးဆိုင်ရာ ကိုယ်ကျင့်တရား ပျက်ကွက်မှုကြီး ဖြစ်နေပြီလို့ WHO အကြီးအကဲ တက်ဒရို အဒါနွန် ဂီဘရီရက်ဆက်က သတိပေး ပြောကြားလိုက်ပါတယ်။ အကြောင်းကတော့ ကိုဗစ် - ၁၉ ကာကွယ်ဆေးတွေ ထွက်နေပြီ ဖြစ်ပေမယ့် အရွယ်မရောက်သေးတဲ့ ၁၈ နှစ်အောက်တွေ အတွက် ကာကွယ်ဆေး စမ်းသပ်မှုမှာ မပါလို့ မထိုးနိုင်သေးတာရယ်၊ တကယ်ဆင်းရဲတဲ့နိုင်ငံက မရှိဆင်းရဲ သက်ကြီးရွယ်အို၊ ကိုဗစ် အန္တရာယ် ပိုရှိနိုင်တဲ့ လူတွေ ဆေးမမြင်ဖူးသေးချိန်မှာ ချမ်းသာတဲ့ နိုင်ငံတွေက ကျန်းမာပြီးသား လူတွေ ကာကွယ်ဆေး ထိုးပြီး နေကြတာကြောင့် ကာကွယ်ဆေး ပေါ်လစီဟာ ကိုယ်ကျင့်တရား ပျက်ကွက်မှုကြီး ဖြစ်လာနေတယ်လို့ တက်ဒရို က သတိပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ချမ်းသာတဲ့ နိုင်ငံ ၄၆ နိုင်ငံက လူပေါင်း ၃၉ သန်းအထိ ကိုဗစ် ကာကွယ်ဆေး ထိုးနှံပြီးကြချိန် ဆင်းရဲတဲ့ နိုင်ငံ တစ်နိုင်ငံမှာ ဆေး ၂၅ လုံးနှုန်းပဲ ထိုးနိုင်သေးတဲ့ အနေထား ရှိနေပါတယ်။ WHO ဟာ ဒီလို အရေးတွေကြောင့် လွတ်လပ်တဲ့ ခုံသမာဓိများပါ ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းပြီး ကုလသမဂ္ဂ အနေနဲ့ ဆောလျင်စွာ နိုင်ငံတကာ အရေးပေါ် အခြေ အနေ အစည်းအဝေး တစ်ရပ်ကို ခေါ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ လက်ရှိမှာ ကိုဗစ် - ၁၉ စတင်ရာ တရုတ်နိုင်ငံဟာ နိုင်ငံတကာ ကိုဗစ် အများပြည်သူ အရေးမှာ ပူးပေါင်းပါဝင်မှု မရှိသလောက် ဖြစ်နေတာရယ်၊ လက်ရှိ တစ်ကမ္ဘာလုံးက အမေရိကန်နဲ့ ဂျာမန် ပေါင်းထုတ်တဲ့ ဖိုင်ဇာ Pfizer ကာကွယ်ဆေးကိုသာ ဘုံကာကွယ်ဆေး အဖြစ် သုံးနေရပြီး ကိုဗစ် ကာ ကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ် အောင်မြင်ထားတဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ယူကေစတဲ့ နိုင်ငံတွေဟာ သူတို့တိုင်းပြည် လူဦးရေနဲ့ ကိုက်ညီမယ့် ကာကွယ်ဆေး ထုတ်လုပ်ဖို့ကိုသာ ဦးတည်ချက်ထား လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒေါက်တာ တက်ဒရိုက “ကမ္ဘာကြီးဟာ ကပ်ဆိုးဆိုင်ရာ ကာကွယ်ဆေး ကိုယ်ကျင့်တရား ပျက်ကွက်မှုကြီး ဖြစ်လုနီးခါ ရောက်နေတယ်။ ဒီကျရှုံးမှုကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေက အသက်ပေါင်း များစွာ၊ အသက်မွေး ဝမ်းကျောင်းမှု များစွာ ထိခိုက် ပျက်စီးနေရပါတယ်။ ကျွန်တော့်ကို အရင် ဦးစားပေးဆိုတဲ့ ကိုယ်တိုင် ကျရှုံးခြင်းမျိုးဟာ ကာကွယ်ဆေး ဈေးနှုန်းတွေကို မြင့်တက်စေပြီး သိုလှောင်သူတွေ လက်ထဲ ဆေးတွေ ရောက်ကုန်စေတယ်။ ဒီလုပ်ရပ်တွေဟာ ကပ်ဆိုးကို ပိုပြီး သက်ဆိုး ရှည်စေပါတယ်။ ဒီလိုဆို ထိန်းချုပ် ကန့်သတ်မှုတွေ ဆက်ထားရှိ၊ စီးပွားရေးတွေ ဆက်ထိခိုက်ပြီး နေရဦးမှာပဲ” လို့ သတိပေး ပြောကြားခဲ့တယ်။ ဒေါက်တာ တက်ဒရိုဟာ နိုင်ငံတိုင်း ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ကာကွယ်ဆေး မျှဝေပေးရေး လုပ်ငန်းစဉ်ဖြစ်တဲ့ Covax ကို အားလုံး အဓိကထား စိတ်နှစ်ပြီး လုပ်ဆောင်ဖို့နဲ့ ဆေးတွေကို နောက်လထဲ စတင် ဖြန့်ဖြူးနိုင်ဖို့ မျှော်လင့်ထားကြောင်း ဆက်လက် ဖွင့်ဟပါတယ်။

ဧပြီ ၇ ရက်နေ့ဟာ ကမ္ဘာ့ ကျန်းမာရေး နေ့ကြီး ဖြစ်တာကြောင့် ဒီနေ့မတိုင်မီ ကာကွယ် ဆေး အခမဲ့ရဖို့ တောင်းခံထားတဲ့ နိုင်ငံပေါင်း ၁၈၀ ကျော်အတွက် ကာကွယ်ဆေးတွေ ထိုးပေးသွားနိုင်ဖို့ အရေးက စိန်ခေါ်မှုကြီး တစ်ရပ်လို ဖြစ်နေတယ်လို့လည်း ဆိုတယ်။ ဒီဘုံရည်မှန်းချက် အောင်မြင်ခြင်းကသာ ကိုဗစ်ကို အနိုင်ရမယ့် နည်းလမ်းဖြစ်ပြီး ကုမ္ပဏီတွေ ထံကနေ သီးခြား ကာကွယ်ဆေး ဝယ်ယူမှုတွေဟာ မဖြစ်သင့်ဘူးလို့ ပြောသွားခဲ့တယ်။ Covax အခမဲ့ ကာကွယ်ဆေး ရဖို့ တောင်းထားတဲ့ နိုင်ငံ ၁၈၀ ကျော်ထဲမှာ ၉၂ နိုင်ငံဆိုရင် ဝင်ငွေ နိမ့်ကျတဲ့၊ အလယ်အလတ် အဆင့်သာ ရှိတဲ့ နိုင်ငံတွေ ဖြစ်လို့ အစိုးရက ဆေးဝယ်ဖို့ ဘယ်လိုမှ မတတ်နိုင်တဲ့ အတွက် စပွန်ဆာတွေ၊ အလှူရှင်တွေ ဖိတ်ခေါ်ပြီး ငွေစုနေရကြောင်း၊ WHO အနေနဲ့ ကာကွယ်ဆေး ထုတ်လုပ်သူ ငါးဖွဲ့ထံက ဆေး နှစ်ဘီလီယံ ရရှိထားပြီး နောက်ထပ် တစ်ဘီလီယံ ထပ်ရနိုင်ဖို့လည်း လမ်းစရှိကြောင်း၊ ဖေဖော်ဝါရီလထဲ စတင် ဖြန့်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း တက်ဒရိုရဲ့ အဆိုအရ သိရပါတယ်။

တက်ဒရိုရဲ့ သတိပေးချက်ကို ယူကေ ကျန်းမာရေး အတွင်းရေးမှူး မတ်ဟန်ကော့က တုံ့ပြန်ရာမှာတော့ သူတို့နိုင်ငံဟာ Covax စီမံကိန်းအတွက် ဘဏ္ဍာရေး ထောက်ပံ့မှု အများဆုံး အဖြစ် ဒေါ်လာ ၇၃၄ သန်း ပေးထားပြီး ဖြစ်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ ယူကေမှာ လူပေါင်း လေးသန်းကျော်ဟာ ကာကွယ်ဆေး နှစ်ဆင့်အနက် တစ်ဆင့်ကို ထိုးပေးပြီး ဖြစ်ပါတယ်။ အသက် ၇၀ ဝန်းကျင်တွေ၊ ကျန်းမာရေး ချူချာသူတွေကို အများဆုံး ဆေးထိုး ပေးပြီးတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကပဲ ပြည်သူ့ ကာကွယ်ဆေး ညွန့်ပေါင်း အဖွဲ့က ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဘယ်သူမှ ကာကွယ်ဆေး မရသေးချိန် ချမ်းသာတဲ့ နိုင်ငံတွေက ကာကွယ်ဆေးတွေကို ပိုလျှံ သိုလှောင်မှုတွေတောင် ရှိနေလို့ ဆန့်ကျင်တဲ့ လှုပ်ရှားမှု တစ်ရပ် လုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာ ဝင်ငွေ နည်းပါးတဲ့ နိုင်ငံပေါင်း ၇၀ နီးပါးမှာ ကာကွယ်ဆေး ရရှိနိုင်မှုက လူ ၁၀ ဦးမှာ တစ်ဦးနှုန်းသာ ရှိနိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့ကြတယ်။

မြောက်အမေရိက နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ ချမ်းသာတဲ့ ကနေဒါနိုင်ငံ ဆိုရင် သူတို့ တစ်နိုင်ငံလုံးက လူဦးရေ အကုန် ထိုးပေးနိုင်မယ့် ကာကွယ်ဆေးထက် ငါးဆ ပိုများတဲ့ ကာကွယ် ဆေးတွေကို သိုလှောင်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဝေဖန်မှု များစွာ ခံနေခဲ့ရပါတယ်။ ဒီစွပ်စွဲချက်ကို ကနေဒါ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး ကာရီနာဂိုးလ်က သေချာ ဆွေးနွေးချက် မလုပ်ဘဲ ရမ်းသမ်း မေးခဲ့မိတဲ့ အရေအတွက်သာ ဖြစ်ပြီး တကယ် တမ်း ဒီလိုဝယ်ယူ ရောက်ရှိတာမျိုးလည်း မရှိဘူးလို့ ပြန်လည် ဖြေရှင်းခဲ့ ပါတယ်။ ဒီဖြေရှင်းချက်နဲ့ အတူ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ကာကွယ်ဆေး ရဖို့အရေး နိုင်ငံတကာ ရန်ပုံငွေ ဒေါ်လာသန်း ၃၈၀ လည်း ပေးခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

တကယ်တော့ WHO ကိုယ်တိုင်ဟာလည်း ဗိုင်းရပ် စဖြစ်ရာ တရုတ်နိုင်ငံရဲ့ သတင်း မှောင်ချမှုကို မျက်ကွယ်ပြုပြီး တကယ့် ကမ္ဘာ့ကပ်ဘေး ဖြစ်လာမှာကို စောစီးစွာ ထုတ်ပြန်ရဲတဲ့၊ ထုတ်ပြန်ဝံ့တဲ့ ဆုံးဖြတ်ချက် မချခဲ့လို့ ဝေဖန်မှု များစွာ ခံခဲ့ရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ဝူဟန်မှာ စတင်ပျံ့နှံ့တဲ့ ကိုဗစ်ဗိုင်းရပ် ကပ်ဘေးကို နိုင်ငံ တကာ ကပ်ဘေးအဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်နေ့မှ အတည်ပြု ကြေညာခဲ့တာကြောင့်လည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူတို့ရဲ့ WHO အပေါ် ပေးနေတဲ့ ထောက်ပံ့ငွေတွေ မပေးဖို့ အထိ ပြောဆိုခဲ့ပြီး နောက်ဆုံး Covax စီမံကိန်းအတွက် ထောက်ပံ့ငွေကိုတောင် ပြန်ရုပ်သိမ်းဖို့ လွှတ်တော်ကို တင်ပြခဲ့တဲ့ အထိ ဖြစ်ခဲ့ရပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး အဖြစ် တစ်ကမ္ဘာလုံးကို ကိုယ်စားပြု ပေးတဲ့ WHO ရဲ့ ဒီတစ်ကြိမ် ကပ်ဘေး ဆိုင်ရာ ကိုယ်ကျင့်တရား ပျက်ကွက်မှု သတိပေးချက်ကတော့ အားလုံးထောက်ခံ အားပေးရမယ့် အရာ ဖြစ်ပါတယ်။

ကမ္ဘာဆိုတာ ရွာတစ်ရွာဆိုတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးမှာ ငါ့နိုင်ငံ၊ ငါ့ဘာသာ၊ ငါ့လူမျိုး အတွက်သာ အဓိကလို့ ကြည့်ကြတဲ့ အမျိုးသားရေး အမြင်ဆိုတာ တကယ်တမ်းတော့ ကျေးရွာဝါဒ အဆင့်လောက်တောင် မရှိနိုင်ပါဘူး။ ဝူဟန်မှာ စခဲ့တဲ့ ကိုဗစ်ဟာ ကာလတို အတွင်း ကမ္ဘာ့တိုက်ကြီး ခြောက်တိုက်စလုံး ပျံ့နှံ့သွားခဲ့တယ်။ အန္တာတိကတိုက် အထိပါ ရောက်သလို အမေဇုန်တောထဲက လူသူတွေနဲ့ မဆက်ဆံတဲ့ လူရိုင်း မျိုးနွယ်စုတွေဆီလည်း ရောက်အောင် သွားခဲ့တယ်။ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တွေ၊ သမ္မတ၊ ဝန်ကြီးချုပ် ဆိုသူတွေ ဆီကိုလည်း ရောက်ခဲ့ပြီး၊ ရောက်ဖို့ ရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာကျော် ဘီလျံနာကြီးတွေ၊ ကမ္ဘာကျော် မင်းသား မင်းသမီးကြီးတွေ၊ ကမ္ဘာကျော် ဘောလုံးသမားကြီးတွေ ဆီကိုလည်း တားဆီးမရအောင် အရောက် သွားခဲ့ပြီးပါပြီ။ လူသားတွေကို ကျော်ပြီး ကျားတွေ၊ ဝက်ဝံတွေ စတဲ့ တိရစ္ဆာန်တွေဆီကို သာမက ရေခဲမုန့်ထဲ အထိလည်း ရောက်အောင် သွားနိုင်ခဲ့လို့ လူပေါင်း နှစ်သန်းကျော်လည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဒါကြောင့် ကျေးရွာဝါဒလောက်တောင် အဆင့် မရှိတဲ့ အမျိုးသားရေး အမြင်နဲ့ မကြည့်ဘဲ ကမ္ဘာကြည့် ကြည့်ပြီး အားလုံး တစ်ပေါင်းတည်း ကာကွယ်ဆေး မထိုးနိုင်ရင်ဖြင့် ပျောက်တဲ့နေရာက ပျောက်၊ ကူးတဲ့နေရာက ကူး၊ ကူးတဲ့နေရာကနေ ပျောက်တဲ့နေရာကို ရောဂါ ပြန်ရောက်နဲ့ မုန့်လုံး စက္ကူကပ် အောင်ပွဲခံမယ့် ဗိုင်းရပ်ကို အရှုံးပေးလိုက်ရာ ရောက်နိုင်ပါကြောင်း။

(BBC မှ ဖော်ပြသည့် Covid vaccine:WHO warns of ‘catastrophic moral failure’ ကို ကျောရိုးပြု ဘာသာပြန် ရေးဖွဲ့ပါတယ်။)

#ဇေယျာ




Real Power Online Media ကို Website တွင် ဖတ်ရှုရန် >>>>> http://www.realpowermedia.net

Viber တွင် ဖတ်ရှုရန် >>>>> https://bit.ly/3euvzg6

Sozo အမှတ်တံဆိပ် DC ပန်ကာများနဲ့ Stabilizer များ ဝယ်ယူရန် >>>>>
https://www.facebook.com/pg/sozomyanmar/shop/

 #အထူးဆောင်းပါး #မြန်မာ့မြင်ကွင်း_သုံးသပ်ချက်ဖေဖော်ဝါရီလ ၁ ရက် တတိယအကြိမ် လွှတ်တော် စတင် ကျင်းပမည့် မနက်တွင် တပ်မတော်က အ...
03/02/2021

#အထူးဆောင်းပါး

#မြန်မာ့မြင်ကွင်း_သုံးသပ်ချက်

ဖေဖော်ဝါရီလ ၁ ရက် တတိယအကြိမ် လွှတ်တော် စတင် ကျင်းပမည့် မနက်တွင် တပ်မတော်က အာဏာသိမ်းခဲ့သည်။ ယခုအခါ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်လျက်ရှိသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ် ထိပ်ပိုင်း ခေါင်းဆောင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင်များ၊ ဒီချုပ် ထောက်ခံသည့် တက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ်များကို သူတို့ တည်းခိုရာ စည်ပင် ဧည့်ရိပ် သာတွင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်။

ဖေဖော်ဝါရီ ၂ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ အပါအဝင် အချို့ကို ပြန်လွှတ်ပေးပြီး အိမ်တွင် အကျယ်ချုပ်ဖြင့် ထားသည်။ လွှတ်တော် ကိုယ်စားလှယ်များကို မိမိတို့ အိမ်သို့ ပြန်နိုင်ကြောင်း ပြောကြားသည်။ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက် မနက်အစောမှ နေ့လည် ၁၂ နာရီခန့်အထိ ဖုန်းနှင့် အင်တာနက် လိုင်းများ ဖြတ်တောက်ခဲ့သော်လည်း ယခုအခါ ကောင်းမွန်စွာ အလုပ်လုပ်လျက် ရှိသည်။ ယခု အချိန်ထိ မီဒီယာများ လွတ်လပ်စွာ ရေးသားခွင့် ရရှိနေသေးသလို ပြည်သူအများ ဆိုရှယ် မီဒီယာတွင် ရေးသား ပြောဆို နေကြသည်များကိုလည်း ဟန့်တားမှု မရှိသေးပေ။

ယခုအကြိမ် အာဏာသိမ်းခြင်းတွင် သွေးမြေကျမှု တစုံတရာ မရှိခဲ့ပေ။ ထူးခြားချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အာဏာကို လွှဲပြောင်း ရယူခြင်းဟု ဆိုပြီး အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင်လည်း မည်သည့် ပုဒ်မတွင် အပ်နှင်းထားသော လုပ် ပိုင်ခွင့်ကို ကျင့်သုံး၍ဟု ဂရုတစိုက် သုံးစွဲခြင်းကြောင့် ၂၀၀၈ ခြေဥကို ဖျက်သိမ်းရန် မရည်ရွယ်ကြောင်း ထင်ရှားသည်။ ယင်းခြေဥအရ ဆိုလျှင် အရေးပေါ် အခြေအနေ၌ တပ်မတော်က အာဏာ လွှဲပြောင်း ရယူရာတွင် အများဆုံး ကာလမှာ ၂ နှစ်သာ ဖြစ်သည်။ ထို့ကြောင့် ယခု စစ်အုပ်ချုပ်ရေး ကာလသည် တစ်နှစ်က နှစ်နှစ်အထိ ဖြစ်နိုင်သည်ဟု ယေဘုယျ မှတ်ယူရပေမည်။

အာဏာသိမ်းလိုက်သောကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် လာမည့် ဇွန်လတွင် အငြိမ်းစား ယူရန် မလိုအပ်တော့ဘဲ ယခု ဖွဲ့စည်းလိုက်သည့် နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီကို ဥက္ကဌ အဖြစ် ဆက်လက် ဦးဆောင်သွားပေလိမ့်မည်။ ၂၀၀၈ ခြေဥတွင် တပ်မတော်နှင့် ပတ်သက်၍ ဖြည့်စွက် ပြဌာန်းချက်များလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်သည်။ ဥပမာ- တရုတ်ပုံစံ ဗဟို စစ်ကော်မရှင် ဖွဲ့စည်းခြင်းမျိုး ဖြစ်သည်။

​ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ပြန်လည် ကျင်းပမည်ဟု ဆိုထားရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို လွတ်လပ်စွာ ပါဝင် ယှဥ်ပြိုင်ခွင့် ပေးပါမည်လော ဆိုသည်ကား မေးခွန်း ထုတ်ဖွယ် ရှိသည်။ မဲစာရင်းများကို ပြန်စစ်မည် ဆိုပြန်ရာ ရွေးကောက်ပွဲ အသစ် ကျင်းပမည် ဆိုလျှင် အဘယ်ကြောင့် ထိုသို့ ဆောင်ရွက်ရန် လိုအပ်ပါသနည်း တွေးဖွယ်ရာ ရှိသည်။ တစ်ဖက်ကလည်း ယခု အခြေအနေသည် ၁၉၉၀ ရွေးကောက်ပွဲပြီး အခြေအနေနှင့် ဆင်တူပေရာ ဒီချုပ်အနေဖြင့် ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ပါမည်လောဟုလည်း စဥ်းစားဖွယ် ရှိပေသည်။

ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုတင် ရေးသားထားခဲ့သော စာတွင် အာဏာသိမ်းမှုကို ဝိုင်းဝန်း ဆန့်ကျင်ကြရန် ဆော်သြထားခဲ့သည်။ တိမ်းရှောင်နေသော ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်ကလည်း အာဏာ သိမ်းမှုကို လက်မခံနိုင်ကြောင်း၊ မိမိတို့ တက်ကြွ လှုပ်ရှားသူများက ကမ်ပိန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ပြည်သူများက မိမိတို့ အိမ်တွင်နေပြီး လမ်းပေါ်မထွက်ကြရန် တိုက်တွန်းထားသည်။

လက်ရှိ အခြေအနေ၌ လမ်းမပေါ်တွင် တပ်မတော် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်သူများမှ အပ ပြည်သူအများက လမ်းမပေါ်ထွက် သပိတ်မှောက်မှုမျိုး မပြုလုပ်ကြပါ။ သို့သော် အဆင့်မြင့် အရာရှိ အချို့ အပါအဝင် အစိုးရ ဝန်ထမ်းများ နုတ်ထွက်ခြင်း၊ အဖွဲ့အစည်း အသီးသီးက ကန့်ကွက်ကြောင်း စာထုတ်ခြင်း၊ ဆိုရှယ်မီဒီယာတွင် ဆန့်ကျင် ရေးသားခြင်းတို့ကို ပြုလုပ်လျက် ရှိကြသည်။ ဖေဖော်ဝါရီ ၂ ရက်နေ့ည ၈ နာရီ အချိန်၌ ရန်ကုန်နှင့် မန္တလေးတွင် သံပုံးတီး ဆန္ဒပြကြရာ မိနစ် ၂၀ ခန့်အထိ ကြာမြင့်ခဲ့သည်။ အစိုးရ ဝန်ထမ်းများ အနေဖြင့် Civil- disobedience ခေါ် အမိန့် မနာခံဘဲ အလုပ်မလုပ်ကြရန် စည်းရုံး လှုံ့ဆော်မှု အချို့ကိုလည်း တွေ့ရသည်။ ဂျပန်၊ ထိုင်း၊ အမေရိကန် အပါအဝင် အချို့ နိုင်ငံများတွင်ကား ပြည်ပရောက် မြန်မာ နိုင်ငံသားများက ကုလသမဂ္ဂရုံးများရှေ့တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

နိုင်ငံတကာ ဖိအား အနေဖြင့် ပြည်ပနိုင်ငံနှင့် အဖွဲ့အစည်း အသီးသီးက တောင်းဆို ကန့် ကွက်မှုများ ပြုလုပ်နေကြပြီး ဖေဖော်ဝါရီ ၂ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သော်လည်း တရုတ်နှင့် ရုရှတို့က မထောက်ခံသောကြောင့် အာဏာသိမ်း အစိုးရအား အရေးယူမှု တစုံတရာ မပြုလုပ်နိုင်ခဲ့ပါ။ နိုင်ငံရေးအရ ဖိအားပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံရန် သဘောတူပြီးသော စီးပွားရေး စီမံကိန်းကြီးများ ရပ်ဆိုင်းခြင်း၊ အကူအညီ၊ အထောက်အပံ့များ ဖြတ်တောက်ခြင်းလောက်သာ ရင်ဆိုင်ရဖွယ် ရှိသည်။

ထိုအကြောင်းများကြောင့် တပ်မတော်က အာဏာသိမ်းထားသော ကာလအတွင်း စီးပွား ရေးနှင့် အလုပ်လက်မဲ့ ပြသနာများ ကြုံတွေ့ရနိုင်သည်။ ဖေဖော်ဝါရီ ၃ ရက် (ယနေ့) တွင် ရွှေဈေးမှာ တစ်ကျပ်သားကို ကျပ် ၁၄ သိန်း ကျော်သွားခဲ့ပြီး အမေရိကန် တစ်ဒေါ်လာလျှင် ၁၃၆၀ ကျပ် နီးပါးအထိ ရောက်ရှိလာသည်။ နိုင်ငံတကာ ဆက်ဆံရေးတွင် တရုတ်နှင့် ပိုမို နီးကပ်သော ဆက်ဆံရေး ရှိလာနိုင်ပြီး တရုတ်က ရင်းနှီးမြှုပ်နှံမည့် မြို့သစ် စီမံကိန်းနှင့် တရုတ်- မြန်မာ စီးပွားရေး စင်္ကြံလမ်းများ စတင် အကောင်အထည် ဖော်ဖွယ် ရှိသည်။ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးမည့် အစီအစဥ်ကိုလည်း ကိုဗက် အစီအစဥ်အရ ကနဦး ဆေးများ ရရှိပြီးလျှင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ဆက်လက် လုပ်ဆောင်ရဖွယ် ရှိသည်။

အချုပ်အားဖြင့် ဆိုရသော် တပ်မတော်က အာဏာသိမ်းပြီး ဖွဲ့စည်းလိုက်သည့် နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ အနေဖြင့် ပြည်တွင်း ပြည်ပ ဖိအားများကို ရင်ဆိုင်ပြီး နိုင်ငံတော် ယန္တရားကို မောင်းနှင်သွားနိုင်မည်လား ဆိုခြင်းနှင့် ကတိအတိုင်း ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပပေးပြီး အာဏာ လွှဲပြောင်းပေးမည်လား ဆိုသည်ကို စောင့်ကြည့်ရမည်သာ ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

#သဟဇာတ





Real Power Online Media ကို Website တွင် ဖတ်ရှုရန် >>>>> http://www.realpowermedia.net

Viber တွင် ဖတ်ရှုရန် >>>>> https://bit.ly/3euvzg6

Sozo အမှတ်တံဆိပ် DC ပန်ကာများနဲ့ Stabilizer များ ဝယ်ယူရန် >>>>>
https://www.facebook.com/pg/sozomyanmar/shop/

 #တစ်ပတ်အတွင်း_မိုးလေဝသ_သတင်း #မြောက်ပိုင်းမှာ_မိုးအနည်းငယ်ရွာနိုင်ဖေဖော်ဝါရီ ၃ ရက်ကနေ ဖေဖော်ဝါရီ ၉ ရက်အထိ မိုးလေဝသ ခန့်...
03/02/2021

#တစ်ပတ်အတွင်း_မိုးလေဝသ_သတင်း

#မြောက်ပိုင်းမှာ_မိုးအနည်းငယ်ရွာနိုင်

ဖေဖော်ဝါရီ ၃ ရက်ကနေ ဖေဖော်ဝါရီ ၉ ရက်အထိ မိုးလေဝသ ခန့်မှန်းချက်ကတော့ များသောအားဖြင့် မြန်မာတစ်နိုင်ငံလုံးမှာ ရာသီဥတုက အများအားဖြင့် သာယာနေမယ့် အနေအထားမျိုးပဲ ရှိနေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းစွန်း လောက်မှာပဲ အနောက်ဘက်က လာတဲ့ လေပွေလှိုင်းကြောင့် တစ်ရက်၊ နှစ်ရက်လောက် မိုးအနည်းငယ် ရွာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာက မိုးအနည်းငယ် ရနိုင်မှာ ဖြစ်ပါတယ်။

*ပျမ်းမျှအပူချိန်သာရှိမယ်

နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာတော့ ပျမ်းမျှ အပူချိန် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုနိုင်ပြီးတော့ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်ုတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ် တို့မှာက ပျမ်းမျှ အပူချိန်လောက်မှာပဲ ရှိနေမှာပါ။

*မြူကျဆင်းနိုင်

မြူကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် ဒေသတွေမှာတော့ ငါးရက်က ခြောက်ရက်လောက် မြူကျနိုင်တယ်။ ကျန်တဲ့ ဒေသတွေမှာတော့ တစ်ရက်၊ နှစ်ရက်လောက်ပဲ မြူကျနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။

*လေဖိအားနည်းရပ်ဝန်းမရှိသေး

မိုးပြတ်သွားတာနဲ့ ချက်ချင်းပဲ အပူချိန် ပြုတ်ကျ သွားတတ်တဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြန်အေးဦးမှာပါ။ ငါးရက်လောက် ပြန်အေးမှာ ဖြစ်ပါတယ်။ လက်ရှိ ခန့်မှန်းချက်အရ လောလောဆယ် အချိန်မှာတော့ လေဖိအားနည်း ရပ်ဝန်း မရှိသေးဘူးလို့ပဲ ပြောချင်ပါတယ်။

ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းနဲ့ ကပ္ပလီ ပင်လယ်ပြင်မှာတော့ တိမ်အသင့်အတင့်လောက် ရှိပြီးတော့မှ ကျန်တဲ့ ဘင်္ဂလား ပင်လယ်အော်မှာတော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေမှာပါ။ မြစ်ရေ အခြေအနေကို ပြောရရင်ကတော့ အကုန်လုံး ကျဆင်းနေပါတယ်။

#ဒေါက်တာကျော်မိုးဦး

ညွှန်ကြားရေးမှူးချုပ်
မိုးလေဝသနှင့်ဇလဗေဒ
ညွှန်ကြားမှုဦးစီးဌာန




Real Power Online Media ကို Website တွင် ဖတ်ရှုရန် >>>>> http://www.realpowermedia.net

Viber တွင် ဖတ်ရှုရန် >>>>> https://bit.ly/3euvzg6

Sozo အမှတ်တံဆိပ် DC ပန်ကာများနဲ့ Stabilizer များ ဝယ်ယူရန် >>>>>
https://www.facebook.com/pg/sozomyanmar/shop/

Address

Danathiri Tower, No (57) , Kyaik Waing Pagoda Road, Near Junction 8, Mayangone Township
Yangon

Alerts

Be the first to know and let us send you an email when Real Power Online Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Real Power Online Media:

Share

Real Power Online Media

Real Power Media ၏ စာများကို အောက်ပါအတိုင်း ကဏ္ဍ ၆ ခုခွဲ၍ ဖော်ပြထားပါသည်။

အယ်ဒီတာ့အာဘော် (Editorial)

* မီဒီယာကို ကိုယ်စားပြုသော အယ်ဒီတာ၏ အတွေးအမြင်များကို ဖော်ပြပါသည်။

မြန်မာ့မြင်ကွင်း/သုံးသပ်ချက် (Local News/Review)