PLUG FuFa

PLUG FuFa Grow up dude^^

09/12/2022
❤
30/11/2022


ဖတ်စေချင်...♥
17/11/2022

ဖတ်စေချင်...♥

#ရေနံ့သာခင်ခင်ကြီး

အပိုင်း(၉၆)

တရားသူကြီး ရုံးခန်းအတွင်းသို့ ဝင်လာသည်ကို ရုံးခန်းအတွင်းရှိ လူအားလုံးက မတ်တတ်ရပ်၍ အရိုအသေပေးကြသည်။ ထိုအထဲတွင် ဒေါ်ရေနံ့သာခင်ခင်ကြီးလည်း ပါဝင်သည်။ တရားသူကြီးက ထိုင်လိုက်မှ အားလုံး ထိုင် လိုက်သည်။

တရားသူကြီးက ရှေ့ဖတ်စာရေးအား တစုံတခု ပြောလိုက်သည်။ အသံမှာ တိုးလွန်းသောကြောင့် ဘာမျှ မကြားရ။ ရှေ့ဖတ် စာရေးသည် အမှုတွဲ သုံးလေးတွဲအနက်မှ အမှုတွဲ တစ်တွဲကို ထုတ်ယူလိုက်သည်။ အမှုတွဲနံပါတ်နှင့် တရားလိုတရားခံအမည်များကို လူအားလုံး ကြားရလောက်အောင် အော်ပြောလိုက်သည်။

ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ အမှုတည်း။ ရှေ့ဖတ်စာရေးက အမှုတွဲကို တရားသူကြီးရှေ့မှာ ချပေးသည်။ တရားသူကြီးသည် အမှုတွဲကို ဟိုလှန်သည် လှန်ပြုသည်။ အချို့နေရာကို ဖတ်ရှူခြင်းပြုသေးသည်။ လူတို့၏အာရုံသည် ၎င်းထံ ရောက်နေသည်။ အသက်ကို ဝဝ မရှူရဲဘဲ၊ မျက်တောင် မခတ်ရဲဘဲ ငေးစိုက် ကြည့်နေမိကြသည်။

ရုံးခန်းမှာ အရှိန်ပြင်းပြင်းနှင့် လည်ပတ်နေသော ပန်ကာမှ ပန်ကာရွက်တို့ လေတိုးသံ၊ တရားသူကြီး၏ စာရွက်လှန်လှောသံတို့သည်သာ ပေါ်ထွက်နေသည်။

“ဒီအမှုနဲ့ပတ်သက်လို့ ဒီကနေ့ စီရင်ချက် ချရမယ့်နေ့"

စက္ခုန္ဒြေ ချထားသော တရားသူကြီး၏အသံကို ကြားရသည်။ သူသည် လက်နှိပ်စက်ဖြင့် ရိုက်ကာ အသင့်ယူလာသော စီရင်ချက်ကို ထုတ်ယူလိုက်သည်။

ရုံးခန်းထဲမှာ ပိုမိုတိတ်ဆိတ်သွားသည်ဟု ထင်ရသည်။ လူအားလုံးတို့ကို ကျောက်ဆစ်ရုပ်တုများ အဖြစ်သို့ ပြောင်းလဲပစ်လိုက်သလို ဖြစ်သည်။

ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် တရားသူကြီးကို စူးစိုက်ကြည့်လျက် ရှိသည်။ တရားသူကြီး၏ ရုပ်သွင်တစ်ခုကိုသာ မြင်တွေ့နေရသည် မဟုတ်။ သူမ၏ အမြင်သို့ တရားသူကြီးနှင့်နီးကပ်လျက်ရှိသော အရာအားလုံး ဝင်လာသည်။ နိုင်ငံတော်၏ခေါင်းဆောင်ကြီးများ ဓာတ်ပုံတို့သည်လည်းကောင်း၊ နိုင်ငံတော်အလံသည် လည်းကောင်း၊ နိုင်ငံတော် သည်လည်းကောင်း တရားမျှတခြင်း၊ သမာဓိရှိခြင်း စသော အဓိပ္ပာယ်ကို အလေးအနက် ဆောင်ယူထားဘိသကဲ့သို့ ရှိသည်။

သူမ၏ အကြားအာရုံသို့ တရားသူကြီး၏ ခံ့ညား အောင်မြင်သော အသံလှိုင်းသည် လာရောက် ရိုက်ခတ်နေလေသည်။

တရားသူကြီးက လက်နှိပ်စက်ဖြင့် ရိုက်ထားသော စီရင်ချက်ကို ဖတ်ပြနေခြင်း ဖြစ်သည်။

တရားသူကြီးက ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏အမှုမှာ ကြုံဆုံခဲ့ဖူးသမျှ အမှုတကာတို့အနက် အသိမ်မွေ့ဆုံးသော အမှုတစ်မှု ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ယင်းအမှုကို ကိုင်တွယ် သုံးသပ်ရာ၌ အခက်အခဲနှင့် ကြုံရကြောင်း။ အချိန်လောက်လောက်ငင ယူခဲ့ရကြောင်း၊ အမှုသွားအမှုလာကို သေချာစွာ စေ့ငုခဲ့ကြောင်း၊ စွဲချက် တင်ထိုက်မတင်ထိုက် အဆုံးအဖြတ် ပေးခဲ့ရာတွင်ပင် လွယ်ကူခြင်း မရှိခဲ့ကြောင်း။ တရားလိုအကျိုးဆောင်၏ လျှောက်လဲချက်များ၊ တရားခံအကျိုးဆောင်၏ လျှောက်လဲချက်များ၊ နှစ်ဘက်လုံးက တင်ပြသော သက်သေတို့၏ထွက်ချက်များ၊ လက်ဗွေပါရဂူ လက်နက် ပါရဂူ စသော အသိပညာရှင် အတတ်ပညာရှင်တို့၏ ထွက်ဆိုချက်များကို စိစစ်ကြားနာခဲ့ကြောင်း စသည်ဖြင့် နိဒါန်းစကားအားဖြင့် ဖော်ပြသည်။

ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အမှုမှာ သိမ်မွေ့သည်နှင့် အမျှ နက်နဲခြင်းလည်းရှိကြောင်း၊ အသတ်ခံရသူ လူသတ်မှု ကျူးလွန်သူဟု ယူဆရသူတို့၏ အနေအထားအရ ကွာဟ ခြားနားမှု များစွာ ရှိခဲ့ကြောင်း၊ သက်သေထွက်ချက်အရ ၎င်းတို့နှစ်ဦး၏ကာလရှည်လျားစွာက ကြောင်းရာခြင်းတများသည် ခံပြင်းဖွယ်၊ နာကြည်းဖွယ်၊ ဒေါသဖြစ်ဖွယ်တို့ဖြင့် ပြွမ်းတီးနေကြောင်း။

ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ ရင်မှာ ခုန်လာသည်။ တုန်လှုပ်လာသည်။ သူမသည် တရားသူကြီး၏ စကားကို စူးစိုက်နားထောင်နေသည်။ စင်စစ်တွင်မူ သူမ၏အာရုံမှာ ပျံ့လွင့်ချင်သည်။ စိတ်သန္တာန်သည် ကျဉ်းမြောင်းကျပ်တည်း သော ရုံးခန်းပြင်ပသို့ လွင့်စဉ် ထွက်ရောက်သွားချင်သည်။ ဤသည်ကို သတိနှင့် ထိန်းချုပ်နေရသည်။ သို့တိုင်အောင် တခါတခါတွင် စိတ်သည် ဝေ၍ ဝေ၍ သွားသည်။ အမြင် အားလုံးသည် ဝါး၍ဝါး၍ သွားသည်။ တရားသူကြီး၏အသံတို့သည် အဝေးမှ ပျံ့လွင့် ရောက်ရှိလာသည့်နှယ် ဖြစ် သည်။ ပဲ့တင်သံသဖွယ်လည်း ရိုက်ခတ်လာတတ် ချေသေးသည်။

တရားလို အကျိုးဆောင် ပညာရှိ ဝတ်လုံတော်ရမင်း တင်ပြသော သက်သေတို့၏ထွက်ချက်များသည် စဉ်းစားချင့်ချိန်ဖွယ်ရှိခဲ့ကြောင်း။ ငွေညှစ်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ အနိုင်ကျင့်ခံရခြင်း စသည်တို့သည် လူတစ်ဦးတစ်ယောက်၏ အဇ္ဈတ္တသဏ္ဌာန်၌ နာကြည်း ခံပြင်းမှုကို မွေးမြူပေးနိုင် ကြောင်း၊ ယင်းဂယက်ကို ထန်နိုင်စေခဲ့ကြောင်း။ ထို့ကြောင့် ဒေါ်ရေနံ့သာခင်ခင်ကြီး အနေနှင့် မိမိအပေါ် ယင်းသို့ ပြုမူခဲ့သူကို ပြန်လည်လက်စားချေမည်ဆိုလျှင်လည်း ချေနိုင်သည်ပင်ဖြစ်ကြောင်း။

ရုံးခန်းသည် ပိုမိုတိတ်ဆိတ် သွားသည်။ တရားသူကြီး၏အသံသည် ပိုမို ကျယ်လောင်လာသည်ဟု ထင်ရပါသည်။

ဗိုလ်မှူးညိုထွန်း၊ ကိုကို၊ မဝင်းရီ၊ ၎င်းတို့သည် တကယ်ပင် ကျောက်ဆစ်ရုပ်ကြီးများနှယ် ဖြူဖျော့ဖျော့ဖြစ်နေသည်ဟု မှတ်ယူရသည်။

တရားသူကြီးမင်းသည် ၎င်း၏စီရင်ချက်ကို ကရားနှုတ်သီးမှ လွှတ်အပ်သော ရေအလျဉ်နှယ် တဆက်တည်း ဆက်လက် ဖတ်ပြနေသည်။

လက်ဗွေပါရဂူတို့သည် သေဆုံးသူ မောင်မောင်ဦး၏အိမ်မှ အလောင်းအနီးမှာ တွေ့ ခဲ့ရသော သေနတ်ပေါ်မှ လက်ဗွေများကို တရားခံအဖြစ် ယူဆရသူ ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏လက်ဗွေတို့နှင့် တူညီသည်ဟု ကောက်ချက်ချခဲ့ကြသည်။ လက်နက်ပါရဂူတို့ကလည်း အခင်းဖြစ်စဉ်က တွေ့ရှိရသော သေနတ်မှ ကျည်ဆန်သည် သေသူ၏ ကိုယ်ထဲမှ ထုတ်ယူရရှိသော တစ်တောင့်တည်းသော ကျည်ဆန်နှင့် တူညီသည်ဟု မှတ်ချက်ချခဲ့သည်။ ထိုစဉ်က အသုံးပြုသောလက်နက်မှာ ယင်းလက်နက်ပင်ဖြစ်ကြောင်းကို အခင်းဖြစ်စဉ်က စစ်ဆေးတွေ့ရှိခဲ့သည့် ရဲအရာရှိနှင့် သက်သေအမှတ်တစ် မခင်သန်းနွဲ့တို့က ထွက်ဆိုခဲ့သည်။ ထို့ကြောင့် ဒေါ် ရေနံ့သာခင်ခင်ကြီးသည် သေနတ်တစ်လက်ကို ကိုင်ဆောင် ကာ သေဆုံးသူအား ပစ်ခဲ့ကြောင်း ယူဆမည်ဆိုက ယူဆထိုက်ကြောင်း။ ဒေါ်ရေနံ့သာခင်ခင်ကြီးအား လူသတ်သမား ဟု ထင်မြင်မည်ဆိုလျှင် ထင်မြင်နိုင်ဖွယ် အကြောင်းတို့ ရှိ ကြောင်း။ ၎င်းပြင် တရားခံဟု ယူဆရသူ ဒေါ်ရေနံ့သာခင်ခင်ကြီးကိုယ်တိုင်က သေဆုံးသူမောင်မောင်ဦးအား သတ်ဖြတ်ခဲ့ခြင်းကို ငြင်းပယ်မှု မရှိခဲ့။

အထက်ပါ အကြောင်းခြင်းရာများကို ဆန်းစစ် ထောက်ထားလျက် အခင်းဖြစ်စဉ်က ပါဝင်ခဲ့သောလက်နက် ပစ္စည်းတို့က လူသတ် တရားခံအား မည်သူ မည်ဝါဟု ဖော်ပြနေသလို ရှိခဲ့ကြောင်း။ အကယ်၍ တရားခံအနေနှင့် သေဆုံးသူအား လက်စားချေခြင်း သဘော၊ လက်တုံ့ပြန်ခြင်းသဘော သတ်မည်ဆိုလျှင် သတ်ထိုက်သော အကြောင်းအချက်များကို မြင်တွေ့နေရကြောင်း။

သည်နေရာတွင် တရားသူကြီးသည် စီရင်ချက် ဖတ်ပြခြင်းမှ ခေတ္တနားလိုက်သည်။ ခေတ္တ ရပ်ဆိုင်းလိုက်သည်။ ရုံးခန်းအတွင်း လှုပ်လှုပ်ရွရွဖြစ်လာသည်။ တီးတိုး စကားပြောသံများ ပေါ်လာသည်။ တစထက် တစ ဆူညံ လှုပ်ရှားလာသည်။ အသံဗလံများကြောင့် ဒေါ်ရေနံ့သာခင်ခင်ကြီး လူအများဆီသို့ သမင်လည်ပြန် ကြည့်မိပြန်သည်။

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် လူတို့၏ ဗဟိဒ္ဓ သဏ္ဌာန် အလုံးစုံကို မြင်တွေ့မိသည် မထင်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတိုင်းကို မတွေ့။ သူမ မြင်တွေ့မိသည်မှာ လူတို့၏ မျက်လုံးများသာဖြစ်သည်။ ဝန်းစက်သော၊ ပြူးကျယ်သော၊ တောက်ပသော မျက်ဝန်းများကိုချည်း မြင်တွေ့ရသည်ဟု ထင်သည်။ ၎င်းတို့သည် မိမိ၏ကိုယ်ပေါ်မှာချည်း ကျရောက်နေသည်။ မိမိအပါးမှာချည်း ဝန်းရံနေသည်။ မိမိမျက်နှာမှ အခြားသို့ ဖယ်မသွားကြဟု ထင်သေးသည်။

မျက်ဝန်းများက မတည်ငြိမ်ဘဲ လှုပ်ရှားနေသည်ဖြစ်ရာ အဆင့်ဆင့် ပွားပွားသွားသလို ရှိသည်။ ရာမှထောင်၊ ထောင်မှသောင်း၊ သောင်းမှသည် သိန်းသန်း။ သိန်းသန်းမှသည် အကုဋေအကုဋာ၊ အသင်္ချေ အသင်္ချာ။

သည်မျက်ဝန်းတွေထဲမှာ မိမိအပေါ် နာလိုနှစ်သက် နိုင်ခြင်း၊ သနားကရုဏာရှိနိုင်ခြင်း အရိပ်အယောင်ကို သယ်ယူဆောင်ကြဉ်းထားသော မျက်ဝန်း အဘယ်မျှ ပါနိုင်မည်မသိ။ သို့နှင့်အမျှ မလိုမုန်းထားခြင်း၊ ရွံရှာစက်ဆုပ်ခြင်းကို သယ်ပိုးထားသော မျက်ဝန်း အဘယ်မျှ ပါဝင်နေမည်ကို လည်း မတွေးတတ်နိုင်။

မည်သို့ဆိုစေ၊ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် အကြည့်အားလုံးမှ ရှောင်လွှဲချင်သည်။ မျက်ဝန်းတွေ အကြားမှ ထွက်ပြေးချင်သည်။ အို . . . အရာအားလုံးကို ... နောက်တွင် စွန့်ပစ် ချန်လှပ်ထားခဲ့ချင်ပါသည်။ ဖြစ်နိုင်မည်ဆိုလျှင် ကမ္ဘာ့အပြင်သို့ ထွက်ပြေးချင်သည်။ စကြဝဠာတံတိုင်း အပြင်သို့ပဲ ရောက်ရောက်၊ အဆုံးအစမရှိသော လေဟာပြင်မှာပဲ မျောမျော။

တရားသူကြီး ချောင်းဟန့်သည်။ ယင်းအသံသည် လှုပ်ရှားဆူညံနေသမျှကို ငြိမ်သက်သွားစေပြန်သည်။ တိတ်ဆိတ်ခြင်းကို ပြန်လည် ကြီးစိုးစေခဲ့ ပြန်သည်။

"သို့ရာတွင် . . ."

တရားသူကြီး၏ ပြတ်ပြတ် တောက်တောက်နိုင်သော၊ တစ်လုံးတည်းသော စကားသည် ရုံးခန်းနံရံများနှင့် ပဲ့ တင်ရိုက်သွားသည်။

ယင်း “သို့ရာတွင်” သည် . . . လူတကာတို့၏ စိတ်အာရုံကို ဆွဲဆောင်လိုက်သည်။ ရင်မှာ မတင်မကျ ရှိစေရပြန်သည်။ ခံစားရပြန်သည်။

“သို့ရာတွင် ”

တရားသူကြီးသည် ယင်းကို ထပ်၍ ဆိုသည်။ ပြီးမှ စီရင်ချက်ကို ဆက်ဖတ်သည်။

“အမှုသွား အမှုလာသက်သေအသီးသီးတို့၏ ထွက်ဆိုချက်၊ အခင်း ဖြစ်စဉ်က အခြေအနေ အရပ်ရပ်တို့ကို တဖန် ဆန်းစစ်ဝေဖန်သည်ရှိသော် အောက်ပါအချက် အလက်များကို စဉ်းစားဖွယ်ရာအဖြစ် တွေ့ရှိရပေသည်။ တရားခံဟု ယူဆရသူ ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် သေဆုံးသူအပေါ် ကောက်ကျစ် စဉ်းလဲသော မနသီဖြင့် ကြိုတင် ကြံစည် လုပ်ကြံရန် အားထုတ် ကြိုးပမ်းမှု တစုံတရာကိုတရားလိုသည်လည်းကောင်း၊ တရားလိုပြသက်သေတို့သည်လည်းကောင်း၊ ထုတ်ဖော် တင်ပြထားခြင်း မရှိပေ။ ယင်းအချက်ကို ထုတ်ဖော်ရည်ညွှန်းခြင်း မတွေ့ ခဲ့ရပေ။ ကြိုတင်ကြံစည်ခြင်း၊ ပြင်ဆင်ခြင်းသည် အမှုကို များစွာ လေးနက်ခြင်း ရှိစေသည်ပင်။ ပြီးလျှင် ရေနံ့သာခင်ခင်ကြီးသည် သေဆုံးသူထံ သွားရောက်ရာ၌ တကိုယ်တည်း၊ အထီးတည်းဖြစ်သည်။ ပူးပေါင်း လုပ်ကြံရန်အတွက် အခြား အဖော်အပေါင်း မပါရှိ။

“အရေးကြီးသော အချက်တစ်ရပ် ရှိသေးသည်။ ၎င်းမှာ အကယ်၍ ရေနံ့သာ ခင်ခင်ကြီးအား လူသတ်သမားဟု ယူဆခဲ့ပါလျှင် အသုံးပြုသော လက်နက်သည် လူကို သေစေ
နိုင်သည်ဖြစ်သော်လည်း၊ ယင်းလက်နက်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ခြင်း မရှိသည်ကို စဉ်းစားရမည်။ တစ်တောင့်တည်းသော ကျည်ဆန်ကို အသုံးပြုလျက်၊ တစ်ချက် တည်းသာ ပစ်ခတ်ခဲ့ကြောင်း တွေ့ရသည်။ အချက်ပေါင်း မြောက်မြားစွာဖြင့် မသေမချင်း ပစ်ခတ်ခဲ့ခြင်းလောက် ရက်စက်ရာ ကျမနေပေ။ ပြီးလျှင် အသတ်ခံရသူ၏ ပင်ကိုအခြေအနေမှာ လွန်စွာ အားနည်းလျက်ရှိကြောင်း တွေ့ရသည်။ ထိုသူသည် အဆုတ်နာ ဝေဒနာကို ခံစားလျက် ရှိခဲ့သည်။ တဘက်တည်းသော အဆုတ်ဖြင့် လူ့ ဘဝ၌ ရပ်တည်နေရသူဖြစ်ကြောင်း ဆရာဝန်၏ ဆေးစာ၌ ဖော်ပြပါရှိသည်”

လူတို့၏အသံသည် ပြန်လည်ပေါ်ပေါက်လာရ ပြန်သည်။ ခေါင်းချင်းရိုက်ကာ တီးတိုး ဆိုကြပြန်သည်။ ဒေါ် ရေနံ့သာခင်ခင်ကြီး၏အကြည့် လူတို့ထံ ကျရောက်သွားပြန် သည်။

ကိုကိုမမဝင်းရီနှင့် ဗိုလ်မှူးညိုထွန်းတို့၏မျက်နှာ၌
သွေးရောင် ပြန်လည်လွှမ်းတက်လာသည်ကို မြင်ရပြီ။

“အရေးကြီးဆုံးသော၊ အဓိက အကျဆုံးသော အချက်ကို ဆိုပါမည်။ အမှုတမှု၊ အထူးသဖြင့် လူသတ်မှုတွင် မျက်မြင်သက်သေသည် အထူးတလည် အရေးကြီး သည်။ အမှုအား လေးနက်စေခြင်း၊ ပေါ့လျော့စေခြင်းတို့ကို ဖန်တီးစေနိုင်သည်။ ယခုအမှုတွင် ရေနံ့သာ ခင်ခင်ကြီးကိုယ်၌က မိမိလူသတ်မိပါသည်။ တရားလိုက လူသတ်သမားမှာ ရေနံ့သာ ခင်ခင်ကြီး ဖြစ်ပါသည်။ လူသတ်ရာတွင် အသုံးပြုသော ဝတ္ထုပစ္စည်းများကို ကျွန်ုပ်မျက်မှောက်၌ တင်ပြနိုင်သည် မည်ကာမတ္တဖြင့်၊ ကျွန်ုပ်တို့ ၎င်းအား လူသတ်သမား၊ တရားခံဟု မှတ်ယူနိုင်ကြမည် မထင်ပေ။ အကြောင်းမှာ အဓိကကျသော၊ ပဓာနကျသော မျက်မြင်သက်သေကို တရားလိုသည် လည်းကောင်း၊ တရားလိုအကျိုးဆောင် ပညာရှိ ဝတ်လုံတော်ရမင်းသည်လည်းကောင်း တင်ပြနိုင်ခြင်းမရှိခဲ့၍ ဖြစ်ပေသည်။ တရားလိုပြသက်သေ အမှတ်တစ် မခင်သန်းနွဲ့၏ ထွက်ဆိုချက်များ၌ ရေနံ့သာခင်ခင်ကြီးကို သေဆုံးသူ၏အိမ်၌ တွေ့ရှိရသည်၊ သို့မဟုတ် ရေနံ့သာခင်ခင်ကြီးဟု တပ်အပ်သေချာပြောနိုင်သော အရိပ်အယောင်ကို မြင်ရသည်ဟု မပါရှိပေ။ ရေနံ့သာ ခင်ခင်ကြီးက တရားခံအား သေနတ်နှင့်ပစ်ခဲ့သည်ကို မြင်တွေ့ရပါသည်ဟု မခင်သန်းနွဲ့မှ အပဖြစ်သော အခြားတစုံတဦးကမှလည်း သက်သေခံနိုင်ခြင်း မရှိပေ”

ရုံးခန်း၌ အသံတို့သည် ပိုမိုကျယ်လောင်လာသည်။ ဆူညံလာသည်။ တခါတရံ တရားသူကြီး၏အသံကိုပင် ဖုံးလွှမ်းလာမတတ်ရှိသည်။ တရားသူကြီးသည် ဤသည်ကို ဂရုမထားပဲ စီရင်ချက်ကို ဆက်၍ ဖတ်သည်။

“ထို့ကြောင့် ယခု ရုံးတော်၌ ရောက်ရှိကာ အစစ်ဆေးခံနေရသော ရေနံ့သာ ခင်ခင်ကြီးအား လူသတ်တရားခံဟု အကြောင်းကျိုးယုတ္တိ ခိုင်လုံစွာ ယူဆနိုင်ရန် ကျွန်ုပ်၌ သံသယ များစွာ ရှိနေပေသည်။ သံသယ၏အကျိုးကျေးဇူးကို ရေနံ့သာခင်ခင်ကြီးတွင် ခံစားနိုင်ခွင့်ရှိသည်။ ခံစားထိုက်သည်ဟုလည်း ရုံးတော်မှ ယူဆသည်။ ပြီးလျှင် ရေနံ့သာခင်ခင်ကြီးသည် မိန်းမသားတယောက်ဖြစ်သည်နှင့်အညီ တရားခံ၏အကျိုးဆောင်ပညာရှိ ဝတ်လုံတော်ရမင်း တင်ပြသကဲ့သို့ မိမိကိုယ်၊ မိမိသိက္ခာ၊ မိမိအရှက်ကို ခုခံကာကွယ်ခြင်း၊ မိမိကိုယ်ကို ခုခံကာကွယ်ခြင်း အနေအထားသို့ သက်ဝင် ရောက်ရှိနိုင်ခြင်းများကိုလည်း ကျွန်ုပ်သဘောပေါက်သည်။ ၎င်းသည် တရားခံအဖြစ် စတင် ဖမ်းဆီးခြင်း ခံရသည်မှ ယခုအချိန်အထိ သုံးနှစ်နီးပါး အကျဉ်းချုပ် ခံစားခဲ့ရသည်ကိုလည်း စာနာဖွယ်အဖြစ် ကျွန်ုပ်မြင်တွေ့ရသည်။ ထို့ကြောင့် ... ”

သည်နေရာတွင် တရားသူကြီးသည် သူ၏စကားကို လူတို့ ပိုမို လေးနက်ခြင်း ရှိစေလိုဟန်ဖြင့် အသံကိုမြှင့်၍ ခပ် ကျယ်ကျယ် ဖတ်လိုက်သည်။

“ကျွန်ုပ်၏မျက်မှောက်၌ လူသတ်တရားခံအဖြစ် စွဲချက်တင်ခြင်းခံနေရသော ရေနံ့သာ ခင်ခင်ကြီးအား ယင်းအမှုမှ တရားသေ လွှတ်ရန် ကျွန်ုပ် စီရင်ချက်ချမှတ်လိုက် သည်”

အပိုင်း(၉၇)ဆက်ရန်
--------------
#မောင်သိန်းဆိုင်

အခြားအပိုင်းများ ဖတ်ရန် 👉 https://www.facebook.com/236399853413564/posts/1700521573668044/

02/11/2022

Welcome buddy😸

Address

Yangon

Telephone

+959952252091

Website

Alerts

Be the first to know and let us send you an email when PLUG FuFa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category