02/09/2026
🔴 အမ်းမရိတ်စ် ခေတ်သစ်ကို စတင်စေခဲ့တဲ့ အိုဇေးလ်ရဲ့ အမှတ်တရ
---------------------------
လွန်ခဲ့တဲ့ ၁၃ နှစ်၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂ ရက် အပြောင်းအရွှေ့ နောက်ဆုံးရက်တွင် နည်းပြ အာစင် ဝင်းဂါးဟာ ရီးရဲလ် မက်ဒရစ် မှ ဂျာမနီ ကွင်းလယ်ဖန်တီးရှင် အိုဇေးလ် ကို အသင်းစံချိန်တင် ပေါင် ၄၂.၅ သန်းဖြင့် ခေါ်ယူကာ အာဆင်နယ် ပရိသတ်များကို အံ့အားသင့်စေခဲ့ပါတယ်။ အဆိုပါ အပြောင်းအရွှေ့သည် ဟိုက်ဘူရီမှ အမ်းမရိတ်စ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ဘဏ္ဍာရေး အခက်အခဲများကြောင့် ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် အာဆင်နယ်၏ ၏ အားဖြည့်မှုဖြစ်ခဲ့ပြီး အသင်း၏ အဆင့်အတန်းနှင့် ရည်မှန်းချက်ကို တစ်ဆစ်ချိုး မြှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။
အိုဇေးလ် သည် အာဆင်နယ် ကစားသမားဘဝ ပထမဆုံး ရာသီမှာပင် အသင်း၏ ၉ နှစ်ကြာ ဆုဖလား ငတ်မွတ်မှုဝေဒနာကို အဆုံးသတ်ပေးခဲ့ပြီး ၂၀၁၄ FA Cup ဆုဖလားကို ဆွတ်ခူးပေးခဲ့ပါတယ်။ သူ၏ အာဆင်နယ် ကစားသမားဘဝအတွင်း ပွဲပေါင်း ၂၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၄၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၇၇ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သလို FA Cup ဆုဖလား ၄ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ကာ အမ်းမရိတ်စ် ကွင်းအတွင်း အနုပညာဆန်ဆန် ဖန်တီးမှုများစွာကို ပရိသတ်များထံ ချပြသွားခဲ့ပါတယ်။
အထူးသဖြင့် ၂၀၁၅-၁၆ ရာသီတွင် ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု ၁၉ ကြိမ်အထိ ပြုလုပ်ကာ လိဂ်သမိုင်းတွင် ထိပ်တန်း စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်များတွင် ရလဒ်ပိုင်းဆိုင်ရာ အတက်အကျများနှင့် ကလပ်အသင်းမှ ခါးခါးသီးသီး ထွက်ခွာခဲ့ရသော်လည်း အိုဇေးလ် ၏ ပါရမီပါသည့် ဘောလုံးပေးပို့မှုများနှင့် ကွင်းလယ် ဖန်တီးမှုပုံစံများမှာ အာဆင်နယ် သမိုင်းတွင် ထာဝရ မေ့ပျောက်နိုင်မည်မဟုတ်သည့် ဂန္ထဝင်မြောက် အမှတ်တရများအဖြစ် ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။
🔴⚪
By : Ko Chan (Sports Mail)